အထင်လွဲမှုအသေးအဖွဲလေးတစ်ခု
Vol. 20 Ch. 287
“သခင်လေးပိုင်... ဒါက နောက်စရာကိစ္စမဟုတ်ဘူးနော်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ပြောတာကို နားထောင်ပေးပါဦး”
အစောင့်တပ်မှူးအဖို့ သူ့ရှေ့တွင်ရှိနေသူသည် မည်သူမည်ဝါဖြစ်ကြောင်း သိထားသဖြင့် တတ်နိုင်သမျှ ယဉ်ယဉ်ကျေးကျေးပင် ဖျောင်းဖျနေဆဲဖြစ်သည်။
ပိုင်ကျီဟန်သည် ခေါင်းကိုအသာစောင်းကာ လှောင်ပြုံးတစ်ခုဖြင့်သာ တုန့်ပြန်ခဲ့သည်။
သူ၏ဖိနပ်သည် အောက်ရှိလူကြီးအပေါ်သို့ ပို၍ဖိချလိုက်ရာ အဘိုးအိုထံမှ နောက်ထပ်ညည်းတွားသံတစ်ချက် ထွက်ပေါ်လာပြန်သည်။
“ပြောစမ်းပါဦး... ဒီလူ ဘာကြောင့် ဒီနေရာမှာ ဒီလိုလဲလျောင်းနေရလဲဆိုတာ မင်းတို့သိကြလား?”
ထိုမေးခွန်းသည် လေထုကို လေးလံသွားစေသည်။
တပ်မှူးသည် မျက်မှောင်ကြုတ်သွား၏။ သူသည် အဖြစ်မှန်အပြည့်အစုံကို မသိသော်လည်း ဤအခြေအနေကို မြန်မြန်ဆန်ဆန်ကိုင်တွယ်ရန်မှာ အရေးကြီးကြောင်းတော့ နားလည်သည်။
အကယ်၍ သူသာ မအောင်မြင်ပါက ပြိုင်ပွဲကာလအတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မထိန်းသိမ်းနိုင်ခဲ့သူအဖြစ် သတ်မှတ်ခံရတော့မည်ဖြစ်သည်။
“သူက ငါ့ကိုသတ်ဖို့ ကြိုးစားခဲ့လို့ပဲ။”
ပိုင်ကျီဟန်က ကြေညာလိုက်သည်
လူအုပ်ထဲတွင် တီးတိုး ပြောသံများ ရုတ်ချည်းထွက်ပေါ်လာ၏။
“ဘာ... အကြီးအကဲဝူက ပိုင်ကျီဟန်ကို သတ်ဖို့ ကြိုးစားခဲ့တာလား?”
“ပိုင်ကျီဟန်နဲ့ မြစိမ်းရောင်နေမင်းဂိုဏ်းကြားမှာ ဘာပဋိပက္ခမှ မရှိသင့်ဘူးမလား?”
“မဖြစ်နိုင်တာ။ သူက အကြီးအကဲတစ်
ယောက်လေ၊ ဘာလို့ ဒီလိုလုပ်ရမှာလဲ?”
“ဒါပေမဲ့... အကယ်၍သာ အဲဒါအမှန်ဆိုရင် ပိုင်ကျီဟန်ရဲ့ လုပ်ရပ်က တရားမျှတတာပဲ မလား?”
ပိုင်ကျီဟန်၏ လေသံသည် အခြေအနေ၏ လေးနက်မှုကို ဖော်ပြနေသကဲ့သို့ တည်ကြည်သွားသည်။
“ဒီတော့ ငါက သူ့ကို ဘယ်လိုလုပ် ဒီအတိုင်း လွှတ်ပေးနိုင်မှာလဲ?”
ကျီစယ်သလို ပြောနေသော်လည်း လူတိုင်းသည်ထိုစကားများအောက်ရှိ ပြင်းထန်မှုကို ခံစားနေရသည်။
မြို့တော်ကြီးအတွင်း၌ လူသတ်ရန် ကြိုးပမ်းခြင်း အထူးသဖြင့် ပိုင်မျိုးနွယ်စု၏ ဆက်ခံသူအား လုပ်ကြံခြင်းသည် အမြင့်ဆုံးပြစ်ဒဏ်
ခံရမည့် ရာဇဝတ်မှုဖြစ်သည်။
“ဒါ အဓိပ္ပာယ်မရှိတာ”
“ဟုတ်တယ်! အကြီးအကဲဝူက ဘာလို့ ဒီလိုကိစ္စမျိုး လုပ်ရမှာလဲ?”
