ခြိုးခြံချွေတာပြီး ဇိမ်ခံကားတစ်စီး ဝယ်လိုက်သော်လည်း ပြုပြင်ထိန်းသိမ်းစရိတ် မတတ်နိုင်သည့် အဖြစ်မျိုး
Vol. 16 Ch. 219
အန်နီ တစ်ယောက် ဖာသာဗင်းဆင့်ကို ရင်ဆိုင်ရသည်မှာ အရင်ကနှင့် မတူဘဲ အနေခက် နေမိသည်။ သူမက အားတုံ့အားနာဖြင့် ထရပ်ရန် ပြင်လိုက်သော်လည်း ဗင်းဆင့်က လက်ကာ၍ တားဆီးကာ ကြင်နာစွာ ပြုံးပြလိုက်သည်။
"ထိုင်ပါဦး မစ္စအန်နီ... ကျွန်တော့်ကို အရင်လို သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားပြီး စကားပြောပါ"
ဗင်းဆင့်၏ အမူအရာနှင့် စကားပြောပုံမှာ အရင်အတိုင်း ဖြစ်နေသည်ကို တွေ့ရမှ အန်နီလည်း စိတ်အေးသွားတော့သည်။
"မစ္စတာလင် ဆိုတာက..."
သူမက ဇဝေဇဝါဖြင့် မေးလိုက်၏။
"ဘေးအိမ်က စာအုပ်ဆိုင်ရှင်ကို ပြောတာထင်တယ်..."
အသီးနားက ကြားဖြတ်ပြောလိုက်သည်။
ဗင်းဆင့်က ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်... တကယ်ကို ပညာရှိပြီး အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးပါ"
အသီးနားက အန်နီကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။
"ငါ ပြောသားပဲ... အဲဒီ စာအုပ်ဆိုင်က ရိုးရိုးရှင်းရှင်း မဟုတ်ဘူးလို့..."
အန်နီ ထိုဟောင်းနွမ်းလှသော စာအုပ်ဆိုင်အပေါ် ပိုမို၍ စိတ်ဝင်စား သွားခဲ့သည်။ သဘာဝလွန် စွမ်းအားရှင် အများအပြားကို အလွယ်တကူ ပြာဖြစ်အောင် လုပ်နိုင်သည့် ဖာသာဗင်းဆင့်ကပင် ထိုဆိုင်ရှင်ကို ‘ပညာရှိပြီး အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီး’ ဟု ခေါ်ဆိုနေလျှင် အမိုးခုံး ဘုရားကျောင်းတော်၏ လုပ်ကြံမှုများကြားမှ ဖာသာဗင်းဆင့်ကို ကယ်တင်နိုင်ခဲ့သည့် ထိုသူမှာ အမှန်တကယ်ပင် ကြီးမားသော စွမ်းအားများ ရှိရပေလိမ့်မည်။
အန်နီသည် စာအုပ်ဆိုင်ရှင်၏ ပုံရိပ်ကို စိတ်ကူးကြည့်လိုက်၏။
‘သူက မီးခိုးရောင် ဆံပင်၊ မုတ်ဆိတ် ပရဗွနဲ့ ပညာအလင်းရောင်တွေ ပြည့်နေတဲ့ မျက်ဝန်းတွေ ရှိတဲ့ အဘိုးအို တစ်ယောက် ဖြစ်မှာပဲ...’
ထိုစဉ်မှာပင် ဆိုင်တံခါး ပွင့်သွားပြီး လူနှစ်ယောက် ရှေ့တစ်ဦး နောက်တစ်ဦး ဝင်လာကြသည်။ ရှေ့မှ ဝင်လာသူမှာ အရပ်ရှည်ရှည်၊ ဗလတောင့်တောင့်နှင့် တိုက်ပွဲအတွေ့အကြုံများလှသော မျက်နှာထားရှိသည့် အဘိုးအို တစ်ဦးဖြစ်သည်။ သူ၏ ပခုံးပေါ်တွင် ဝတ်ရုံနီနှင့် အရိုးခေါင်းစွပ်ထားသော မှော်ဆရာတစ်ဦးကို ထမ်းထားသည်။
သူ့နောက်တွင်မူ အနက်ရောင် ဆံပင် ခပ်တိုတို၊ နက်မှောင်သည့် မျက်ဝန်းများ ရှိသည့် လူငယ်တစ်ဦး ပါလာသည်။ အန်နီက လှည့်ကြည့်လိုက်သောအခါ ရှေ့ဆုံးမှ အဘိုးအိုမှာ စာအုပ်ဆိုင်ရှင် ဖြစ်မည်လားဟု တွေးလိုက်မိ၏။
‘အင်း... ကြည့်ရတာ ဟုတ်ပုံရတယ်... အရှိန်အဝါက တော်တော်လေး လွှမ်းမိုးမှု ရှိသလို မီးခိုးရောင် ဆံပင်တွေကလည်း ကိုက်ညီနေတာပဲ...’
