ဝင်္ကပါအား တိုက်ခိုက်ခြင်း
Vol. 15 Ch. 211
“အံဖွယ်လေမိုးကြိုး သုတ်သင်ဝင်္ကပါ အသက်ဝင်”
လေမိုးကြိုးအမြွှာ ဟိန်းဟောက်ပြီးသည့် နောက်တွင် ရုတ်တရက်ဆိုသလို မြေပြင်မှ လျှပ်စီးကွန်ယက်များ ထွက်ပေါ်လာပြီး စတုရန်းပေ တစ်သောင်းကျော်အား ဖုံးအုပ်သွားလေသည်။ စက်လုံးအကာအကွယ် ကဲ့သို့ဖြစ်ပြီး သူတို့အားလုံးအား ဖမ်းဆီးချုပ်နှောင် ထားလေသည်။
ဝင်္ကပါအတွင်း၌ လေပြင်းများ တိုက်ခတ်နေပြီး လျှပ်စီးများ ပစ်ခတ်သံတို့သည် စက္ကန့်နှင့်အမျှ ပိုမိုပြင်းထန်လာသည်။ လေနှင့်မိုးကြိုး၏ ဒေါသတကြီး ပေါက်ကွဲသံကိုပါ ကြားနေရသည်။
ဟုန်သိုသည် ကျောက်ဘီလူးကြီး အသွင်၌သာ ရှိနေသေးသည့်အတွက် လေဓားနှင့် လျှပ်စီးကြောင်းများစွာတို့ ပတ်ခတ်လာခြင်းအား ရုတ်တရက် ခံလိုက်ရသည်။ နာနာကျင်ကျင် ငိုကြွေးလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှာ ပုံမှန်အရွယ်အစားသို့ ပြန်လည် ရောက်ရှိလာသည်။
“ပေါင်းစပ်”
ရုတ်တရက်ဆိုသလို ဖြူမည်းညီနှောင်သည် တစ်ဦးနှင့်တစ်ဦး ဖိအားပေး ပေါင်းစပ်လိုက်ကြပြီး နောက်တွင် ခန္ဓာကိုယ်များတွင် အလင်းတန်းများ တောက်ပလာတော့သည်။
ထိုစူးရှသည့် အလင်းတန်းသည် လူတိုင်းအား မျက်စိ မှေးထားစေလေသည်။ အလင်းပျောက်ကွယ် သွားသည့်အခါ ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခု စတင်ထွက်ပေါ်လာပြီး ကြောက်ရွံ့မှုကြောင့် တုန်လှုပ်လာစေသည်။
အန်လင်း မော့ကြည့်လိုက်သည့် အခါတွင် ကောင်းကင်၌ ယင်-ယန်အသားအရေနှင့် အမျိုးသားတစ်ဦးအား မြင်လိုက်ရသည်။ ထိုလူသည် အထက်စီးဆန်သည့် အကြည့်ဖြင့် မြေပြင်ပေါ်ရှိ လူများအား ကြည့်နေလေသည်။
လေတိမ်တိုက်များ၏ထိပ်တွင် မတ်တတ်ရပ်လျက်ရှိပြီး ခန္ဓာကိုယ်မှာ လျှပ်ရေကန်ထဲ ရေချိုးထားသကဲ့သို့ ဖြစ်နေသည်။ မျက်လုံးများမှာ စူးရှနေပြီး အသက်ရှူလိုက်သည့် အကြိမ်တိုင်းတွင် သူ၏ပတ်လည်ရှိ လျှပ်စီးကြောင်းများ တုန်လှုပ်သွားလေသည်။ ထိုအရာအားလုံးသည် ထိုလူအား အလွန်စွမ်းအားကြီးကာ အခြားကမ္ဘာမှ လာသူဟုပင် ထင်ရစေသည်။
“သောက်တော်ရေခွက် အခိုးခံလိုက်ရပြီ။ ဝင်္ကပါရဲ့ နှစ်ပေါင်းများစွာ စုစည်းထားတဲ့ စွမ်းအင်တွေက နောက်ဆုံးတော့ အပြည့်အဝ ထုတ်ဖော်ခွင့် ရခဲ့ပြီ”
