မေတ္တာနှောင်ကြိုး၏ အကန့်အသတ်
Vol. 16 Ch. 223
"မင်းကို ကြည့်လိုက်တာနဲ့ ဝယ်လ်ရဲ့ ပုံစံကို တုပထားတာဆိုတာ ငါချက်ချင်း သိတာပေါ့... ငါ သူ့ကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ဖူးပေမယ့် သူ ဝတ်စားပုံ ဝတ်စားနည်းကိုတော့ ငါ ကောင်းကောင်းကြီး သိနေတယ်လေ..."
နဂါးပျံမှာ မျက်နှာဖုံးဖြင့် မျက်နှာအမူအရာများကို ဖုံးကွယ်ထားသော်လည်း သူ၏ စိတ်လှုပ်ရှားမှုမှာ သိသာထင်ရှားနေဆဲ ဖြစ်သည်။ မိမိကဲ့သို့ပင် ဝယ်လ်အား ကြည်ညိုသူတစ်ဦးနှင့် တွေ့ဆုံလိုက်ရသဖြင့် ရင်ခုန်စိတ်လှုပ်ရှားနေမှုကို ထိန်းချုပ်ကာ တည်ကြည်ဟန်ဆောင်လျက် လုပ်ထုံးလုပ်နည်းများအရ သတိပေးချက်များနှင့် စည်းဉ်းများကို ရှင်းပြနေရသော သူ၏ အခြေအနေကို ခန့်မှန်းကြည့်နိုင်ပေသည်။
လူ့အဖွဲ့အစည်း၏ အောက်ခြေတွင် အမြဲတစေ ရုန်းကန်နေရသည့် တစ်သီးပုဂ္ဂလ မှော်ဆရာတစ်ဦး ဖြစ်သည့်အလျောက် နဂါးပျံ ထံတွင် လူအများ ထင်မှတ်ထားကြသည့် အေးစက်စက် သဘောထားမျိုး မရှိချေ။ ကြမ်းတမ်းခက်ထန်ပြီး အားကိုးရာမဲ့သည့် လူ့လောက၏ အောက်ခြေအဆင့်တွင် ရှင်သန်ခဲ့ရသဖြင့် ဂေါလ်သည် ရှင်သန်နိုင်ရေးအတွက် နည်းမျိုးစုံကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့်ပင် သူသည် မည်သူနှင့်မဆို စကားစပ်မိအောင် ပြောဆိုနိုင်သည့် လျှာအရိုးမရှိ စကားပြောကောင်းသူတစ်ဦး ဖြစ်လာခဲ့သည်။ ဤသို့သာ မဟုတ်လျှင် သူသည် အဆက်အသွယ်မျိုးစုံအတွက် ကြားခံလူတစ်ဦး ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။
"ဒီ အနက်ရောင်ဝတ်ရုံကတော့... တကယ့်ကို ဂန္ထဝင်ပဲ..."
"အထက်လမ်း မှော်ဆရာတစ်ယောက်ဆိုတာ အမြဲတမ်း အနက်ရောင်ဝတ်ရုံကိုပဲ ဝတ်ဆင်သင့်တာ... ပြီးတော့ ဒီ ဆူးပင်ပုံ တံဆိပ်နဲ့ ယဇ်ပူဇော်တဲ့ ဓားကလည်း အဲ့ဒီဝတ်ရုံနဲ့ လုံးဝကို လိုက်ဖက်ညီလှတယ်... မဟူရာ အင်ပါယာ ဩဂတ်စတပ် ရဲ့ တပည့်ဖြစ်တဲ့ ဝယ်လ်ဟာ တကယ့်ကို စံနမူနာပြ အောက်လမ်းမှော်ဆရာပဲ... ပြောရရင် သူက လုံးဝ ဆရာကြီးဗျ... သာမန် ပညာရပ်ဝန်း က မှော်ဆရာတွေဆိုတာ သူ့နားတောင် မကပ်နိုင်ဘူး... သူတို့က ဦးနှောက်မရှိတဲ့ အရူးတစ်စု သက်သက်ပဲ"
နဂါးပျံမှာ လူသစ်၏ ဝတ်ရုံကို သေချာစွာ အကဲခတ်ရင်း ပိုမို အံ့ဩလာခဲ့၏။
"မင်း အတွင်းထဲမှာလည်း ဝတ်စုံ ဝတ်ထားတာပဲ... မင်းက ဝယ်လ် ရဲ့ အနှစ်သာရကို တကယ်ပဲ မိအောင် ဖမ်းဆုပ်နိုင်တာပဲ... ဒီအသေးစိတ်အချက်အလက်တွေက မူရင်းနဲ့ အရမ်းကို တူတာပဲဗျာ"
"အင်း... ဝယ်လ် ဆိုတာက တကယ့်ကို ယဉ်ကျေးသိမ်မွေ့တဲ့ အဖိုးအိုကြီးတစ်ယောက်ပေါ့... သူ့အတွက် သတ်ဖြတ်ခြင်းဆိုတာ အခမ်းအနားတစ်ခုလိုပဲ... သူက ဘယ်အချိန်၊ ဘယ်နေရာမှာမဆို သူ့ရဲ့ ကိုယ်ပိုင်ဟန်ပန်ကို ဘယ်တော့မှ မပျောက်ပျက်စေရဘူး"
