စနစ်၏ ဆုလာဘ်များ ရရှိချိန်
Vol. 20 Ch. 292
(ဘာလဲ)
ပိုင်ကျီဟန်သည် တောက်ပနေသော စာတန်းကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
[ဆုလာဘ်- နှင်းခဲမသေမျိုးကျမ်းစာ (သူတော်စင်အဆင့်)]
သူ့အသက်ရှူသံများပင် ရပ်တန့်လုနီးပါး ဖြစ်သွားရသည်။
သူတော်စင် အဆင့် ကျင့်စဉ်တစ်ခု... သူ့တွင် ထိုအဆင့်မျိုး တစ်ခုပဲရှိပြီး ၎င်းကလည်း သသူပင် ကောင်းကောင်း အသုံးမပြုနိုင်သေးသော အရာမျိုးဖြစ်သည်။
အခုတော့ အလကားထပ်ရလိုက်တာလား?
(နောက်နေတာလား... ငါ ဘာမှတောင် မလုပ်ရသေးဘူးလေ)
အစပိုင်းတွင် ထိုသို့သာ တွေးမိသည်။ သူသည် ထိုအခြေအနေကို နားလည်ရန် ကြိုးစားရင်း နားထင်ကို ပွတ်သပ်နေမိသည်။
သို့သော်လည်း
သူသည် နီဖန်းကျိုးကို တိုက်ရိုက် အနိုင်ယူခဲ့ခြင်း မဟုတ်သော်လည်း ရလဒ်အပေါ် သွယ်ဝိုက်သောနည်းဖြင့် သက်ရောက်မှု ရှိခဲ့သည်မှာ အမှန်ပင်။
ကံကြမ္မာ၏ ပုံမှန်စီးဆင်းမှုအရဆိုလျှင် နီဖန်းကျိုးသည် ပိုင်ရွှယ်ချင်းကို အနိုင်ရရမည်ဖြစ်သည်။
ထိုသို့ ဖြစ်ပျက်သင့်သော်လည်း လက်တွေ့တွင်မူ ထိုရလဒ်မှာ ပျက်စီးသွားခဲ့ချေပြီ။
ပထမအချက်အရ မသေမျိုးဧကရာဇ် ဖေးလိန်သည် ပိုင်ရွှယ်ချင်းကို ကူညီပေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ပုံမှန်ဇာတ်လမ်းအရဆိုလျှင် ပိုင်ရွှယ်ချင်းသည် နီဖန်းကျိုးကို ထိုအဆင့်ထိ ဖိအားပေးနိုင်စွမ်း မရှိသင့်ပေ။
ဒုတိယအချက်မှာ ချူကျီယန်ပင်။ သူမကို မြေကမ္ဘာအဆင့် ကျင့်စဉ် ပေးခဲ့စဉ်က
အများကြီး ထည့်မတွက်ခဲ့မိပေ
သို့တိုင် သူမသည် နီဖန်းကျိုးရှုံးနိမ့်သွားသည့် အကြောင်းရင်းများထဲက တစ်ခုဖြစ်နေတာတော့ အသေအချာပင်။
လင်းရွှမ်ကို ဆွဲဆောင်ဖို့အတွက် စနစ်စတိုးမှ ပေါ့ပေါ့ပါးပါး ဝယ်ပေးလိုက်သော ထိုကျင့်စဉ်သာ မရှိခဲ့ပါက ချူကျီယန်သည် သူမမျိုးနွယ်စု၏ ကျင့်စဉ်ဟောင်းဖြင့်သာ ကျင့်ကြံနေဦးမှာ ဖြစ်သည်။
မဟုတ်ပါက သူမသည် နီဖန်းကျိုးကို သူ့၏ နောက်ဆုံးလက်နက် ထုတ်သုံးရအောင်အထိ ဒါမှမဟုတ် ဒဏ်ရာရအောင်အထိ အင်အားတောင့်တင်းလာမည် မဟုတ်ပေ
ချူကျီယန်လို ဘေးထွက်ဇာတ်ကောင်မျိုးသည် ထိုလောက်အထိ အကျိုးသက်ရောက်မှု မရှိသင့်သည့်တိုင် သူမကတော့ လုပ်ပြနိုင်ခဲ့သည်။
ပြီးတော့ ပိုင်ရွှယ်ချင်း
သူမသည် သူကြောင့် ပြောင်းလဲသွားသည်လား ပိုင်ကျီဟန် သေချာမသိပေ ။ သူမသည် ယခင်ကတည်းက အစွမ်းထက်သလို အခုလည်း အစွမ်းထက်နေတုန်းပင်။
၎င်းကို ဆုံးဖြတ်ဖို့ မလွယ်ကူပေမဲ့ ကျန်အချက်များကတော့ သူ့ကြောင့်ဆိုတာ ထင်ရှားနေသည်။
သို့သော်လည်း တိုက်ရိုက်မလုပ်ဆောင်ခဲ့ဘဲနှင့် ဆုလာဘ်ရလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ
(ဒါပေမဲ့ သူတော်စင်အဆင့်ကျင့်စဉ်ကို ဆုလာဘ်အဖြစ် ပေးတယ်ဆိုတော့... ငါ့မှာ စနစ်မှတ်တွေ ပြတ်လပ်နေတာကို မြင်ပြီး စနစ်က ရုတ်တရက် သဘောကောင်းသွားတာလား?)