“ပိုင်ကျီဟန်က အလိမ်အညာတွေ ဖန်တီးနေတာပဲ။”
မြစိမ်းရောင်နေမင်းဂိုဏ်း၏ တပည့်များသည် ချက်ချင်းပင် ကန့်ကွက်ကြပြီး အမှန်တရားကို ရိပ်မိနေသော်လည်း ထိုသို့ပင် ဟစ်အော်နေကြ၏။
အကယ်၍ ပိုင်ကျီဟန်နှင့် ညှိနှိုင်းမှုပျက်ကွက်ခဲ့လျှင် အကြီးအကဲဝူအနေဖြင့် ပိုင်ကျီဟန်အား အတင်းအကျပ် ဖိအားပေးရန် ကြိုးစားခဲ့လောက်သည်ဟု သူတို့တွေးမိသည်။
သို့သော် အကြီးအကဲဖြစ်သူသည် ယခုကဲ့သို့ ကျိုးပဲ့ကာ အရှက်တကွဲ အကျိုးနည်းဖြစ်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
မည်သို့ပင်ဖြစ်စေ သက်သေမရှိပါက သူတို့သည် ဇာတ်လမ်းကို အသာစီးရအောင် လုပ်ကြံပြောဆိုကြမည်ဖြစ်သည်။
ပိုင်ကျီဟန်သည် နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။
အစောင့်တပ်မှူးသည် ပိုင်ကျီဟန် နောက်တစ်ကြိမ် ပြဿနာရှာနေသည်ဟုသာ ထင်ခဲ့မိပြီး ဤရှုပ်ထွေးမှုကို အမြန်ဆုံး အဆုံးသတ်ရန် စဉ်းစားထားခဲ့သော်လည်းယခုကဲ့သို့ ကြီးလေးသော ကိစ္စအထိ မြင့်တက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။
အကယ်၍ ပိုင်ကျီဟန်၏ ပြောကြားချက်သာ မှန်ကန်ပါက ဤကိစ္စသည် သူ၏စီရင်ပိုင်ခွင့်ထက် ကျော်လွန်သွားနိုင်သည်။
တပ်မှူးသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။
မြစိမ်းရောင်နဂါးဂိုဏ်းမှ တပည့်များကလည်း အကြီးအကဲဝူသည် မတရားစွပ်စွဲခံနေရခြင်းဖြစ်သည်ဟု အဆက်မပြတ် အော်ဟစ်နေကြဆဲ ဖြစ်သည်။
“တော်တော့..အားလုံး ငြိမ်ငြိမ်နေကြစမ်း”
သူ၏လှံဖြင့် မြေပြင်ကို ဆောင့်လိုက်ရာ သတ္တုသံသည် မြည်ဟည်းသွားပြီး တစ်ရင်ပြင်လုံး တိတ်ဆိတ်သွားကာ လူအုပ်ကြီး၏ အဝေးမှ တိုးတိုးပြောသံများနှင့် မောဟိုက်နေသော အသက်ရှုသံများသာ ကျန်ရှိတော့၏။
“အကယ်၍ အကြီးအကဲဝူက ဘာအမှားမှ မလုပ်ခဲ့ဘူးဆိုရင် ဘာပြဿနာမှမရှိဘဲ သူပြန်လည်လွတ်မြောက်မယ်လို့ ကျွန်တော် အာမခံပါတယ်။ ဒါပေမဲ့ သူက သခင်လေးပိုင်ကို တိုက်ခိုက်ခဲ့တာဆိုရင်တော့ မြစိမ်းရောင် နဂါးဂိုဏ်းအနေနဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ ပြင်ထားကြပါ”
သူ၏စကားများသည် မြစိမ်းရောင် နဂါးဂိုဏ်းတပည့်များကို ငြိမ်သက်သွားစေသည်။ အကယ်၍ အမှန်တရားသာ ပေါ်ပေါက်လာပါက သူတို့ဂိုဏ်းအတွက် နိမိတ်မကောင်းလှပေ။
“သခင်လေးပိုင်... ဒီကိစ္စကို နန်းတွင်းတရားရုံးကို လွှဲပေးဖို့ ကျွန်တော် အကြံပြုပါတယ်။ သခင်လေးပြောတာသာ မှန်ရင် အင်ပါယာက တရားမျှတမှုကို ဖော်ဆောင်ပေးပါလိမ့်မယ်။”
