အရေးကြီး သတင်းအချက်အလက်များ
Vol. 16 Ch. 217
လင်ကျဲ တစ်ယောက် အပြင်ဘက်မှ ဆူညံသံများကို ကြားရသဖြင့် မိုက်ကယ်၏ အလောင်းကို ချထားခဲ့ကာ အမြန်ထွက်ကြည့်လိုက်သည်။
သူ အပြင်သို့ ထွက်ကြည့်လိုက်သောအခါ စာအုပ်ကဖေးမှာ ဘာမှမဖြစ်ဘဲ အကောင်းတိုင်း ရှိနေသည်ကို မြင်ရသဖြင့် သက်ပြင်းချလိုက်မိသည်။
ထို့နောက် လမ်းပေါ်တွင် ဂျိုးဇက်လည်း ရှိနေသည်ကို သူ မြင်လိုက်ရသည်။ သူ လူတစ်ဖက်ကို ဖမ်းထားပုံ ရ၏။ လူအိုကြီး ဂျိုးဇက်လည်း အဆင်ပြေနေသည်ကို တွေ့ရသဖြင့် သူ စိတ်အေးသွားခဲ့၏။
ဂျိုးဇက်က လင်ကျဲကို မြင်သောအခါ လက်လှမ်းပြလိုက်သည်။
"စိတ်ချပါ မစ္စတာလင်... အားလုံးကို ထိန်းချုပ်ထားနိုင်ပါပြီ..."
စာအုပ်ကဖေး၏ ပြတင်းပေါက်များမှ မီးခိုးနှင့် မြူများ ထွက်နေသော်လည်း ဗင်းဆင့်၏ အာမခံချက်ကြောင့် လူအများမှာ စိတ်မပူကြဘဲ ကဖေးကို ပြန်လည် ရှင်းလင်းရန်ပင် ကူညီပေးနေကြသည်။
လင်ကျဲက ပြုံးလျက် လျှောက်သွားလိုက်၏။
"ဦးကြီး ဂျိုးဇက်... မတွေ့တာ ကြာပြီနော်... ကျွန်တော် ငှားလိုက်တဲ့ စာအုပ်ကရော ဘယ်လိုလဲ... ကြည့်ရတာ တစ်ခုခုတော့ အကျိုးထူး ရထားပုံပဲ"
ဂျိုးဇက်မှာ ယခင်ကလိုမျိုး ဖရိုဖရဲ ဖြစ်မနေတော့ဘဲ အားအင်အပြည့်နှင့် စိတ်ဓာတ်တက်ကြွနေသည်မှာ အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသကဲ့သို့ပင်။ ထိုစာအုပ်က ဂျိုးဇက်ကို အသိဉာဏ် ပွင့်လင်းစေခဲ့သည်ဟု လင်ကျဲ ယုံကြည်လိုက်သည်။
ဂျိုးဇက်က ခေါင်းညိတ်ပြရင်း သူ ဖမ်းလာသည့် သားကောင်ကို ငုံ့ကြည့်လိုက်သည်။
"မစ္စတာလင်ရဲ့ ကျေးဇူးကြောင့် ကျွန်တော့်ရဲ့ အတိတ်က ပုံရိပ်ကို ပြန်ရှာတွေ့ခဲ့ပါပြီ..."
လင်ကျဲက သေချာကြည့်လိုက်မှ ဂျိုးဇက်၏ စက်လက်တု မရှိတော့သည်ကို သတိပြုမိသွားသည်။ ဂျိုးဇက်က သူ့ ဗလာဖြစ်နေသော ပခုံးကို ကြည့်ကာ ရယ်မောလိုက်သည်။
"ဒီလူတွေက တော်တော်လေး ကြမ်းတာဗျ... စက်လက်တစ်ဖက် ဆုံးရှုံးသွားတာက ကိစ္စမရှိပါဘူး... နောက် အသစ်တစ်ခု ပြန်တပ်လို့ ရတာပဲ"
‘ဟူး... ဒီအဘိုးကြီးကတော့ အရင်အတိုင်း ခေါင်းမာတုန်းပဲ... လက်တစ်ဖက်ကို လဲလှယ်ဖို့ ကိစ္စကို ဘာမဟုတ်တဲ့အလား ပေါ့ပေါ့ပါးပါး ဆုံးဖြတ်နေလိုက်တာ...’