“ဒီနယ်မြေမှာ ငါက လေနဲ့ လျှပ်စီးအားလုံးကို အစိုးရတဲ့သူပဲ။ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ ကျင့်ကြံသူတောင်မှ ဒီအံဖွယ်လေမိုးကြိုး သုတ်သင်ဝင်္ကပါကို ဖောက်ထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ဖြူမည်းလူသားသည် ကောင်းကင်တွင် ဂုဏ်ယူဝံ့ကြွားစွာဖြင့် မပြောင်းမလဲ တည်ငြိမ်စွာ ရှိနေလေသည်။ သူ၏အသံ ထွက်ပေါ်လာသည့်အခါ ကြောက်မက်ဖွယ်ရာ စွမ်းအားသည် ကောင်းကင်သို့ တိုင်အောင် တုန်ခါလာစေသည်။
ဘုန်း
စွမ်းအင်လှိုင်းတစ်လှိုင်းသည် ဟင်းလင်းပြင်အား ပစ်ခတ်လာပြီး လေမိုးကြိုးဝင်္ကပါသည် ပြင်းထန်စွာ တုန်ခါလာလေသည်။ ထို့နောက်တွင် ဝင်္ကပါ၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
မျှော်လင့်ထားသလိုပင် အန်လင်း၊ ဝမ်ရွှမ်ကျန့်နှင့် လျှိုချင်ဟွမ်တို့သည် အက်ကွဲကြောင်းထံ လျင်မြန်စွာ ပြေးသွားကြသည်။
“မင်းတို့ကောင်တွေက ငါ့ကို အရှက်ခွဲချင်နေတာလား”
ဖြူမည်းလူသား၏မျက်နှာ ရှုံ့မဲ့သွားလေသည်။ သို့သော်လည်း သူ၏လှုပ်ရှားမှုမှာ ပြောနေသည်ထက်ပင် မြန်ဆန်သေးသည်။
ဖြူမဲလူသားသည် လျှပ်လက်သကဲ့သို့ မျက်စိတစ်မှိတ် အတွင်းမှာပင် အန်လင်းအရှေ့တွင် ပေါ်လာသည်။ ထို့နောက်တွင် အန်လင်းအား ကန်ထုတ်ပစ်လိုက်သည်။
အန်လင်းသည် လျှပ်စီးအား လိုသလို အသုံးချနိုင်ပြီး ဝင်္ကပါများကို ချိုးဖြတ်နိုင်ခြင်း ဖြစ်သည်ကို ထိုလူသိသည်။ ထို့ကြောင့် အန်လင်းအား တိုက်ခိုက်ဖို့ရန် ပစ်မှတ်ထားလိုက်ခြင်း ဖြစ်သည်။
ကောင်းကင်တွင် မိုးကြိုးပစ်သံများ ပေါ်ထွက်လာနေပြီး ထိုလူသည် လျှပ်စီးကြောင်းများ စုဆောင်းနေသည့်အတွက် အန်လင်းမှာ အချိန်အနည်းငယ် ရလိုက်လေသည်။ အန်လင်းသည် ခုခံကာကွယ်ရန် သူ၏ဓားအား မြှောက်ကိုင်လိုက်သည့် အချိန်မှပင် လျှပ်စီးကြောင်းသည် ဓားအား လွင့်စဉ်သွားစေသည်။
ဖော်ပြ၍မရနိုင်သော စွမ်းအားသည် ဓားမှတဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး အန်လင်းပတ်ဝန်းကျင်လေထုမှာလည်း အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရသည်။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် လှိုင်းများသည် ပေထောင်နှင့်ချီ သက်ရောက်မှု ရှိလေသည်။
“ဖွီ”
အန်လင်းသည် သွေးတစ်လုတ် အန်လိုက်ရပြီး ခန္ဓာကိုယ်မှာလည်း မြေပြင်တွင် ဖိကြိတ်ခြင်း ခံရသည့်အတွက် ချိုင့်တွင်းထဲသို့ ကျရောက်နေလေသည်။
