← Chapters

အောင်ပွဲ၏ မီးအိမ်များ

Vol. 20 Ch. 290

အောင်ပွဲ၏ မီးအိမ်များ

Vol. 20 Ch. 290

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ပိုင်ရွှယ်ချင်းသည် မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်မိသည်။

နှစ်ပေါင်း ၁၀,၀၀၀ သမိုင်းတစ်လျှောက်တွင်ပင် ဤကဲ့သို့သော အရာမျိုးကို လုပ်ဆောင်နိုင်သည့်သူတစ်ဦးတစ်ယောက်မျှ ရှိခဲ့ဖူးကြောင်း ဖော်ပြချက်မရှိချေ။

"ဒါပဲမလား? ဒါဆိုရင် သွားနားတော့မယ်" ပိုင်ကျီဟန်က ပျင်းရိပျင်းတွဲ ပြောလိုက်သည်။

"နေဦး”

သို့သော် ပိုင်ရွှယ်ချင်းသည် သူ့ကို လွယ်လွယ်နှင့် အလွတ်မပေးခဲ့ပေ။

အဖြေလိုအပ်နေသည့် မေးခွန်းများ ရှိနေသေးသဖြင့် သူ့ကို ထွက်သွားခွင့်ပေးရန် လုံးဝ အကြောင်းမရှိပေ။

"နင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ?"

ပိုင်ရွှယ်ချင်းက မေးလိုက်သည်။

"ဘာကို ဆိုလိုတာလဲ?"

ပိုင်ကျီဟန်သည် မသိနားမလည်ဟန်ဆောင်ကာ ပြန်မေးသည်။

"ငါ ဘာကို ဆိုလိုတာလဲဆိုတာ နင်ကောင်းကောင်းသိပါတယ်။ နင်က ကျင့်ကြံခြင်းလမ်းစဉ်မှာ ရုန်းကန်နေခဲ့ရတာကို ဘယ်လိုလုပ်ပြီး တစ်နှစ်အတွင်းမှာ အဓိကဖွဲ့စည်းပုံအဆင့်ကနေ ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်

အထိ တက်လှမ်းနိုင်သွားတာလဲ?"

"ကျွန်တော်ဖြေရင်တောင် နားလည်မှာ မဟုတ်ဘူး"

ပိုင်ကျီဟန် ပြန်ဖြေလိုက်သည်။ ၎င်းမှာ တစ်နည်းအားဖြင့် မှန်ကန်သောအဖြေပင်။

ပိုင်ရွှယ်ချင်းအနေဖြင့် စနစ်ဆိုသည်မှာ ဘာလဲဆိုတာကို သိနိုင်ပါ့မည်လား?

သူ ရှင်းပြလိုက်လျှင် သူမ နားလည်ကောင်း နားလည်နိုင်လိမ့်မည် ဖြစ်သော်လည်း သူ လုံးဝ မရှင်းပြလိုပေ။ ထို့ပြင် သူပေးခဲ့သည့် အဖြေမှာ ရိုးသားသော အဖြေဖြစ်ပြီး လိမ်ညာနေခြင်း မဟုတ်ပေ။

ထို့ကြောင့် သူပေးထားသော ကတိကို ဖောက်ဖျက်ရာလည်း မရောက်ပေ။

ပိုင်ရွှယ်ချင်းသည် မျက်မှောင်ကြုတ်လိုက်ရင်း

"ပိုင်ကျီဟန်၊ နင် ငါ့ကို ရိုးရိုးသားသား ဖြေပါ့မယ်လို့ ကတိပေးထားတယ်နော်"

"အခု ရိုးရိုးသားသားပဲ ဖြေနေတာလေ”

ပိုင်ကျီဟန်က အခိုင်အမာ ပြောလိုက်သည်။

"အဓိကဖွဲ့စည်းပုံအဆင့်ကနေ ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ကို ဘယ်လိုရောက်သွားလဲဆိုတာ ငါ့ကို ရှင်းရှင်းလင်းလင်း သိအောင် ပြောပြ”

ပိုင်ရွှယ်ချင်းသည် သူ့ကို စကားလမ်းကြောင်းလွှဲခွင့် သို့မဟုတ် အဖြေမပေးဘဲ ထွက်သွားခွင့် မပေးဘဲ အတင်းအကျပ် တောင်းဆိုလိုက်သည်။

"အဲဒါက အစ်မရဲ့ ဒုတိယမြောက် တောင်းဆိုချက်လား?"