လင်ကျဲ စိတ်ထဲမှ ရေရွတ်မိသည်။ သူ သိထားသလောက် ဆိုလျှင် ဤကဲ့သို့သော အဆင့်မြင့် စက်လက်တုများမှာ အာရုံကြောများနှင့် တိုက်ရိုက် ချိတ်ဆက်ထားသဖြင့် တကယ့်လက်အစစ်ကဲ့သို့ပင် အသုံးပြုနိုင်သလို နာကျင်မှု အာရုံခံစားချက်များကိုလည်း တပြိုင်နက်တည်း ရရှိစေသည်။
ဆိုလိုသည်က... ဂျိုးဇက်၏ လက်တုမှာ ဆွဲဖြုတ်ခံလိုက်ရချိန်တွင် သွေးမထွက်သော်လည်း သူခံစားရသည့် နာကျင်မှုကတော့ တကယ့်လက်အစစ် ပြတ်သွားသကဲ့သို့ပင် ပြင်းထန်ပေလိမ့်မည်။
သို့သော်လည်း... ဤကဲ့သို့သော နာကျင်မှုမျိုးကို ရင်ဆိုင်ရချိန်တွင်ပင် အဘိုးကြီးမှာ တည်တည်ငြိမ်ငြိမ် ရှိနေရုံသာမက ပြုံးပင် ပြုံးနိုင်သေးသည်။ ၎င်းမှာ 'သမိုင်းဝင်သူရဲကောင်း ကွမ်ယု' တစ်ယောက် သူ့ အရိုးမှ အဆိပ်များကို ခြစ်ထုတ်နေချိန်တွင် တည်ငြိမ်နေသကဲ့သို့ပင်။
ဂျိုးဇက်မှာ တရားဥပဒေစိုးမိုးရေးလောကသို့ ပြန်လည်ခြေစုံပစ်ဝင်လာပြီး ချက်ချင်းပင် အောင်မြင်မှု ရရှိခဲ့သောကြောင့် ယုံကြည်မှုများ အလျှံပယ် ဖြစ်နေကာ ဆယ်နှစ်ခန့်ပင် ပို၍ နုပျိုသွားသယောင် ထင်ရသည်။
လင်ကျဲက သက်ပြင်းချရင်း
"ကောင်းပါပြီဗျာ..."
ဟုသာ ဆိုလိုက်ရ၏။
ထို့နောက်... သူ ဂျိုးဇက် ဖမ်းဆီးထားသည့် အရူး တစ်ယောက်ကဲ့သို့ အဓိပ္ပာယ်မရှိသည့် စကားများ ရေရွတ်နေသည့် လူကို တစ်ချက် ကြည့်လိုက်သည်။
"သနားစရာကောင်းလိုက်တာ... ဒီအဖွဲ့အစည်းက ဒီလောက်အထိ ယုတ်မာတဲ့ ကိစ္စမျိုးကို လုပ်ဖို့ တကယ်ပဲ ရူးသွပ်နေကြတာလား..."
လင်ကျဲ ခေါင်းခါရင်း ရေရွတ်လိုက်မိသည်။
‘သူတို့က အရိုးထဲအထိ ယုတ်မာနေကြတာတော့ အမှန်ပဲ..’
