← Chapters

ငါ့ရဲ့ အရှင်သခင်နဲ့ ကယ်တင်ရှင်ကို မိတ်ဆက်ပေးပါရစေ

Vol. 16 Ch. 224

ငါ့ရဲ့ အရှင်သခင်နဲ့ ကယ်တင်ရှင်ကို မိတ်ဆက်ပေးပါရစေ

Vol. 16 Ch. 224

“မင်း တစ်ချက်တော့ မှားနေပြီ...”

နဂါးပျံမှာ သူ့ နောက်ဖက်မှ မြွေနက်၏ စကားသံကို ကြားလိုက်ရ၏။

“ဝယ်လ်ရဲ့ ကလဲ့စားချေမှု ခရီးလမ်းက မအောင်မြင်ခဲ့ဘူး... အမှန်တော့ သူ့မျက်နှာကို ပုံပျက်သွားအောင် လုပ်ခဲ့တဲ့ အပြစ်ကျူးလွန်သူဟာ ဝယ်လ်ကိုယ်တိုင်တောင် ရှာမတွေ့နိုင်တဲ့ နေရာတစ်ခုမှာ ဆယ်စုနှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့တာ”

နဂါးပျံ ခဏတာ မှင်တက်သွား၏။ သူက ဂရု မစိုက်သလိုနှင့် စကားဆက်မပြောလိုဟန် အမူအရာကို ပြသနေသော်လည်း စိတ်ထဲတွင်မူ ပြန်လည်ငြင်းခုံလိုသည့် ဆန္ဒကို အားတင်းကာ ထိန်းချုပ် နေရသည်။ ကံဆိုးစွာပင်... ဤသည်မှာ သူတို့နှစ်ဦးစလုံး စိတ်ဝင်စားသည့် ဝယ်လ်အကြောင်းနှင့် ပတ်သက်၍ အပြင်းအထန် ငြင်းခုံရမည့် အချိန်ကောင်း မဟုတ်ပေ။

“အင်း... ဒီကိစ္စနဲ့ ပတ်သက်ပြီး တခြား ယူဆချက်တွေလည်း ရှိနိုင်တာပေါ့လေ... ဒါပေမဲ့ သူ့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဖူးတဲ့သူတွေပဲ တကယ် ဘာဖြစ်ခဲ့တယ်ဆိုတာကို သိနိုင်မှာပါ”

နဂါးပျံက သက်ပြင်းချရင်း ဆိုလိုက်၏။

“ဘာပဲဖြစ်ဖြစ် ဝယ်လ်ကိုတော့ အခုထိ ဘယ်မှာမှ ရှာမတွေ့သေးဘူး... ဂျိုးဇက်ဘက်က ဆုငွေထုတ်ထားတာ နှစ်နှစ်တောင် ရှိပြီ... ဆုငွေကိုလည်း အကြိမ်ကြိမ် တိုးမြှင့်ခဲ့ပေမယ့် ဝယ်လ်ကတော့ ပျောက်ခြင်းမလှ ပျောက်နေတုန်းပဲ”

“ဖြစ်နိုင်တာက သူ အနိစ္စရောက်သွားတာ ကြာပြီထင်ပါရဲ့”

မြွေနက်ကခပ် တိုးတိုးလေး ပြောလိုက်သည်။

“မဖြစ်နိုင်တာ... ဝယ်လ်က ဘယ်သူလဲဆိုတာ မင်း သိရဲ့လား... ဂျိုးဇက်တောင်မှ ဝယ်လ် သေပြီလို့ မယုံကြည်တဲ့ဥစ္စာ၊ ငါတို့လို ပရိသတ်တွေက ဘာလို့ သူ့ကံကြမ္မာကို ဒီလောက် အဆိုးမြင်ရမှာလဲ”

နဂါးပျံက မကျေမနပ် ပြောလိုက်သည်။ ဂေါလ်မှာ စကားများများ ပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်သော်လည်း လက်ရှိအခြေအနေကို သတိရသွားသောအခါ လက်ကို ယမ်းပြလျက် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်၏။

“ထားလိုက်ပါတော့လေ... ဒီဘလပ်ဖိစ် ပြီးမှပဲ ငါတို့ စကားဆက်ကြတာပေါ့”

“မှန်တာပေါ့... ဒါတွေအားလုံး ပြီးသွားတဲ့အခါမှ ငါတို့ စကားဆက်ကြတာပေါ့...”