ကဖေးထဲရှိ အခြားသူများလည်း ထိုနည်းတူပင် တွေးတောနေကြသည်။ ဤသူမှာ ဖာသာဗင်းဆင့်ကို ကူညီနေသည့် ပုဂ္ဂိုလ် ဖြစ်ရမည်။ သူ့နောက်က ပါလာသည့် လူငယ်ကတော့ သူ့ လက်ထောက် ဖြစ်ပေလိမ့်မည်။
ဗင်းဆင့်နှင့် ကလောက်တို့မှာ သူတို့ထံသို့ လျှောက်သွားလိုက်ကြသည်။
ရဲအရာရှိ ကလောက်က ဂျိုးဇက်ကို အလေးပြု နှုတ်ဆက်ကာ "ဆရာ" ဟု ခေါ်လိုက်သည်ကို အန်နီ မြင်လိုက်ရသည်။ ထို့နောက် သူက လင်ကျဲဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်၏။
"မစ္စတာလင်...”
"ဟင်..."
အန်နီ ကြောင်သွားပြီး သူမ၏ စိတ်ထဲတွင်လည်း ဗလာဟင်းလင်း ဖြစ်သွားတော့သည်။ သူမက ထိုဆံပင်နက်နှင့် လူငယ်လေးကို အံ့သြတကြီး စိုက်ကြည့်နေမိသည်။
‘ကြည့်ရတာ အသက် ၂၀ ကျော်ကျော်လေးပဲ ရှိဦးမှာ...’
အန်နီမျာ ကလေးနှစ်ယောက်မိခင် ဖြစ်သော်လည်း အိမ်ထောင်စောစော ကျခဲ့သဖြင့် ယခုမှ အသက် ၂၅ နှစ်သာ ရှိသေးသည်။ ဤလူငယ်မှာ သူမနှင့် အသက်ချင်း မတိမ်းမယိမ်းပင် ဖြစ်မည်။
သို့သော်လည်း... ထူးခြားစွမ်းအားရှင်များက အသက်ရှည်ကြသည်ဟူသော အသီးနား၏ စကားကို သတိရလိုက်မှသာ ဤအချက်ကို သူမ မရဲတရဲ လက်ခံလိုက်တော့သည်။
လင်ကျဲက ကလောက်ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ပတ်ဝန်းကျင် အခြေအနေကို တစ်ချက် ကြည့်လိုက်သည်။ ပျက်စီးသွားသည့် အရာများကို မြင်သောအခါ မျက်မှောင်ကြုတ်သွား၏။
သူက ဂျိုးဇက်ကို ကြည့်ကာ တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။
"အက်ရှ် ကုန်သည်ကြီးများ အသင်းက ရက်ပိုင်းအတွင်းမှာပဲ မိစ္ဆာကောင်တွေ အလဲအလှယ် လုပ်မယ့် နေရာကို အတည်ပြုနိုင်လိမ့်မယ်... ခင်ဗျားတို့ဘက်ကလည်း ပြည်သူလူထု သတင်းတွေကို အမြန်ဆုံး အကောင်အထည်ဖော် လိုက်ကြတော့..."
...