နဂါးပျံက တောင့်တသည့် မျက်ဝန်းများဖြင့် ဆက်ပြောလိုက်၏။
"ငါ ကြားဖူးတာတော့ ဂျိုးဇက်နဲ့ တိုက်ခိုက်နေချိန်မှာတောင် သူ့ရဲ့ တည်ငြိမ်မှုကို နည်းနည်းလေးတောင် ပျက်ယွင်းအောင် မလုပ်ခဲ့ဘူးတဲ့... သူက တကယ်ကို လွန်အားကြီးတာပဲ"
"နောက်ပြီး ဒီမဟူရာ အကြေးခွံ မျက်နှာဖုံးကလည်း တကယ့်ကို အမှတ်အသားတစ်ခုပဲ... ဝယ်လ် ရဲ့ ကုဒ်နာမည်က ဒီမျက်နှာဖုံးကနေ ဆင်းသက်လာတာလို့ ငါ မှတ်မိနေတယ်... ဒဏ္ဍာရီတွေအရ ဆိုရင် သူ ငရဲဘုံအဆင့် မှာပဲ ရှိသေးတဲ့ အစောပိုင်းကာလတွေတုန်းက ဖျက်ဆီးခြင်းအဆင့် ရန်သူတစ်ယောက်နဲ့ ရန်ငြိုးရှိခဲ့ဖူးတယ်တဲ့... အသတ်ခံရမယ့်ဘေးကနေ သူ လွတ်မြောက်ခဲ့ပေမယ့် သူ့ရဲ့ မျက်နှာတစ်ခုလုံးကတော့ ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရတယ်... အဲ့ဒါကို ဖုံးကွယ်ဖို့ သူက မျက်နှာဖုံးကို စပြီး ဝတ်ဆင်ခဲ့တာပေါ့"
"နောက်ပိုင်းမှာ သူ ကောင်းကောင်းကြီး ကလဲ့စားချေနိုင်ခဲ့ပေမယ့် ဒီနာကျည်းချက်ကို သတိရနေအောင်လို့ မျက်နှာဖုံးကို ဘယ်တော့မှ ပြန်မချွတ်တော့ဘူး..."
နဂါးပျံသည် လူသစ်၏ ဝယ်လ်ပုံစံ ဖန်တီးထားမှုကို ပျော်ရွှင်စွာ ဝေဖန်သုံးသပ်နေပြီး မျက်နှာမဲ့ မဟူရာ အကြေးခွံပိုင်ရှင် ၏ ဘဝဇာတ်ကြောင်းကိုလည်း မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းလာသည့် မြင့်မြတ်သော ပုံပြင်တစ်ပုဒ်ကဲ့သို့ သေချာစွာ ပြန်လည်ပြောပြနေတော့သည်။
မြွေနက်သည် ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်ကာ ထိုလူ၏ ဝေဖန်ချက်များကို ငြိမ်သက်စွာ ခံယူနေသည်။ အမှန်စင်စစ် သူသည် မည်သည့် အသွင်ပြောင်းမှုမျှ မပါဘဲ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ လူအများစု၏ အဆိုအရ... ဝယ်လ်သည် လွန်ခဲ့သော နှစ်နှစ်က ဂျိုးဇက်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်ရာ သူ ယခုကဲ့သို့ ဗြောင်ကျကျ လာရောက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ပေ။ အမှန်တကယ်လည်း... သူ အရှိန်အဝါကို ထိန်းချုပ်ထားပြီးနောက်တွင် သူနှင့် တွေ့သမျှ လူတိုင်းက သူ့ကို ဝယ်လ်အား တုပသူ သို့မဟုတ် ဝယ်လ်ကို ကြည်ညိုသည့် ပရိသတ်တစ်ဦးဟုသာ ထင်မှတ်ခဲ့ကြသည်။
သို့သော်လည်း... ဤမျှအထိ ရဲရဲတောက် တကယ့် ပရိသတ်အစစ်အမှန်တစ်ဦးနှင့် တိုးလိမ့်မည်ဟုမူ သူ မမျှော်လင့်ထားခဲ့ချေ။
"ဒါတင်မကသေးဘူး မင်းက မြွေလူသား သွေးပါနေတာပဲ... အဲ့ဒါက သဘာဝကပေးတဲ့ အားသာချက်ပဲဗျ..."
