လောင်းကြေးထပ်ရက် ရောက်ရှိလာခြင်း
Vol. 20 Ch. 288
နဂါးနှင့်ဖီးနစ်ပြိုင်ပွဲတွင် ပိုင်ရွှယ်ချင်းအနိုင်ရရှိသွားခဲ့သည့် သတင်းမှာ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။
လူအများစုအဖို့ ၎င်းသည် သဘာဝကျပြီး ပိုင်ရွှယ်ချင်းသည် အနိုင်ရရန် ရေပန်းအစားဆုံး ဖြစ်သလို သူမသည် ကောင်းကင်အင်ပါယာ၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ကြောင်းကိုလည်း သက်သေပြနိုင်ခဲ့သောကြောင့် ဖြစ်သည်။
အချို့ကမူ နီဖန်းကျိုးအနေဖြင့် အောင်ပွဲကို မဆွတ်ခူးနိုင်ခဲ့သည့်အတွက် နှမြောတသ ဖြစ်နေကာ သူသာ နိုင်ခဲ့ပါက မည်သည့် ဂိုဏ်းကြီး သို့မဟုတ် မိသားစုကြီး၏ ကျောထောက်နောက်ခံမှမပါဘဲ နဂါးနှင့်ဖီးနစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် အနိုင်ရရှိသူအဖြစ် သမိုင်းတွင်မည် ဖြစ်သည်။
တစ်ဖက်တွင်မူ ပိုင်ရွှယ်ချင်းအပေါ်တွင် ပုံအော၍ လောင်းကြေးထပ်ခဲ့သူများသည် အောင်ပွဲခံနေကြသည်။
သူတို့၏ အောင်ပွဲခံ ရယ်မောသံများသည် ထိန်းမနိုင်သိမ်းမရ လွှမ်းမိုးနေတော့သည်။
သို့သော် အခြားသူအပေါ် လောင်းကြေးထပ်ခဲ့ပြီး မိမိ၏ စုဆောင်းထားသမျှ ငွေကြေးအားလုံး ဆုံးရှုံးသွားခဲ့ရသည့် ပိုင်ကျီဟန် ကဲ့သို့သော သူများမှာမူ ထောင့်တစ်နေရာတွင် ငိုကြွေးနေရုံသာ တတ်နိုင်တော့သည်။
ပိုင်ရွှယ်ချင်းသည် မြို့တော်တွင် ဆက်လက်နေထိုင်ရန် အစီအစဉ်မရှိပေ။ ပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်၍ သူမသည် ပိုင်မိသားစုဆီသို့ ပြန်ရမည်ဖြစ်သည်။
ထို့ကြောင့် သူမနှင့်အတူ ပိုင်ကျီဟန်ကိုပါ ပိုင်မိသားစု၏ ရထားပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။
ပိုင်ကျီဟန်သည် ယခင်က တိုက်ပွဲမြေပြင်နှင့် ဝေးရာတွင် နေခဲ့ကြသော ခုန်းကျန်းဟုန်းနှင့် ကျင်းယွဲ့လင်းတို့ကိုပါ ခေါ်ဆောင်လာခဲ့သည်။
ကျင်းယွဲ့လင်းသည် ပိုင်ကျီဟန်၏ နောက်တွင် ကပ်နေပြီး ပိုင်ရွှယ်ချင်းက သူမကို စိုက်
ကြည့်နေသဖြင့် ပို၍ စိတ်လှုပ်ရှားနေမိသည်။
"သူက ဘယ်သူလဲ"
ပိုင်ရွှယ်ချင်းသည် ဒေါသသံအနည်းငယ်ဖြင့် မေးလိုက်သည်။
သူမ ဒေါသထွက်သည်မှာလည်း ချူကျီယန်သည် သူမနှင့်အတူ ရှိနေသည့် သူမ၏ သူငယ်ချင်းဖြစ်ပြီး သူငယ်ချင်းဖြစ်သူ၏ စေ့စပ်ထားသူ သူမမောင် ဖောက်ပြန်