“အန်လင်း” ထိုသည်ကို မြင်သည့်အခါ ဝမ်ရွှမ်ကျန့်သည် ချက်ချင်း ပြန်လှည့်လာပြီး အန်လင်းအား တိုက်ခိုက်ရန်ပြင်နေသည့် ဖြူမဲလူသားထံ ပြေးဝင်သွားလေသည်။
တစ်ချိန်တည်းမှာပင် လျှိုချင်ဟွမ်သည် ပုံလျက်သား လဲကျနေသည့် အန်လင်းထံသို့ ပြေးသွားလိုက်သည်။ ပြေးနေရင်းနှင့်ပင် သူမ၏ ရောင်စုံအကာအကွယ်အား အသုံးပြုကာ တိုက်ခိုက်လာသည့် လေဓားများ လျှပ်စီးကြောင်းများအား တားဆီးလိုက်သည်။
အန်လင်းသည် ခက်ခက်ခဲခဲနှင့်ပင် ချိုင့်တွင်းထဲမှ ပြန်ထလိုက်သည်။ သွေးများစိုရွှဲလျက်ရှိပြီး ပါးစပ်မှ သွေးအန်နေဆဲဖြစ်သည်။
“အန်လင်း အဆင်ပြေရဲ့လား”
လျှိုချင်ဟွမ် စိုးရိမ်တကြီး ပြေးလာသည်။
အန်လင်းသည် ခေါင်းယမ်းလိုက် ပြီးနောက် ခါးသီးစွာ ရယ်မောလိုက်သည်။
“တိုက်ခိုက်လို့ မရပေမဲ့ လှုပ်ရှားလို့တော့ ရပါသေးတယ်”
ထိုသို့ပြောရင်း ဖြူမည်းလူသားအား ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်လိုက်သည်။ ထိုကန်ချက်သည် သူ၏အသက်ကိုပင် နှုတ်ယူသွားနိုင်သည်ဟု ခံစားနေမိပြီး သူ၏ ရှုံးနိမ့်ခြင်း သက်သေခံကတ်ပြား အသက်ဝင်လာ လိမ့်မည်ဟု မျှော်လင့်မိခဲ့သည်။
ထို့နောက်တွင် ဝင်္ကပါ၏ အက်ကွဲကြောင်းနေရာအား ကြည့်လိုက်သည်။ အက်ကွဲကြောင်း ပြန်ပိတ်သွားပြီ ဖြစ်သည်။
နတ်ဘုရားစစ်ဆေးခြင်း နည်းစနစ်။
သူ၏မျက်လုံးများမှာ နှင်းကဲ့သို့ ဖြူလာပြီး ဝင်္ကပါ၏ ပြစ်ချက်များကို ရှာဖွေလိုက်သည်။ ဝင်္ကပါအား အလုံးစုံ ပြိုပျက်သွားအောင် ပြုလုပ်ရန်မှာ ခက်ခဲပေသည်။ သို့သော်လည်း အပြင်သို့ထွက်နိုင်ရန် အက်ကွဲကြောင်းတစ်ခု ဖန်တီးနိုင်သေးသည်။
ဝင်္ကပါ၏ အားနည်းချက်ကို ရှာဖွေနေစဉ်တွင် ဝမ်ရွှမ်ကျန့်၏ မချိတင်ကဲအော်ဟစ်သံ ထွက်ပေါ်လာသည်။
လျှပ်လက်သကဲ့သို့ပင် ဖြူမည်းလူသားသည် အန်လင်း၏ရှေ့သို့ ရောက်ရှိလာပြန်သည်။ သရော်ပြုံး ပြုံးလိုက်ပြီးနောက်တွင် ရယ်မောလိုက်သည်။
“အစကတည်းက ပြောထားတယ်လေ။ ဘယ်သူမှ ပြန်ထွက်လို့မရဘူးလို့”
ယခင်နည်းတူ ထိုလူသည် အန်လင်း၏ရင်ဘတ်အား ကန်လိုက်ပြန်သည်။ ထိုကန်ချက်သည် ထူးထူးဆန်းဆန်း မဟုတ်သော်လည်း အန်လင်းအား ပျောက်ကွယ်သွားစေ နိုင်လောက်သည် အထိ လျင်မြန်ပြီး စွမ်းအားကြီးသည်။
သို့သော်လည်း အန်လင်းသည် ယခင်ကနှင့် မတူတော့ပေ။ သူ၏ နတ်ဘုရားစစ်ဆေးခြင်း နည်းစနစ်အား အသက်သွင်းထားပြီး ဖြစ်သည်ကြောင့် ထိုလူ၏ တိုက်ခိုက်မှုတွင် ပါဝင်သည့် အားနည်းချက်များအား မြင်နိုင်စွမ်းရှိလေသည်။