နဂါးပျံ က အားကျစိတ် အနည်းငယ်ဖြင့် ချီးကျူးလိုက်ပြီးနောက် ထပ်လောင်းပြောကြားလိုက်သည်။
"ဒါပေမဲ့ မင်းရဲ့ ဒီခွေးကတော့ နေရာလွဲနေသလိုပဲ... အရှိန်အဝါတစ်ခုလုံးကို ဖျက်ဆီးပစ်နေသလိုပဲဗျာ..."
"ဂါး..."
အဖြူရောင် အမွေးပွ ခွေးကြီးက ချက်ချင်းပင် အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ပြီး ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ၎င်း ‘မင်းပဲ နေရာလွဲနေတာ... မင်းပဲ အရှိန်အဝါကို ဖျက်ဆီးနေတာ...’ ဟု ပြောနေသည့်အလား။
နဂါးပျံ ရင်တစ်ချက် ခုန်သွားခဲ့၏။ ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုက သူ့ကို ပစ်မှတ်ထားလိုက်သကဲ့သို့ တဒင်္ဂမျှ ခံစားလိုက်ရသော်လည်း ထိုခံစားချက်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
အဖြူရောင် ခွေးကြီးမှာ ယခင်ကလိုမျိုးပင် ချစ်စဖွယ် အမူအရာသို့ ပြန်လည်ပြောင်းလဲသွားသည်ကို ကြည့်ရင်း... သူ၏ မျက်ခွံများက လှုပ်ခတ်သွားကာ သတိကို မြှင့်လိုက်မိ၏။ ဤလူသစ်သည်... အပေါ်ယံ မြင်တွေ့နေရသလောက်တော့ မရိုးရှင်းလှပေ။
သို့သော် အပြင်ပန်းတွင်မူ သူ တဟားဟား ရယ်မောလိုက်ပြီး လက်မထောင်ပြလိုက်၏။
"ဒါပေမဲ့ ဒီခွေးက ကြည့်ရတာ ထူးထူးခြားခြားပဲ... အလားအလာ အများကြီးရှိမယ့်ပုံပဲ... ဟား ဟား ဟား..."
မြွေနက်က ခွေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"သူ့နာမည်က ဂရေဒီ တဲ့..."
မြွေနက်က ဝယ်လ်အကြောင်းကို ဆက်လက်ပြောဆိုလိုဟန် မရှိသည်ကို တွေ့ရသောအခါ နဂါးပျံမှာ ဤလူသစ်က အနေအေးသော ပင်ကိုယ်စရိုက်ရှိသူ ဖြစ်လိမ့်မည်ဟု မှတ်ချက်ချလိုက်သည်။ သူ ဝယ်လ်ကို အတုခိုး၍ ဝတ်စားဆင်ယင်ထားသည်ကို သူတစ်ပါးက သိသွားသဖြင့် ရှက်ရွံ့နေခြင်းဖြစ်နိုင်ပြီး လူကြားထဲတွင် ထုတ်ဖော်မပြောလိုခြင်း ဖြစ်ပေလိမ့်မည်။
နဂါးပျံ က နားလည်မှုရှိကြောင်း ပြသသည့်အနေဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ရှေ့ရှိ တံခါးကို ညွှန်ပြကာ တည်ငြိမ်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
"ဒီနေရာကတော့... ငါတို့ အခုလက်ရှိ ဘလပ်ဖိစ် (သွေး စားသောက်ပွဲတော်) ကျင်းပနေတဲ့ နေရာပဲ... ခဏနေရင် တခြားလူတွေနဲ့ မိတ်ဆက်ပေးမယ်..."
မြွေနက် က ခေါင်းညိတ်ပြလိုက်၏။ တံခါးနောက်ကွယ်တွင် ငရဲဘုံအဆင့် ဆယ်ဦး ရှိနေသည်ကို သူ သိရှိပြီးသား ဖြစ်သည်။ သို့သော် ထိုသူများအပြင် အခြားသော ငရဲဘုံအဆင့် ဆယ်ဦးနှင့်... ဖျက်ဆီးခြင်းအဆင့် တစ်ဦးပါ ရှိနေသေးသည်။
‘အိုး... အသိဟောင်းကြီးတစ်ယောက်ပါလား...’
