ပိုင်ရွှယ်ချင်းအတွက် ခင်ပွန်းလောင်း?
Vol. 20 Ch. 294
ဗျောက်အိုးဖောက်သံများနှင့်အတူ လူထောင်ပေါင်းများစွာ၏ ပျော်ရွှင်စွာ အော်ဟစ်အားပေးသံများသည် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့လွင့်နေသည်။
ပိုင်မျိုးနွယ်စု၏ ပွဲတော်သည် ညမှ နောက်တစ်နေ့ မနက်ခင်းအထိ တိုင်ခဲ့ပြီဖြစ်သော်လည်း ၎င်းတို့၏ ဝန်းအတွင်း၌ ဧည့်သည်တော်များဖြင့် ပြည့်နှက်နေဆဲပင်။
သို့သော် ဆိတ်ငြိမ်လှသော ဝန်းတစ်ခုအတွင်း၌မူ မျိုးနွယ်စု၏ သခင်လေးသည် အိပ်မောကျနေဆဲ ဖြစ်သည်။
“သခင်လေး... ထပါတော့” လောင်ချင်းက ပြောလိုက်သည်။
ပိုင်ကျီဟန်ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိသေးပေ။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် လောင်ချင်းသည် ပိုင်ကျီဟန်၏ အခန်းထဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်သည်။
တံခါးပွင့်သွားပြီးနောက် လောင်ချင်းသည် ခြေသံဖွဖွဖြင့် အခန်းထဲသို့ တိုးတိုးလေး ဝင်လာခဲ့သည်။
လောင်ချင်းသည် ပိုင်ကျီဟန်ကို အသာအယာ ပုတ်နိုးလိုက်သည်။
“မင်္ဂလာနံနက်ခင်းပါ သခင်လေး၊ ထပါတော့”
လောင်ချင်းက ထပ်ပြောသည်။
“အင်း... ဘာဖြစ်လို့လဲ လောင်ချင်း?”
ခုတင်ပေါ်မှ ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။ ပိုင်ကျီဟန်သည် မျက်လုံးမှိတ်ထားလျက်ပင် မေးလိုက်ခြင်း ဖြစ်သည်။
“သခင်လေး... သခင်လေးရဲ့အဖေကလိုက်ရှာနေလို့ပါ” လောင်ချင်းက ဆိုလေ၏။
ပိုင်ကျီဟန်သည် ပိုးသားစောင်အောက်တွင် ပျင်းရိစွာ တစ်ဖက်သို့ လှည့်လိုက်ပြီး မျက်လုံးကို ပွတ်လိုက်သည်။
ထို့နောက် သူ ထိုင်လိုက်ရာ ရှုပ်ပွနေသော ဆံပင်များသည် နဖူးပေါ်သို့ ဝဲကျလာပြီး မျက်လုံးများမှာ သမ်းဝေလျက် ရှိသည်။
“အဲဒီ အဘိုးကြီးက အခု ဘာအလိုရှိပြန်တာလဲ?”
ပိုင်ကျီဟန်သည် သမ်းဝေရင်း ပြောလိုက်သည်။
မျိုးနွယ်စုတစ်ခုလုံးတွင် ပိုင်ထျန်းဟမ်ကို ဤကဲ့သို့ ခေါ်ဝံ့သူမှာ ပိုင်ကျီဟန် တစ်ဦးတည်းသာ ရှိပေလိမ့်မည်။
“အခု ဘယ်နှစ်နာရီရှိပြီလဲ?”