ပိုင်ကျီဟန်က မေးလိုက်သည်။

အမှန်စင်စစ် ရိုးသားစွာဖြေဆိုခြင်းနှင့် အလုံးစုံအသေးစိတ်ရှင်းပြခြင်းတို့သည် တစ်ခုနှင့်

တစ်ခု တူညီသည် မဟုတ်ပေ

"နင်ကတော့လေ..."

ပိုင်ကျီဟန်သည် ဤမေးခွန်းကို မဖြေချင်ကြောင်း ပိုင်ရွှယ်ချင်း ရှင်းရှင်းလင်းလင်း သိမြင်နေသည်။

"နင် ဒါကို တကယ် မဖြေချင်တာပဲ၊ ဟုတ်တယ်မလား?"

ပိုင်ရွှယ်ချင်းက ထင်ကြေးပေးလိုက်သည်။

(တကယ်တော့ မဟုတ်ပါဘူး။ဒါပေမဲ့ အကုန်လုံးကို လိုက်ရှင်းပြနေဖို့က အချိန်တော်တော်ပေးရမှာလေ။ ပြီးတော့ ရှင်းပြရင်တောင် သူ နားလည်နိုင်ပါ့မလား၊ ဒါမှမဟုတ် ယုံမှယုံပါ့မလားဆိုတာ ဘယ်သူသိမှာလဲ။)

"အစ်မ ထင်သလိုပေါ့"

"ဖြေစမ်းပါ”

"တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး" ပိုင်ကျီဟန်က ပြန်ပြောသည်။

"အဲဒီတော့ နင်က ဒီမေးခွန်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတာ မဟုတ်ဘဲ၊ ဖြေကိုမဖြေချင်တာပေါ့ ဟုတ်လား?"

ပိုင်ရွှယ်ချင်းက မေးပြန်သည်။

"ဟုတ်တယ်။ အခုတော့ ကျွန်တော်ကို စစ်ဆေးမေးမြန်းနေသလိုမျိုး မေးခွန်းတွေ လာမမေးလို့ ရမလား? ကျွန်တော်မှာ ဖုံးကွယ်ထားတာ ဘာမှမရှိဘူး၊ မေးခွန်းတွေကို ဖြေဖို့လည်း ဝန်မလေးဘူး။ ဒါပေမဲ့ ခဏခဏ စွပ်စွဲခံနေရတာက တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းတယ်"

ပိုင်ကျီဟန်သည် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

ပိုင်ရွှယ်ချင်းသည် တစ်ခုခုကို အလေးအနက် စဉ်းစားနေသကဲ့သို့ ခဏမျှ တိတ်ဆိတ်သွားသည်။

"အဲဒီတော့အစ်မ တကယ်သိချင်တာလား? ကျွန်တော်က ပြောပြလို့ရတယ်၊ ဒါပေမဲ့ အဲဒါက အစ်မရဲ့ ဒုတိယမြောက် တောင်းဆိုချက်အဖြစ် သတ်မှတ်ရလိမ့်မယ်"

ပိုင်ကျီဟန်က နောက်ဆုံးတွင် ပြောလိုက်

သည်။

ပိုင်ရွှယ်ချင်း ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

"မလိုတော့ဘူး”

သူမ နားလည်မှာမဟုတ်ဘူးဟု ပိုင်ကျီဟန်မှ ယုံကြည်မှုအပြည့်ဖြင့် ပြောနေသဖြင့် သူပြောတာကို သူမသာ ယုံကြည်လိုက်ပါက နားလည်မှာ မဟုတ်ဘူးဟု တွေးမိလိုက်သည်။

အကယ်၍ သူသာ သူမ နားမလည်နိုင်မည့် နည်းလမ်းမျိုးဖြင့် ရှင်းပြလာခဲ့ပါက သူမ စိတ်ကြိုက်ခိုင်းစေနိုင်မည့် အခွင့်အရေးနှစ်ကြိမ်ထဲမှ တစ်ကြိမ်ကို အလဟဿ ဖြုန်းတီးပစ်လိုက်သလို ဖြစ်ပေလိမ့်မည်။

"ဒါဆိုရင် တခြားမေးစရာမရှိတော့ဘူးဆိုရင်တော့၊ ချစ်လှစွာသော အစ်မတော်ရေ... သွားနားတော့မယ်”