သူ ပြုံးလိုက်မိလေတော့၏။
...
ချယ်ရီသည် လူသူပြည့်နှက်နေသည့် ကပွဲခန်းမကို တိုးဝှေ့ဖြတ်ကျော်ကာ ဘား၏ ဒုတိယထပ်သို့ ဦးတည်လိုက်သည်။ သူမ၏ လှုပ်ရှားမှုများမှာ အတော်ပင် သိသာထင်ရှားပြီး ကလေးသာသာ ခန္ဓာကိုယ်လေးပေါ်မှ ထူးခြားသည့် ဝတ်စုံကြောင့် စည်ကားလှသော ညမြင်ကွင်းတွင် ပို၍ပင် ထင်ရှားနေသော်လည်း တစ်ဦးတစ်ယောက်မျှ သူမအား လှည့်မကြည့်ကြသလို အနည်းငယ်မျှပင် အာရုံမစိုက်ကြချေ။
မေတ္တာနှောင်ကြိုး ချိပ်တံဆိပ် သည် မေတ္တာနှောင်ကြိုး ပြုပြင်ပြောင်းလဲခြင်း အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
မေတ္တာနှောင်ကြိုး ချိပ်တံဆိပ် ဆိုသည်မှာ မစ္စတာလင် ငှားရမ်းပေးလိုက်သော စာအုပ်၏ ပထမအခန်းတွင် ပါရှိသည့် နည်းပညာမျှသာ ဖြစ်သည်။ ၎င်းမှာ စွမ်းအား၏ အကျိုးသက်ရောက်မှုကို ခံရသူများအား အသုံးပြုသူအပေါ် အပြုသဘောဆောင်သည့် သံယောဇဉ် ဖြစ်ပေါ်လာစေသည့် စွမ်းရည်တစ်ခု ဖြစ်၏။
နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးနောက် ချယ်ရီသည် ဤနည်းစနစ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယခုအခါ ထိုစွမ်းရည်မှာ ငရဲဘုံအဆင့် ရှိသူများကိုပင် သက်ရောက်မှု ရှိနိုင်သော်လည်း ၎င်းမှာ ထိုနည်းစနစ်၏ အကန့်အသတ်လည်း ဖြစ်သည်။ ချယ်ရီအနေဖြင့် ငရဲဘုံအဆင့် ရှိသူတစ်ဦးကို စွမ်းအား သက်ရောက်စေရန် အတွက် ထိုသူနှင့် အမြဲမပြတ် စကားပြောဆိုနေရမည့်အပြင် တစ်ဦးတည်းရှိနေချိန်တွင်လည်း ထိုစွမ်းအားကို ထပ်ခါတလဲလဲ အသုံးပြုရန် လိုအပ်ပေသည်။
ချယ်ရီ ဖျက်ဆီးခြင်းအဆင့်များ အပေါ်တွင်တော့ ဤနည်းလမ်ကို တစ်ကြိမ်မျှ စမ်းသပ်ခြင်း မပြုခဲ့ဖူးချေ။ အကယ်၍... ရိပ်မိသွားခဲ့ပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးရလဒ်များမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ မေတ္တာနှောင်ကြိုး ချိပ်တံဆိပ် ၏ အကျိုးကျေးဇူးကြောင့် သူမ ဌာနခွဲ ဒုတိယအကြီးအကဲ ရာထူးကို ရရှိခဲ့ပြီး ဖြစ်သည်။ ယခုထက် ပိုမိုမြင့်မားသော ရာထူးအဆင့်ဆင့်သို့ တက်လှမ်းနိုင်ရန်မှာမူ သူမ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအပေါ်တွင်သာ မူတည်တော့မည် ဖြစ်သည်။