မဟုတ်ချေ။ မြင်နိုင်လျှင်ပင် သူ၏အမြန်နှုန်းအား တားဆီးနိုင်စွမ်း မရှိချေ။
ပထမနည်းစနစ် _ ဝါယောဓား။
စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်မှ ပထမဆုံး နည်းစနစ်အား အသုံးပြုကာဖြင့် အန်လင်းသည် သူ၏ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်အားလုံးကို စုဆောင်းကာ အရှိန်ကို အမြင့်ဆုံးသို့ တိုးမြှင့်လိုက်သည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်အား နောက်ဆုတ်လိုက်သည်။
အန်လင်းသည် ထိုလူ၏ လျှပ်ကန်ချက်အား ရှောင်လိုက်နိုင်သည်။ အဖြူရောင် အလင်းများနှင့် မိစ္ဆာရှင်းဓားသည် ထိုလူ၏လည်ပင်း သေကွင်းသေကွက်သို့ ချိန်ရွယ်လိုက်လေသည်။
အန်လင်းသည် သူ၏တိုက်ခိုက်မှုအား ရှောင်လိုက်နိုင်သည်ကို မြင်သည့်အခါ ထိုလူမှာ အလွန်အံ့အားသင့် သွားလေသည်။ ထို့နောက်တွင် သူ၏ကျောရိုးတစ်လျှောက် အေးစက်လာတော့သည်။ တုံ့ဆိုင်းခြင်းမရှိဘဲ အနောက်သို့ ခုန်ရှောင်လိုက်သည်။
ရွှပ်
ဓားသည် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းနှင့် ရောက်လာသော်လည်း ဖြူမည်းလူသား ရှောင်လိုက်နိုင်သည်။
အန်လင်း၏ဓားချက်အား ရှောင်လိုက်နိုင်သော်လည်း သူ့ထံသို့ အဖြူရောင် စွမ်းအင်လုံး ဝင်ရောက်လာလေသည်။
ယင်းသည် လျှိုချင်ဟွမ်၏ Final Spark ဖြစ်လေသည်။ သူမ၏ တိုက်ခိုက်မှုမှာ ချိန်သားကိုက် ဖြစ်သည်အတွက် ထိုလူရှောင်တိမ်းရန် အခွင့်မရလိုက်ပေ။
လေဆာလုံးသည် ထိုလူ၏ ရင်ဘတ်တွင် ပေါက်ကွဲသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ၏ရင်ဘတ်မှာ လောင်ကျွမ်း မည်းနက်သွားပြီး သံချပ်ကာ အက်ကွဲသံကိုပင် ကြားနေရသည်။
“လေသံချပ်ကာလား”
လျှိုချင်ဟွမ်မှာ အနည်းငယ် အံ့အားသင့်သွားမိသည်။ သူမသည် ချက်ချင်းပင် အန်လင်းအား “ပြေးးးးးး”
ဖြူမဲလူသားသည် သူမ၏ Final Spark နှင့် ထိပ်တိုက်ရင်ဆိုင်မိ ခဲ့သော်လည်း မည်သည့် ထိခိုက်ဒဏ်ရာမှ ရရှိခြင်းမရှိပေ။ ယခုအခါတွင် ထိုသူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ကြောက်မက်ဖွယ်ရာ လျှပ်စီးကြောင်းများ ကခုန်လျက်ရှိပြီး အန်လင်းထံသို့ ပြေးဝင်လာပြန်သည်။
“အားးးး”
