ကြယ်တာရာများ ပြန်လာသော အခါ
Vol. 16 Ch. 215
‘သူက ဘာလို့ ဒီမှာ ရောက်နေတာလဲ...’
ဇူအီကာကူ၏ ရင်ထဲတွင် တင်းကျပ်သွား၏။ သူ ဤလူ၏ အတိတ်က လုပ်ရပ်များကို ပြန်လည် သတိရလိုက်သည်။ အထူးသဖြင့် ဂျိုးဇက်နှင့် နောက်ဆုံး တိုက်ခိုက်ခဲ့သည့် ဖျက်ဆီးခြင်းအဆင့် အောက်လမ်း မှော်ဆရာ ဝယ်လ် အကြောင်းပင်။ ထိုစဉ်က တိုက်ပွဲမှာ ပြင်းထန်လွန်းသဖြင့် ဝယ်လ်မှာ အစအနမကျန် ပေါက်ကွဲသွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ဂျိုးဇက်သည်လည်း ထိုတိုက်ပွဲတွင် လက်တစ်ဖက် ဆုံးရှုံးခဲ့ရသလို ဒဏ်ရာဟောင်းများနှင့် မိစ္ဆာဓား၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ရှေ့တန်းတိုက်ခိုက်ရေးမှ အနားယူကာ သတင်းအချက်အလက်ဌာန၏ အကြီးအကဲအဖြစ် နောက်တန်းသို့ ရောက်ရှိသွားခဲ့သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဂျိုးဇက်မှာ အနားယူသွားတာ ကြာပြီ ဖြစ်သည်။ သို့သော်လည်း... ယခုမူ သူက ဤနေရာတွင် ကြိုတင် ချောင်းမြောင်း စောင့်ဆိုင်းနေခဲ့သည်။
ဝယ်လ်အကြောင်း တွေးမိသည်နှင့် ဖျက်ဆီးခြင်းအဆင့် ရှိသည့် ဇူအီကာကူပင် တစ်ချက် တုန်ယင်သွားမိ၏။ သို့သော်လည်း... တစ်ချိန်တည်းမှာပင် သူ သံသယဝင်မိပြန်သည်။
သူသည် အမိုးခုံး ဘုရားကျောင်းတော်နှင့် အက်ရှ် ကုန်သည်ကြီးများ အသင်း ကိစ္စကို ဖြေရှင်းရန် အထက်မှ အမိန့်ရထားခြင်း ဖြစ်သည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ပါဝင်ပတ်သက်နေမည်ဟူသော စကားမျိုး လုံးဝ မပါခဲ့ပေ...။
‘ချီးပဲ... ငါတို့ ဒုက္ခရောက်ပြီ... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်နဲ့ ပတ်သက်မိရင် ငါတို့အားလုံး ဒီနေ့ အရှင်ထွက်နိုင်ဖို့ မလွယ်ဘူး... နော်ဇင်က သူတို့ရဲ့ နယ်မြေလို့တောင် ပြောလို့ရတယ်...’
ဇူအီကာကူ အံကြိတ်ကာ တွေးလိုက်မိ၏။
‘ငါ့ရဲ့ တာဝန်က စာအုပ်ကဖေးထဲက လူတစ်ဝက်လောက်ကို သတ်နိုင်ရင် အောင်မြင်ပြီလို့ ပြောလို့ရတယ်... ဂျိုးဇက်က အားနည်းနေတာ နှစ်အတော်ကြာပြီ ဖြစ်သလို တိုက်ပွဲ မဝင်တာလည်း ကြာပြီ... ကြောက်နေစရာ မလိုဘူး...’
သိုးခေါင်းခွံ မျက်နှာဖုံးအောက်မှ သူ့ မျက်လုံးများက တောက်ပလာကာ အဖြူရောင် အရိုးတုတ်ကို မြှောက်လိုက်၏။ ထိပ်ဖျားရှိ ပတ္တမြားထံမှ စူးရှသည့် အလင်းရောင်များ ထွက်ပေါ်လာသည်။
သွေးပင်လယ်ကြီးမှာ တဖန် ပြန်လည် မြင့်တက်လာပြီး ၎င်းထဲမှ အရိုးလက်များစွာမှာလည်း ထွက်ပေါ်လာကာ ဧရာမ လက်မောင်းကြီးကို သွေးကြောများကဲ့သို့ ဝိုင်းပတ်သွားကြသည်။ သွေးကြောများနှင့် ကြွက်သားများ ဖောင်းကြွလာကာ ထိုလက်မောင်းကြီးမှာ သစ်မြစ်အိုကြီးတစ်ခု အလား ရှေ့သို့ တစ်ဖန် ပြန်လည် ထိုးနှက်လိုက်သည်။
ကျွီ...