စာအုပ်ကဖေး ပျက်စီးသွားသည်ကို ကြည့်ရင်း လင်ကျဲ၏ မျက်နှာက မည်းမှောင် နေ၏။ အက်ရှ် ကုန်သည်ကြီးများ အသင်းက ကုန်ကျစရိတ် အားလုံးကို တာဝန်ယူ ကျခံပေးခဲ့ခြင်း ဖြစ်သော်လည်း ဒီဇိုင်းကိုမူ သူ ကိုယ်တိုင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ဤအရာအားလုံးမှာ သူ၏ ပင်ပန်းဆင်းရဲခံ ကြိုးစားအားထုတ်မှုများ ဖြစ်ပေသည်။
ယခုမူ... ရုတ်တရက် ပေါ်လာသည့် ဤလူသတ်သမားများကြောင့် ကဖေးတစ်ခုလုံး ရှုပ်ပွသွားသည်ကို မြင်ရသောအခါ လင်ကျဲ တကယ်ပင် စိတ်တိုသွားတော့သည်။
အမိုးခုံး ဘုရားကျောင်းတော်၏ ယုတ်မာမှုများနှင့် ဆက်စပ်တွေးတောကြည့်လျှင် ဤလူများမှာ ကမ္ဘာပေါ်တွင် တစ်စက္ကန့်လေးပင် ဆက်လက် အသက်ရှင်နေရန် မထိုက်တန်တော့ဟု လင်ကျဲ ခံစားလိုက်ရသည်။ မည်သို့ပင် ဆိုစေ... အခြေအနေက ရှင်းလင်းသွားပြီ ဖြစ်သဖြင့် ယုံကြည်မှုအသစ်သာ အသင့်ဖြစ်ပါက သူတို့၏ မူလအစီအစဉ်အတိုင်း ဆက်သွားရုံသာ ရှိတော့သည်။
တရားဝင် ရပ်တည်ချက်ကို ကိုယ်စားပြုနိုင်သည့် ရဲဌာန၏ ထောက်ခံမှု အပါအဝင် စုဆောင်းထားသည့် သက်သေအထောက်အထားများ ရှိနေပြီ ဖြစ်သဖြင့် အစီအစဉ် အောင်မြင်ရန်မှာ မခက်ခဲလှပေ။ လင်ကျဲ စိုးရိမ်သည်က အနာဂတ်တွင် အမိုးခုံး ဘုရားကျောင်းတော်မှာ ယခုကဲ့သို့သော ထူးထူးဆန်းဆန်း နည်းလမ်းများအား ထပ်မံ အသုံးပြုလာမည်ကိုပင်။
ထို့ပြင် မိုက်ကယ် ပါဝင်နေသော ‘မီးလျှံဓားလမ်းစဉ်’ အဖွဲ့အစည်းကလည်း ပါဝင်ပတ်သက်နေပြီ ဖြစ်သည်။ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားသည့် မိုက်ကယ်နှင့် ဂါဘရီရယ် အပြင် အမှောင်ထဲတွင် ကြံစည်နေကြသည့် အခြား အဖွဲ့ဝင် ၈ ဦး ကျန်ရှိနေသေးသည်။
မျက်ခြေမပြတ် စောင့်ကြည့်၍ရသည့် အမိုးခုံး ဘုရားကျောင်းတော်ထက်စာလျှင် အမှောင်ထဲမှ ပုန်းကွယ်လျက် ကြိုးကိုင်နေသည့် ဤအဖွဲ့အစည်းက ပို၍ အန္တရာယ်ကြီးလှသည်။
ဂျိုးဇက်သည်လည်း အလားတူပင် တွေးထားပြီးသား ဖြစ်သဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ကျွန်တော်တို့ဘက်က လူတွေ အသင့်ပြင်ထားပြီးပါပြီ... ချပ်ပ်မန်း မိသားစုဆီက သတင်းရတာနဲ့ အမိုးခုံး ဘုရားကျောင်းတော်ရဲ့ အပုပ်နံ့တွေကို အကုန်ဖော်ပစ်ပါ့မယ်...”