နေသည်ကို သူမ ခွင့်မပြုနိုင်ပေ။
ချူကျီယန်အနေဖြင့် ထိုကိစ္စကို သိပ်ဂရုမစိုက်ကြောင်း ပြောထားသော်လည်း ပိုင်ရွှယ်ချင်းကမူ ပိုင်ကျီဟန်ကို လွယ်လွယ်နှင့် အလွတ်ပေးရန် အစီအစဉ်မရှိပေ။
"အစ်မရယ်... စိုက်ကြည့်နေတာကို ရပ်ပြီး သူ့ကို မခြောက်လှန့်ပါနဲ့ဦး"
ပိုင်ကျီဟန်က စကားစလိုက်သည်။
"သူက ကျွန်တော်သိတဲ့သူတစ်ယောက်ရဲ့ ညီမလေးပါ။ သူက ပါရမီရှိလို့ မကြာသေးခင်ကမှ ပိုင်မိသားစုထဲကို ဝင်ခွင့်ရထားတာ။ ကျွန်တော့်စကားကို မယုံရင် အဖေ့ကို မေးကြည့်လို့ရပါတယ်"
ပိုင်ကျီဟန်က ပြန်လည်ဖြေကြားခဲ့သည်။
ပိုင်ရွှယ်ချင်းသည် သံသယစိတ်ဖြင့် နားထောင်နေသည်။
ကျင်းယွဲ့လင်းသည် ပိုင်ကျီဟန်နှင့် နီးကပ်လွန်းနေသဖြင့် သူပြောသကဲ့သို့ သိရုံသိသူ၏ ညီမဆိုသည်မှာ မဖြစ်နိုင်သလိုပင်။
သူမအနေနဲ့ ပါရမီရှိသည်ဆိုဦးတော့၊ အဘယ်ကြောင့် ပိုင်ကျီဟန်နှင့် အမြဲတစေ အတူရှိနေပြီး လက်ကို အမြဲတွဲထားရသည့်အပေါ် ရှင်းပြ၍မရနိုင်သော ကိစ္စဖြစ်နေသည်။
"ဟွန့်! သိတဲ့သူရဲ့ ညီမဟုတ်လား? ဒါဆို သူက ဘာလို့ လက်ကို ကိုင်ထားရတာလဲ"
ပိုင်ရွှယ်ချင်းက မေးခွန်းထုတ်လိုက်သည်။
"သူက စိတ်လှုပ်ရှားနေလို့ပါ။ သူက ငယ်ငယ်ကတည်းက ဖျားနာတတ်လို့ လူအုပ်ကြီးကို တစ်ခါမှ မမြင်ဖူးလို့ပါ"
ပိုင်ကျီဟန်က တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားခဲ့သည်။
ပိုင်ရွှယ်ချင်းသည် သူမ၏မျက်လုံးများကို မှေးစင်းလိုက်သော်လည်း ပိုင်ကျီဟန်၏ မျက်နှာအမူအရာတွင် မည်သည့်လိမ်ညာမှုကိုမျှ မတွေ့ရပေ။
သို့သော် သူသည် အမြဲတမ်း လိမ်ညာရာတွင် ကျွမ်းကျင်သူဖြစ်ရာ သူလိမ်နေသည်ဆိုစေဦးတော့ သူမအနေဖြင့် ခွဲခြားသိမြင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ပိုင်ရွှယ်ချင်းသည် အလျှော့မပေးခဲ့ပေ။
ဆီးနှင်းများထက် ပိုမိုအေးစက်သော သူမ၏ ငွေပြာရောင်မျက်ဝန်းများသည် သူမ၏မောင်ထံမှတစ်ဆင့် ဘေးနားရှိ ကြောက်ရွံ့နေသော မိန်းကလေးထံသို့ ရွှေ့သွားခဲ့သည်။
သူမ၏ အရှန်အဝါကြောင့် လေထုသည်တင်းမာသွားသလို ခံစားရသည်။
သူမသည် အနီးသို့ တိုးကပ်သွားပြီး ပြတ်သားသော်လည်း ယဉ်ကျေးမှုကို ထိန်းသိမ်းထားသော အသံဖြင့် မေးလိုက်သည်။
"မင်းကရော ဘယ်သူလဲ မိန်းကလေး?"