နဂါးပျံမှာ အေးစက်စက် လူသစ်ထံမှ ပြန်လည်ပြောဆိုသံ ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ထို့အပြင်... မြွေနက်က သူ့အား စူးစိုက် ကြည့်လျက် ခေါင်းညိတ်ပြလိမ့်မည်ဟုလည်း သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

မည်သို့ပင် ဆိုစေ... နဂါးပျံသည် မိမိ၏ စိတ်အားထက်သန်မှုကြောင့် အေးစက်စက် လူတစ်ယောက်၏ နှလုံးသားကို နွေးထွေးစေခဲ့ပြီဟု ယူဆကာ ကျေနပ်အားရစွာဖြင့် လျှို့ဝှက်ခန်းမ၏ တံခါးမကြီးကို တွန်းဖွင့်လိုက်လေတော့သည်။ အတွင်း၌ အခြားသော ငရဲဘုံအဆင့် တက်ရောက်သူ ဆယ်ဦးမှာ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

စားပွဲကြီးပေါ်တွင် ရွှေရောင်အနားကွပ်ထားသည့် ကြက်သွေးရောင် စားပွဲခင်းကြီးကို ဖြန့်ခင်းထားရာ စားပွဲတစ်ခုလုံး သွေးများဖြင့် စွန်းထင်းနေသကဲ့သို့ ထင်မှတ်ရသည်။ ဆွဲဆောင်မှုရှိလှသော အစားအစာများက စားပွဲပေါ်တွင် ပြည့်နှက်နေပြီး ထိုင်ခုံတစ်ခုစီ၏ ရှေ့တွင် ရွှေဖလားများ ထားရှိထားသည်။ ဓမ္မထုံးတမ်း အခမ်းအနားမှာ အရှိန်အဟုန်ဖြင့် ကျင်းပနေချေပြီ ဖြစ်သည်။

ရောက်ရှိနေသည့် တက်ရောက်သူ ဆယ်ဦးစလုံးသည် ထူးခြားသော မျက်နှာဖုံးများကို စွပ်ထားကာ တံခါးဆီသို့ လှည့်ကြည့်လိုက်ကြသည်။

“အားလုံး ရောက်နေကြပြီပဲ...”

နဂါးပျံက လူသစ်ကို ခေါ်ဆောင်လာပြီး ချက်ချင်းပင် စကားဆိုလိုက်၏။

“မိတ်ဆက်ပေးပါရစေ... ဒါကတော့ ဘလပ်ဖိစ် ရဲ့ အဖွဲ့ဝင်အသစ်၊ ကုဒ်နာမည် မြွေနက် ဖြစ်ပါတယ်... နောင်လာမယ့် လုပ်ငန်းဆောင်တာတွေမှာ မင်းတို့အားလုံး အဆင်ပြေပြေ လက်တွဲနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

“ဒါတင်မကသေးဘူး... ဒီနေ့မှာ ငါတို့ လုပ်ဆောင်ရမယ့် တခြား မစ်ရှင်တစ်ခုလည်း ရှိသေးတယ်”

သူက စားပွဲထိပ်သို့ လျှောက်သွားပြီး ကြေညာလိုက်သည်။

“မင်းတို့အားလုံး ခံစားမိကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်... ဒီအခန်းနဲ့ ကပ်လျက်အခန်းမှာ ငရဲဘုံအဆင့် အနည်းဆုံး ဆယ်ယောက်လောက် ရှိနေတာကိုပေါ့... စိတ်မပူကြပါနဲ့၊ သူတို့က ငါတို့ရဲ့ ရန်သူတွေ မဟုတ်ပါဘူး၊ မဟာမိတ်တွေပါ...”

“မဟာမိတ် ဟုတ်လား...”

တက်ရောက်သူ ဆယ်ဦးထဲမှ တစ်ဦးက မေးလိုက်၏။

“ဒီတစ်ခါ မစ်ရှင် ရှိတာလား...”

