ပိုင်ရွှယ်ချင်း၏ ပထမဆုံး အမိန့်
Vol. 20 Ch. 289
အူကြောင်ကြောင် မောင်လေးတစ်ယောက်
ငယ်ငယ်ကတည်းက ပိုင်ကျီဟန်အပေါ် ထားရှိခဲ့သည့် အထင်အမြင်က အမြဲတမ်း ထိုသို့ပင်။
လမ်းဖြောင့်ဖြောင့်လေးမှာတောင် ဘယ်ကိုကြည့်သွားနေမှန်း မသိဘဲ ကိုယ့်ခြေထောက်
ကိုယ် ခလုတ်တိုက်ပြီး လဲကျတတ်သူမျိုး။
လူအတော်များများကိုလည်း သိပ်မှတ်မိလေ့မရှိသလို သူတို့ အသံကို မကြားရမချင်း ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားဖို့ ခက်ခဲနေတတ်သူပင်။
စိတ်ထဲမထားပေ။ ဘာပဲဖြစ်ဖြစ် သူမ၏ ချစ်စရာကောင်းသော မောင်လေးပင်
သို့တိုင် ပိုင်မိသားစုဝင် အခြားသူများအတွက်တော့ ထိုသို့ မဟုတ်ခဲ့တာ ထင်ရှားသည်။
သူမွေးဖွားလာကတည်းက သတ်မှတ်ခံထားရသော ပိုင်မိသားစု၏ အမွေဆက်ခံသူတစ်ယောက်အနေဖြင့် သူ့အပေါ် ထားရှိသည့် မျှော်လင့်ချက်များသည် ကောင်းကင်ထိအောင် မြင့်မားခဲ့သည်။
သူရရှိထားသော ရာထူးနေရာကြောင့်ပင် သူ့ကို မနာလိုဖြစ်ကြသူများလည်း ရှိခဲ့သည်။
အဲ့ဒီတုန်းကတော့ ၎င်းကို သိပ်အလေးမထားခဲ့ပေ။
ရာထူးနှင့်အတူ တာဝန်ဆိုတာ ပါလာစမြဲဖြစ်ပြီး ပိုင်ကျီဟန်ကတော့ သူမ၏
ချစ်စရာ မောင်လေး ဖြစ်နေဆဲဟု တွေးထားသည်။
သို့တိုင် လူတွေက ပြောင်းလဲတတ်ကြသည်။
သူလည်း ပြောင်းလဲသွားသလို သူမလည်း ပြောင်းလဲခဲ့ချေပြီ။
သူမ အမြင်မှာတော့ ပိုင်ကျီဟန်သည် ပြုပြင်လို့မရသော ပြဿနာရှာဖွေသူတစ်
ယောက် - ပြဿနာတွေ ဖန်တီးရသည်ကို သာယာနေတတ်သူတစ်ယောက် ဖြစ်လာခဲ့သည်။
သူသည် ချစ်စရာကောင်းသော ကောင်လေးမှ လူတစ်ယောက် သေသွားရင်တောင် မျက်တောင်တစ်ချက် မခတ်မယ့်သူမျိုးအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
သို့တိုင် အရာတစ်ခုကတော့ အရင်အတိုင်း မပြောင်းလဲဘဲ ရှိနေဆဲပင်
သူ့၏ ကျင့်ကြံခြင်းအဆင့်၊ သူ့ ခွန်အား... အမြဲတမ်း နှေးကွေးစွာပဲ တိုးတက်နေခဲ့၏။
အဖေနှင့် အမေတို့၏ မရေမတွက်နိုင်အောင် ကြိုးစားအားထုတ်မှုများ ရှိခဲ့သည့်တိုင် သူကတော့ တိုးတက်မလာခဲ့သလိုပင်
သို့တိုင် မျက်စိတစ်မှိတ်အတွင်းမှာတင် ခန့်မှန်းလို့မရနိုင်လောက်အောင် အစွမ်းထက်လာခဲ့ချေ၏။
သူက သူ့ ခွန်အားကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တာလား? ဒါမှမဟုတ် တစ်နှစ်အတွင်းမှာပဲ တကယ်ကြီး အခုလို အစွမ်းထက်လာတာလား?