သူက တိုးတိုးလေး မေးလိုက်သည်။
“မွန်းတည့် ၁၂ နာရီတောင် ကျော်နေပါပြီ” လောင်ချင်းသည် အမြန် သတိပေးလိုက်ပြီး မျက်နှာသစ်ရန် ရေခွက်ကို ပြင်ဆင်ပေးသည်။
“မျိုးနွယ်စုခေါင်းဆောင်က အင်ပါယာအနှံ့က လာတဲ့ ဧည့်သည်တွေကို ဧည့်ခံနေတာပါ။ သခင်လေးကိုလည်း သူ့ဘေးမှာ ရှိနေစေချင်တယ်လို့ ပြောပါတယ်”
“ဟူး... အချိန်ကုန်လိုက်တာ”
ပိုင်ကျီဟန်က ဆိုသည်။
ဩဇာအာဏာရှိသူများ တစ်ဦးပြီးတစ်ဦး စုဝေးနေသည်ကို ကြည့်ခြင်းအားဖြင့် ပိုင်မျိုးနွယ်စု၏ အင်အားသည် ယခုအခါ အခြားသူများထက် သာလွန်နေပြီဖြစ်ကြောင်း ထင်ရှားနေသည်။ သို့သော် ပိုင်ကျီဟန်ကမူ ထိုကဲ့သို့သော အရာများကို ဂရုမစိုက်နိုင်ပေ။
အခြားသူများသာဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးအတွက် ဝမ်းသာပီတိ ဖြစ်နေကြမည်သာ။
လောင်ချင်းကမူ ထိုအချက်ကို မည်သို့မျှ မှတ်ချက်မပေးပေ။
ပိုင်ကျီဟန်သည် ခုတင်ပေါ်မှ ဆင်းလိုက်ပြီး ကြောင်တစ်ကောင်ကဲ့သို့ အပျင်းကြောဆန့်
လိုက်သည်။
လောင်ချင်းသည် သူ့ကို မျက်နှာသစ်ရန် ကူညီပေးပြီး ဝတ်ရုံများကို သေသေသပ်သပ် ဝတ်ဆင်ပေးလိုက်သည်။
ထိုသို့ ဝတ်ဆင်ပြီးသွားသောအခါ သခင်လေးသည် အပျော်အပါးမက်သည့် လူငယ်လေးတစ်ဦးအသွင်မှ ထက်မြက်သော အကြည့်များရှိသည့် အမွေဆက်ခံသူတစ်ဦးအသွင်သို့ ပြောင်းလဲသွားသည်။
ပိုင်ကျီဟန်သည် သူ၏ဝန်းအတွင်းမှ ထွက်လိုက်သည်နှင့် ပွဲတော်၏ အငွေ့အသက်ကို အပြည့်အဝ ခံစားလိုက်ရသည်။
လေထုထဲတွင် ဝိညာဉ်အရက်များနှင့် ဝိညာဉ်သားရဲ အသားကင်နံ့များသည် သင်းပျံ့နေပြီး အရောင်အသွေးစုံလင်သော အလံများက ဝန်းရံထားသည်။
အစေခံများသည် လက်ဆောင်ပစ္စည်းများနှင့် ကျောက်စိမ်းစာလိပ်များကို ကိုင်ဆောင်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေကြသည်
လောင်ချင်း၏ အကူအညီဖြင့် ပိုင်ကျီဟန်သည် ခန်းမဆောင်ကြီးထဲသို့ ဝင်လာခဲ့သည်။
ထိုနေရာတွင် အထင်ကရ ပုဂ္ဂိုလ်ကြီးများကြား၌ ပိုင်ထျန်းဟမ်သည် ခံ့ညားထည်ဝါစွာ ရပ်နေပြီး ဟက်ဟက်ပက်ပက် ရယ်မောလျက် ရှိသော်လည်း သူ၏ ဩဇာသည် ကြောက်မက်ဖွယ် ကောင်းလှသည်။
သူသည် ဂိုဏ်းချုပ်များ၊ မျိုးနွယ်စု ခေါင်းဆောင်များ၊ ကျင်လည်နေသော ကျွမ်းကျင်သူများနှင့် စကားစမြည်ပြောရင်း ပုံမှန်ထက် ပို၍ စိတ်လက်ပေါ့ပါးနေပုံရသည်။
ပိုင်ကျီဟန် ခန်းမထဲသို့ ဝင်လာသောအခါ အားလုံး၏ အကြည့်များသည် သူ့ထံသို့ ကျရောက်လာသည်။
လူအုပ်ကြီးကြားတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်လာပြီး ဂိုဏ်းချုပ်အချို့နှင့် မျိုးနွယ်စုခေါင်းဆောင် အချို့သည် တစ်ဦးနှင့်တစ်ဦး အနီးကပ်ကာ အသိအမှတ်ပြုသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
“ဒါ ပိုင်မျိုးနွယ်စုရဲ့ သခင်လေးပေါ့...”