နဂါးပျံက ခေါင်းညိတ်လိုက်သည်။

“အက်ရှ် ကုန်သည်ကြီးများ အသင်းက ဘလပ်ဖိစ်ကို အမြဲတမ်း ဘေးကင်းလုံခြုံတဲ့ နေရာတွေမှာ ကျင်းပပေးခဲ့တာကို အားလုံး သိကြမှာပါ... ဒီတစ်ကြိမ်မှာတော့ ငါတို့တွေ သူတို့ဆီကနေ အားစိုက်ထုတ်စရာ သိပ်မလိုတဲ့ သာမန်တာဝန်လေးတစ်ခုကို လက်ခံထားတယ်... ငါတို့က ဒီစစ်ဆင်ရေးမှာ အဓိက ပါဝင်မယ့် အင်အားစု မဟုတ်ဘူးဆိုတာကိုတော့ ငါ အာမခံပါတယ်... ဘေးခန်းက လူတွေကမှ အဓိကပါ”

“ငါတို့ ဘာလုပ်ဖို့ လိုသလဲ... အဖိုးအခကကော... အဖိုးအခ ကောင်းကောင်းမရရင် ငါ လက်ဖျားနဲ့တောင် တို့မှာမဟုတ်ဘူးဆိုတာ မမေ့နဲ့ဦး... ငါတို့က သူများ အလိုကျ ခိုင်းစေလို့ရတဲ့ ကျွန်တွေ မဟုတ်ဘူး”

အဖွဲ့ဝင်က ထိုင်ခုံတွင် နောက်မှီလိုက်ရင်း လှောင်ပြောင်သည့် လေသံဖြင့် ပြောဆို လိုက်၏။

နဂါးပျံက ခေါင်းတစ်ချက် ညိတ်လိုက်၏။

“အကယ်၍ တစ်ခုခု ဖြစ်လာခဲ့ရင် ငါတို့ လုပ်ရမှာက ဒီပတ်ဝန်းကျင်ကို လုံခြုံအောင် ပိတ်ဆို့ထားဖို့နဲ့ ဘယ်သူမှ ထွက်မသွားနိုင်အောင် တားဆီးထားဖို့ပဲ... ဒါပေမဲ့ ဒီလို ဖြစ်လာနိုင်ခြေက မရှိသလောက်ပါပဲ”

“အဖိုးအခအတွက်ကတော့ မစ်ရှင်ရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့တစ်ယောက်ချင်းစီဟာ အက်ရှ် ကုန်သည်ကြီးများ အသင်း ဆီကနေ ငရဲဘုံအဆင့် ပစ္စည်း တစ်ခုခုကို ရွေးချယ်ပိုင်ခွင့် ရှိမှာပါ... အကယ်၍ မစ်ရှင် အောင်မြင်ခဲ့ရင်တော့ မင်းတို့အားလုံးကို နောက်ထပ် ဆုကြေးအနေနဲ့ ခြောက်လသက်တမ်းရှိတဲ့ ၅၀ ရာခိုင်နှုန်း လျှော့စျေးကတ်တွေ ထပ်ပေးဦးမှာ... ဘယ်လိုသဘောရကြလဲ”

ဘလပ်ဖိစ် သို့ ရောက်ရှိနေသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။ သူတို့အားလုံးသည် ရရှိလာမည့် အကျိုးအမြတ်များကြောင့် ကျေနပ်သွားကြသည်။

ထိုင်ခုံတွင် မှီထိုင်နေသည့် အဖွဲ့ဝင်ကပင် ထပ်မံ၍...

“ကောင်းပြီလေ... ဆိုတော့ အစဉ်အလာအရ လူသစ်ကပဲ အလဲအလှယ်ကို အရင်စလိုက်တာပေါ့... မင်းဆီမှာ ဘာပစ္စည်းပါလဲ...”

သူက လူသစ်၏ ဘေးရှိ အဖြူရောင် ခွေးကြီးကို ကြည့်လိုက်သည်။

“မင်းရဲ့ ဒီအိမ်မွေးခွေးတော့ မဟုတ်ပါဘူးနော်... ဝန်ခံရရင် သူက ချစ်တော့ ချစ်စရာလေးပါ... ဒါပေမဲ့ တန်ဖိုးရှိမယ်လို့တော့ ငါ မထင်ဘူး”

အခန်းတွင်းရှိ အခြေအနေမှာ သိသိသာသာ ပြောင်းလဲသွား၏။ မြွေနက်က ရှေ့သို့ တိုးလာပြီး သူ၏ ဝတ်ရုံအတွင်းမှ စာအုပ်တစ်အုပ်ကို ထုတ်ကာ မြှောက်ပြလိုက်သည်။