"ပြီးရင်တော့ ယုံကြည်မှုအသစ်ကို တွန်းအားပေးဖို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ... ဒါက အမိုးခုံး ဘုရားကျောင်းတော်ကို ချက်ချင်း ထိတ်လန့်သွားစေမှာ သေချာပါတယ်... သူတို့တွေ ထောင့်ပိတ်မိပြီး မျှော်လင့်ချက် ကုန်သွားတဲ့ အချိန်ဟာ သူတို့ ပျက်သုဉ်းမယ့် အချိန်ပါပဲ"
ရောင်စဉ် သူရဲကောင်းဟောင်း၏ မျက်လုံးများမှာ အေးစက်နေပြီး သူက လည်ပင်းကို လှီးဖြတ်သည့် လက်ဟန်ကို ပြုလုပ်လိုက်၏။ သူ၏ ပခုံးပေါ်တွင် ရိုက်နှက်ခံထားရသော မှော်ဆရာကို ထမ်းထားရင်း ထိုသို့သော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်မှာ တစ်စုံတစ်ယောက်၏ ခေါင်းကို အေးအေးဆေးဆေး ဖြတ်ချပစ်နိုင်မည့် ပုံစံမျိုးပင်။
"ဒါနဲ့ ကျွန်တော် ခုနက ပြောတာကို အထူး သတိပြုပါ... ဦးကြီး ဂျိုးဇက်... အမိုးခုံး ဘုရားကျောင်းတော်က အဓိက ကြိုးကိုင်သူ မဟုတ်ဘူး... သူတို့နောက်ကွယ်မှာ နောက်ထပ် အဖွဲ့အစည်းတစ်ခု ရှိနေသေးတယ်... အဲဒါကြောင့် သတိထားပြီး ဘေးကင်းအောင် နေကြပါ"
လင်ကျဲက ဆိုလိုက်၏။ သူက ခေတ္တ တန့်သွားပြီးမှ ဆက်ပြောသည်။
"ခင်ဗျား ခဏနေရင် ကျွန်တော့် စာအုပ်ဆိုင်ကို လာခဲ့ပါ... အဲဒီကျမှ အသေးစိတ် ပြောပြမယ်"
လင်ကျဲက လူအုပ်ကြီးကို မျက်ရိပ်ပြလိုက်သည်။ ဤနေရာတွင် လူများလွန်းလှသဖြင့် လူများလေ သူလျှိုများလေ ဖြစ်နိုင်သည်။ သူတို့က နေမင်းယုံကြည်သူများဟု ဆိုနေကြသော်လည်း ၎င်းမှာ ဟန်ဆောင်မှု ဖြစ်နိုင်သဖြင့် မည်သူက သူလျှိုဖြစ်ကြောင်း ခွဲခြားရန် အလွန် ခက်ခဲလှသည်။
မိုက်ကယ်၏ နောက်ဆုံးစကားများအရ သူတို့ အဖွဲ့အစည်းမှာ အမိုးခုံး ဘုရားကျောင်းတော်ကို ထိန်းချုပ်ထားပြီး အက်ရှ် ကုန်သည်ကြီးများ အသင်းတွင် ချယ်ရီ၏ ပြိုင်ဘက်ဖြစ်သည့် ကွန်ဂရိကိုပင် ထောက်ပံ့ပေးနေသည်။ ဤမျှ ကြီးမားလှသော အဖွဲ့အစည်းများပင် ထိုးဖောက်ခံထားရသည်ဆိုလျှင် ဤလူအုပ်ထဲ၌ သူလျှိုတစ်ယောက် မမိသေးဘဲ ကျန်နေမည်ဆိုသည်မှာ မဆန်းပေ။
ဂျိုးဇက်က တည်ကြည်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။
"ကောင်းပါပြီ... ဒါတွေ ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်... သြော်... ဒါနဲ့ နောက်ထပ် ပြောစရာ တစ်ခုရှိသေးတယ်... အဲဒါက ဆိုင်ရှင်ရဲ့ ဖောက်သည် တစ်ယောက်နဲ့ ပတ်သက်လို့ပါ..."
လင်ကျဲက မျက်ခုံးပင့်လိုက်၏။
‘ဖောက်သည်...’