ထို့အပြင် ကျင့်စဉ်သည် ပိုင်ရွှယ်ချင်းနှင့် အကိုက်ညီဆုံး ဖြစ်နေပြန်သည်။ ၎င်းကို သူမအား ပေးလိုက်ရန် စနစ်က တိုက်ရိုက် ညွှန်ကြားနေသကဲ့သို့ပင်။
ထိုအချက်ကြောင့် သူ အနည်းငယ် သံသယဝင်လာမိသည်။
စနစ်က သူဘာလုပ်နေသည်ကို သိနေသည်လား? ၎င်းက အသိဉာဏ်ရှိသည့် သက်ရှိတစ်ခုလား?
မသေချာသော်လည်း စနစ်သည် ဖြစ်ပျက်သမျှ အဖြစ်အပျက်တိုင်းကို သိရှိနေသည်မှာတော့ အမှန်ပင်
(ငါက တခြားသက်ရှိတစ်ခုခုအတွက် ခန္ဓာကိုယ်အငှားဖြစ်မနေပါဘူးနော်? အဲဒါဆိုရင်တော့ တကယ်ကို ဒုက္ခပဲ)
တကယ်လို့ ထိုသို့ အစွမ်းထက်သော ဖြစ်တည်မှုမျိုး ရှိခဲ့ရင်တောင် ဘာလို့ သူ့ကိုမှ ရွေးချယ်ရသနည်း။
ထို့အပြင် စနစ်သည် သူ မွေးကတည်းက အတူရှိနေခဲ့ခြင်း ဖြစ်သည်။
လောလောဆယ်တော့ ထိုအဖြေများကို သူ မသိနိုင်သေးပေ။
နောင်အနာဂတ်တွင် သိလာနိုင်ကောင်းပါရဲ့။
မည်သို့ပင်ဖြစ်စေ၊ နည်းပါးလှသော စနစ်ရမှတ်များကို သုံးစရာမလိုဘဲ ပိုင်ရွှယ်ချင်း၏ ကိုယ်ခံစွမ်းအားနှင့် အကိုက်ညီဆုံး ကျင့်စဉ်ကို ရရှိလိုက်သည်မှာ ကောင်းသောအချက်ပင်။
(ဒါပေမဲ့ ငါ တကယ်ပေးသင့်ရဲ့လား)
ထိုကဲ့သို့ အစွမ်းထက်သော ကျင့်စဉ်ကို ပေးလိုက်ခြင်းကြောင့် ဘာတွေဖြစ်လာမည်ကို တွေးပြီး ပိုင်ကျီဟန် အနည်းငယ် စိုးရိမ်မိသည်။
ပိုင်ရွှယ်ချင်းသည် အခုပင် အတော်လေး အစွမ်းထက်နေပြီဖြစ်သည်။ သူမ ပိုပြီး အစွမ်းထက်လာခြင်းသည် သူ့အတွက် ကောင်းကွက် ဖြစ်ချင်မှ ဖြစ်လိမ့်မည် မဟုတ်ပါလော
(ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး)
နောက်ဆုံးတွင်တော့ ကံကြမ္မာ၏ ရွေးချယ်ခံ သူကို အနိုင်ယူနိုင်ခဲ့သည့်အတွက် သူမအား ဆုလာဘ်အဖြစ် ပေးရန် သူ ဆုံးဖြတ်လိုက်သည်။
သူ့လို စနစ်အကူအညီ မပါဘဲ ကံကြမ္မာ၏ ရွေးချယ်ခံရသုတစ်ယောက်ကို အနိုင်ယူဖို့ မည်မျှခက်ခဲကြောင်း သူ မသိနိုင်ပေ
သို့သော်လည်း အခက်အခဲများကြားမှ ပိုင်ရွှယ်ချင်း လုပ်ပြနိုင်ခဲ့ပုံအရ ကံကြမ္မာဆိုသည်မှာ ပြောင်းလဲ၍ရကြောင်း သက်သေပြလိုက်ခြင်းပင်။
ထိုအရာကို မျက်မြင်တွေ့ရှိပြီးမှသာ သူလည်း သဘောပေါက်သွားခဲ့သည်။ အရင်ကတော့ သူသာ ဝင်မပါပါက ထိုကောင်းကင်ဘုံရွေးချယ်သူသည် သူတို့ ကံကြမ္မာအတိုင်းပဲ သွားလိမ့်မည်ဟု ထင်ခဲ့မိ၏