ကျင်းယွဲ့လင်းသည် ပိုင်ရွှယ်ချင်း၏ အကြည့်ဒဏ်ကြောင့် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း သူမ၏ကျောကို ဆန့်လိုက်ပြီး အသံကို တည်ငြိမ်အောင် ထိန်းကာ ဖြေလိုက်သည်။
"ကျင်း... ကျင်းယွဲ့လင်းပါ။ အဲ့ဒါ ကျွန်မနာမည်ပါ"
ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ပိုင်ရွှယ်ချင်း၏ မှတ်ဉာဏ်ထဲတွင် တစ်စုံတစ်ခုကို သွား၍ သတိရမိသွားသည်။
ကျင်း... ကျင်းယွဲ့လင်း? ထိုအမည်သည် သူမ၏ စိတ်ထဲတွင် ဝေးကွာသော မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။ မှတ်ဉာဏ်အစအနများ စုစည်းမိသွားသည်နှင့် သူမ၏ မျက်ခုံးများ တွန့်သွားတော့သည်။
"ကျင်း..." သူမက တိုးတိုးရေရွတ်လိုက်ပြီးနောက် အသံသည် ပို၍ မာထန်သွားသည်။ "ကျင်းယွမ်ကျန်း သူ့နဲ့ မင်းနဲ့ ဘယ်လိုပတ်သက်တာလဲ"
ကျင်းယွမ်ကျန်းဟူသည် မြစိမ်းရောင်နေမင်းဂိုဏ်း၏ တန်ဖိုးထားရသော ပါရမီရှင်တစ်ဦး ဖြစ်သောကြောင့် အမည်ကို မသိဘဲနေရန်မှာ မဖြစ်နိုင်ပေ။
(သူက ပိုင်ကျီဟန် သိတယ်ဆိုတဲ့ လူလား?)
သူမ သိချင်သွားသည်။
"သူက ကျွန်မရဲ့ အစ်ကိုအရင်းပါ"
ပိုင်ရွှယ်ချင်းသည် အတည်ပြုချက်ရသွားသဖြင့် မျက်လုံးများ ပြူးသွားခဲ့သည်။
(တကယ်ပဲ ကျင်းယွမ်ကျန်းဖြစ်နေတာလား။ ပိုင်ကျီဟန်က သူ့ကို ဘယ်လိုလုပ် သိနေတာလဲ?)
သူမ သိသလောက်ဆိုလျှင် ထိုနှစ်ယောက်ကြားတွင် မည်သည့် ဆက်ဆံရေးမှ မရှိသင့်ပေ။
သူတို့နှစ်ဦးသည် သူငယ်ချင်းဖြစ်သည်ဟု ဆိုခြင်းထက် ရန်သူဖြစ်သည်ဆိုလျှင် ပို၍ လက်ခံနိုင်ပေလိမ့်မည်။ အကြောင်းမှာ ကျင်းယွမ်ကျန်းသည် ပိုင်ကျီဟန်ကို သခင်ကဲ့သို့ ဆက်လက်အလုပ်အကျွေးပြုနေသည့် လင်းရွှမ်ကို ဒဏ်ရာရအောင် လုပ်ခဲ့ဖူးသောကြောင့် ဖြစ်သည်။
သို့သော် ပိုင်ကျီဟန်သည် ကျင်းယွမ်ကျန်း၏ ညီမကို ဘာကြောင့် စောင့်ရှောက်ပေးနေရသနည်း။
ထို့ထက် ပို၍ အရေးကြီးသည်မှာ မကြာသေးမီက သူမ၏မောင်နှင့် မြစိမ်းရောင်နေမင်းဂိုဏ်းတို့ကြား ဖြစ်ပွားခဲ့သော ပဋိပက္ခကို သူမ သတိရသွားခြင်းပင်။
(သူကတော့ အထင်လွဲမှုလေး တစ်ခုလို့ ပြောတာပဲ၊ ဒါပေမဲ့ အဲ့ဒါက ကျင်းယွမ်ကျန်းနဲ့သူ့ညီမနဲ့ တစ်ခုခု ပတ်သက်နေပုံရတယ်)
သူမ၏ အကြည့်သည် ပိုင်ကျီဟန်ထံသို့ ရောက်သွားသည်။
"ဒါဆို... နင် မြစိမ်းရောင်နေမင်းဂိုဏ်းနဲ့ ပြဿနာတက်ခဲ့တာက... ဒီမိန်းကလေးကြောင့်ပေါ့ ဟုတ်လား?"
