အစီအစဉ်များ
Vol. 16 Ch. 221
တောင်ထိပ် တစ်ခုပေါ်တွင် လူငယ် တစ်ယောက်မှာ အဖြူရောင် ဝတ်ရုံကို လေထဲတွင် တဖျတ်ဖျတ် လွင့်ခါ နေစေရင်း အဝေးကို ငေးကြည့်နေခဲ့သည်။ သူ့ မျက်ဝန်းများထဲတွင်တော့ မိုက်ကယ်ဆီက ရရှိခဲ့သည့် မှတ်ဉာဏ်များက ရုပ်ရှင်ကား တစ်ကားလို လည်ပတ်နေတုန်း ဖြစ်သည်။
"မိုက်ကယ်က အရှုံးသမား တစ်ယောက်တော့ မဟုတ်ပါဘူး... သူက ငါတို့အဖွဲ့ထဲမှာ အစွမ်းအထက်ဆုံး သူတွေထဲက တစ်ယောက်ပဲ”
သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။
"ဒါပေမဲ့ အဲဒီ စာအုပ်ဆိုင်ရှင် ရှေ့မှာတော့ သူက ဘာမှ မတတ်နိုင်တဲ့ ကလေးတစ်ယောက်လို ဖြစ်သွားခဲ့တာပဲ..."
သူ အစိုးရိမ်ဆုံးတော့ ဂါဂွိုင်းပင် ဖြစ်သည်။ စာအုပ်ဆိုင် ပိုင်ရှင် ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ထိုဂါဂွိုင်းမှာ အသက်ဝင်လာကာ မိုက်ကယ်၏ အကြွင်းအကျန် အားလုံးကို လျှာဖြင့် လျက်လိုက်သည့် မြင်ကွင်းက တကယ့်ကို ထူးဆန်းလှသည်။
"ဩဂတ်စတပ်ရဲ့ အမှတ်အသားတွေ... မျိုးသုဉ်းသွားပြီလို့ ထင်ရတဲ့ ရှေးဟောင်း သတ္တဝါတွေက ဘာလို့ အဲဒီဆိုင်မှာ ရှိနေရတာလဲ..."
သူ လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်မိ၏။ သူက မီးလျှံဓားလမ်းစဉ်၏ အဆင့်မြင့် အဖွဲ့ဝင် တစ်ဦးဖြစ်သလို အမိုးခုံး ဘုရားကျောင်းတော်ကို နောက်ကွယ်ကနေ ကြိုးကိုင်နေသူလည်း ဖြစ်သည်။ သို့သော်လည်း... ယခုအခါတွင်တော့ သူတို့၏ အစီအစဉ်များကို လင်ကျဲဆိုသည့် နားလည်ရခက်သည့် လူတစ်ယောက်က ဝင်ရောက် နှောက်ယှက်လာခဲ့ပြီ ဖြစ်သည်။
...
စာအုပ်ဆိုင်ထဲတွင်တော့...
ဂျိုးဇက် ထွက်သွားပြီးနောက် လင်ကျဲ တစ်ယောက် ပျောက်ကွယ်သွားခဲ့သည့် မိုက်ကယ်၏ အလောင်းနေရာကို ပြန်ကြည့်နေခဲ့သည်။
"တကယ်ပဲ... ဘယ်လိုလုပ် ပျောက်သွားတာလဲ..."
သူက အမှတ်မထင် စာအုပ်စင်ပေါ်က ဂါဂွိုင်းရုပ်လေးကို လှမ်းကြည့်လိုက်သည်။
"ထားလိုက်ပါတော့... နောက် ၇ ရက်ဆိုရင်တော့ အဖြေပေါ်လာမှာပဲ..."
လင်ကျဲ တွေးလိုက်မိသည်။ ဗင်းဆင့်နှင့် ဂျိုးဇက်တို့၏ အစီအစဉ်အတိုင်း ဆိုပါက... အမိုးခုံး ဘုရားကျောင်းတော်၏ ယဇ်ပူဇော်ပွဲနေ့မှာ သူတို့ အမှန်တရားကို ဖော်ထုတ်မည့်နေ့ ဖြစ်လာလိမ့်မည် ဖြစ်သည်။ ထိုနေ့ကျလျှင် မိုက်ကယ်လည်း ပြန်ပေါ်လာနိုင်သလို သူတို့ နောက်ကွယ်က ခေါင်းဆောင်လည်း ထွက်လာနိုင်သည်။
လင်ကျဲက ကောင်တာပေါ်တွင်ရှိသည့် ‘လူအရေပြား စာအုပ်’ ကို ပြန်ကြည့်လိုက်သည်။ ယခုအခါ ထိုစာအုပ်မှာ သူ့အတွက် အသုံးမဝင်တော့သည့် အမှိုက်တစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ တစ်ခုခုကိုတော့ သတိပြုလိုက်မိ၏။
လင်ကျဲ စာအုပ်ကို ကောက်ကိုင်လိုက်သည့် အချိန်မှာပင် ထူးဆန်းသည့် ခံစားချက် တစ်ခုကို ရရှိလိုက်သည်။ ၎င်းမှာ ဝေးကွာလှသည့် နေရာမှ လူတစ်ယောက်က သူ့ကို စိုက်ကြည့်နေသလိုမျိုးပါပင်။
"ဒီစာအုပ်က... ငါ့ကို တစ်ယောက်ယောက်နဲ့ ချိတ်ဆက်ပေးနေတာလား..."