ထိုဖြစ်နိုင်ခြေ နှစ်ခုစလုံးသည် မှန်းဆလို့မရနိုင်သလို... ကြောက်ဖို့လည်း ကောင်းလှသည်။
အချိန်အတော်ကြာ သိချင်နေခဲ့ပြီး အခုတော့ အမှန်တရားကို ဖော်ထုတ်ဖို့ အခွင့်အရေး ရချေပြီ။
ပိုင်ရွှယ်ချင်းသည် သူမ၏ ငွေပြာရောင်မျက်ဝန်းများဖြင့် ပိုင်ကျီဟန်ကို စူးစိုက်ကြည့်ကာ ပြတ်သားသော အမိန့်သံဖြင့် ပြောလိုက်သည်။
"နင့်ကို ငါမေးချင်တဲ့ မေးခွန်းတချို့ ရှိတယ်။ အဲ့ဒါတွေကို အမှန်အတိုင်းပဲ ဖြေစေချင်တယ်"
သူမက ပြောလိုက်သည်။ သူမသည် ထိုလောင်းကြေးကို အသုံးချ၍ အမှန်အတိုင်း အဖြေပေးရန် တောင်းဆိုတော့မည်ဖြစ်သည်။
ပိုင်ကျီဟန်သည် ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အမြဲရှိနေကျ အပြုံးလေးတစ်ခု ပေါ်လာသည်။
"အစ်မ ခိုင်းတာမှန်သမျှကို သုံးကြိမ်လုပ်ပေးမယ်လို့ ကျွန်တော် ပြောခဲ့တာလေ။ အဲ့ဒီတော့... အစ်မမေးတဲ့ မေးခွန်းအားလုံးကို ကျွန်တော် သုံးကြိမ်တိုင်တိုင် ဖြေပေးမယ်ဆိုရင် အဲ့ဒါက အစ်မရဲ့ တောင်းဆိုချက် သုံးခုလုံးကို ဖြည့်ဆည်းပေးလိုက်သလို ဖြစ်သွားမှာပေါ့"
ပိုင်ရွှယ်ချင်းသည် မျက်ခုံးပင့်လိုက်ပြီး စိတ်မဝင်စားသလို ကြည့်လိုက်သည်။
"မဟုတ်ဘူး။ အဲ့ဒါက တစ်ကြိမ်ပဲ ။ ငါက မေးခွန်းတွေကို အမှန်အတိုင်း ဖြေခိုင်းစေချင်တာ။ အဲ့ဒါက တောင်းဆိုချက် တစ်ခုတည်းပဲ"
"အား... ဒါပေမဲ့ စဉ်းစားကြည့်ပါဦး။ အရာအားလုံးကို သီးခြားစီ သုံးကြိမ်တိုင်တိုင် အမှန်အတိုင်း ဖြေတယ်ဆိုတာ ပြောရရင် အစ်မခိုင်းတာကို သုံးကြိမ်လုပ်ပေးတာ မဟုတ်ဘူးလား? ဒါကြောင့် အဲ့ဒါကို သုံးကြိမ်လို့ပဲ သတ်မှတ်သင့်တယ်"
ပိုင်ကျီဟန်သည် ဇွတ်အတင်း ပြောနေသည်။
"အဲ့ဒါက တောင်းဆိုချက် တစ်ခုလို့ပဲ သတ်မှတ်လို့ရမယ်”
ပိုင်ရွှယ်ချင်းသည် လေသံကို ခပ်မာမာဖြင့် ပြန်ပြောလိုက်ပြီး ငြင်းခုံရန် အခွင့်အရေး မပေးတော့ပေ။ "မဟုတ်တာ... မဟုတ်တာ။ အဲ့ဒီလိုတော့ မဖြစ်နိုင်ဘူးလေ။ မေးခွန်းတစ်ခုက တောင်းဆိုချက် တစ်ခုနဲ့ တူညီသင့်တာပေါ့။ မဟုတ်ရင် အစ်မက ကျွန်တော့်ကို အမြဲတမ်း အမှန်အတိုင်း ပြောရမယ်လို့ ခိုင်းလိုက်လို့ ရသွားမှာပေါ့”
