ကျွန်ုပ်၏ အိုင်ဒေါ ဝယ်လ်
Vol. 16 Ch. 222
ကွန်ဂရိ လုံးဝဥဿုံ ယုံကြည်ချက်ရှိနေခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။ ချယ်ရီ အက်ရှ် ကုန်သည်ကြီးများ အသင်းသို့ ရောက်ရှိလာသည်မှာ ၃ နှစ်သာ ရှိသေးသော်လည်း ကွန်ဂရိ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သမျှကို ကျော်ဖြတ်ကာ မြင့်မားလှသည့် အဆင့်အတန်းနှင့် သြဇာအာဏာကို ရယူနိုင်ခဲ့သည်။ သို့သော်လည်း... ဤတစ်ကြိမ်တွင်မူ ထိုမျိုးမစစ်မ၏ ကံကြမ္မာကို သူ အပြတ်အသတ် ဆုံးဖြတ်နိုင်တော့မည်ဟု ယုံကြည်နေသည်။
"အဆင့်အတန်း..."
"သြဇာအာဏာ..."
"အဲဒါတွေ အကုန်လုံးကို နင် စွန့်လွှတ်လိုက်ရအောင် ငါလုပ်ပြမယ်... နင်က မိသားစုနဲ့ လုံးဝ မအပ်စပ်တဲ့ အထီးကျန် ငှက်ကလေးတစ်ကောင်ပဲ ဆိုတာကို သိစေရမယ်..."
ကွန်ဂရိက လှောင်ပြောင် ရေရွတ်လိုက်၏။ ချပ်ပ်မန်းမိသားစုထဲတွင် ချယ်ရီကို ရွံရှာသူများရှိကြောင်း သူသိသလို၊ ချယ်ရီကိုယ်တိုင်ကလည်း ဤကဲ့သို့ ကောက်ကျစ်စဉ်းလဲသည့် ဆွေမျိုးသားချင်းများကို စက်ဆုပ်ကြောင်း သူသိသည်။
ချယ်ရီမှာ သူမ၏ သွေးနှောမှုကို အမြဲတစေ ရွံရှာခဲ့ပြီး ဒရူးဝှစ်တို့၏ အတတ်ပညာများကိုပင် ငြင်းပယ်ခဲ့သူဖြစ်သည်။ ဤအချက်မှာ ကွန်ဂရိအတွက် ချယ်ရီကို အနိုင်ပိုင်းရန် အချက်အချာဖြစ်လာသည်။
ထိုငှက်စုတ်မလေးကတော့ သူမ ရင်ဆိုင်ရတော့မည့် အန္တရာယ်ကို လုံးဝ မရိပ်မိသေးပေ။
‘ငါ့ကို အမိုးခုံး ဘုရားကျောင်းတော် တစ်ခုတည်းကပဲ ထောက်ပံ့ပေးနေတာလို့ ထင်နေတာလား...’
‘မဟုတ်ဘူး... လုံးဝ မဟုတ်ဘူး...’
‘ဘလပ်ဖိစ် အဖွဲ့က ငရဲဘုံ အဆင့် ၁၂ ယောက်...’
‘မီးလျှံဓားလမ်းစဉ်က ဖျက်ဆီးခြင်းအဆင့် တစ်ယောက်နဲ့ သူ့ရဲ့ လက်အောက်ခံ ငရဲဘုံ အဆင့် ၁၀ ယောက်...’
‘စုစုပေါင်း ဖျက်ဆီးခြင်းအဆင့် တစ်ယောက်နဲ့ ငရဲဘုံအဆင့် ၂၂ ယောက်...’
"ဟား ဟား ဟား..."