သူသည် ဤရုန်းရင်းဆန်ခတ်မှုကို အမြန်ဆုံး ဖြတ်တောက်ရန် လိုအပ်နေသည်။ ဤကဲ့သို့ ကြီးလေးသော အရေးကိစ္စကို ဤနေရာတွင် သူ မဖြေရှင်းနိုင်ပေ။
ပိုင်ကျီဟန်ကတော့ ထိုမျှနှင့် ကျေနပ်သူမဟုတ်ပေ။
တရားရုံး၏ လုပ်ထုံးလုပ်နည်းများနှင့် သက်သေအထောက်အထားများ တောင်ပုံရာပုံရှိနေသည့်တိုင် ဝူကျန်းခုန်းကဲ့သို့သော အဓိကဂိုဏ်းကြီးတစ်ခု၏ အရေးပါသော အကြီးအကဲတစ်ဦးသည် ပြစ်ဒဏ်မှ လွတ်မြောက်သွားနိုင်သေးသည်။ အခြားသူများကို အားကိုးမည့်အစား ပိုင်ကျီဟန်သည် ပြဿနာကို သူကိုယ်တိုင် ကိုင်တွယ်ရသည်ကိုသာ နှစ်သက်ခဲ့သည်။
ထိုစဉ် လူအုပ်ကြားမှ အခြားအဖွဲ့တစ်ဖွဲ့ တိုးဝှေ့ထွက်လာပြန်ရာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြန်သည်—ပိုင်ရွှယ်ချင်းနှင့် သူမ၏ နောက်လိုက်များသည် လူအုပ်ရှိရာသို့ ရောက်ရှိလာသည်။
ပိုင်ကျီဟန်သည် သူတို့ကို ချက်ချင်းပင် သတိပြုမိသွားသည်။ သူမ မြင်မသွားခင် ဤနေရာမှ ထွက်ခွာရန် သူစီစဉ်ထားပေ၏
အလောင်းအစားရှုံးပြီး ပိုင်ရွှယ်ချင်းသည် သူ့အား အစေခံခိုင်းမည်ဟူသော ကံကြမ္မာမျိုးကို သူ ရှောင်ရှားလိုသည်။
(ဒါတွေအားလုံး နီဖန်းကျိုးကြောင့်ပဲ)သူ စိတ်ထဲမှ ကြိတ်၍ ရေရွတ်လိုက်မိသည်။
နီဖန်းကျိုးသည် ကောင်းကင်ဘုံမှ ရွေးချယ်ခံရသူဖြစ်သဖြင့် အနိုင်ရလိမ့်မည်ဟု ထင်ကာ လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်သည်
မည်သို့ပင်ဖြစ်စေ အမြန်ဆုံး ထွက်ပြေးရမည်
“ငါ စိတ်ကုန်သွားပြီ” သူက အနှောင့်အယှက်တစ်ခုကို ဖယ်ရှားလိုက်သကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
သူသည်ခြေဖနောင့်ဖြင့် အကြီးအကဲဝူကို တစ်ချက် ကန်ထုတ်လိုက်၏။
အဘိုးအိုသည် အက်ကွဲနေသော ကျောက်ပြားများပေါ်တွင် လိမ့်ထွက်သွားပြီး သူ့ကို ဆွဲထုတ်ရန် အလုအယက်ဖြစ်နေသော မြစိမ်းရောင် နဂါးဂိုဏ်းတပည့်များကြားထဲသို့ ရောက်ရှိသွားတော့သည်။
“အကြီးအကဲဝူ”
သူတို့အားလုံး သက်ပြင်းချကာ အနည်းဆုံးတော့ အဘိုးအို အသက်ရှင်နေသေးသည်။
သို့သော် ဤအခြေအနေနှင့် မြင်လိုက်ရသောအခါ သူသည် နဂိုအတိုင်း ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ကြောင်း သူတို့ နားလည်လိုက်ကြသည်။ သူ၏ တည်ရှိမှုသည် ကြေမွသွားခဲ့ပြီး သူ၏ အနာဂတ်သည်လည်း ပျက်စီးခြင်းသို့ ရောက်သွားချေပြီ။
“ခေါ်သွားလိုက်ကြ” ပိုင်ကျီဟန်က အေးစက်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ ငါသတိပေးလိုက်မယ်၊ ဒါက သူ့ဘာသာသူ လုပ်ခဲ့တာဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ မြစိမ်းရောင် နဂါးဂိုဏ်းက ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတယ်ဆိုရင်တော့... ပြင်ဆင်ထားကြ။ မင်းတို့ရဲ့ ဂိုဏ်းကို ဒီကမ္ဘာမြေပြင်ပေါ်ကနေ ငါ အပြီးတိုင် ချေမှုန်းပစ်မယ်။”