“ဟုတ်ပါပေတယ်။ တကယ့်ကို ထူးခြားတဲ့ အငွေ့အသက်ပဲ။ ထက်မြက်တဲ့ အကြည့်တွေ၊ ပြီးတော့ ခန့်မှန်းရ ခက်တာပဲ။ ပိုင်မျိုးနွယ်စုရဲ့ အမွေဆက်ခံသူနဲ့ တကယ့်ကို ထိုက်တန်တာပဲ”
“ဟားဟား သခင်လေး ကျီဟန်ကတော့ တကယ့်ကို ကောင်းကင်ပြန် နဂါးတစ်ကောင်နဲ့ အထက်ဆန်တက်မဲ့ ဖီးနစ်ငှက်တစ်ကောင်လိုပါပဲ။ ပိုင်မျိုးနွယ်စု အောင်မြင်နေတာ မဆန်းပါဘူး”
“ဒီလို ဟန်ပန်မျိုးနဲ့ဆိုရင် အနာဂတ်က အရှင်သခင်တစ်ပါးရဲ့ အစွမ်းအစကို မြင်နေရပြီ။ ငါတို့ အင်ပါယာရဲ့ မျိုးဆက်သစ်တွေကတော့ သူ့နားတောင် ကပ်နိုင်မှာ မဟုတ်ဘူး”
ချီးမွမ်းစကားများသည် တစ်ဦးထက်တစ်ဦး ပို၍ ဝေဝေဆာဆာ ထွက်ပေါ်လာသည်။
ထိုစကားလုံးများသည် ပျားရည်လောင်းထားသကဲ့သို့ ချိုသာနေပြီး အလွန်အမင်း ချဲ့ကားပြောဆိုနေကြခြင်း ဖြစ်သည်။
သို့သော် ပိုင်ကျီဟန်၏ မျက်နှာထားမှာမူ လုံးဝ ပြောင်းလဲခြင်း မရှိပေ။ သူသည် ပြုံးမပြသလို ခေါင်းလည်း ငြိမ့်မပြဘဲ ဟန်ဆောင်နှိမ့်ချမှုကိုလည်း မပြသပေ။
သူ့အတွက်မူ ထိုစကားလုံးများသည် ယင်ကောင်များ တဝီဝီ မြည်နေသည်နှင့် မခြားပေ။
ချီးကျူးသံများကို လျစ်လျူရှုကာ ပိုင်ကျီဟန်သည် အရှေ့သို့ လျှောက်လှမ်းသွားသည်။
သူ၏ ခြေလှမ်းများသည် ဖြည်းညှင်းပြီး သူ အာရုံစိုက်နေသည့် တစ်ခုတည်းသော အရာသည် အလယ်တွင် ရယ်မောနေသော ခံ့ညားထည်ဝါသည့် ပုဂ္ဂိုလ်ပင် ဖြစ်သည်။
“အဖေ” ပိုင်ကျီဟန်က လေထုကို ဖြတ်တောက်ကာ ပြောလိုက်သည်။
ပိုင်ထျန်းဟမ်၏ ဟက်ဟက်ပက်ပက် ရယ်မောသံမှာ ရပ်တန့်သွားပြီး မျိုးနွယ်စုခေါင်းဆောင်သည် အပြုံးဖြင့် လှည့်ကြည့်လာလေသည်။
သူ့ဘေးပတ်လည်ရှိ ဖားယားနေကြသူများအပေါ် သားဖြစ်သူ၏ ဂရုမစိုက်သည့် ဟန်ပန်ကို မြင်သောအခါ ပိုင်ထျန်းဟမ်၏ မျက်လုံးများတွင် ဂုဏ်ယူမှုနှင့် သဘောကျမှုတို့ ယှဉ်တွဲ၍ ဖျတ်ခနဲ ပေါ်လာသည်။
“အာ... ငါ့သား လာပြီပဲ”
သားအဖနှစ်ဦး စကားပြောဆိုနေစဉ် ခန်းမဆောင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။
“မင်းကို ငါ စောင့်နေတာ”
ပိုင်ကျီဟန်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။
“ဘာကိစ္စရှိလို့လဲ?”