သို့ပေမဲ့ ပိုင်ရွှယ်ချင်းသည် သူမှားကြောင်း သက်သေပြခဲ့သည်။
ထို့အပြင် သူ့မှာ စနစ်ရှိနေပါလျက် ကျင့်စဉ်ကြောင့် သူ့ကို ကျော်တက်သွားပါက သူကိုယ်တိုင် ပိုပြီး ကြိုးစားဖို့ လိုအပ်နေပြီဆိုသော နိမိတ်လက္ခဏာပင်။
"စနစ်... ဆုလာဘ်တွေအားလုံးကို ရယူမယ်”
ပိုင်ကျီဟန် တိုးတိုးလေး ရေရွတ်လိုက်သည်။
"နင် ဘာတွေ တိုးတိုးတိုးတိုး လုပ်နေတာလဲ?"
ပိုင်ကျီဟန် ပျာယာခတ်နေသည်ကို မြင်တော့ ပိုင်ရွှယ်ချင်းက မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး"ပိုင်ကျီဟန်သည် မေးခွန်းကို ပယ်ဖျက်လိုက်သည့်ဟန်ဖြင့် လက်ယမ်းပြရင်း ပြန်ဖြေလိုက်သည်။
ထို့နောက် သူ၏ နောက်ပြောင်နေကျ အမူအရာများ ပျောက်ကွယ်သွားပြီး သူမကို အတည်ပေါက် စိုက်ကြည့်လိုက်သည်။
"သေချာနားထောင်။ ကျွန်တော် အခု အစ်မကိုပေးမဲ့အရာက... သာမန်ကျင့်စဉ်တစ်ခု မဟုတ်ဘူး။ ဒါက အင်မတန် အစွမ်းထက်တယ်။ ဒါကို လျှို့ဝှက်ထားရမယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ ပြောလို့မဖြစ်ဘူး။ မိဘတွေကိုရော၊ ဆရာကိုရောပဲ။ နားလည်တယ်မလား အစ်မ?"
သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
ပိုင်ကျီဟန်သည် ထုံးစံအတိုင်း ပိုပြောနေသည်ဟု သူမ ထင်မိသည်။ ကျင့်စဉ်တစ်ခုသည် မည်မျှ အစွမ်းထက်ပါစေ၊ မိဘကိုတောင် ပြောပြလို့မရသည့်အထိတော့ မဖြစ်
နိုင်ဟု သူမ ယူဆနေမိသည်။
သူမသည် ရှေးဟောင်းအပျက်အစီးများရှိရာနေရာမှ “ကောင်းကင်ပိတ်ဆို့ခြင်း အကြွင်းမဲ့ အေးခဲခြင်းနယ်ပယ်” ကိုပင် သင်ယူခဲ့ဖူးသူဖြစ်သည်။ ထို့ကြောင့် ပိုင်ကျီဟန်ဆီတွင် ထိုအရာထက် ပိုမိုအစွမ်းထက်သည့်အရာ ရှိနိုင်လိမ့်မည်ဟု သူမ မထင်မိပေ။
တစ်ဖက်တွင်မူ ပိုင်ကျီဟန်သည် ကောင်းကင်အင်ပါယာတွင် မရှိသလောက် ရှားသော သူတော်စင်အဆင့်ကျင့်စဉ်၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကို ကောင်းစွာသိရှိထားသည်။
တကယ်လို့ ရှိနေခဲ့ရင်တောင် ၎င်းကို အထူးထိပ်တန်းလျှို့ဝှက်ချက်အနေဖြင့် သိမ်းဆည်းထားကြမည် ဖြစ်သည်။