ပိုင်ရွှယ်ချင်းက မေးလိုက်သည်။
"အဲ့ဒီလိုလည်း ပြောလို့ရပါတယ်"
ပိုင်ကျီဟန်က ပြန်ဖြေသည်။
ထိုအဖြေသည် အမှန်တရားအားလုံး မဟုတ်သော်လည်း အမှန်တရားနှင့် သိပ်တော့ မဝေးလှပေ။ ထို့အပြင် သူသည် ပိုင်ရွှယ်ချင်းကို အရာအားလုံး လိုက်လံရှင်းပြနေဖို့လည်း စိတ်မဝင်စားပေ
"ဟွန့်! ကြည့်ရတာ သူက နင်သိတဲ့သူတစ်ယောက်ရဲ့ ညီမဆိုတာထက် ပိုနေပုံရတယ်နော်"
ပိုင်ရွှယ်ချင်းသည် လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
"ပိုင်ကျီဟန်... နင်က စေ့စပ်ထားပြီးသားသူဆိုတာ မမေ့နဲ့ဦး။ နင် တခြားမိန်းကလေးတစ်ယောက်နဲ့ ဒီလောက်တောင် နီးနီးကပ်ကပ် နေနေတာကို မြင်ရင် ချူကျီယန် ဘယ်လိုခံစားရမလဲဆိုတာ နင် စဉ်းစားမိရဲ့လား"
သူမ၏လေသံသည် ကြာပွတ်ဖြင့် ရိုက်လိုက်သကဲ့သို့ ပြတ်သားလှပြီး အစ်မတစ်ယောက်၏ အရှိန်အဝါရော၊ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများပါ ရောပြွမ်းနေသည်။
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ချူကျီယန်သည် အနည်းငယ် တုန်လှုပ်သွားသည်။
အားလုံး၏ အကြည့်များက သူမထံသို့ ရောက်လာသောအခါ သူမ၏ ပါးပြင်ပေါ်တွင် ရှက်သွေးဖြန်းသွားပြီး လက်ကို အလောတကြီး ဝေ့ယမ်းကာ ငြင်းလိုက်သည်။
"ရွှယ်ချင်း... ငါ... ငါ အဲ့ဒီလိုမျိုး တစ်ခါမှ မပြောခဲ့ပါဘူး။ နင်ဘာသာနင် ပြောနေတာပါ”
ပိုင်ရွှယ်ချင်းသည် သူမ၏ အကြည့်ကို မုန်တိုင်းဗဟိုချက်ကဲ့သို့ တောင့်တင်းနေသော ကျင်းယွဲ့လင်းထံသို့ လွှဲလိုက်ပြန်သည်
"မင်းအတွက်ကတော့" ပိုင်ရွှယ်ချင်း၏ အသံသည် ရေခဲဓားတစ်လက်ကဲ့သို့ စူးရှနေသည်။
"မင်းက ဘယ်လောက်ပဲ အကာအကွယ်အောက်မှာ နေခဲ့ရလို့ ကြောက်တတ်တယ်ဆိုဦးတော့၊ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်သိက္ခာကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာနဲ့ ယောက်ျားတွေနဲ့ ဘယ်လောက်အကွာအဝေးမှာ နေရမလဲဆိုတာ သိသင့်တယ်... အထူးသဖြင့် ပိုင်ကျီဟန်နဲ့ပေါ့။ သူ့လိုလူမျိုးနဲ့ ပတ်သက်မိပြီး မင်းရဲ့ ဂုဏ်သတင်း အပျက်အစီး မခံစေနဲ့"
"ဟေ့... ဟေ့..." ပိုင်ကျီဟန်သည် ကြားဖြတ်ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ ဂုဏ်
သတင်းက ဆိုးနေတဲ့ပုံစံမျိုးနဲ့ မပြောစမ်းပါနဲ့"
ပိုင်ရွှယ်ချင်းသည် သူမ၏မျက်ခုံးကို ပင့်လိုက်ပြီး ငွေပြာရောင်မျက်ဝန်းများတွင် လှောင်ပြောင်ရိပ်များ ယှက်သန်းသွားသည်။
"ဟေ..မဟုတ်လို့လား?"