ယခုလေးတင် သေဆုံးသွားသော မိုက်ကယ်ကို လင်ကျဲ သတိရလိုက်သည်။ ထိုသူမှာ လက်နက်ကိုင်ဆောင်ကာ သူ့ကို သတ်ရန် ဝင်ရောက်လာရုံသာမက မသေခင်မှာပင် သူ့ကို စိတ်ဒုက္ခပေးရန် အတွက် စကားများ အတင်း ပြောသွားခဲ့သေးသည်။
ထိုအချက်ကို ကြည့်ခြင်းဖြင့် ဤအဖွဲ့အစည်း၏ ဦးနှောက်ဆေးခြင်း မှာ မည်မျှအထိ အမြစ်တွယ်နေကြောင်း လင်ကျဲ သိမြင်လိုက်သည်။
သို့သော်လည်း ကျမ်းစာအုပ်များထဲမှ လမ်းစဉ်များကို လိုက်စားပြီး နတ်ဘုရား ဖြစ်ချင်နေသည့် အဖွဲ့အစည်းမျိုးထံမှ ဤကဲ့သို့သော လုပ်ရပ်မျိုးကို မျှော်လင့်ထားသင့်သည် မဟုတ်ပါလော။
ဂျိုးဇက် ဖမ်းလာသည့် စိတ်ဖောက်ပြန်နေသော လူကို ကြည့်ရင်း... ၎င်းမှာ အဖွဲ့အစည်း၏ ဦးနှောက်ဆေးခြင်း လုပ်ငန်းစဉ်တွင် ကျရှုံးသွားသည့် စမ်းသပ်ချက်တစ်ခု ဖြစ်နိုင်သည်ဟု လင်ကျဲ သံသယဝင်မိသည်။
"အဖွဲ့အစည်း ဟုတ်လား..."
ဂျိုးဇက်မှာ လင်ကျဲ၏ စကားထဲမှ ထိုစကားလုံးကို ဖမ်းမိသွားသည်။ သူက အနည်းငယ် အံ့သြသွားကာ သတိထားရင်း မေးလိုက်သည်။
"မစ္စတာလင်... အဲဒါ နောက်ထပ် အဖွဲ့အစည်း တစ်ခုလား..."
ယခု တိုက်ခိုက်သူများမှာ အမိုးခုံး ဘုရားကျောင်းတော်မှ ဖြစ်စေ၊ သို့မဟုတ် သူတို့က ငှားရမ်းထားသူများ ဖြစ်စေ ဖြစ်လိမ့်မည်ဟု သူတို့ အစက ထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်... အမိုးခုံး ဘုရားကျောင်းတော်မှာ ဘယ်တုန်းက သွေးကျိန်စာ မှော်ဆရာ ဇူအီကာကူနှင့် ၎င်း၏ အဖွဲ့သားများကို ဤမျှ အင်အားအလုံးအရင်းဖြင့် စည်းရုံးနိုင်ခဲ့သလဲဟု ဂျိုးဇက် သံသယဝင်နေခဲ့ခြင်း ဖြစ်သည်။
ဇူအီကာကူမှာ သူကိုယ်တိုင် လေ့ကျင့်ပေးထားသော တပည့်များကို အလွန် တန်ဖိုးထားသူ ဖြစ်သည်။ ယခင်ကဆိုလျှင် အများဆုံး အဖွဲ့ဝင် တစ်ဝက်ခန့်ကိုသာ စေလွှတ်တတ်ပြီး ယခုကဲ့သို့ အဖွဲ့တစ်ခုလုံးကို တစ်ပြိုင်တည်း မသုံးဖူးချေ။
အမိုးခုံး ဘုရားကျောင်းတော်၏ အင်အားဖြင့်ဆိုလျှင် ဇူအီကာကူကို စည်းရုံးနိုင်သည်မှာ ဖြစ်နိုင်သော်လည်း အဖွဲ့ဝင် အားလုံး ပါဝင်လာခြင်းမှာမူ နားလည်ရ ခက်လှသည်။
သို့သော်လည်း... ဆိုင်ရှင်လင် ပြောပုံအရဆိုလျှင် ဤကိစ္စများအားလုံး၏ နောက်ကွယ်တွင် ကြိုးကိုင်နေသော အခြား အဖွဲ့အစည်းတစ်ခု ရှိနေပုံရသည်။
လင်ကျဲက ဇူအီကာကူကို 'သနားစရာ' ဟု သုံးနှုန်းခြင်းကိုတော့ ဂျိုးဇက် အံ့သြခြင်း မရှိပေ။ စာအုပ် တစ်အုပ်ထဲမှ ထွက်ပေါ်လာသည့် အရာတစ်ခုကိုပင် မယှဉ်နိုင်သည့် လူတစ်ယောက်ကို မစ္စတာလင်က 'အစွမ်းမရှိ အားနည်းသူ' အဆင့်တွင်သာ သတ်မှတ်ထားခြင်းမှာ သဘာဝကျလှသည်။
မိုက်ကယ် ပြောသွားသော စကားများကို ပြန်စဉ်းစားရင်း လင်ကျဲက ခေါင်းညိတ်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ဆိုလိုက်၏။
"ဟုတ်တယ်... ဒီနေ့ည လုပ်ရပ်တွေရော၊ အမိုးခုံး ဘုရားကျောင်းတော် အရင်က လုပ်ခဲ့တာတွေရော အားလုံးဟာ အဲဒီ အဖွဲ့အစည်းရဲ့ အစီအစဉ်တွေပဲ... လပြည့်ဝန်း အဆီအနှစ် ကိစ္စကလည်း သူတို့ လက်ချက် ဖြစ်ဖို့ များတယ်...’