ယခုအခါတွင်မူ ချယ်ရီသည် မေတ္တာနှောင်ကြိုး ပြုပြင်ပြောင်းလဲခြင်း ၏ ဒုတိယအဆင့် အခြေခံများကို နားလည်သဘောပေါက်နေပြီ ဖြစ်သည်။ ဤအဆင့်တွင်မူ သူမသည် သူတစ်ပါးထံမှ ကောင်းမွန်သည့် အထင်အမြင်များကို ရရှိရန်အတွက် စကားလုံးများဖြင့် သွေးဆောင်ဖျားယောင်းရန် မလိုတော့ချေ။ မိမိကိုယ်တိုင်မှတစ်ဆင့် ထိုစွမ်းအားကို ဖြာထွက်စေကာ စိတ်ပိုင်းဆိုင်ရာ နယ်နိမိတ်တစ်ခုကို တည်ဆောက်နိုင်ပြီ ဖြစ်သည်။ ထိုနယ်နိမိတ်သည် သူတစ်ပါးက သူမအား မိမိအလိုရှိရာ အထင်အမြင်ဖြင့် မြင်တွေ့စေရန် ဖန်တီးပေးနိုင်သည်။
ဤအထင်အမြင်သည် မေတ္တာနှောင်ကြိုး ချိပ်တံဆိပ်၏ အစွမ်းအောက်သို့ ကျရောက်နေသူများ၏ အသိစိတ်နှင့် သတိပြုမှုကို လွှမ်းမိုးထားခြင်း ဖြစ်သည်။ မေတ္တာနှောင်ကြိုး ပြုပြင်ပြောင်းလဲခြင်း အဆင့် မြင့်မားလေလေ ဤ အထင်အမြင် ၏ အစွမ်းမှာ ပိုမိုပြင်းထန်လေလေ ဖြစ်သည်။
ယခု ချယ်ရီ လုပ်ဆောင်နေသည်မှာလည်း ၎င်းပင် ဖြစ်၏။ သူမက ‘မတည်ရှိခြင်း...’ ဟူသော အထင်အမြင် ကို ဖန်တီးလိုက်ခြင်းဖြင့် အခြားသူများက သူမ ရှိနေသည်ကို သတိမပြုမိအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။
‘တစ်ခါတလေကျရင် မစ္စတာလင်က ဘယ်လောက်တောင် စွမ်းအားကြီးနေမလဲဆိုတာ ငါ တကယ်ပဲ သိချင်မိတယ်...’
ချယ်ရီ လမ်းလျှောက်ရင်း ပြန်လည်တွေးတောနေမိ၏။ သူတစ်ပါး၏ အာရုံခံစားမှုကို ပြောင်းလဲပစ်နိုင်သည့် စွမ်းရည်မှာ ကိုယ်ပိုင် နိယာမ တစ်ခုကဲ့သို့ပင် ဖြစ်နေချေပြီ ဖြစ်သည်။ ဤသည်မှာ ဖျက်ဆီးခြင်းအဆင့် ရှိသူများပင် မတတ်စွမ်းနိုင်သည့် အရာဖြစ်ပြီး အခရာအဆင့် ရှိသူများသာ ပိုင်ဆိုင်နိုင်သည့် အရာမျိုး ဖြစ်သည်။ သို့သော် မစ္စတာလင်အတွက်မူ ဤစွမ်းရည်မှာ မရေမတွက်နိုင်သော စုဆောင်းမှုများထဲမှ စာအုပ်တစ်အုပ်မျှသာ ဖြစ်ပြီး မည်သူ့ကိုမဆို အလွယ်တကူ ပေးကမ်းနိုင်သော အရာသာ ဖြစ်နေသည်။
“ကွန်ဂရိ... နင် ကိုယ့်သေလမ်းကို ကိုယ်ရှာတာပဲ...”
ချယ်ရီသည် လျှို့ဝှက်အခန်း၏ တံခါးရှေ့တွင် ရပ်တန့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်၏။ ထိုအခန်းထဲတွင် သူမ ထင်မှတ်ထားသည်ထက် ပိုမိုကြီးမားသည့် ချုံခိုတိုက်ခိုက်မှုများ ရှိနေမည်ကို သူမ အသေအချာ သိထားသည်။ ကွန်ဂရိအနေဖြင့် သူမကို ဖမ်းဆီးရန် ဤအခွင့်အရေးကို အသုံးမချခဲ့လျှင် သူက တကယ့် လူအ အကြီးစားကြီး ဖြစ်ပေလိမ့်မည်။
‘အချိန်ဆိုင်းနေလို့ မဖြစ်တော့ဘူး...’
မေတ္တာနှောင်ကြိုး ပြုပြင်ပြောင်းလဲခြင်း ၏ အာနိသင်မှာ ကြာရှည်မခံချေ။ သူမအနေဖြင့် ဤတိုတောင်းလှသော အချိန်အတွင်းမှာပင် ရနိုင်သမျှ သက်သေအထောက်အထားများကို မှတ်တမ်းတင်ရန် လဲလှယ်မည့် ပစ္စည်းများကို ဖျက်ဆီးရန်နှင့် ပြန်လည်လွတ်မြောက်ရန် လုပ်ဆောင်ရမည် ဖြစ်သည်။
***