ပိုင်ကျီဟန်သည် စုတ်တစ်ချက်သတ်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ကျွန်တော့်ဂုဏ်သတင်းက ကောင်းပါတယ်။ အရမ်းကောင်းတာ။ လူတွေက ကျွန်တော့်ကို ဆိတ်ငြိမ်ရာအင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင်လို့ ခေါ်ခဲ့ကြတာ သိရဲ့လား။ သူတို့က ကျွန်တော့်ရဲ့ ဉာဏ်ရည်၊ ပါးနပ်မှုနဲ့ ပါရမီတွေကို ချီးမွမ်းခဲ့ကြတာ။ အစ်မက ဘာသိလို့လဲ"
သူသည် ထိုချီးမွမ်းသံများကို ပြန်လည်အမှတ်ရပြီး သာယာနေသကဲ့သို့ အသာအယာ နောက်မှီလိုက်သည်။
ပိုင်ရွှယ်ချင်း၏ အကြည့်သည် ပို၍စူးရှလာပြီး သူ၏ ဂရုမစိုက်တတ်သော အမူအရာကို ဖြတ်တောက်နိုင်လောက်အောင် အေးစက်နေတော့သည်။
"အရင်ကတော့ ဟုတ်တာပေါ့။ ဒါပေမဲ့ အချိန်တွေက ပြောင်းလဲသွားပြီ မောင်လေးရဲ့။ နင့်ရဲ့ အဲ့ဒီတောက်ပမှုတွေလား? အဲ့ဒါတွေက အစွန်းအထင်း ဖြစ်ကုန်ပြီ။ အခု လူတွေ တိုးတိုးတိတ်တိတ် ပြောနေကြတာက နင်ဟာ လူလိမ်လူညာ၊ ပရိယာယ်တွေနဲ့ စကားအချိုသတ်ပြီး ပုန်းအောင်းနေတတ်တဲ့ လူကြောက်တစ်ယောက်တဲ့။ လိမ်ညာဖို့ပဲ သိတဲ့ လိမ်လည်သူတစ်ယောက်ပေါ့"
သူမ၏ စကားလုံးများသည် နှလုံးသားထဲသို့ ထိုးစိုက်လိုက်သော ရေခဲစူးများကဲ့သို့ပင် ရက်စက်တိကျလှသည်။
အမှန်တကယ်ပင် ပြီးခဲ့သည့်နှစ်ကစပြီး လူအများသည် ပိုင်ကျီဟန်အပေါ် ထားရှိသော အမြင်များ ပြောင်းလဲခဲ့ကြသည်။ တစ်ချိန်ကမူ သူ၏ ဂုဏ်သတင်းသည် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ဖူးပြီး သူ၏ပါရမီသည် ပိုင်ရွှယ်ချင်းထက်ပင် သာလွန်သည်ဟု ပြောစမှတ်ပြုကြသည်။
ထိုစဉ်က ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ် တွင် ရှိနေသော ပိုင်ရှင်းယွဲ့ကို ပိုင်ကျီဟန်အနိုင်ယူခဲ့သည်ဟူသော သတင်းများကြောင့် ဖြစ်သည်။
သူသည် မိစ္ဆာကျင့်ကြံသူများနှင့် အခြားသော အင်အားကြီးအဖွဲ့အစည်းများကို ခြိမ်းခြောက်ကာ ပိုင်ရှင်းယွဲ့အား မသေမျိုးဧကရာဇ်၏ အမွေအနှစ်ကို ယူဆောင်သွားခွင့်ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် သူ၏ အစီအမံများကို မည်သူမျှ မယှဉ်နိုင်ဟု အားလုံးက သဘောတူခဲ့ကြသည်။
သို့သော် နှစ်အနည်းငယ် ကြာလာသောအခါ ပိုင်ကျီဟန်သည် တိတ်ဆိတ်စွာပင် ကျင့်ကြံနေခဲ့သဖြင့် သံသယများ စတင်ကြီးထွားလာခဲ့သည်။
ထို့ထက်ပို၍ ဆိုးသည်မှာ နဂါးနှင့်ဖီးနစ်ပြိုင်ပွဲတွင် ပါဝင်ခြင်းမရှိခဲ့တာပင်။ နာမည်ကျော်ကြားစေရန် ဖြစ်ရပ်အမှားများကို ဖြန့်ဝေနေသော လူလိမ်တစ်ဦးသာဖြစ်ကြောင်း လူအများကို ယုံကြည်သွားစေခဲ့သည်။
အနောက်နားတွင် ရပ်နေသော ခုန်းကျန်းဟုန်းမှာ စိတ်မသက်မသာ ဖြစ်သွားသော်လည်း စကားမပြောရဲပေ။
ပိုင်ကျီဟန် မည်မျှအစွမ်းထက်သည်ကို သူကောင်းကောင်းသိသလို ထိုသတင်းဆိုးများသည် လီမိသားစုနှင့် ကျောက်မိသားစုတို့မှ ပိုင်ကျီဟန်၏ ဂုဏ်သတင်းကို ဖျက်ဆီးရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းကိုလည်း သူသိသည်။ သို့သော် ပိုင်ရွှယ်ချင်းကို ပြန်ပြောဖို့အထိ မမိုက်မဲပေ။
ပိုင်ကျီဟန်ကမူ အနည်းငယ် ရယ်မောလိုက်ပြီး "လူကြောက်၊ လူလိမ်... အဲ့ဒါက သူတို့ ကျွန်တော့်ကို ခေါ်ချင်တဲ့ နာမည်ဆိုရင်လည်း သူတို့ပြောတာ မှန်တာပေါ့။ ဘာပဲဖြစ်ဖြစ် သိုးတွေဆိုတာ ဝံပုလွေကို တစ်မျိုးမဟုတ်တစ်မျိုး နာမည်တပ်ရတာ ဝါသနာပါတာပဲ မလား?"