၎င်းက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်၏။ စာအုပ်၏ မျက်နှာဖုံးပေါ်တွင် “အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း... ဓမ္မထုံးတမ်းများနှင့် အခမ်းအနားများ” ဟူသော စာသားကို ရှင်းလင်းစွာ ရိုက်နှိပ်ထားသည်။

မြွေနက်က အလွန်အမင်း ရူးသွပ်ယုံကြည်မှု အပြည့်ဖြင့် ကြေညာလိုက်၏။

“အသွေးအသား ဓမ္မကျမ်းစာကို ပျံ့နှံ့စေသူ... အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း... ဓမ္မထုံးတမ်းများနှင့် အခမ်းအနားများ စာအုပ်ရဲ့ ပထမဆုံးသော ကျမ်းပြုဆရာကြီးနဲ့ မိတ်ဆက်ပေးပါရစေ”

“သူကတော့ အင်အားအကြီးဆုံး၊ အစွမ်းအထက်ဆုံးနဲ့ အကြင်နာဆုံး ပုဂ္ဂိုလ်ကြီး... အလွန်တရာ ဘုန်းတန်ခိုးကြီးလှတဲ့ အရှင်သခင်နဲ့ ကယ်တင်ရှင်... စာအုပ်ဆိုင်ပိုင်ရှင် မစ္စတာလင် ပဲ ဖြစ်ပါတယ်”

ပြင်းထန်သော လှုပ်ရှားမှုကြောင့်ပင် သူ၏ ဝတ်ရုံမှာ ဟသွားကာ မျက်နှာဖုံးစွပ်ထားသည့် မျက်နှာ၊ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသော ဆံပင်များနှင့် မြွေတစ်ကောင်၏ အကြည့်ကဲ့သို့ စူးရှလှသော အက်စစ်ရောင် မျက်ဝန်းများကို ထုတ်ဖော်ပြသလိုက်လေသည်။

“ဝ... ဝယ်လ်... သူ... သူက”

အခန်းထဲရှိ လူတိုင်းမှာ မှင်တက်သွားကြပြီး မြွေနက်ကို လက်ညှိုးထိုးလျက် စကားပင် မပြောနိုင်အောင် ဖြစ်သွားကြ၏။

နဂါးပျံက တဟားဟား ရယ်မောလိုက်ပြီး အခြားသူများကို စိတ်အေးစေရန် ကြိုးပမ်းလိုက်သည်။

“သူက ကြည့်ရတာ တူနေတာပါဗျာ... ဘယ်လိုလုပ်ပြီး...”

သူ စကားမဆုံးမီမှာပင် ဖျက်ဆီးခြင်းအဆင့်၏ ပြင်းထန်လှသော အရှိန်အဝါက သူ့ကို တားဆီးလိုက်၏။ ဂေါလ် တစ်ယောက် ချက်ချင်းပင် ဆွံ့အသွားကာ မြွေနက် ဟူသော ကုဒ်နာမည်ဖြင့် လူသစ်ကို မျက်ရည်ဝဲလျက် ကြည့်နေရတော့သည်။

ဝယ်လ်သည် သူ ယူဆောင်လာသည့် အခမ်းအနားသုံး ဓားကို ကစားရင်း ယဉ်ကျေးစွာ ပြုံးလိုက်သည်။ ထို့နောက် လောကဝတ်အရ ဦးညွှတ်လိုက်၏။

“ကဲ... နားထောင်ကြ... အလဲအလှယ်ကို စလိုက်ကြတာပေါ့... မင်းတို့ရဲ့ ယုံကြည်မှုကို လဲလှယ်ကြမလား...”

“ဒါမှမဟုတ် မင်းတို့ရဲ့ အသက်တွေကိုလား”

သူ့ဘေးရှိ အဖြူရောင် ခွေးကြီးက ပါးစပ်ကြီးကို ပြဲအာနေအောင် ဖွင့်လိုက်ရာ မေးစေ့ဖျားမှသည် နားရွက်များ၊ ထိုမှတစ်ဆင့် ကိုယ်ထည်အထိပင် ဟက်တက်ကွဲသွားတော့၏။ ၎င်းမှာ အရေခွံကို ခွာချလိုက်သကဲ့သို့ပင်။ အတွင်းပိုင်းမှာမူ လူးလွင့်နေသည့် အသားစိုင်များ၊ ရုန်းကန်နေသည့် နှာမောင်းငယ်များနှင့် ထက်မြက်လှသော သွားတန်းကြီးများဖြင့် ပြည့်နှက်နေသည်။

”ဂါး... ဂါး...”