အမှန်စင်စစ် ထိုသို့သော ကျင့်စဉ်မျိုးသာ ပေါ်ထွက်လာပါက လီမျိုးနွယ်စု သို့မဟုတ် ကျောက်မျိုးနွယ်စုများသာမက အင်ပါယာကိုယ်တိုင်၊ ဖြစ်နိုင်လျှင် တခြားအင်ပါယာများပင် ပါဝင်လုယက်ကြပေလိမ့်မည်။
သူတော်စင်အဆင့်ကျင့်စဉ်ဆိုသည်မှာ ထိုမျှအထိ အဖိုးတန်လွန်းလှသည်။
၎င်းသည် ပိုင်ရွှယ်ချင်း ကောင်းကျိုးအတွက်လည်း ပါဝင်သည်။ အကယ်၍ သတင်းပေါက်ကြားသွားခဲ့လျှင် သူမကိုယ်သူမ ကာကွယ်နိုင်လောက်သည့် အင်အားမျိုး သူမတွင် မရှိသေးပေ။
သိတဲ့လူ နည်းလေလေ၊ ပိုကောင်းလေလေပင်။
"ကောင်းပြီလေ”
နောက်ဆုံးတွင် သူမသည် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ သူမအနေဖြင့် ထိုအရာကို ကိစ္စကြီးတစ်ခုဟု မယူဆသော်လည်း ပိုင်ကျီဟန် အတည်ပေါက်ဖြစ်နေသည်ကို မြင်သောအခါ သဘောတူလိုက်ရခြင်း ဖြစ်သည်။
ထိုအပြင် သူမအတွက် လျှို့ဝှက်ချက်ထိန်းသိမ်းရခြင်းမှာ ပြဿနာမဟုတ်ပေ။ ဤအိပ်မက်ဆိုးသဖွယ် ပြဿနာကြီးသာ အဆုံးသတ်သွားမည်ဆိုလျှင်ပေါ့။
"ကောင်းပြီ”
ထို့နောက် သူက ဆက်ပြောသည် "အစ်မရဲ့ ကိုယ်ခန္ဓာအကြောင်းကိုလည်း ဘယ်သူ့ကိုမှ မသိစေနဲ့။ ဒါက ပိုတောင် အရေးကြီးသေးတယ်။"
ပိုင်ကျီဟန်က သတိပေးလိုက်သည်။
ဗဟုသုတကြွယ်ဝလှသော မိစ္ဆာအိုကြီးတစ်ယောက်ယောက်သာ သူမတွင် ကောင်းကင်ဘုံရေခဲခန္ဓာရှိနေကြောင်း သိသွားခဲ့ပါက မည်သို့သော ဒုက္ခများ ရောက်လာနိုင်မည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။
သူမ၏ ကိုယ်ခန္ဓာနှင့် ကျင့်စဉ် နှစ်ခုစလုံးသည် သူတစ်ပါးကို လုံးဝ အသိပေး၍မဖြစ်သော အရာများဖြစ်သည်။
"အေးပါ၊ အေးပါ”
ပိုင်ကျီဟန်၏ အလွန်အကျွံ ဂရုစိုက်မှုများကြောင့် သူမ အနည်းငယ် စိတ်
အနှောင့်အယှက် ဖြစ်လာပုံရသည်။
ဒါကလည်း သူမအနေနှင့် သူမ၏ ကိုယ်ခန္ဓာ မည်မျှအစွမ်းထက်ကြောင်း သို့မဟုတ် ပိုင်ကျီဟန် သူမကို ဘာပေးတော့မည်ကို အမှန်တကယ် နားမလည်သေးသောကြောင့်သာ ဖြစ်သည်။
ပိုင်ကျီဟန်သည် နောက်သို့ မှီချလိုက်ပြီး သူ၏နှုတ်ခမ်းများတွင် အပြုံးအနည်းငယ် ပေါ်လာသည်။
"ကောင်းပြီ။ အနည်းဆုံးတော့ အစ်မက တစ်ခါတလေကျရင် စကားနားထောင်သားပဲ။"
သူမ၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားကာ "အခွင့်အရေးရတုန်း သိပ်မနိုင်စားနဲ့ဦး။"