နာရီအနည်းငယ် ကြာပြီးနောက် သူတို့၏ ရထားသည် ပိုင်မျိုးနွယ်စု၏ အိမ်တော်သို့ ဆိုက်ရောက်လာခဲ့သည်။

ဧရာမတံခါးကြီးများသည် ကျယ်လောင်စွာ ပွင့်သွားပြီး မျိုးနွယ်စု၏ ကြီးကျယ်ခမ်းနားသော ရင်ပြင်သည် မီးအိမ်များအောက်တွင် တလက်လက် တောက်ပနေသည်။

လေထုတစ်ခုလုံးတွင် ရယ်မောသံများ၊ တေးဂီတသံများနှင့် ဝိုင်နံ့များဖြင့် ပွဲတော်တစ်ခုကဲ့သို့ စည်ကားနေသည်။

သူတို့ သခင်မလေး၏ အောင်ပွဲသတင်းသည် ပိုင်မျိုးနွယ်စုထံသို့ ကြိုတင်ရောက်ရှိနေပြီဖြစ်ရာ အားလုံးက ပိုင်ရွှယ်ချင်း၏ ဆိုက်ရောက်လာမှုကို စောင့်ကြိုနေကြသည်။

ပိုင်မျိုးနွယ်စုသည် ဤပွဲအတွက် အစွမ်းကုန် ပြင်ဆင်ထားကြသည်။

သူတို့ ဆိုက်ရောက်လာကြောင်း သတင်းရရှိထားသည့် ပိုင်ထျန်းဟမ်သည်လည်း စောင့်ကြိုနေလေသည်။

သူ၏ ဘေးတွင် မျိုးနွယ်စု အကြီးအကဲများနှင့် ဂုဏ်သရေရှိ ဧည့်သည်တော်များ ရှိနေကြပြီး အောင်ပွဲခံ၍ ပြန်လာသော သူတို့၏ သခင်မလေးကို ကြိုဆိုရန် စုဝေးနေကြခြင်း ဖြစ်သည်။

"ရွှယ်ချင်းအာ..." ပိုင်ထျန်းဟမ် အသံသည် နွေးထွေးစွာ ထွက်လာပြီး သူ၏ မျက်ဝန်းများထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ တောက်ပနေသည်။

"သမီးက အဖေတို့ မျိုးနွယ်စုအတွက် ဂုဏ်ဆောင်နိုင်ခဲ့ပြီ။ တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်”

ပိုင်ရွှယ်ချင်းသည် ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အဖေ”

အကြီးအကဲများနှင့် နောက်လိုက်များထံမှ ဂုဏ်ပြုစကားသံများ ထွက်ပေါ်လာသည်။

ရင်ပြင်တစ်ခုလုံးတွင် အောင်ပွဲခံ အော်ဟစ်သံများသည် လှိုင်းလုံးတစ်ခုကဲ့သို့ ရိုက်ခတ်သွားသည်။

"သခင်မလေး ပိုင်ရွှယ်ချင်းက မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့အားလုံးအတွက် ဂုဏ်ဆောင်ပေးနိုင်ခဲ့ပြီ”

"ဂုဏ်ယူပါတယ် သခင်မလေး ပိုင်ရွှယ်ချင်း! တကယ့်ကို အနှိုင်းမဲ့တဲ့ ပါရမီရှင်ပါပဲ။"

"သခင်မလေးက ကျွန်တော်တို့ မျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေထဲမှာ တကယ့်ကို အားကိုးရတဲ့သူပါပဲ။"

"ထူးခြားဆန်းပြားလိုက်တာ၊ ဒီလို အစွမ်းမျိုးနဲ့ဆိုရင် ပိုင်မျိုးနွယ်စုက အရင်ထက် ပိုပြီး မြင့်မားတဲ့ အဆင့်ကို ရောက်ရှိလာမှာ အသေအချာပဲ”

"ဂုဏ်ယူပါတယ် သခင်မလေး၊ ကောင်းကင်ဘုံကတောင် သခင်မလေးကို မျက်နှာသာပေးနေတာ ဖြစ်ရမယ်”

သို့သော်လည်း ဤအောင်ပွဲခံပွဲကြီး အလယ်တွင် လူတစ်ယောက်ကမူ တိတ်တဆိတ် ထွက်ခွါသွားခဲ့သည်။

ထိုသူမှာ ပိုင်ကျီဟန် ပင်။

သူသည် စကားတစ်ခွန်းမှ မပြောဘဲ ရထားပေါ်မှ ဆင်းကာ စုဝေးနေသော လူအုပ်ကြီးကို ကျော်ဖြတ်ပြီး လျှောက်သွားခဲ့သည်။

ပိုင်ထျန်းဟမ်သည် ထွက်ခွာသွားသော သားဖြစ်သူ၏ ကျောပြင်ကို ကြည့်ရင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

"အခု သူက ဘာဖြစ်နေပြန်တာလဲ?"