ပိုင်ကျီဟန် ပြောလိုက်သော်လည်း ထိုစကားကို ပြောလိုက်မိသည့်အတွက် ချက်ချင်းပင် နောင်တရသွားသည်။
"အိုး... အဲ့ဒါက တကယ့်ကို ကောင်းမွန်တဲ့ အကြံပြုချက်ပဲ”
ပိုင်ရွှယ်ချင်း၏ မျက်လုံးများမှာ ရုတ်တရက် အလင်းပွင့်သွားသကဲ့သို့ တောက်ပသွားသည်။
"ဒီလို ပါးနပ်တဲ့ အကြံဉာဏ်မျိုး ထွက်လာဖို့ဆိုတာ နင့်ကိုပဲ လွှတ်ထားရမယ်။ ကောင်းပြီလေ... ငါ့ရဲ့ ပထမဆုံး အမိန့်က ဒါပဲ။ နင် ငါ့အပေါ်မှာ အမြဲတမ်း ရိုးသားရမယ်။ ငါ တစ်ခုခု မေးတိုင်း အမှန်အတိုင်းပဲ ဖြေရမယ်"
ပိုင်ရွှယ်ချင်းက အမိန့်ပေးလိုက်သည်။
"အဲ့ဒီလိုတော့ လုပ်လို့မရဘူးလေ”
ပိုင်ကျီဟန်အဖို့ ထိုကဲ့သို့ ရယ်စရာကောင်းသော အမိန့်ကို ငြင်းဆန်ရန် ကြိုးစားလိုက်
သည်။
"ဟွန့်။ လောင်းကြေးရှုံးရင် ငါခိုင်းတာ မှန်သမျှ လုပ်ပေးမယ်လို့ ဘယ်သူက ပြောခဲ့တာလဲ? နင်က ကတိတည်တဲ့ ယောက်ျားတစ်ယောက် မဟုတ်ဘူးလား?"
ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန် ပြောခဲ့သည့် စကားများဖြင့်ပင် သူ့ကို ပြန်လည်ပိတ်ပင်
လိုက်သည်။
(ငါ့ပါးစပ်ကလည်း တကယ်ပဲ)
ပိုင်ကျီဟန်သည် နောင်တရစွာဖြင့် တွေးလိုက်
မိသည်။
"ကောင်းပါပြီ... ကောင်းပါပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က သိပ်ပြီး လိမ်တတ်တဲ့သူလည်း မဟုတ်ပါဘူး"
ပိုင်ကျီဟန် ပြောလိုက်သော်လည်း ထိုစကားသည်ပင် အကြီးအကျယ် လိမ်ညာနေခြင်း ဖြစ်သည်။
ပိုင်ရွှယ်ချင်းသည် လက်ကို ပိုက်လိုက်ပြီး မျက်နှာတွင် အောင်နိုင်သူ အပြုံးတစ်ခုဖြင့် ရှိနေတော့သည်။
"နင် ငါ့ကို အမှန်အတိုင်း ဖြေရမယ် ပိုင်ကျီဟန်။ အခုကစပြီးတော့ပဲ”
ပိုင်ရွှယ်ချင်းက ပြောလိုက်သည်။
ခဏတာ တိတ်ဆိတ်သွားချေသည်။
ချူကျီယန်၊ ခုန်းကျန်းဟုန်းနှင့် ကျင်းယွဲ့လင်းတို့သည် အနည်းငယ်ကွာဝေးသော နေရာတွင် ရပ်နေကြပြီး သူတို့၏အကြည့်များသည် မောင်နှမနှစ်ယောက်ထံသို့ ရောက်ရှိနေသည်။
သူတို့ထဲမှ မည်သူမျှ ကြားဖြတ်မပြောရဲကြပေ။ ဤသည်မှာ ပိုင်ရွှယ်ချင်းနှင့် ပိုင်ကျီဟန်တို့၏ ကြားက ကိစ္စသာ ဖြစ်သည်။
ပိုင်ကျီဟန်နှင့် ပိုင်ရွှယ်ချင်းတို့သည် မောင်နှမများသာ။ သူတို့ကြား၌ စိုးရိမ်စရာ ဘာများဖြစ်လာနိုင်မည်နည်း?