ထိုသတိပေးချက်သည် နိမိတ်ဆိုးတစ်ခုကဲ့သို့ ကျရောက်သွားသည်။ သူသည် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ထွက်ခွာရန် ခြေလှမ်းပြင်လိုက်၏။
သို့သော် ပိုင်ရွှယ်ချင်းက သူ့ကို မြင်သွားခဲ့ပြီဖြစ်သည်။
ဤမျှကြီးမားသော လူအုပ်ကြီးတွင် သူသည် အာရုံစိုက်ခံနေရသည့် ဗဟိုချက်ဖြစ်နေသဖြင့် သူ့ကို မတွေ့ဘဲနေရန်မှာ မဖြစ်နိုင်သလောက်
ပင်။
သူမ၏ ငွေပြာရောင်မျက်ဝန်းများသည် လူအုပ်ကို ဓားတစ်လက်ကဲ့သို့ ဖြတ်ကျော်ကာ ပိုင်ကျီဟန်ထံသို့ တည့်တည့်မတ်မတ် ကျရောက်လာသည်။
“ပိုင်ကျီဟန်”
သူ ထွက်ခွာတော့မည့်ဆဲဆဲမှာပင် ပိုင်ရွှယ်ချင်းက လှမ်းခေါ်လိုက်သည်။
ပိုင်ကျီဟန်၏ ခြေလှမ်းများ တန့်သွားကာ အလွန်ပင် ရင်းနှီးလှသော မောင်နှမအပြုံးမျိုး ပြောင်းလဲသွားသည်။
သူသည် ထူးကဲသော ယဉ်ကျေးပျူငှာမှုမျိုးဖြင့် ပိုင်ရွှယ်ချင်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ အေးစက်သော အမူအရာများပင်အရည်ပျော်ကျသွားသယောင် ရှိတော့သည်။
“အို... ချစ်လှစွာသော အစ်မတော်ပါလား၊ အစ်မ ဒီမှာရှိနေတာလား? ကျွန်တော် မသိလိုက်ဘူး”
သူသည် အတော်လေး ယုံကြည်ရလောက်သည့် သရုပ်ဆောင်ချက်ဖြင့် ပြောလိုက်၏။
“နဂါးနှင့်ဖီးနစ် အဆင့်သတ်မှတ်ချက်မှာ ချန်ပီယံဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ်နော်။”
ပိုင်ရွှယ်ချင်း မျက်တောင်ခတ်မိသွားပြီး အံ့အားသင့်သွားသည်။ သူသည် သူမကို လှောင်ပြောင်နေခြင်းလား သို့မဟုတ် တကယ်ပင် ဂုဏ်ပြုနေခြင်းလားဆိုသည်ကို မခွဲခြားနိုင်ခဲ့ပေ။
သူ၏ စူးရှပြီး အနက်အဓိပ္ပာယ် ဖော်မရသော မျက်ဝန်းများသည် သူမကို ကြည့်နေသည်။
သူ့မှာရှိသော ခွန်အားနှင့်ဆို သူကိုယ်တိုင် ချွေးတစ်စက်မထွက်ဘဲ ထိုဘွဲ့ကို ရယူနိုင်ကြောင်းသူမ တွေးမိသည်။
သူ ဘာကြောင့် ပြိုင်ပွဲဝင်ခြင်းမရှိသနည်းဆိုသည့် အကြောင်းရင်းသည် သူမ၏ သိလိုစိတ်ကို ဆွပေးနေသော်လည်း လက်ရှိတွင် ရလဒ်ကသာ အရေးကြီးသဖြင့် ထိုအတွေးကို ဘေးဖယ်ထားလိုက်သည်။
သူမ ပြိုင်ပွဲတွင် အနိုင်ရခဲ့ပြီဖြစ်ရာ ပိုင်ကျီဟန်နှင့် လောင်းကြေးထပ်ထားသည်ကိုလည်း အနိုင်ရသွားပြီဟု ဆိုလိုခြင်းဖြစ်သည်။
ပိုင်ရွှယ်ချင်းသည် မျက်ဝန်းများ မှေးစင်းသွားပြီး သူမ၏ အရောင်အဝါသည် နှင်းခဲတစ်ခုကဲ့သို့ စူးရှလာသည်။
“ဒါနဲ့... ထွက်ပြေးဖို့ ကြိုးစားနေတာလား ပိုင်ကျီဟန်?”