ပိုင်ကျီဟန်သည် ဂရုမစိုက်ပုံပင်။ သူ၏ဂုဏ်သတင်းသည် အမြဲတမ်း နိမ့်ပါးနေခဲ့သဖြင့် ယခုအချိန်တွင် မည်သူ့အမြင်ကြောင့်မျှ သူ တုန်လှုပ်သွားမည်မဟုတ်ပေ။
ပိုင်ရွှယ်ချင်းသည် ခေါင်းကိုသာ ခါလိုက်သည်။ ပိုင်ကျီဟန်နှင့် တစ်သက်လုံး အတူနေလာသူဖြစ်၍ သူမ၏မောင်သည် အခြားသူများ သူ့အပေါ် မည်သို့ထင်သည်ကို တစ်ခါမျှ ဂရုမစိုက်ခဲ့ဖူးကြောင်းသိ၏ အကယ်၍ သူသာ ဂရုစိုက်တတ်လျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပြောင်းလဲသွားခဲ့မည်ဖြစ်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပိုင်ရွှယ်ချင်းသည် ရှေ့သို့ ကိုင်းလိုက်ကာ လေသံပြောင်း၍ ပြောလိုက်သည်။ "ကဲ... ဒါဆိုရင် ငါတို့ရဲ့ လောင်းကြေးလေးအကြောင်း ဆွေးနွေးကြမလား မောင်လေး?"
သူမ၏ လေသံသည် အေးစက်စက်နှင့် စနောက်ချင်သလိုလို ဖြစ်လာသည် - ၎င်းမှာ ပိုင်ကျီဟန်၏ လေသံနှင့် ထူးဆန်းစွာပင် တူညီနေသည်။
အမှန်တကယ်ပင် တူညီလွန်းလှသဖြင့် ချူကျီယန်နှင့် ပိုင်ကျီဟန်ကိုယ်တိုင်ပင် ကျောထဲ၌ စိမ့်သွားကြသည်။
လေသံသည် ချိုသာသယောင်ရှိသော်လည်း ရည်ရွယ်ချက်သည် ပိုင်ကျီဟန် ပုံမှန်
စကားပြောဆိုပုံအတိုင်းပင် ပြောနေခြင်းဖြစ်သည်။"နင် ထွက်ပြေးလို့ရမယ်လို့ မထင်နဲ့နော်" ပိုင်ရွှယ်ချင်းသည် ဖိအားပေးလိုက်သည်။
"ကျွန်တော် ထွက်ပြေးစရာ အကြောင်းမရှိပါဘူး" ပိုင်ကျီဟန်သည် အေးအေးဆေးဆေးပင် ပြန်ဖြေသည်။ "ကျွန်တော်က ကတိတည်တဲ့သူပါ။ ဘယ်လိုလုပ် လိမ်ပါ့မလဲ”
အမှန်စင်စစ် ၎င်းသည် ထိပ်တန်းလိမ်ညာမှုကြီးပင် ဖြစ်သည်။
အကယ်၍ အကြီးအကဲဝူသာ သူ့ကို မဖမ်းမိခဲ့ပါက သူသည် လွန်ခဲ့သောအချိန်ကတည်းက ထွက်ပြေးသွားခဲ့ပြီး လောင်းကြေးကို ရှောင်လွှဲခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။
သို့သော် ယခုမူ... ပိုင်ရွှယ်ချင်း ခိုင်းသမျှကို လုပ်ရုံမှတစ်ပါး သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။