ချယ်ရီ အေးစက်စက် ကျောက်ရုပ် မျက်နှာ တစ်ခုလုံး ကြောက်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားမည့်ပုံကို စိတ်ကူးကြည့်ရင်း ကွန်ဂရိ တစ်ယောက် ထိန်းမနိုင်သိမ်းမရ ရယ်မောလိုက်တော့သည်။ သူ ချယ်ရီ၏ နိုင်လိုစိတ်ပြင်းထန်ပြီး မာနကြီးလှသော စိတ်နှလုံးကို ရိုက်ချိုးပစ်ချင်နေခြင်း ဖြစ်သည်။
ကွန်ဂရိ မျက်လုံးကို မှိတ်ရင်း သူ ချယ်ရီကို အလဲထိုးပြီး အာဏာပြန်သိမ်းမည့် ပုံရိပ်ကို အသာအယာ စိတ်ကူးယဉ်နေမိ၏။ ထို့နောက် သူ့ကို သစ္စာဖောက်ကာ ချယ်ရီဘက် ပါသွားသူများကို ဖမ်းဆီးကာ အရေခွံခွာပြီး ဆားရည်ထဲ ပစ်ထည့်ဦးမည်။ မီးလျှံဓားလမ်းစဉ်၏ ထောက်ပံ့မှုဖြင့် မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာလျှင် အက်ရှ် ကုန်သည်ကြီးများအသင်း တစ်ခုလုံးကို သူ စည်းလုံးနိုင်မည်ဖြစ်သည်။
"ဒါပေမဲ့..."
ကွန်ဂရိက ရုတ်တရက် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွား၏။
"သွေးကျိန်စာ အရှင်ဆီက ဘာလို့ သတင်းမကြားရသေးတာလဲ... သူက ပုဂ္ဂိုလ်ကြီးတစ်ဦးနဲ့ ဆွေးနွေးပြီး စာအုပ်ဆိုင်ရှင်ကို ရှင်းပစ်ဖို့ တစ်ရက်ပဲ ကြာမယ်လို့ ပြောခဲ့တာ မလား..."
ကွန်ဂရိ ထိုအဖွဲ့အစည်း အတွင်း ဝင်ရောက်ပြီးနောက် သူ့ကို အမိန့်ပေးသူမှာ ‘သွေးကျိန်စာ’ ဟု ဘွဲ့အမည်ရသူ ဖြစ်သည်။ သူက ‘လူအရေပြား စာအုပ်’ မှတစ်ဆင့် ဆက်သွယ်လေရာ ကွန်ဂရိ သွေးကျိန်စာ အရှင်ကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ဖူးသေးချေ။
ဘလပ်ဖိစ် အဖွဲ့အား အမှန်တကယ် တည်ထောင်ခဲ့သူမှာ အောက်လမ်း မှော်ဆရာ ဇူအီကာကူ ဖြစ်ကြောင်းကိုပင် သူ မသိရှိပါချေ။
ကွန်ဂရိသည် ဘလပ်ဖိစ် အတွက် လုံခြုံသော နေရာများ စီစဉ်ပေးရင်းမှ ဤကဲ့သို့သော တရားမဝင် အရောင်းအဝယ်များမှ ရရှိသည့် ကော်မရှင်ခမှာ အလွန်များပြားကြောင်း သိရှိသွားပြီး လောဘတက်လာခဲ့သည်။ သူသည် ချယ်ရီ၏ ဖိနှိပ်မှုကြောင့် စီးပွားရေး ကျဆင်းနေသဖြင့် လက်အောက်ငယ်သားများကိုပင် လစာမပေးနိုင်တော့သည့် အခြေအနေသို့ ရောက်နေခြင်း ဖြစ်သည်။
ထို့ကြောင့်ပင်.. အန္တရာယ်ရှိသည့် ပစ္စည်းများကို လျှို့ဝှက်စွာဖြင့် ရောင်းဝယ်ဖောက်ကားခဲ့သည်။ ဥပမာအားဖြင့် ကျိမိသားမှ အထက်လမ်းမှော်ဆရာ ဟေးဝုဒ်က သူ၏ ‘သစ္စာခံ’ ချိပ်တံဆိပ်ကို ဖျက်ဆီးနည်း ရောင်းချသည့် ကိစ္စမျိုးပင်။