သူ့တွင် ဖောက်သည် အများကြီး မရှိသလို အများစုနှင့်လည်း အဆက်အသွယ် သိပ်မရှိလှပေ။ လွန်ခဲ့သည့် ရက်ပိုင်း အတွင်း သူနှင့် အမြဲ အဆက်အသွယ် ရှိနေသူမှာ ဝယ်လ်နှင့် ကျိကျစ်ရှို့တို့သာ ဖြစ်သည်။
ဝယ်လ်အကြောင်းဆိုလျှင် ဂျိုးဇက်က ဤကဲ့သို့ လျှို့ဝှက်သံဖြင့် ပြောလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ၎င်းမှာ ကျိကျစ်ရှို့ ဖြစ်နိုင်ခြေ များသည်။
‘ဟုတ်သားပဲ... မိန်းကလေးကျိက ပြီးခဲ့တဲ့ တစ်ခေါက် နှင်းဆီပန်း ယူသွားပြီးကတည်းက ပြန်မလာသေးဘူး... သူ တစ်ခုခု ဖြစ်လို့လား...’
သို့သော် ယခုမှာ ခန့်မှန်းနေရမည့် အချိန်မဟုတ်ဘဲ စာအုပ်ဆိုင်ရောက်မှ ဂျိုးဇက်နှင့် အသေးစိတ် ဆွေးနွေးရပေလိမ့်မည်။
"မွန်း...”
လင်ကျဲက လက်ပြလိုက်ရာ အရုပ်မလေး တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ရပ်နေသည့် မွန်း ရောက်ရှိ လာ၏။ သူက နူးညံ့စွာ ပြုံးရင်း မေးလိုက်သည်မှာ။
"မွန်း... ငါတို့ စာအုပ်ကဖေးမှာ ဒီတစ်ခေါက် ပျက်စီးဆုံးရှုံးမှုက ခန့်မှန်းခြေ ဘယ်လောက်လောက် ရှိမလဲ..."
မွန်းက လိမ္မာပါးနပ်စွာပင် စိတ်ထဲမှ တွက်ချက်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
"ဒေါ်လာ ၁၇,၀၀၀ ဝန်းကျင်ပါ ဆရာ..."
လင်ကျဲမှာ တည်ငြိမ်နေပုံ ပေါက်သော်လည်း ထိုကိန်းဂဏန်းကို ကြားလိုက်ရချိန်တွင် သူ့ နှုတ်ခမ်းထောင့်များမှာ မသိမသာ တုန်ရီသွား၏။
‘အက်ရှ် ကုန်သည်ကြီးများ အသင်းက ဘယ်လို အဆင့်မြင့် ပစ္စည်းတွေကို သုံးထားလို့ ပျက်စီးမှုက ၁၇,၀၀၀ အထိ တောင် ဖြစ်သွားရတာလဲ...’
သူ ဆိုင်ထဲကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ မီးလောင်ထားသည့် ကြမ်းပြင်များ၊ ပျက်စီးသွားသော စားပွဲနှင့် ကုလားထိုင်များကို အသစ်လဲရမည် ဆိုလျှင် ၂၀,၀၀၀ နီးပါး ကုန်ကျပေလိမ့်မည်။ ဤမျှအထိ ကုန်ကျစရိတ် များလိမ့်မည်ဟု သူ မထင်ထားခဲ့သဖြင့် အတော်လေး လန့်သွားမိသည်။
ယခင်က အော်ဒီယို ဗီဒီယိုဆိုင်ရှင်မှာ ၁၀,၀၀၀ ကြွေးတင်နေသဖြင့် ဆိုင်ကို အက်ရှ် ကုန်သည်ကြီးများ အသင်းထံ တိုက်ရိုက် ရောင်းချခဲ့ရပြီး ၎င်းကို လင်ကျဲထံ လွှဲပေးခဲ့ခြင်း ဖြစ်သည်။ နော်ဇင် ငွေကြေး၏ ဝယ်ယူနိုင်စွမ်းအရ ၁၀,၀၀၀ ဆိုသည်မှာ ဆင်ခြေဖုံး ရပ်ကွက်တွင် ဆိုင်တစ်ဆိုင် ဝယ်ရန် လုံလောက်လှသည်။ သို့သော်လည်း... ယခု ပျက်စီးမှုမှာမူ အတော်လေး များပြားနေသည်။
လင်ကျဲ စိတ်ထဲမှ ဖြူရော်စွာ ပြုံးလိုက်မိ၏။ ခြိုးခြံချွေတာပြီး ဇိမ်ခံကားတစ်စီး ဝယ်လိုက်သော်လည်း ပြုပြင်ထိန်းသိမ်းစရိတ် မတတ်နိုင်သည့် အဖြစ်မျိုးပင်...။
***