ထိုမေးခွန်းသည် လေထုကို ဖြတ်သန်းသွားပြီး လူအုပ်ကြားတွင် တီးတိုးသံများ ထွက်ပေါ်လာစေသည်။
သူမ၏ ငွေပြာရောင် မျက်ဝန်းများသည် သူ့အပေါ်တွင် စူးစိုက်နေပြီး သူမ မေးသည်ကို ငြင်းဆိုရဲခြင်း ရှိမရှိ စိန်ခေါ်နေသယောင်ပင်
ပိုင်ကျီဟန်သည် ခပ်တိုးတိုး ရယ်မောလိုက်ရင်း သဘောကျနေသည့် အရိပ်အယောင်များ ပါဝင်နေသည်။ သူမ စွပ်စွဲလိုက်သည့်အရာသည် ကမ္ဘာပေါ်တွင် အဓိပ္ပာယ်မရှိဆုံးအရာတစ်ခုအလား သူက ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်သည်။
“အထင်လွဲတာပါ အစ်မရယ်” သူ၏ စကားလုံးများသည် သံမဏိပေါ်တွင် ပိုးသားအုပ်ထားသကဲ့သို့ နူးညံ့နေ၏။ “ကျွန်တော်က အစ်မဆီကနေ ဘယ်လိုလုပ် ထွက်ပြေးမှာလဲ? အဲဒီလိုလုပ်ဖို့ လိုမှမလိုတာ။”
သူက ပြန်ဖြေလိုက်သည်။
ပိုင်ရွှယ်ချင်းသည် သူ့ကို အချိန်အတော်ကြာအောင် စူးစမ်းကြည့်နေခဲ့ပြီး သူမ၏ သံသယများမှာ ထင်ရှားနေသည်။
သို့သော်လည်း... သူ လိမ်နေသည်ဆိုသည့် သက်သေလည်း မရှိပေ။
ပိုင်ကျီဟန်သည် ခေါင်းကို စောင်းလိုက်ပြီး သူ၏ လှောင်ပြုံးက ပြန်လည်ပေါ်ပေါက်လာကာ ခန့်မှန်းရခက်သော အမူအရာမျိုး ဖြစ်နေသည်။
ပိုင်ရွှယ်ချင်း၏ အကြည့်များသည် ဓားတစ်လက်ကဲ့သို့ စူးရှစွာဖြင့် သူ့အပေါ်တွင် ကျရောက်နေဆဲပင်။
“ဒါဆို ဒီမှာ ဘာဖြစ်ခဲ့တာလဲ ငါ့ကို ပြော”
ပိုင်ကျီဟန်အဖို့ ဘာမှမဖြစ်နေသည့်အလား လက်ကို ဘေးသို့ ဆန့်ထုတ်လိုက်သည်။
“စဉ်းစားနေဖို့တောင် မတန်ပါဘူး။မြစိမ်းရောင် နဂါးဂိုဏ်းနဲ့ ဖြစ်သွားတဲ့ အထင်လွဲမှု အသေးအဖွဲလေးတစ်ခုပါပဲ။”
မြစိမ်းရောင် နဂါးဂိုဏ်းတပည့်များသည် ထိုစကားကြောင့် တစ်ဆို့သွားကြသည်။
အထင်လွဲမှု အသေးအဖွဲလေး?
သူတို့ အကြီးအကဲသည် မြေပြင်ပေါ်တွင် ဖိချေခံထားရပြီး အရိုးများကျိုးကာ ဂုဏ်သိက္ခာများ ပျက်စီးသည့်အပြင် လက်တစ်ဖက်ပင် ပြတ်တောက်သွားခဲ့ရသည်။
ထို့အပြင် ပိုင်ကျီဟန်၏ ရိုက်နှက်မှုကို ခံခဲ့ရသည့် အခြားသူများလည်း ရှိသေးသည်။
အကယ်၍ ဤသည်မှာ အထင်လွဲမှု အသေးအဖွဲလေးဆိုပါက တကယ့် ပဋိပက္ခဆိုသည်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမျိုး ဖြစ်နေမည်လား?