မကြာသေးမီက ဟေးဝုဒ် အသတ်ခံလိုက်ရသည်ဟု ကြားလိုက်ရသော်လည်း ကွန်ဂရိက ဂရုမစိုက်ချေ။ အဘယ်ကြောင့်နည်း။ သူ မည်သည့် ခြေရာလက်ရာကိုမျှ ချန်လှပ်ခဲ့ခြင်း မရှိသောကြောင့်ပင်။ မီးလျှံဓားလမ်းစဉ် သာ သူ့ဘက်တွင် ရှိနေလျှင် အရာအားလုံးကို ပြောင်းလဲနိုင်မည်ဟု သူ ယုံကြည်နေသည်။
ကွန်ဂရိသည် အမိုးခုံး ဘုရားကျောင်းတော်နှင့် အကြီးစား အရောင်းအဝယ် ပြုလုပ်ရန် ပြင်ဆင်နေပြီး ချယ်ရီကို အပြုတ်တိုက်ဖို့ စီစဉ် နေခဲ့ပြီ ဖြစ်သည်။
...
ဤတစ်ကြိမ် ဘလပ်ဖိစ် အဖွဲ့၏ စုဝေးမှုကို နဂါးပျံဟူသော ကုဒ်အမည် (အမည်ဝှက်) ရှိသူက ဦးစီးကျင်းပခြင်း ဖြစ်သည်။ နေရာမှာ ၃၃၆ လမ်းမပေါ်ရှိ ဘားတစ်ခုအတွင်းမှ လျှို့ဝှက်အခန်းတစ်ခုတွင် ဖြစ်သည်။
နဂါးပျံ၏ အမည်ရင်းမှာ ဒန်လော့ပ် ဂေါလ် ဖြစ်ပြီး ဖန်တီးမှု ဆိုင်ရာ မှော်ပညာကို ကျွမ်းကျင်သည့် ငရဲဘုံ အဆင့် အောက်လမ်းမှော်ဆရာ တစ်ဦးဖြစ်သည်။ သူက ဆင့်ကဲမွမ်းမံထားသော သတ္တဝါဆန်းများကို ဖန်တီးရာတွင် ကျွမ်းကျင်သူ ဖြစ်သည်။
"ဒီမှာရှိတဲ့သူတွေက စီနီယာတွေမလို့ မင်းလို အသစ်က သူတို့ကို ယှဉ်ဖို့ မကြိုးစားနဲ့... မောက်မာတာတွေကို လျှော့ပြီး သူတို့နဲ့ အဆင်ပြေအောင် နေဖို့ ကြိုးစား"
နဂါးပျံက သူ့နောက်မှ ပါလာသည့် အောက်လမ်းမှော်ဆရာကို သတိပေးလိုက်၏။
"နားလည်လား မြွေနက်..."
မြွေနက်မှာ အဖွဲ့ဝင်သစ်ကိုယ်တိုင် သူ့ကိုယ်သူ ပေးထားသည့် ကုဒ်နာမည် ဖြစ်သည်။ အဖွဲ့ဝင်များမှာ မျက်နှာဖုံးစွပ်ထားကြရပြီး ကုဒ်နာမည်ဖြင့်သာ ခေါ်ဝေါ်ကြရသည်။
အဖွဲ့ဝင်သစ်မှာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး သံမျက်နှာဖုံး စွပ်ထားသဖြင့် မြွေမျက်လုံးကဲ့သို့သော သူငယ်အိမ်များကိုသာ မြင်ရသည်။
"နားလည်ပါပြီ"
သူက အက်ရှရှအသံဖြင့် ပြန်ဖြေလိုက်၏။ သူ့ဘေးမှ လိုက်ပါလာသည့် ဆီးနှင်း အလား ဖြူဖွေးသည့် ခွေးကြီးမှာ ရုတ်တရက် ကျယ်လောင်စွာ ထိုးဟောင်လိုက်ပြီး လျှာကိုထုတ်ကာ အပြစ်ကင်းစင်သော မျက်နှာထားဖြင့် အမောဖြေနေလေသည်။
နဂါးပျံက ခေါင်းညိတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ မေးလိုက်၏။
"မင်းမှာ မြွေလူသား သွေးပါတာလား..."