"အမိုးခုံး ဘုရားကျောင်းတော်ရဲ့ နောက်ကွယ်က လူက 'ဂါဘရီရယ်' ဆိုတဲ့ ကုဒ်နာမည်ကို သုံးတယ်... အက်ရှ် ကုန်သည်ကြီးများ အသင်းထဲကိုလည်း သူတို့ ထိုးဖောက် ဝင်ရောက်ထားပြီးပြီ... ကွန်ဂရိက သူတို့ မြေတောင်မြှောက်ပေးထားတဲ့ လူတွေထဲက တစ်ယောက်ပဲ... ဒါပေမဲ့ သူက သိပ်အရေးမပါတဲ့ လူတစ်ယောက်ပဲ ဖြစ်လိမ့်မယ်"
ဂျိုးဇက်မှာ မှင်တက်သွားပြီး ချက်ချင်းပင် အော်လိုက်မိ၏။
"နေ... နေပါဦးဗျ"
ဤမျှ များပြားလှသော သတင်းအချက်အလက်များကို ရုတ်တရက် ကြားလိုက်ရသဖြင့် ဆိုင်ရှင်လင်က သူ့ ဝှက်ဖဲများကို လျှို့ဝှက် မထားတော့ဘဲ အကုန်ထုတ်ပြနေပြီလားဟုပင် ဂျိုးဇက် တွေးမိသွားသည်။
ကိစ္စများ၏ နောက်ကွယ်မှ အမှန်တရားကို တိုက်ရိုက် ပြောပြခြင်းမှာ ဆိုင်ရှင်လင်၏ ပုံမှန် စတိုင်နှင့် လုံးဝ မတူပေ။
ပုံမှန်ဆိုလျှင်... သူတို့ စုံစမ်းသမျှ မအောင်မြင်ဘဲ ဖြစ်နေချိန်မှ ဆိုင်ရှင်လင်က အနားတွင် ထိုင်လျက် အကြံပေးချက် အနည်းငယ်ဖြင့် လမ်းမှန်သို့ တွန်းပို့ပေးတတ်ခြင်း ဖြစ်သည်။
ဂျိုးဇက်က စမ်းတဝါးဝါးဖြင့် မေးလိုက်၏။
"ဘာလို့ ကျွန်တော့်ကို ဒါတွေ အကုန် ပြောပြရတာလဲ..."
လင်ကျဲ အနည်းငယ် ကြောင်သွား၏။ ဂျိုးဇက်၏ ဇဝေဇဝါ ဖြစ်နေသည့် မျက်နှာကို သူ သေချာ ကြည့်လိုက်မိသည်။
‘သြော်... အပြင်မှာ လူတွေ အများကြီး ရှိနေတုန်းပဲကိုး.... ဒီလောက် အရေးကြီးတဲ့ သတင်းတွေကို လျှို့ဝှက်ချက် မထားဘဲ အလွယ်တကူ ပြောပြလိုက်မိတာ သိပ်တော့ မကောင်းဘူးပဲ...’