ဂျိုးဇက် တစ်ယောက် သူ၏ စက်လက်မှာ ထိုအင်အားအောက်တွင် တုန်ခါနေသည်ကို ကြားနေရသည်။ သူက ထိုဒဏ်ကို ဂရုမစိုက်ဘဲ အံကြိတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အီသာစွမ်းအင်များမှာ လောင်ကျွမ်းလာ၏။ သိပ်သည်းလွန်းလှသော အီသာလှိုင်းများကြောင့် ဖြူစင်တောက်ပသည့် မီးလျှံတစ်ခု လင်းလက်လာကာ ပတ်ဝန်းကျင်ကို ဖိအားပေးလိုက်သည်။
ဤသည်မှာ ဂျိုးဇက် တစ်ယောက် မငြိမ်းသေသည့် မြင့်မြတ်သော မီးလျှံ ဟူသော အမည်ပြောင်ကို ရရှိလာခဲ့သည့်ပုံပင်။ သူ တိုက်ပွဲဝင်နေသရွေ့ ထိုအဖြူရောင် မီးလျှံများမှာ ဘယ်တော့မှ ငြှိမ်းသတ်၍ ရနိုင်လိမ့်မည် မဟုတ်ပါချေ။
ဂျိုးဇက်၏ ခန္ဓာကိုယ်မှာ လူသားများထဲတွင် ထွားကျိုင်းသည်ဟု ဆိုနိုင်သော်လည်း ၉ ပေကျော် ရှည်လျားသော ဧရာမ လက်ဝါးကြီးနှင့် ယှဉ်လျှင်မူ သေးငယ်လှသည်။ သို့သော်လည်း... ထိုသေးငယ်သော ခန္ဓာကိုယ်ဖြင့် ဧရာမ လက်မောင်းကြီးကို တားဆီးထားသည့် မြင်ကွင်းမှာ အလွန်ပင် အားရကျေနပ်ဖွယ် ကောင်းလှသည်။
နှစ်နှစ်ကြာပြီးနောက်... ဂျိုးဇက်၏ ပထမဆုံး အကြိမ် ပြန်လည် တိုက်ပွဲဝင်ပုံမှာ ယခင်အတိုင်းပင် လွှမ်းမိုးမှု အပြည့် ရှိနေဆဲပင်။
ခရက်... ခရက်...
ဂျိုးဇက်၏ စက်လက်ချောင်းများ ကြားများထဲမှ မီးပွားများ ထွက်ပေါ်လာကာ ပြင်းထန်လှသော အင်အားကြောင့် သတ္တုအဆစ်များမှာ ကျိုးပဲ့သွားခဲ့၏။ သတ္တုပြားများမှာ ပုံပျက်သွားပြီး စွမ်းအင်ပေးပို့မှုမှာလည်း ပြတ်တောက်သွားသည်။
ဂျိုးဇက်ကို ဝိုင်းပတ်ထားသည့် အဖြူရောင် အလင်းတန်းမှာ မှိန်ကျသွား၏။ ဂျိုးဇက်၏ မျက်နှာနှင့် လည်ပင်းတို့တွင် သွေးကြောများ စတင် ဖောင်းကြွလာသည်။
“ယား...”
သူ အားမာန်ပါပါ ဟိန်းဟောက်လိုက်ရင်း မြေပြင်ကို ဆောင့်နင်းလျက် ခါးကို လိမ်ကာ မိစ္ဆာလက်မောင်းကြီးကို သွေးပင်လယ်ထဲမှ ဆွဲနှုတ် ပစ်လိုက်သည်။
ရှူး...
သွေးပင်လယ်ထဲမှ ဆွဲနှုတ်လိုက်သည့် လက်မောင်းကြီးပေါ်တွင် တွန့်လိမ်နေသော နှာမောင်းများ တွဲလောင်းကျနေပြီး မြင်ရသည်မှာ အလွန် ရွံရှာဖွယ် ကောင်းလှသည်။
တစ်ချိန်တည်းမှာပင် ဂျိုးဇက်၏ စက်လက်မှာလည်း ထိုအားဒဏ်ကြောင့် လုံးဝ ပုံပျက် ရှုံ့တွသွားပြီး သုံးမရတော့သည့် အခြေအနေသို့ ရောက်သွားသည်။
"ဘယ်လိုဖြစ်လို့... သူက လွန်ခဲ့တဲ့ နှစ်နှစ်ကထက်တောင် ပိုပြီး သန်မာလာရတာလဲ..."