"ဟုတ်ကဲ့..."
"မင်းဝတ်စုံကို ကြည့်ရတာ ‘မျက်နှာမဲ့ မဟူရာ အကြေးခွံကို အတုယူထားတာပဲ ဟုတ်တယ် မလား..."
မြွေနက်က ခြေလှမ်းများကို ရပ်လိုက်ရင်း နဂါးပျံကို မော့ကြည့်လိုက်သည်။
နဂါးပျံက ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်၏။
"တကယ်တော့... ဝယ်လ်က ငါ့ရဲ့ အိုင်ဒေါပဲလေ..."
အောက်လမ်းမှော်ဆရာ ဒန်လော့ပ် ဂေါလ်လ် တစ်ဖြစ်လည်း ကုဒ်နာမည် နဂါးပျံသည် တစ်သီးပုဂ္ဂလ မှော်ဆရာတစ်ဦးသာ ဖြစ်သည်။ ပညာရပ်များကို လက်ဆင့်ကမ်းအမွေအဖြစ် ယုံကြည်ကြသည့် ရှေးရိုးစွဲ မှော်ပညာရှင်များမှာ သူတို့ အမုန်းတီးဆုံး အမျိုးအစားလည်း ဖြစ်၏။
သူသည် မည်သည့်ဆရာထံတွင်မျှ ပညာသင်ကြားခဲ့ဖူးသူ မဟုတ်သလို အမွေဆက်ခံရရှိခဲ့သော စွမ်းအားမျိုးလည်း မရှိချေ။ ယခုအချိန်အထိ သူတတ်မြောက်ထားသော ပညာရပ်အားလုံးမှာ ဟိုတစ်စ သည်တစ်စ ဖာထေးဆက်စပ်ထားခြင်း၊ တိတ်တဆိတ် ခိုးယူသင်ကြားထားခြင်းများသာ ဖြစ်သည်။
အချို့သော ပညာရပ်များကိုမူ မှတ်ဉာဏ်ခိုးယူသည့် မန္တန်များကို အသုံးပြုကာ သူတစ်ပါးထံမှ လုယူခဲ့ခြင်း ဖြစ်ပြီး၊ အချို့မှာမူ ဘာသာဗေဒ ဆိုင်ရာ ဂါထာမန္တန်အချို့ကို ပေါင်းစပ်ကာ ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူက မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိသော လွတ်လပ်သည့် မှော်ဆရာတစ်ဦး ဖြစ်လေသည်။
အချုပ်အားဖြင့် ဆိုရသော် ဒန်လော့ပ် ဂေါလ်လ်သည် ကိုယ်တိုင်ကိုယ်ကျ ကျွမ်းကျင်စွာ ဖန်တီးတတ်သည့် အဖာအထေး မိစ္ဆာကောင် တစ်ကောင်နှင့်ပင် တူလှတော့သည်။ သို့သော်လည်း... အခြားတစ်ဖက်တွင်မူ ဂေါလ်သည် ကိုယ်တိုင်လေ့လာသူ ဖြစ်လင့်ကစား ပညာသည် ရပ်ဝန်းမှ မှော်ဆရာ အများအပြားကို ကျော်ဖြတ်ကာ အင်အားကြီးမားသည့် ငရဲဘုံအဆင့် မှော်ဆရာတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ကြောင့်ပင် ဂေါလ်မှာ ပါရမီ၊ ကံတရား နှင့် ကြိုးစားအားထုတ်မှုတို့ ပိုင်ဆိုင်ထားကြောင်း ငြင်းဆိုဖွယ်မရှိပေ။