‘ဒါပေမဲ့... ငါက ပြောပြီးသွားပြီလေ... ငါ့နှယ်... ဒါကြီးက အတော်လေး ရှက်စရာကောင်းသွားပြီ...’
"အဟမ်း"
လင်ကျဲက ရှက်ကိုးရှက်ကန်းဖြင့် ပါးစပ်ကို ပိတ်လိုက်၏။
"အခု မပြောသင့်သေးဘူး ဆိုပေမဲ့လည်း ဒါတွေက အကုန်လုံးပါပဲ...”
"ဒီသတင်းတွေကို ကျွန်တော့်ရဲ့ စာအုပ်ဆိုင်ထဲကို ဝင်တိုက်ခိုက်တဲ့ မိုက်ကယ် ဆိုတဲ့ လူဆီကနေ သိခဲ့ရတာပါ... ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံပဲ လုပ်ခဲ့တာ ဒီသတင်းတွေ အားလုံးက သူ့ပါးစပ်ကနေ ထွက်လာတာပဲ..."
ဂျိုးဇက်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။
စာအုပ်ကဖေးတင် မကဘဲ စာအုပ်ဆိုင်ပါ တိုက်ခိုက်ခံခဲ့ရခြင်း...
ဤအစီအစဉ်မှာ အသေအချာ ကြိုတင် ကြံစည်ထားခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ မိုက်ကယ် ဆိုသူမှာ အဓိက ကြိုးကိုင်သူ တစ်ယောက် ဖြစ်ရမည်ဖြစ်ပြီး ဆိုင်ရှင်လင်ကို တိုက်ခိုက်ရဲသည်အထိ သတ္တိရှိဖို့ အနည်းဆုံး အခရာအဆင့် စွမ်းအား ရှိရပေလိမ့်မည်။
ထို့ပြင် ဂျိုးဇက်သည် စာအုပ်ကဖေး အနီးတွင် စောင့်ကြပ်နေခဲ့သူ ဖြစ်သည်။ သူသည် ချယ်ရီတို့ နှစ်ယောက် ဆိုင်ထဲမှ ထွက်သွားသည်ကို မြင်ခဲ့သော်လည်း အခြားမည်သူမှ ဆိုင်အနားသို့ ချဉ်းကပ်လာသည်ကို မတွေ့ခဲ့ချေ။ ဤကဲ့သို့ လုပ်ဆောင်နိုင်ရန်မှာ အနည်းဆုံး အခရာအဆင့် ရှိမှသာ ဖြစ်နိုင်သည်။
နော်ဇင်တွင် မှတ်တမ်းမရှိသော အခရာအဆင့်များ ရှိနေခြင်းမှာ မဆန်းသော်လည်း အမှန်တရား အသင်းတော် အတွင်းတွင် သူလျှို ရှိနေသည်ဟူသော သတင်းများနှင့် ဆက်စပ်ကြည့်လျှင် အရာအားလုံးက အဓိပ္ပာယ် ရှိသွားသည်။
အမိုးခုံး ဘုရားကျောင်းတော်၊ အက်ရှ် ကုန်သည်ကြီးများ အသင်း၊ အမှန်တရား အသင်းတော်...