ဝမ်ရွှမ်ကျန့်သည် လေထဲသို့ ခုန်အုပ်လိုက်ပြီး သူ၏လှံဖြင့် ဖြူမည်းလူသားအား ထိုးသွင်းလိုက်သည်။ သူ၏အနောက်တွင် အဇူရာနဂါးပေါ်လာပြီး လှံထိပ်သည် ရက်စက်ပြင်းထန်ပြီး လှပသည့် နဂါးအစွယ်နှင့်တူလေသည်။
ဖြူမဲလူသား မျက်မှောင်ကြုတ် သွားလေသည်။ ဝမ်ရွှမ်ကျန့်၏ တိုက်ခိုက်မှုအား လျစ်လျူမရှုနိုင်ပေ။ သူ၏ ခြေထောက်အောက်တွင် ယင်နှင့်ယန် စုဆုံလာသည်။ လေမိုးကြိုးများသည် သူ၏လက်သီးအား လှည့်ပတ်နေပြီး နဂါးခေါင်းအား ထိုးချလိုက်သည်။
ဘုန်း
ဝမ်ရွှမ်ကျန့်နှင့် ဖြူမဲလူသား တိုက်ခိုက်ရာမှ မြေကြီးအက်ကွဲ တုန်ခါလာသည်။ သူတို့နှစ်ဦး တိုက်ခိုက်မှုမှနေ လျှပ်စီးလေပြင်း အဖျက်အဆီး စွမ်းအားများ ပေါ်ထွက်လာသည်။
ဝမ်ရွှမ်ကျန့်သည် ထိုတိုက်ခိုက်မှုတွင် သူ၏စွမ်းအားအကုန် ထည့်သွင်းထားခြင်း ဖြစ်ပြီး ထိုလူ၏ ထိုးနှက်ချက်ကြောင့် နောက်သို့ လွင့်ထွက်သွားလေသည်။
ယင်းအား အခွင့်ကောင်းယူကာဖြင့် အန်လင်းသည် နတ်ဘုရားစစ်ဆေးခြင်း နည်းစနစ်အား အသုံးပြုကာ ဝင်္ကပါ၏ အားနည်းချက်ကို ရှာပြန်သည်။ ဟင်းလင်းပြင် တစ်နေရာအား စွမ်းအင်လှိုင်း တစ်လှိုင်းဖြင့် ပစ်လွှတ်လိုက်သည်။
ဤတစ်ကြိမ်တွင် ဝင်္ကပါအား ဖွင့်နိင်တော့မည်ဟု ထင်နေဆဲမှာပင် အခြားစွမ်းအင်လှိုင်း တစ်ခုသည် သူ၏စွမ်းအင်လှိုင်းအား ပစ်ခတ်လာသည်။
အန်လင်းသည် အနည်းငယ် ဆွံ့အသွားမိသည်။ လှည့်ကြည့်လိုက်သည့် ခါတွင် ဖြူမဲလူသားသည် သူ့အား အထင်သေးဟန်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
လျှပ်စီးလက်သလိုပင် ထိုလူသည် အန်လင်းထံသို့ ပြေးဝင်လာပြန်သည်။ အန်လင်း ပျောက်ကွယ်မသွားမချင်း အလျှော့ပေးမည့်ဟန် မရှိချေ။
ဘုန်း
ရုတ်တရက်ဆိုသလို ရွှေရောင် လျှပ်စီးကြောင်းသည် ဖြူမည်းလူသားအား ပစ်ခတ်လာလေသည်။
တစ်ချိန်တည်းမှာပင် ဗုဒ္ဓပုတီးစေ့များစွာ လေထဲမျောလာသည်။ ထိုပုတီးစေ့များသည် ရွှေတံဆိပ်တော်နှင့် လိုက်ဖက်ညီကာ ပေါင်းစပ်သွားကြပြီး သန်မာအားကောင်းသည့် ချုပ်နှောင်စွမ်းရည်ကို ထုတ်လွှတ်ကာ ဖြူမည်းလူသားအား နောက်ဆုတ်သွားရန် ကြိုးပမ်းလေသည်။
ဗုဒ္ဓလောကနှင့် ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ် များသည်လည်း တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာကြပြီ ဖြစ်သည်။