“ကျီဟန်အာ... မင်းက ပိုင်မျိုးနွယ်စုရဲ့ အမွေဆက်ခံသူ ဖြစ်နေပြီပဲ။ တစ်ချိန်လုံး အိပ်နေတာတို့၊ ပုန်းအောင်းနေတာတို့ လုပ်နေလို့ မဖြစ်ဘူး။ ဒီနေ့မှာ ကောင်းကင်အင်ပါယာနဲ့ တခြားနေရာတွေက အင်အားကြီးအဖွဲ့အစည်း အသီးသီးက လူတွေ စုဝေးနေကြတာ။ ဂိုဏ်းအသီးသီးရဲ့ အမွေဆက်ခံသူတွေ၊ မျိုးနွယ်စု သခင်လေးတွေနဲ့ နာမည်ကြီး လူကြီးသူမတွေရဲ့ တပည့်တွေ... ဒီအခွင့်အရေးကို သုံးပြီး မင်းအနေနဲ့ အဆက်အသွယ်တွေ တည်ဆောက်ရမယ်”
ပိုင်ကျီဟန်၏ မျက်နှာသည် ချက်ချင်းပင် ပျက်သွားသော်လည်း ပိုင်ထျန်းဟမ်သည် သူ့ကို ငြင်းဆန်ခွင့်မပေးဘဲ ဆက်ပြောလိုက်သည်။
“ဒါက ယဉ်ကျေးမှု သက်သက်တင် မဟုတ်ဘူး။ ဒီနေ့ တည်ဆောက်လိုက်တဲ့ ဆက်ဆံရေးတွေက နောင်တစ်ချိန်မှာ မဟာမိတ်ဖြစ်ဖို့ အခြေခံအုတ်မြစ်တွေ ဖြစ်လာနိုင်တယ်”
ပိုင်ထျန်းဟမ်၏ မျက်လုံးများသည် အနည်းငယ် မှေးစပြုလာပြီး ပိုင်ကျီဟန် တစ်ဦးတည်းသာ ကြားနိုင်သော အသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“ဒါတင်မကသေးဘူး... သူတို့ထဲက အများစုက အကြောင်းပြချက် တစ်ခုတည်းနဲ့ ရောက်နေကြတာ။ အဲဒါက မင်းရဲ့အစ်မကို သူတို့ရဲ့ သတို့သမီးအဖြစ် တောင်းဆိုဖို့ပဲ။ အထူးဂိုဏ်းကြီးတွေ၊ တော်ဝင်မျိုးနွယ်စုတွေ၊ နောက်ဆုံး ထိပ်တန်း မျိုးနွယ်စုကြီး ၁၀ ခုထဲက တချို့တောင် အခု တံခါးလာခေါက်နေကြပြီ။ သူမရဲ့ မောင်တစ်ယောက်အနေနဲ့ သူတို့တွေက ရွှယ်ချင်းအာ နဲ့ တကယ်ပဲ ထိုက်တန်ရဲ့လားဆိုတာ မင်း ကြည့်ပေးသင့်တယ်”
သူ၏ စကားလုံးများသည် လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
ပိုင်ကျီဟန်၏ မျက်ခုံးများ တွန့်သွားသည်။
ပထမအချက်အနေဖြင့် အဆက်အသွယ်လုပ်ရန် ဤနေရာတွင် ရှိနေဖို့ မလိုဟု သူ ထင်မြင်သည်။
မဟာကောင်းကင်အဆင့်တက်ခြင်း ကျင့်ကြံသူ တစ်ဦးအနေဖြင့် ပိုင်ထျန်းဟမ်သည် နောက်ထပ် နှစ်ပေါင်း ရာချီအောင် ကောင်းကောင်း နေထိုင်သွားနိုင်သည်။
ထို့ကြောင့် သားဖြစ်သူသည် ယခုကတည်းက ဆက်ဆံရေး တည်ဆောက်နေရန် တကယ်ပဲ လိုအပ်သည်လား?
ဖခင်ဖြစ်သူ သေဆုံးသွားမှသာ လိုအပ်ကောင်း လိုအပ်နိုင်သော်လည်း ပိုင်မျိုးနွယ်စု၏ လက်ရှိ အင်အားနှင့်ဆိုလျှင် ထိုသို့ လိုအပ်ပါဦးမည်လော?
ဒုတိယအချက်မှာ... ပိုင်ရွှယ်ချင်း အတွက် ခင်ပွန်းရှာပေးဖို့ပင်
သူမကိုယ်တိုင်က ခင်ပွန်း လိုချင်သည်၊မလိုချင် သည်ကို ထားလိုက်ဦး။ သူမကို ထိန်းနိုင်မည့်သူရော ရှိပါ့မည်လား?
ထိုသို့လုပ်ခြင်းသည် သူတစ်ပါးကို တမင်သက်သက် ဒုက္ခတွင်းထဲ တွန်းပို့လိုက်သလို ဖြစ်မနေဘူးလား?
ထိုသနားစရာကောင်းသော ဝိညာဉ်သည် တစ်သက်လုံး ကျိန်စာတိုက်ခံရသလို ဖြစ်သွားပေလိမ့်မည်။
“စိတ်မပူပါနဲ့” ပိုင်ထျန်းဟမ်သည် ရယ်မောရင်း ပြောသည်။
“သူတို့တွေကလည်း မင်းလိုပဲ မျိုးဆက်သစ် လူငယ်တွေပါပဲ။ ငါတို့ လူကြီးပိုင်းတွေက သီးသန့် စုဝေးနေကြတာ၊ သူတို့ကတော့ တခြား ဝန်းတစ်ခုထဲမှာ ရှိနေကြတယ်။ အဲဒီကို သွားလိုက်ဦး”