ဇူအီကာကူက ထိတ်လန့် တုန်လှုပ်စွာ ရေရွတ်လိုက်မိ၏။ လက်မောင်းကြီး ဆွဲနှုတ်ခံလိုက်ရခြင်းနှင့် အတူ ပတ်ဝန်းကျင်ရှိ မှော်အစီရင်များမှာလည်း ပြတ်တောက်ပျက်စီးကုန်သည်။
ဇူအီကာကူ တစ်ယောက် သူ့ အီသာစွမ်းအင်များ အားလုံး ကုန်ဆုံးလုနီးပါး ဖြစ်နေသည်ကို ခံစားလိုက်မိလေရာ ထိတ်လန့်တကြား နောက်သို့ ဆုတ်လိုက်သည်။ သူက မှော်ဆရာအဖွဲ့ကို မှော်အစီရင်အား ပြန်လည် ပြင်ဆင်ရန် အမြန် အမိန့်ပေးလိုက်၏။
သို့သော်လည်း... အချိန်နှောင်းသွားပြီ ဖြစ်သည်။ ဂျိုးဇက် ဧရာမ လက်မောင်းကြီးကို ဘေးသို့ လွှင့်ပစ်လိုက်ပြီးနောက်၊ မျက်မှောင်ပင် မကြုတ်ပဲ သူ၏ ပျက်စီးသွားသော စက်မှုလက်တုကို ဆွဲဖြုတ်လိုက်ကာ ကျန်ရှိနေသော လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
"သွေးကျိန်စာ မှော်ဆရာ ဇူအီကာကူ... မင်းက ငါ့ရဲ့ ဒုတိယ အကြော့ ခရီးမှာ ပထမဆုံး အောင်ပွဲခံ သားကောင် ဖြစ်လာမှာပါ..."
ဂျိုးဇက်၏ နှုတ်ခမ်းထောင့်တွင် စိတ်လှုပ်ရှားနေသည့် အပြုံးတစ်ခု ပေါ်လာပြီး ခန္ဓာကိုယ်တွင်လည်း အဖြူရောင် မီးလျှံများ ဝန်းရံလျှက် လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်း အလား ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
ဇူအီကာကူမှာ အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း ဘေးစာအုပ်ဆိုင်ထဲသို့ ဝင်သွားသည့် ကြီးမြတ်လှသော ပုဂ္ဂိုလ်ကို သတိရလိုက်ချိန်တွင် သူ အန္တရာယ်မရှိနိုင်ကြောင်း သိလိုက်သည်။
အကယ်၍ သူ ကျရှုံးလျှင်ပင် ထိုကြီးမြတ်လှသည့် ပုဂ္ဂိုလ် စတင် လှုပ်ရှားလိုက်သည်နှင့် ဖျက်ဆီးခြင်း အဆင့် ပိုးမွှားလေး တစ်ကောင်မှာ သေခြင်းတရားနှင့် ရင်ဆိုင်ရမည်သာ ဖြစ်သည်။ မြင့်မြတ်သည့် မီးလျှံ ဂျိုးဇက်မှာ ချွင်းချက် မဟုတ်ပါချေ။
ထိုသို့တွေးမိသည်နှင့် ဇူအီကာကူမှာ စိုးရိမ်စိတ် ပျောက်သွား၏။ သူက မှော်ဆရာအဖွဲ့ကို စာအုပ်ကဖေးအား ဖျက်ဆီးရန် ညွှန်ကြားလိုက်ပြီး၊ သူကိုယ်တိုင်ကမူ ဂျိုးဇက်ကို ရင်ဆိုင်ရန် ပြင်လိုက်သည်။
သူ မှော်တောင်ဝှေးကို တစ်ဖန်ပြန်မြှောက်ကာ မှော် အမှတ်အသားများကို ပေါင်းစပ်လိုက်၏။
လက်မောင်းပြတ်ထွက်သွားသော သွေးပင်လယ်အောက်မှ ဧရာမ လူသဏ္ဍာန် မိစ္ဆာကြီးတစ်ကောင်မှာ ဟိန်းဟောက်သံနှင့်အတူ တွားသွား၍ ထွက်ပေါ်လာသည်။