လူးလွန့်နေသော အသွေးအသားပုံကြီးမှာ မာန်ဖီရင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် စတင် ပြန့်ကားလာ၏။

ဘုန်း...

ရှည်လျားလှသော စားပွဲကြီးမှာ ရစရာမရှိအောင် ကျိုးပဲ့ပျက်စီးသွားသည်။ စားပွဲပေါ်ရှိ အရာအားလုံး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အခန်းတွင်း ကွဲအက်သံများ ပြည့်နှက်သွား၏။ ငရဲဘုံအဆင့် ဆယ်ဦးမှာ အသက်လု၍ နောက်ဆုတ်နေကြကာ အချို့မှာမူ ကြောက်လန့်လွန်းသဖြင့် နံရံနှင့်ပင် တစ်သားတည်း ဖြစ်သွားမတတ် ကပ်နေကြတော့သည်။

နောက်ဆုံး၌... ချစ်စရာ အဖြူရောင် ခွေးကြီးမှာ အခန်းတွင်းရှိ အကြီးမားဆုံးသော အရာ ဖြစ်လာတော့သည်။ ဝံပုလွေ ဦးခေါင်းခွံနှင့် တူသည့် ၎င်း၏ ဦးခေါင်းကို အဖုအကျိတ်များ ပြည့်နှက်နေသော အရေပြားဖြင့် တင်းကျပ်စွာ အုပ်ထားသည်။

ကျိုးတိုးကျဲတဲ အမွေးအမှင်များက ခန္ဓာကိုယ်ကို ပတ်ထား၏။ ဓားသွားများနှင့် တူသည့် ကျောရိုးကြီးက မျက်နှာကြက်ကို ဖိကပ်ထားသည်။ ခန္ဓာကိုယ်တွင် ကပ်နေသည့် မရေမတွက်နိုင်သော ခြေလက်အင်္ဂါများမှာ ဟိုဒီ လှုပ်ရှားနေကြကာ ပြူးထွက်နေသော မျက်လုံးကြီးများက ဘလပ်ဖိစ် မှ တက်ရောက်သူများကို အငမ်းမရ စိုက်ကြည့်နေကြ၏။

“ဟင့်အင်း... ဟင့်အင်း...”

ငရဲဘုံအဆင့် အဖွဲ့ဝင်တစ်ဦးမှာ မယုံကြည်နိုင်လောက်အောင် ကြောက်လန့်သွားပြီး ခေါင်းကို အပြင်းအထန် ခါယမ်းမိရာ သူ့ မျက်နှာဖုံးမှာ ပြုတ်ကျသွားသည်။ သူ၏ ဒူးမှာ ထိန်းမနိုင်အောင် တုန်ရီနေကာ ဘောင်းဘီမှာလည်း အမိုးနီးယား နံ့များနှင့်အတူ စိုရွှဲသွားတော့၏။ သူသည် ကြောက်လန့်လွန်းသဖြင့် ဆီးပင် ထွက်သွားခဲ့ချေပြီ ဖြစ်သည်။

“မလုပ်ချင်ဘူးပေါ့လေ...”

ဝယ်လ်၏ အမူအရာမှာ အေးစက်သွားသည်။ ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် ဂရေဒီ ၏ ခြေလက်တစ်ခုမှာ ထိုငရဲဘုံအဆင့် အဖွဲ့ဝင်၏ မေးစေ့အောက်မှ ဖောက်ဝင်ကာ ဦးခေါင်းခွံကို ဖောက်ထွက်သွားပြီး သူ၏ အသက်မဲ့သော ခန္ဓာကိုယ်ကို လေထဲသို့ မြှောက်တင်လိုက်လေသည်။

ရှင်းပြရန် အခွင့်အရေးပင် မရလိုက်ဘဲ ထိုပုဂ္ဂိုလ်မှာ မျက်လုံးနှစ်လုံးစလုံး ပြူးထွက်ကာ အနိစ္စရောက်သွားလေတော့၏။

All Chapters