အကယ်၍သာ သူသာ ကောင်းမွန်သည့် ဆရာတစ်ဦးနှင့် တွေ့ဆုံခဲ့ပါက သူ၏ အောင်မြင်မှုများမှာ ယခုထက် များစွာ သာလွန်ပေလိမ့်မည်။ သို့သော်ငြားလည်း... ထိုသို့ဆိုလျှင် သူ၏ ရိုင်းစိုင်းခက်ထန်ကာ အထိန်းအကွပ်မဲ့သည့် သဘာဝမှာ ချုပ်တည်းခြင်း ခံရနိုင်ပြီး သာမန်ကာလျှံကာ မှော်ဆရာများကဲ့သို့ပင် ထူးခြားမှုမရှိသူ တစ်ဦး ဖြစ်သွားနိုင်ပါသေးသည်။
အမှန်စင်စစ် ဂေါလ် တစ်ယောက် ထူးခြားအဆင့် မျှသာ ရှိသေးသည့် အချိန်ကတည်းကပင် ဤပါရမီရှင် တစ်သီးပုဂ္ဂလ မှော်ဆရာအား တပည့်အဖြစ် လက်ခံလိုသည့် အဆင့်မြင့်မှော်ဆရာများစွာ ရှိခဲ့ဖူးသည်။ သို့ရာတွင် တစ်ကိုယ်တော် မှော်ဆရာများသည် ဆရာထံမှဖြစ်စေ၊ မှော်သင်တန်းကျောင်းများမှဖြစ်စေ တိုက်ရိုက်သင်ကြားရသော မှော်ပညာများကို အထင်သေးလေ့ရှိကြသည်။ ထိုသို့သော ပုဂ္ဂိုလ်များမှာ ဖန်လုံအိမ်အတွင်းမှ ပန်းများကဲ့သို့ပင် လက်တွေ့အသုံးမကျလှဘဲ အပေါ်ယံ အလှပြ သက်သက်သာ ဖြစ်သည်ဟု ယူဆထားကြသည်။ တစ်သီးပုဂ္ဂလ မှော်ဆရာများမှာ ထိုသမာရိုးကျ မှော်ဆရာများနှင့်ပင် အတူယှဉ်တွဲနေထိုင်ရန်ပင် ရွံရှာစက်ဆုပ်ကြ၏။
ဂေါလ်သည် ဘလပ်ဖိစ် အဖွဲ့အတွင်းသို့ ဝင်ရောက်ခဲ့သော်လည်း ထိုသူများထံမှ သူသင်ယူစရာ အထွေအထူး ရှိလိမ့်မည်ဟု မခံစားရချေ။
သူ အနှစ်နှစ် အလလ လေ့ကျင့်ထားသည့် စွမ်းရည်များမှာ ကိုယ်ပိုင်စနစ်တစ်ခုအဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီး ဖြစ်ပြီး ထူးခြားသည့် ကိုယ်ပိုင် သီအိုရီများနှင့် တိုက်ခိုက်ရေး နည်းစနစ်များ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင်... ဤအခြေခံများကို ပြောင်းလဲပစ်ခြင်းမှာ သူ၏ အကြီးမားဆုံးသော အားသာချက်ကို ဆုံးရှုံးစေမည်ဖြစ်ကြောင်း သူ ကောင်းစွာ သဘောပေါက်ထားသည်။
ဂေါလ်သည် မကြာခဏဆိုသလို ဤသို့ ပြောလေ့ရှိသည်။
"ငါ နဂါးပျံ အကြိုက်ဆုံးက ကိုယ့်ကိုယ်ကိုယ် အရေးပါလှပြီလို့ ထင်နေတဲ့သူတွေကို မရဘူးလို့ ငြင်းလိုက်တာပဲ... ဟဲ ဟဲ..."