လင်ကျဲ ပြုံးလိုက်၏။
"မင်း ငါ့ကို ကြည့်နေတာလား... ကောင်းပြီလေ... ဒါဆိုရင်လည်း ငါ့ကို ရှာတွေ့အောင် ကြိုးစားကြည့်ပေါ့"
လင်ကျဲ စာအုပ်ကို ပိတ်လိုက်ပြီး အောက်ထပ်က ဗလာစာအုပ်တွေကြားထဲ ညှပ်ထားလိုက်သည်။ သူ့အတွက်တော့ ၎င်းက ဂိမ်းတစ်ခုလိုပင်။ ရန်သူက သူ့ကို လာရှာမည် ဆိုလျှင်လည်း သူက အဆင်သင့်သာ ဖြစ်ပေသည်။
...
စာအုပ်ကဖေးဘက်တွင်တော့...
ဗင်းဆင့်မှာ နေမင်းယုံကြည်သူ အသစ်များကို စုစည်းပြီး သာသနာပြု လုပ်ငန်း အတွက် ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။ အသီးနားကတော့ စစ်နတ်သမီး တစ်ပါးလို ဘေးကနေ စောင့်ကြပ်ပေးနေခဲ့သည်။
"ဖာသာ... ကျွန်မတို့ တကယ်ပဲ အမိုးခုံး ဘုရားကျောင်းတော်ကို ဖြိုဖျက်နိုင်ပါ့မလား..."
အန်နီက စိုးရိမ်တကြီး မေးလိုက်၏။
ဗင်းဆင့်က ခိုင်မာည့် အကြည့်နှင့် ပြန်ဖြေလိုက်သည်။
"ငါတို့မှာ မစ္စတာလင်ရဲ့ လမ်းညွှန်မှုရှိတယ်... ပြီးတော့ နေမင်းကြီးကလည်း ငါတို့ဘက်မှာ ရှိနေတယ်... အမှန်တရားဟာ ဘယ်တော့မှ အမှောင်ထဲမှာ ပုန်းကွယ်မနေနိုင်ပါဘူး"
နေမင်း အပေါ် ယုံကြည်မှုများမှာ နော်ဇင်မြို့၏ အမှောင်ထုထဲတွင် တဖြည်းဖြည်းနှင့် စတင် တောက်လောင် နေခဲ့ပြီ ဖြစ်လေတော့သည်။
...
နော်ဇင်မြို့၏ အမှောင်ထုထဲတွင် အစီအစဉ် များစွာမှာ တစ်ခုနှင့် တစ်ခု ရောယှက်နေ၏။ ကွန်ဂရိကတော့ သူ့ အစီအစဉ် အောင်မြင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။
"အောက်လမ်းမှော်ဆရာတွေက များသောအားဖြင့် အတ္တကြီးကြတယ်... ဒါပေမဲ့ ဘလပ်ဖိစ်က လူတွေကတော့ အကျိုးအမြတ်ရှိရင် ဘာမဆို လုပ်ပေးကြတာပဲ"
ကွန်ဂရိက တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ ဘေးနားရှိ လက်အောက်ငယ်သားက တင်ပြလက်စ အကြောင်းအရာကို ဆက်လက်၍ တင်ပြလာသည်။
“အဲဒီ အောက်လမ်းမှော်ဆရာက သူ့ကိုယ်သူ ဝေ့စ် လို့ ခေါ်ပါတယ်... သူနဲ့ပါလာတဲ့ ခွေးက သာမန်ခွေးမဟုတ်ဘဲ ငရဲခွေးတစ်ကောင်လို အငွေ့အသက်မျိုး ရှိနေတယ်လို့ သိရပါတယ်..."
ကွန်ဂရိက ခေါင်းညိတ်လိုက်၏။
“ငရဲဘုံ အဆင့်လောက် ရှိတယ်ဆိုရင်တော့ ချယ်ရီရဲ့ အစောင့်အရှောက်တွေကို ရှင်းပစ်ဖို့ လုံလောက်ပါတယ်... ငါတို့ဘက်မှာ အမိုးခုံး ဘုရားကျောင်းတော်ရဲ့ အကူအညီလည်း ရှိနေတာဆိုတော့ ဒီတစ်ခါ ချယ်ရီ ဘယ်လိုမှ လွတ်လမ်းမရှိတော့ဘူး"
...