ဤအဖွဲ့အစည်းများ အားလုံးမှာ လပြည့်ဝန်း အဆီအနှစ် ကိစ္စ မတိုင်မီကတည်းက ထိုလျှို့ဝှက် အဖွဲ့အစည်း၏ ထိုးဖောက်ခြင်းကို ခံထားရပြီးသား ဖြစ်သည်။
ဂျိုးဇက် အရာရာကို စတင် နားလည်လာသည်ဟု ခံစားလိုက်ရပြီး ကျောရိုးထဲအထိ စိမ့်တက်သွားသည်။ မည်မျှအထိ ကြီးမားပြီး သက်တမ်းရင့်သည့် အဖွဲ့အစည်းကြီး ဖြစ်၍ ဤမျှ များပြားလှသော အဖွဲ့အစည်းများထဲသို့ သူတို့၏ နှာမောင်းများကို ထိုးဖောက်ထားနိုင်ရသနည်း။
ထိုအဖွဲ့အစည်းက လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ထဲတွင်ရော သူလျှိုများ ထည့်ထားပြီးပြီလော...။
မစ္စတာလင် ပွင့်ပွင့်လင်းလင်း ပြောလာခြင်းက ထူးဆန်းသည်ဟု သူ တွေးမိခဲ့သော်လည်း အဓိပ္ပာယ် မရှိသည်တော့ မဟုတ်ချေ။ ထိုအဖွဲ့အစည်း၏ တိုက်ရိုက် လာရောက် လုပ်ကြံမှုက သူ့ကို စိတ်ပျက်သွားစေသဖြင့် သူတို့ကို အမြစ်ပြတ် ချေမှုန်းရန် ဆုံးဖြတ်လိုက်ပြီး လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကို လက်တို့လိုက်ခြင်းလည်း ဖြစ်နိုင်သည်။
ဂျိုးဇက်သည် စာအုပ်ဆိုင် အတွင်းပိုင်းသို့ လှမ်းကြည့်လိုက်ပြီး မိုက်ကယ် ဆိုသူအတွက် သနားစိတ် အနည်းငယ် ဖြစ်ပေါ်မိသည်။ ဆိုင်ရှင်လင်၏ အတိတ်က စရိုက်အရ ဆိုလျှင် ထိုမိုက်ကယ် ဆိုသူမှာ သေချာပေါက် ဒုက္ခရောက်နေပေလိမ့်မည်။
လင်ကျဲက ဂျိုးဇက်ကို ကြည့်ရင်း ခေါင်းကုတ်ကာ ပြောလိုက်၏။
"သြော်... ဒါနဲ့၊ အဲဒီလူကလေ..."
"နားလည်ပါပြီ..."
ဂျိုးဇက်က ချက်ချင်း သဘောပေါက်ကာ ခေါင်းညိတ်လိုက်သည်။
"ကလောက်ကို အဲဒီကိစ္စ ရှင်းခိုင်းလိုက်ပါ့မယ်..."
ဖယ်ရှားပစ်ရန် လိုအပ်သော အလောင်းဖြစ်စေ၊ စာအုပ်ဆိုင်အတွင်း ပျက်စီးသွားသော အရာများ ဖြစ်စေ၊ သူတို့ဘက်က တာဝန်ယူ ရှင်းပေးရမည့် ကိစ္စပင် ဖြစ်သည်။ ယခုရရှိလိုက်သော သတင်းအချက်အလက်များမှာ အလွန်ပင် တန်ဖိုးရှိလှသည်။
သတင်းအချက်အလက်များ မရလျှင်ပင် မစ္စတာလင်နှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိထားရန်မှာ လိုအပ်သည် မဟုတ်ပါလော။
လင်ကျဲ တစ်ယောက် အဆက်အသွယ် ရှိခြင်းမှာ ကောင်းသည်ဟု တွေးလိုက်သည်။ သို့မဟုတ်ပါက... သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံ သက်သက်သာ ဆိုသော်လည်း အမှုအခင်း ကိစ္စများဖြင့် ခေါင်းရှုပ်ရပေလိမ့်မည်။
သူသည် အနည်းငယ် ပျက်စီးသွားသည့် စာအုပ် ကဖေးကို လှမ်းကြည့်ကာ မျက်နှာ ပျက်သွား၏။
"ဒီလူတွေက တကယ့်ကို ကြီးလေးတဲ့ ပြစ်မှုတွေကို ကျူးလွန်နေကြတာပဲ... ကျွန်တော် သွားပြီး အခြေအနေ ကြည့်လိုက်ဦးမယ်... ကျွန်တော့် ကဖေးက... ဘယ်သူမှ ဒဏ်ရာ မရကြပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်"
***