ဟုန်သိုသည် ဝင်္ကပါအား ခွန်အားသုံးကာဖြင့် ချိုးဖြတ်ရန် ကြိုးစားသော်လည်း လောင်ကျွမ်း မည်းနက်သွားသည်ကို မြင်လိုက်ရသည့်အခါတွင် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာကြသည့် ရည်ရွယ်ချက်အား နားလည်သွားလေသည်။
ဖြူမဲလူသားအား ထိပ်တိုက်ရင်ဆိုင်မည် ဆိုပါက သူတို့ တစ်ယောက်ကမျှ ပြိုင်ဘက်မဟုတ်ကြချေ။ ရှင်သန်နိုင်ရန် အကောင်းဆုံးသော အခွင့်အရေးမှာ ဝင်္ကပါအား ချိုးဖောက်ကာ ထွက်ပြေးရန် ဖြစ်သည်။
သို့သော်လည်း အန်လင်း တစ်ဦးတည်းသာလျှင် နှစ်ပေါင်းများစွာ စွမ်းအင်များ စုစည်းထားသည့် ဝင်္ကပါအား ချိုးဖောက်နိုင်စွမ်းရှိသူ ဖြစ်သည်။ ထို့ကြောင့် ဤတိုက်ပွဲတွင် အန်လင်းသည် အရေးကြီးသည်သူ ဖြစ်လာသည်ကြောင့် အခြားသော အင်အားကြီးများမှ ကိုယ်စားလှယ်များသည် ရွေးချယ်ရန်မရှိဘဲ အန်လင်းအား ကာကွယ်ပေးရတော့သည်။
“မင်းက အဲဒီမှာ ဘာရပ်လုပ်နေတာလဲ။ မြန်မြန်လာပြီး ဝင်္ကပါကို လာဖွင့်လေ”
ဟွမ်ရှန့် ဟိန်းဟောက်လိုက်သည်။
တုန်လှုပ် ချောက်ချားဖွယ်ရာ ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရသော်လည်း ဟွမ်ရှန့်သည် ပူးပေါင်း တိုက်ခိုက်လာသဖြင့် အန်လင်းမှာ အနည်းငယ် စိတ်လှုပ်ရှား သွားမိသည်။ သို့သော်လည်း စားမြုံ့ပြန်ရန် အချိန်မရှိပေ။ မြန်မြန်ဆန်ဆန်ပင် နတ်ဘုရားစစ်ဆေးခြင်း နည်းစနစ်အား အသုံးပြုလိုက်ပြန်သည်။
ဝင်္ကပါသည် လှည့်လည်နေခြင်း ဖြစ်သည်ကြောင့် ယင်း၏ အားနည်းချက်သည်လည်း ပြောင်းလဲနေလေသည်။ အန်လင်းသည် ဝင်္ကပါ၏ အားနည်းချက်အား ပြန်လည်တွေ့ရှိပြီ ဖြစ်သည့်အတွက် ဟင်းလင်းပြင်သို့ စွမ်းအင်လှိုင်းတစ်လှိုင်း ပစ်လွှတ်လိုက်သည်။
ဤတစ်ကြိမ်တွင် ဖြူမဲလူသားသည် လူများစွာ၏ တိုက်ခိုက်ခြင်း ခံနေရသည်ကြောင့် အန်လင်း ဝင်္ကပါအား တိုက်ခိုက်ခြင်းကို မတားဆီးနိုင်တော့ပေ။
ဝုန်း
ဝင်္ကပါတွင် အက်ကွဲကြောင်း ပေါ်လာပြန်သည်။
ဤတစ်ကြိမ်တွင် အန်လင်း၏ ခြေဖဝါးအောက်၌ လေကွင်းဝိုင်းများ ပေါ်လာပြီး ဝါယောဓား နည်းစနစ်အား ဒုတိယအကြိမ် သုံးလိုက်ပြန်သည်။
အရှိန်နှုန်းတိုးမြင့်ရန်တွက် အစွမ်းကုန် အသုံးပြုလိုက်သည်။ ခန္ဓာကိုယ်မှာ ဝေဝါးလာပြီး အသံ၏အလျင်ကိုပင် ကျော်လွန်သွားသည်။ သူ၏နောက်တွင် ပေါက်ကွဲမှုများ ကျန်ရစ်ခဲ့သည်။