ပိုင်ထျန်းဟမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။

ပိုင်ရွှယ်ချင်းသည် ရယ်ချင်သွားသည်။

သူ့ကိုယ်သူ အရှုံးမရှိဘဲ အမြဲတမ်း မှန်ကန်နေသည်ဟု ထင်နေသော ပိုင်ကျီဟန်သည် နောက်ဆုံးတော့ သူမ လက်အောက်တွင် ရှုံးနိမ့်သွားခဲ့ရပြီ။

ထို့ပြင် သူမတွင် ပိုင်ကျီဟန်ကို စိတ်ကြိုက်ခိုင်းစေနိုင်သည့် အခွင့်အရေး နှစ်ကြိမ်တောင် ကျန်ရှိနေသေးသည်။

သူ စိတ်အခြေအနေ မကောင်းဖြစ်နေမည်မှာ အသေအချာပင်။

(သူ့အစ်မကို လာပြီး လောင်းကြေးထပ်တာ သူကိုယ်တိုင်လေ)

ပိုင်ရွှယ်ချင်း တွေးလိုက်သည်။

ထို့နောက်တွင် ပိုင်ကျီဟန်သည် နီဖန်းကျိုးအပေါ် ထူးဆန်းစွာ အစွဲအလမ်းကြီးနေပြီး သူ့အား ပိုင်မျိုးနွယ်စုထံသို့ ခေါ်ဆောင်လာရန် ဇွတ်အတင်း ပြောဆိုခဲ့သည်ကို သတိရသွားသည်။

နီဖန်းကျိုးသည် အမှန်တကယ်ပင် အစွမ်းထက်ပြီး သူမ မသိနိုင်သည့် ဝှက်ဖဲများ နှင့် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်စေသည့် အရာများရှိနေသည်ကို သူမ အသိအမှတ်ပြု၏။ ထိုလျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်သာ သူမကို မကူညီခဲ့လျှင် သူမ ရှုံးနိမ့်သွားနိုင်သည်။

(ပိုင်ကျီဟန်က နီဖန်းကျိုးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေအကြောင်းကို ကြိုသိနေခဲ့တာလား? အဲဒါကြောင့်ပဲ သူ့ကို ပိုင်မျိုးနွယ်စုဆီ ခေါ်လာချင်နေတာလား?)

(နောက်တစ်ခါကျရင် အဲဒီအကြောင်းကို ငါမေးရမယ်။)

လောလောဆယ်တွင်မူ သူမ၏အောင်ပွဲအတွက် လာရောက်တွေ့ဆုံကြသော အကြီးအကဲများနှင့် လူအပေါင်းကို ဧည့်ခံရန်သာ အာရုံစိုက်ရပေမည်။

ဂုဏ်ပြုပွဲကြီးသည် ဝမ်းမြောက်စရာ အော်ဟစ်သံများ၊ ရယ်မောသံများ၊ ချီးကျူးစကားများနှင့် မဆုံးနိုင်သော ဂုဏ်ပြုသံများဖြင့် မြိုင်ဆိုင်နေသည်။

ဝိုင်များသည်လည်း မြစ်ရေကဲ့သို့ စီးဆင်းနေကာ မီးအိမ်များသည် ကြယ်တာရာများအလား တောက်ပနေပြီး ပိုင်ရွှယ်ချင်း လှည့်ကြည့်လိုက်တိုင်း အားကျအတုယူဖွယ်ရာ မျက်နှာများကိုသာ မြင်တွေ့နေရသည်။

သို့သော် သူမအနေဖြင့် ပြုံးရွှင်စွာ တုံ့ပြန်နေသော်လည်း သူမ၏ ငွေပြာရောင်မျက်ဝန်းများက ဖခင်ဖြစ်သူထံသို့ ဝေ့ဝဲကြည့်လိုက်မိသည်။