ထိုလုပ်ရပ်ကြောင့်ပင် ဒေါသထွက်နေသည့် အဆင့်မြင့် စီနီယာ မှော်ဆရာကြီးများ၏ လိုက်လံနှိပ်ကွပ်ခြင်းကို ခံရတော့သည်။ သို့သော်လည်းလည်း... ဘလပ်ဖိစ် အတွင်းရှိ အရောင်းအဝယ်များမှတစ်ဆင့် သူ၏ စွမ်းအားများ တစတစ တိုးတက်လာကာ ငရဲဘုံအဆင့် သို့ ရောက်ရှိသွားသောအခါ သူ့ကို လိုက်လံသတ်ဖြတ်နေသည့် ငရဲဘုံအဆင့် မှော်ဆရာများမှာပင် သူ၏လက်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားကြရသည်။ နောက်ဆုံးတွင်မူ သူ့ကို ဆရာလုပ်နိုင်မည့်သူဟူ၍ မကျန်တော့သလောက်ပင် ဖြစ်သွားတော့သည်။
မရှိသလောက်ပင် ဟု ဆိုသော်လည်း တစ်ဦးမူ ရှိခဲ့ဖူး၏။
ဘလပ်ဖိစ်ကို စတင်တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သည့် ဖျက်ဆီးခြင်းအဆင့် အောက်လမ်းမှော်ဆရာ ဇူအီကာကူ သည် ဂေါလ်ကို သူ၏ ကိုယ်ပိုင်မှော်တပ်ဖွဲ့အတွင်းသို့ ဆွဲဆောင်ရန် ကြိုးပမ်းခဲ့ဖူးသည်။ သူက မည်သူမည်ဝါဖြစ်ကြောင်းကိုပင် ထုတ်ဖော်ပြသသည်အထိ ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ဂေါလ်က ငြင်းပယ်မြဲ ငြင်းပယ်ခဲ့သော်လည်း ဇူအီကာကူကိုတော့ ပိုမို လိမ္မာပါးနပ်စွာ ငြင်းဆိုခဲ့သည်။ အကြောင်းကား... သူ ဇူအီကာကူကို မယှဉ်နိုင်သောကြောင့် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဇူအီကာကူ တွင် တပ်ဖွဲ့တစ်ခုလုံး ရှိနေပြီးသားဖြစ်ရာ မှော်ဆရာ မရှားပါးလှပေ။ ဤ ငရဲဘုံအဆင့်လေးကို သဘောကျသွားခြင်းမှာ ခဏတာ စိတ်ကူးပေါက်သွားခြင်းမျှသာ ဖြစ်၏။ ထို့ကြောင့်ပင် ဇူအီကာကူ အနေဖြင့် အတင်းအကျပ် လုပ်ဆောင်ရန် မိမိကိုယ်ကို နှိမ့်ချစရာ မလိုဟု ယူဆကာ ထိုကိစ္စမှာ အေးအေးဆေးဆေးပင် ပြီးဆုံးသွားခဲ့သည်။
ဂေါလ် စိတ်မကောင်းဖြစ်ခဲ့သော်လည်း နောင်တမူ မရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ အောက်လမ်းမှော်ဆရာ ဖြစ်လာခဲ့သည့် အချိန်မှစ၍ ကိုယ်ပိုင် ရည်မှန်းချက်နှင့် အိပ်မက်များ ရှိခဲ့သောကြောင့် ဖြစ်သည်။ သူ လျှောက်လှမ်းလိုသည့် မှော်ပညာ၏ ဦးတည်ချက်နှင့် အမျိုးအစားကိုလည်း အသေအချာ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် သူ့နှလုံးသား အတွင်း ကိန်းအောင်းနေသည့် စကားတစ်ခွန်းတည်းသာ ရှိပါသည်။
‘ဝယ်လ်သည် ထာဝရ အကြီးမြတ်ဆုံး ဖြစ်သည်...’
ဟူ၍...။