ပြီးတော့ မေးခွန်းနှင့်အဖြေ အစီအစဉ်လေး တစ်ခုပင်။ ဘာမှ စိုးရိမ်နေစရာ မလိုပေ။
သို့တိုင် ပိုင်ရွှယ်ချင်း ဘာမေးမည်နှင့်ပိုင်ကျီဟန် မည်သို့ဖြေမည်ကိုတော့ တကယ့်ကို စိတ်ဝင်တစား သိချင်နေကြသည်။
"ငါ့မေးခွန်းက ရိုးရိုးလေးပါ ပိုင်ကျီဟန်" သူမက စကားစလိုက်သည်။
"နင်က ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ တကယ်ပဲ အစွမ်းထက်လာတာလား... ဒါမှမဟုတ် တစ်ချိန်လုံး နင့်ရဲ့ ခွန်အားတွေကို ဖုံးကွယ်ထားခဲ့တာလား?"
ပိုင်ကျီဟန်သည် ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်ရှိ အပြုံးသည် ခပ်ဖျော့ဖျော့လေး ဖြစ်သော်လည်း တည်ငြိမ်နေဆဲပင်။
သူသည် အချိန်အတော်ကြာအောင် ဘာမှ ပြန်မဖြေဘဲ နေနေသည်။
"ဒါပဲလား?"
နောက်ဆုံးတွင် သူက ပြောလိုက်သည်။ သူ၏လေသံမှာ ပေါ့ပါးနေပြီး လှောင်ပြောင်
သလိုပင် ဖြစ်နေသည်။
"ဒါကို အစ်မက သိချင်နေတာလား?"
ပိုင်ရွှယ်ချင်း၏ မျက်ခုံးများ တွန့်သွားပြီး သူမ၏လက်များကို ရင်ဘတ်ပေါ်တွင် ပို၍ တင်းတင်းပိုက်လိုက်သည်။
"ငါနဲ့ ကစားမနေနဲ့။ ဖြေ”
ပိုင်ကျီဟန်သည် နှာခေါင်းမှတစ်ဆင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ၏ အပြုံးသည် ပို၍ နက်ရှိုင်းလာကာ ခန့်မှန်းရခက်သော လျှို့ဝှက်ချက်တစ်ခုသို့ ပြောင်းလဲသွားတော့သည်။
"တကယ်ပဲ ကျွန်တော့်ရဲ့ ခွန်အားတွေကို အစ်မဆီကရော အဖေနဲ့အမေဆီကရော ငယ်ငယ်ကတည်းက ဖုံးကွယ်ထားနိုင်မယ်လို့ ထင်တယ်ပေါ့”
သူ၏ အကြည့်သည် သူမ၏ အကြည့်နှင့် တည့်တည့်ဆုံနေပြီး စူးရှကာ တုန်လှုပ်မှု မရှိပေ။
"အစ်မ.. ကျွန်တော့်ကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား?"