သူ၏ ချီစွမ်းအင် ကုန်ခန်းတော့မည် ဖြစ်သဖြင့် ဝါယောဓား နည်းစနစ်အား အသုံးပြုပြီးသည့်နောက်တွင် တိုက်ခိုက်နိုင်တော့မည် မဟုတ်ချေ။ သို့သော်လည်း ယခုအချိန်တွင် ထိုအကြောင်းအား မစဉ်းစားနိုင်သေးပေ။ လွတ်မြောက်ဖို့ရန် နှေးကွေးနေဦးမည်ဆိုလျှင် ထိုကန်ချက်အား ထပ်မံစားသုံး ရပေလိမ့်ဦးမည်။
ဖြူမဲလူသား၏ ဟိန်းဟောက်သံအား အဝေးမှပင် ကြားနေရသည်။ ရုတ်တရက်ဆိုသလို လျှပ်စီးနဂါးနှင့် လေဝံပုလွေတို့သည် ဝင်္ကပါ၏ အက်ကွဲကြောင်း အနီးတွင် ပေါ်လာပြီး အန်လင်းအား ရန်လိုစွာဖြင့် စူးစူးဝါးဝါး ကြည့်နေကြလေသည်။
ထို့နောက်တွင် အန်လင်းသည် လျှပ်စီးအားလိုသလို အသုံးပြုနိုင်သော နည်းစနစ်ကို အသုံးပြုလိုက်ပြီး လျှပ်စီးနဂါးများအား လေဝံပုလွေများထံသို့ ဦးတည်ပေးလိုက်သည်။
လေနှင့် လျှပ်စီးစွမ်းအင်တို့ ထိပ်တိုက်တွေ့ဆုံရာမှ ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။
လျှိုချင်ဟွမ်၏ ရောင်စုံ အကာအကွယ်အောက်တွင် အန်လင်းသည် နှေးကွေးခြင်းမရှိဘဲ ဖရိုဖရဲဖြစ်နေသည့် စွမ်းအင်များအား ဖြတ်သန်းကာဖြင့် ဝင်္ကပါ၏ အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။
လျှိုချင်ဟွမ်သည်လည်း နီးကပ်စွာ လိုက်ပါလာသည်။ သူမသည် ဝင်္ကပါမှ လွတ်မြောက်လာသည်နှင့် မန္တန်တစ်ခုအား အသုံးပြုကာ ဝင်္ကပါ၏ အက်ကွဲကြောင်း ပြန်ပိတ်မသွားစေရန် တားဆီးလိုက်သည်။
အန်လင်းသည် အားကုန်သွားပြီ ဖြစ်သဖြင့် မြေပြင်တွင် လဲလျောင်းနေလေသည်။ အက်ကွဲကြောင်းမှတဆင့် ဝင်္ကပါအတွင်းရှိ ပြင်းထန်သည့် တိုက်ပွဲအား မြင်နေရသည်။ ကိုယ်စားလှယ်များသည် တိုက်ခိုက်နေရင်းနှင့် ဝင်္ကပါအက်ကွဲကြောင်းထံ တစ်စထက်တစ်စ နီးကပ်လာသည်။
တိုက်ပွဲတွင်ပါဝင်ခြင်း မရှိခဲ့သော ဟုန်သိုသည်လည်း အူယားဖားယား ပြေးထွက်လာလေသည်။
မြေပြင်ပေါ်တွင် အကာအကွယ်မဲ့စွာ လဲလျောင်းနေသည့် အန်လင်းအား မြင်လိုက်သည့်အခါတွင် အမှန်တကယ်ကိုပင် ပြေးရိုက်ပစ်ချင်မိသည်။ လျှိုချင်ဟွမ်၏ အကြည့်အား မြင်လိုက်သည့်အခါတွင် သူ၏စိတ်ဆန္ဒတို့ကို မျိုချလိုက်ရလေသည်။
မကြာမီတွင် တုန်ယန်နှင့် ချင်ရှင်းတို့ ထွက်လာကြသည်။
ဘုန်း
မိုးကြိုးလျှပ်စီးတို့၏ ပေါက်ကွဲမှုသည် နားကွဲစေနိုင်လောက်သည် အထိ ကျယ်လောင်ကာ ချင်ကျစ်၊ ဝမ်ရွှမ်ကျန်နှင့် ဟွမ်ရှန့်တို့သည် ဖြူမည်းလူသားအား နောက်သို့ ဆုတ်သွားစေသည်။ ထို့နောက်တွင် သူတို့သည် ဝင်္ကပါ အက်ကွဲကြောင်းရှိရာသို့ ပြေးလာကြသည်။
***