သူတို့သည် တိတ်တဆိတ် မျက်လုံးလှန်ပြလိုက်ကြသော်လည်း မည်သူမျှ အသံထွက်ရဲခြင်း မရှိပေ။
အကယ်၍ ပိုင်ကျီဟန်သာ ဒေါသထွက်လာပါက သူတို့ပါ အကြီးအကဲဝူ၏ ဘေးတွင် သွားရောက်လဲလျောင်းနေရနိုင်သည်။
ထို့အပြင် ပိုင်ကျီဟန်သည် ဤကိစ္စကို လက်လွှတ်ပေးလိုက်ရန် ဆန္ဒရှိနေခြင်းမှာ သူတို့အတွက် အလွန်ကောင်းသော ကိစ္စဖြစ်သည်။
အကယ်၍သာ တရားရုံးသို့ ရောက်သွားလျှင် သူတို့ဘက်မှ အပြစ်ရှိကြောင်း ထင်ရှားသွားမည့် အခွင့်အလမ်းများသဖြင့် သူတို့အတွက် လုံးဝ အကျိုးရှိမည်မဟုတ်ပေ။
မြစိမ်းရောင် နဂါးဂိုဏ်း၏ တပည့်သည် ပိုင်ကျီဟန်၏ ပြောကြားချက်ကို သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
သို့သော် ပိုင်ရွှယ်ချင်းကတော့ ထိုမျှနှင့် ကျေနပ်သွားခြင်း မရှိပေ။
(အထင်လွဲမှု အသေးအဖွဲလေး ဟုတ်လား? ဒါဆို ဘာလို့ လူအုပ်ကြီးက ဒီလောက်တောင် စုဝေးနေရတာလဲ? ငါရောက်လာတုန်းက ဘာလို့ လေထုက ဒီလောက်တောင် တင်းမာနေရတာလဲ?)
သူမသည် သူ့ကို မယုံကြည်သော်လည်း ဤနေရာ၌ ထပ်မံမေးမြန်းနေခြင်းသည် အချိန်ကုန်ခြင်းသာ ဖြစ်လိမ့်မည်။
သူမသည် အသက်ကို ဖြည်းဖြည်းချင်း ရှုထုတ်လိုက်ပြီး သူမ၏ အမူအရာသည် တည်ငြိမ်မှု ပြန်လည်ရရှိသွားသည်။
“ကောင်းပြီလေ။ မင်း ဒီမှာ ကိစ္စပြီးပြီဆိုရင် ငါနဲ့အတူ လိုက်ခဲ့။”
ပိုင်ကျီဟန်၏ နှုတ်ခမ်းများ တွန့်သွားသည်။ သူ ငြင်းဆန်ရန် ပြင်လိုက်ပြီး ထိုအထင်လွဲမှုသည် လုံးဝ မပြေလည်သေးကြောင်း အကြောင်းပြရန် ကြိုးစားလိုက်သော်လည်း
သူ မပြောနိုင်ခင်မှာပင် အစောင့်တပ်မှူးသည် အခွင့်အရေးကို အမိအရဖမ်းဆွဲကာ ရှေ့သို့ တိုးထွက်လာသည်။ သူက အရိုအသေပေးလိုက်ပြီး
“ဟုတ်ကဲ့ပါ သခင်မလေး ပိုင်ရွှယ်ချင်း၊ သူတို့ရဲ့ ပဋိပက္ခက ပြေလည်သွားပါပြီ၊ သခင်လေးပိုင်လည်း ထွက်ခွာလို့ ရပါပြီ”အခြားအစောင့်များသည်လည်း စိတ်အေးသွားသည့် လေသံများဖြင့် ခေါင်းငြိမ့်ထောက်ခံကြသည်။ ပြိုင်ပွဲကြီး၏ အလယ်တွင် ဤမုန်တိုင်း ဆက်လက် တိုက်ခတ်နေသည်ကို သူတို့ထဲမှ မည်သူမျှ မလိုလားကြပေ။
ဤရှုပ်ထွေးမှုသည် ဤနေရာ၌ပင် ပြီးဆုံးသွားနိုင်မည့် အခွင့်အရေးကို သူတို့ လက်လွှတ်မခံကြတော့ပေ။
ပိုင်ကျီဟန်သည် မျက်ခုံးပင့်လိုက်ပြီး အစောင့်များကို ဒေါသဖြင့် ကြည့်လိုက်သည်။ သူတို့သည် သူ့ကို အစ်မဖြစ်သူထံသို့ အတင်းတွန်းပို့နေကြသည်မဟုတ်ပါလော
ယခုတော့ ပိုင်ရွှယ်ချင်းနှင့်အတူ မလိုက်သွားရန် အကြောင်းပြချက်ပင် ရှာမရတော့ပေ။
(ငါ ဒါကို မှတ်ထားမယ်)