တစ်ချိန်တည်း၌ ချယ်ရီသည်လည်း သူမ၏ အစီအစဉ်များကို စတင် အကောင်အထည်ဖော် နေခဲ့ပြီ ဖြစ်သည်။ မစ္စတာလင် ပေးလိုက်သည့် အသိအမြင်များနှင့် အတူ ကွန်ဂရိ၏ နယ်နိမိတ် အတားအဆီးများကို ကျော်ဖြတ်သို့ နည်းလမ်း တစ်ခုကို သူမ စဉ်းစားထားပြီး ဖြစ်သည်။
"ဒေးဗစ်... ငါတို့ အတားအဆီးကို အပြင်ကနေ ဖျက်ဆီးမှာ မဟုတ်ဘူးနော်... ငါတို့က အထဲကို ခိုးဝင်မှာ..."
ချယ်ရီက အေးအေးဆေးဆေး ပြောလိုက်၏။
"ဒါပေမဲ့ မစ္စ... မိသားစု သွေးမျိုးဆက် ရှိမှ ဝင်လို့ရတာလေ"
ဒေးဗစ်က နားမလည်နိုင်စွာ မေးလိုက်၏။
ချယ်ရီက သူမရဲ့ နက်ညိုရောင် လက်ဖဝါးကို ကြည့်ရင်း ပြုံးလိုက်သည်။
"ငါ့မှာလည်း ချပ်ပ်မန်း မိသားစုရဲ့ သွေးသား ရှိတာပဲလေ... ငါ့ရဲ့ အမှောင်အဲ့လ်ဖ် သွေးက ဒရူးဝှစ် သွေးကို ဖုံးကွယ်ထားတယ်လို့ သူတို့က ထင်နေကြတာ... ဒါပေမဲ့ မစ္စတာလင် ပြောခဲ့တဲ့အတိုင်း ငါ့ရဲ့ စွမ်းအားအစစ်အမှန်ကို ငါ သိမြင်သွားပြီဆိုရင် ဒီအတားအဆီးက ငါ့အတွက် ဘာမှ မဟုတ်တော့ဘူး"
ယနေ့ ညနေခင်း စာအုပ်ဆိုင်ကို အလည်အပတ် သွားခဲ့တုန်းက... မစ္စတာလင်၏ စကားများမှ တစ်ဆင့် ခန္ဓာကိုယ် သွေးမျိုးဆက်နှင့် သဘာဝတရား အကြား ဆက်သွယ်မှုအား မည်ကဲ့သို့ နိုးထစေရမည်ကို ချယ်ရီ နားလည်ခဲ့ပေသည်။
...
ညနက်ပိုင်း အရောက်တွင်တော့...
နော်ဇင်မြို့ပြင်ရှိ သတ်မှတ်ထားသည့် အရောင်းအဝယ် ဆုံမှတ် နေရာတွင် အမိုးခုံး ဘုရားကျောင်းတော်မှ လူများနှင့် ကွန်ဂရိ၏ လူများ စုရုံးနေကြသည်။
အပြင်ဘက်ရှိ အမှောင်ထုထဲတွင်တော့ ဝတ်ရုံနက်နှင့် လူတစ်ယောက်မှာ ခွေးတစ်ကောင်နှင့် အတူ အသာအယာ ရပ်နေ၏။ ထိုသူကတော့ အခြားလူ မဟုတ်...။ အောက်လမ်း မှော်ဆရာ ဖရန့်ခ် ဝယ်လ်ပင်။
သူက လင်ကျဲ ပေးအပ်ထားသည့် တာဝန်ကို လုပ်ဆောင်ဖို့ အတွက် ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်ပေသည်။
ဝယ်လ်က သူ့ဘေးရှိ ခွေးကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်၏။
"ကြည့်ရတာ ဒီည အမဲလိုက်ပွဲက တော်တော်လေး စည်ကားတော့မယ့် ပုံပဲ..."
ခွေးက ဟိန်းသံတစ်ချက် ပြုရင်း သခင်၏ စကားကို ထောက်ခံလိုက်သည်။
...
ချယ်ရီမှာ အမှောင်ထုကို အကာအကွယ်ယူရင်း အစီအရင် အစွန်အဖျားနားကို ချဉ်းကပ်လာခဲ့၏။ သူမ လက်ကို အတားအဆီးပေါ် တင်လိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းသည့် အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာကာ သူမကို လမ်းဖွင့် ပေးလိုက်တော့သည်။
"အမဲလိုက်ပွဲ စပြီ..."
ချယ်ရီက စိတ်ထဲမှ ရေရွတ်ရင်း အတွင်းကို ဝင်သွားခဲ့လေ၏။