သူက ပြောလိုက်သော်လည်း ပိုင်ရွှယ်ချင်းသည် ထိုအဖြေကို ကျေနပ်ခြင်း မရှိပေ။
ထိုအတိုင်း စဉ်းစားခဲ့ဖူးသော်လည်း ပိုင်ကျီဟန်သည် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်းမှာပင် ဤမျှအထိ တိုးတက်လာခဲ့သည့်အပေါ် သူမအတွက် လက်ခံနိုင်ရန် ခက်ခဲလွန်းလှသည်။
နီဖန်းကျိုး ရှိနေသည်ဆိုဦးတော့၊ ပိုင်ကျီဟန်နှင့် နှိုင်းယှဉ်လျှင် သူသည်ပင် အလှမ်းဝေးကွာနေသေးသည်။
တစ်ချိန်က သူမ အထင်သေးခဲ့သော သူမ၏ စေ့စပ်သူဟောင်းသည် သူမနှင့် ရင်ဘောင်တန်းနိုင်သော ခွန်အားများဖြင့် သူမရှေ့တွင် ပေါ်လာခဲ့စဉ်က သူမ သိပ်ပြီး အံ့သြမနေခဲ့ခြင်းမှာလည်း ဤအကြောင်းကြောင့် ဖြစ်နိုင်
ပါသည်။
အကြောင်းမှာ သူမသည် ပို၍ကြီးမားသော မိစ္ဆာကို မြင်တွေ့ထားပြီးဖြစ်သောကြောင့်ပင်။
မည်သို့ပင်ဆိုစေကာမူ ပိုင်ကျီဟန်၏ ဝေဝေဝါးဝါး အဖြေပေးမှုကို သူမ ကျေနပ်မည်မဟုတ်ပေ။ သူမသည် သူ၏နှုတ်မှ တိကျသော အဖြေကို ကြားချင်နေခြင်း ဖြစ်သည်။
ပိုင်ကျီဟန်သည်လည်း ပိုင်ရွှယ်ချင်း သူ့ကို ဤမျှနှင့် လွှတ်ပေးမည်မဟုတ်ကြောင်း ရိပ်မိပုံရသည်။
"ဒါဆို ကျွန်တော် တည့်တည့်ပဲ ဖြေမယ်။ မဟုတ်ဘူး” သူက ဆက်ပြောလိုက်သည်။ သူ၏လေသံသည် ချောမွေ့သော်လည်း တည်ငြိမ်လှသည်။ "ကျွန်တော် ကျွန်တော့်ရဲ့ ခွန်အားကို တစ်ခါမှ မဖုံးကွယ်ခဲ့သလို၊ အဲ့ဒီလိုလုပ်ဖို့လည်း စိတ်မဝင်စားဘူး"
အမှန်တကယ်ပင် ပိုင်ကျီဟန်သည် သူ၏အစွမ်းကို ဖုံးကွယ်ထားရန်ထက်
ကြွားဝါပြသရန် မလုပ်လျှင်ပင် တော်လှပြီ ဖြစ်သည်။
"ပြောချင်တာက... တစ်နှစ်အတွင်းမှာတင် အဓိကဖွဲ့စည်းပုံအဆင့်ကနေ ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်သွားတာလို့ ပြောတာလား?"
ပိုင်ရွှယ်ချင်းက မေးလိုက်သည်။
"ကျွန်တော် အဲ့ဒီအတိုင်း ပြောခဲ့တာ မဟုတ်ဘူးလား?"
ပိုင်ကျီဟန်က ပြန်ဖြေသည်။
ပိုင်ကျီဟန်သည် အမှန်တကယ်ပင် အဓိကဖွဲ့စည်းပုံအဆင့်မှ ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ အဲ့ဒါက ဖြစ်နိုင်ပါ့မလား?
အနှစ် ၂၀ အတွင်းမှာပင် ထိုသို့သော နယ်ပယ်သို့ ရောက်ရှိနိုင်ခြင်းသည် ကောင်းကင်အင်ပါယာ တစ်ခုလုံးတွင် ထိပ်တန်းပါရမီရှင်ဟု ခေါ်ရန် လုံလောက်နေပြီ ဖြစ်သည်။
သို့သော် ၎င်းကို တစ်နှစ်အတွင်း လုပ်ဆောင်နိုင်ခဲ့ခြင်းသည် လူသားတစ်ယောက်အတွက် မဖြစ်နိုင်သော အရာပင်။
အောင်မြင်ရန် မဖြစ်နိုင်လောက်သော ကိစ္စပင် ဖြစ်သည်။
ပိုင်ကျီဟန်၏ နှုတ်မှ ထွက်လာသည့် စကားဖြစ်နေစေဦးတော့၊ ပိုင်ရွှယ်ချင်းသည် ထိုစကားကို မယုံကြည်နိုင်ဘဲ ရှိနေတော့သည်။