၎င်းမှာ ရုပ်ဆိုးလှသော လူပုံစံ မိစ္ဆာကြီး ဖြစ်သည်။ တစ်ကိုယ်လုံးမှာ အနက်ရောင် အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းနေကာ ကျန်ရှိနေသည့် လက်တစ်ဖက်မှာ စောစောက ဂျိုးဇက် ဆွဲဖြုတ်ပစ်လိုက်သည့် လက်မောင်းနှင့် တစ်ပုံစံတည်းပင်။
ထိုမိစ္ဆာကြီး၏ အရေပြားမှာ တွန့်ရှုံ့နေပြီး စိမ်းပုပ်ပုပ်နှင့် ပုပ်သိုးနေ၏။ ဦးခေါင်း၏ ဘေးတစ်ဖက်စီတွင် ပန်းရောင်တောက်ပနေသော မျက်လုံးကြီးနှစ်လုံး ရှိကာ ခေါင်းထိပ်မှ မေးစေ့အထိ ဟက်တက်ကွဲနေသော ပါးစပ်ကြီးထဲတွင် ဝါကျင်ချွန်ထက်လှသည့် သွားများဖြင့် ပြည့်နှက်နေသည်။
သွေးပင်လယ် - မသန့်ရှင်းသည့် ဘီလူး...
ဇူအီကာကူ လူပေါင်းများစွာ၏ သွေးများဖြင့် အစာကျွေး မွေးမြူထားသော ဤဘီလူးကြီးမှာ ဖျက်ဆီးခြင်းအဆင့် အထွတ်အထိပ် စွမ်းအားများကို ပိုင်ဆိုင်ထားသည်။
"သွား... သူ့ကို ငါ့အတွက် သတ်ပစ်လိုက်..."
ဘုန်း... ဘုန်း... ဘုန်း...
ဘီလူးကြီး ခြေလှမ်းလိုက်တိုင်းတွင် အိပ်မက်မြေဆီလွှာများမှာ ပြန့်ကျဲသွားပြီး ပတ်ဝန်းကျင်ကို ထင်ယောင်ထင်မှား နယ်ပယ်တစ်ခုအဖြစ် ဖုံးလွှမ်းသွား၏။
ဇူအီကာကူမှာ သူ့ အစွမ်းကို ယုံကြည်မှု အပြည့် ရှိနေသည်။ ဂျိုးဇက်က မည်မျှပင် သန်မာပါစေ... ဒီဘီလူးကြီးမှာ...။
ထိုစဉ် ရုတ်တရက်... ဂျိုးဇက် လှောင်ပြုံးပြုံးနေသည်ကို ဇူအီကာကူ သတိပြုမိလိုက်၏။ ဂျိုးဇက်၏ နောက်ကွယ်တွင် ကြယ်တာရာများ ပြည့်နှက်နေသည့် ကောင်းကင်ယံကြီးတစ်ခု ပေါ်လာသည်။
ဟူး... ဟူး...
၎င်း၏ အလယ်ဗဟိုတွင် မှောင်မိုက်နေသည့် ဝဲဂယက်ကြီးတစ်ခုက ပေါ်လာကာ ဂျိုးဇက် ခုနက လွှင့်ပစ်လိုက်သည့် မိစ္ဆာလက်မောင်းကြီးကို ဝါးမျိုလိုက်၏။
ဇူအီကာကူ မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။
‘ဒါ... ဒါက ယဇ်ပူဇော်တဲ့ အစီအရင် မလား... သူက ဘီလူးကြီးရဲ့ လက်မောင်းကို ယဇ်ကောင် အနေနဲ့ သုံးလိုက်တာလား...’
မှန်ပေ၏။ ဂျိုးဇက်မှာ လက်မောင်းကို သည်အတိုင်း လွှင့်ပစ်လိုက်ခြင်း မဟုတ်ပေ။ သူဌေးလင် ပေးထားသည့် 'ကြယ်တာရာများ ပြန်လာသော အခါ’ စာအုပ်ထဲမှ ဆင့်ခေါ်ခြင်း နည်းစနစ်ကို သုံးကာ ယဇ်ပူဇော်လိုက်ခြင်းပင် ဖြစ်လေတော့သည်။
***