ယနေ့ညတွင် ပိုင်ထျန်းဟမ် မျက်နှာမှာ ထူးထူးခြားခြား လင်းလက်နေသည်။

အကြီးအကဲများနှင့် ဧည့်သည်တော်များ၏ ဂုဏ်ပြုစကားများကို လက်ခံနေစဉ် သူ၏နက်ရှိုင်းသော အသံသည် နွေးထွေးမှုများဖြင့် ပြည့်နှက်နေသော်လည်း ထိုအထဲတွင် တစ်ခုခုတော့ ပိုနေ၏ သူမ၏အောင်ပွဲထက်ပင် ပိုမိုသာလွန်သည့် စိတ်လှုပ်ရှားမှုမျိုး ဖြစ်သည်။

ပိုင်ရွှယ်ချင်းသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

(ဒါက ပြိုင်ပွဲကြောင့်တင် မဖြစ်နိုင်ဘူး။ အကယ်၍ ပိုင်ကျီဟန်သာ ပြိုင်ပွဲဝင်ခဲ့ရင် အဖေက သူနိုင်မယ်လို့ပဲ မျှော်လင့်ထားမှာ အသေအချာပဲ။ ဒါပေမဲ့ သူ မပြိုင်ခဲ့ဘူး၊ အဖေကလည်း သူ့ကို အတင်းအကျပ် မတိုက်တွန်းခဲ့ဘူး။ အဲဒါကို ကြည့်ခြင်းအားဖြင့် ဒီပြိုင်ပွဲအပေါ် အဖေထားတဲ့ အလေးထားမှုက တခြားလူတွေ ထင်ထားသလောက် မကြီးမားဘူးဆိုတာ သိသာတယ်။)

လူအုပ်ကြီး အနည်းငယ် ကျဲသွားသောအခါ ပိုင်ရွှယ်ချင်းသည် ဖခင်ဖြစ်သူအနားသို့ တိုးသွားလိုက်သည်။

"အဖေ" သူမသည် လေးစားသမှုရှိသော်လည်း ခိုင်မာသောလေသံဖြင့် တိုက်ရိုက်မေးလိုက်သည်။ "အဖေ ကြည့်ရတာ... ထူးထူးခြားခြား ပျော်နေသလိုပဲနော်။ နဂါးနှင့် ဖီးနစ်ပြိုင်ပွဲမှာ သမီးနိုင်ခဲ့တာကြောင့်တင် မဟုတ်ဘူးမလား?"

ပိုင်ထျန်းဟမ်သည် ရယ်မောလိုက်ရင်း သမီးဖြစ်သူကို စူးရှသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဟုတ်တာပေါ့၊ သမီးအတွက် အဖေ ဂုဏ်ယူတာပေါ့ ရွှယ်ချင်းအာ။ သမီးက မျိုးနွယ်စုအတွက် ကြီးကျယ်တဲ့ ဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးခဲ့တာပဲ။ အဖေတစ်

ယောက်အနေနဲ့ မပျော်ဘဲ နေပါ့မလား?"

"ဒါပေမဲ့..." သူမက ခေါင်းလေးစောင်းကာ ဆက်မေးလိုက်သည်။ "တခြားအကြောင်းအရာ တစ်ခုခု ရှိနေသေးတယ်၊ ဟုတ်တယ်မလား?"

ခဏမျှ ပိုင်ထျန်းဟမ်၏ အပြုံးသည် ပိုမိုနက်ရှိုင်းသွားပြီး သူ၏ မုတ်ဆိတ်မွှေးကို စဉ်းစားဟန်ဖြင့် ပွတ်သပ်လိုက်သည်။

"ကျီဟန်အာက သမီးကို မပြောပြဘူးလား?"ပိုင်ရွှယ်ချင်း မျက်တောင်တခတ်ခတ်ဖြင့် ဇဝေဇဝါ ဖြစ်သွားသည်။

"သမီးကို... ဘာပြောရမှာလဲ?"

ပိုင်ထျန်းဟမ်သည် သက်ပြင်းချရင်း ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"အဲဒီကောင်လေးကတော့... ဒီလိုကိစ္စမျိုးတွေကို လိုက်ပြောနေရမှာ မကြိုက်ဘူးနဲ့တူတယ်"

သူမ၏ သိလိုစိတ်မှာ ပို၍ ပြင်းပြလာသည်။

"အဖေ... အဲဒါ ဘာဖြစ်လို့လဲ?"

ပိုင်ထျန်းဟမ်သည် သူမတစ်ဦးတည်းသာ ကြားနိုင်မည့် လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

" သမီးရဲ့ စွမ်းအားတွေကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားပြီ"

All Chapters