← Chapters

မျဉ်းပေါ်က နှလုံးသားများ

Vol. 20 Ch. 295

မျဉ်းပေါ်က နှလုံးသားများ

Vol. 20 Ch. 295

လူငယ်များဖြင့် ပြည့်နှက်နေသော ဝန်းတစ်ခုအတွင်းမှ ဂီတသံများနှင့် ရယ်မောသံများ ပျံ့လွင့်လာသည်။

ပင်မခန်းမဆောင်ကြီး၏ ခန့်ညားထည်ဝါသော တည်ငြိမ်မှုနှင့်မတူဘဲ မျိုးဆက်သစ် လူငယ်များရှိရာ ဤဝန်းမှာမူ သက်ဝင် လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

အထက်တွင် ဖျော့တော့သော ကျောက်စိမ်းရောင် မီးအိမ်များသည် လင်းလက်နေပြီး ဝိညာဉ်အရက်များသည် အလျှံပယ် စီးဆင်းနေကာ မြင့်မြတ်သော သွေးမျိုးဆက်ရှိသည့် လူငယ်များသည် နွေဦးပေါက်မှ စာကလေးများကဲ့သို့ ရောနှောပျော်ပါးနေကြသည်။

“မင်း သူမကို မြင်လိုက်လား? ပိုင်ရွှယ်ချင်း လေ... တကယ့်ကို နတ်သမီးတစ်ပါး ဆင်းသက်လာသလိုပဲ။ ငါ ကျိန်ပြောရဲတယ်၊ ပြိုင်ပွဲမှာ သူမ ဓားကို မြှောက်လိုက်တဲ့အချိန်မှာ တိမ်တိုက်တွေတောင် ရပ်တန့်သွားသလိုပဲ”

“သူမရဲ့ အလှတင်မကဘူး၊ အစွမ်းကလည်း ကြောက်စရာပဲ။ အဲဒီလောက် တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ အမူအရာနဲ့ အနိုင်ယူသွားတာ။ အဲဒီ နောက်ဆုံး တိုက်ကွက်ကတော့... ဟား..သူမသာ ငါ့ကို ရည်ရွယ်ပြီး တိုက်လိုက်ရင် ငါတော့ ဘာမှမစဉ်းစားဘဲ လက်နက်ချမိမှာပဲ”

“သူမကို မြင်လိုက်ရတဲ့ ပထမဆုံး အခိုက်အတန့်မှာတင် ငါ ချစ်မိသွားတာ။ သူမက တကယ့်ကို ကောင်းကင်အင်ပါယာရဲ့ အလှဆုံး မိန်းကလေးပဲ... မဟုတ်ဘူး၊ တစ်လောကလုံးမှာ အလှဆုံးပဲ”

သဘောတူညီသည့် တိုးတိုးတိတ်တိတ် ပြောဆိုသံများမှာ လှိုင်းဂယက်ကဲ့သို့ ပျံ့နှံ့သွားသည်။

ပိုင်ရွှယ်ချင် ၏ အမည်သည် တစ်ခါပြီးတစ်ခါ ထွက်ပေါ်နေပြီး သူမ၏ အောင်ပွဲများနှင့် အလှတရားသည် တစ်ညတာအတွင်း၌ပင် လူသားတစ်ယောက်ထက် ဒဏ္ဍာရီတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့သည်။

ထိုဝန်းအတွင်း၌ပင် အာရုံစိုက်မှုအားလုံးသည် ပိုင်ရွှယ်ချင်းထံသို့ ရောက်နေသည်ကို မနာလိုစိတ်ဖြင့် စောင့်ကြည့်နေသော မိန်းကလေးများလည်း ရှိကြသည်။

၎င်းတို့ကိုယ်တိုင်လည်း လှပပြီး ချီးမွမ်းခြင်းခံရရန် ထိုက်တန်သည်ဟု ယူဆထားကြသော်လည်း ထိုအတွေးများကို ထုတ်မပြောဝံ့ဘဲ မိမိဘာသာသာ သိမ်းဆည်းထားကြသည်။

“ဘာလို့ ပိုင်ကျီဟန် ဒါမှမဟုတ် ပိုင်ရွှယ်ချင်းက ဒီကို ရောက်မလာတာလဲ? ပိုင်မျိုးနွယ်စုက ငါတို့ကို ဧည့်ခံဖို့ အနည်းဆုံး တစ်ယောက်ယောက်တော့ လွှတ်သင့်တာ မဟုတ်ဘူးလား?”

စကားပြောသံများ ခဏတာ တိတ်ဆိတ်သွားပြီး အများစုက ခေါင်းငြိမ့်ကာ သဘောတူကြသည်။

ဂုဏ်သရေရှိ ဧည့်သည်များဖြစ်သည့်အတွက် အစေခံများသာမက ပိုင်မျိုးနွယ်စုအတွင်း အဆင့်အတန်း မြင့်မားသူတစ်ဦးဦးမှ လာရောက်ဧည့်ခံရန် ထိုက်တန်သည်ဟု ၎င်းတို့ ယူဆထားကြရာ ပိုင်ရွှယ်ချင်းနှင့် ပိုင်ကျီဟန်တို့သည် သင့်တော်သော အိမ်ရှင်များ ဖြစ်ကြသည်။

“အာ... ပိုင်ကျီဟန်။ သူ့ရဲ့ ပါရမီက ရွှယ်ချင်းထက်တောင် သာတယ်လို့ ပြောကြတယ်။ အဲဒါ တကယ်ပဲလားလို့ ငါ တွေးမိတယ်”

“သူက ပြိုင်ပွဲတောင် မဝင်ခဲ့ဘူးမလား? တကယ်လို့ အဲဒီ ကောလာဟလတွေသာ မှန်မယ်ဆိုရင် သူ ဝင်ပြိုင်မှာ သေချာပါတယ်။ ဒါ့အပြင် သူက အသုံးမကျတဲ့လူလို့ နာမည်ကြီးတာလေ။ လူတစ်ယောက်ရဲ့ ပါရမီက ဒီလောက် လွယ်လွယ်နဲ့ ပြောင်းလဲသွားမယ်လို့ ငါမထင်ဘူး”

“ဒါပေမဲ့ သူက မြစိမ်းရောင်နေမင်း ဂိုဏ်းက လူတွေနဲ့ သူတို့ရဲ့ အကြီးအကဲကိုပါ ရိုက်နှက်ခဲ့တယ်လို့ ငါကြားမိတယ်နော်။ သူက အရင်

အတိုင်းပဲ ရက်စက်ပုံရတယ်”

“ဘာပဲဖြစ်ဖြစ်လေ၊ သူက ကောင်းကင်အင်ပါယာရဲ့ အင်အားအကြီးဆုံး မျိုးနွယ်စုရဲ့ အမွေဆက်ခံသူပဲ။ သူ့ကို မကြိုက်တဲ့လူတွေကို ရှင်းထုတ်ဖို့ သူ့မှာ သက်တော်စောင့်တွေ အများကြီး ရှိမှာပေါ့”

ပိုင်ကျီဟန် တစ်ယောက်တည်းနှင့် မြစိမ်းရောင်နေမင်း ဂိုဏ်း၊ အထူးသဖြင့် အကြီးအကဲ ဝူကို ရင်ဆိုင်နိုင်သည်ဟု ၎င်းတို့ မယုံကြည်ကြပေ။ သို့သော် ပိုင်မျိုးနွယ်စု၏ နောက်ခံအင်အားနှင့်ဆိုလျှင် ထိုသို့လုပ်ဆောင်ရန်မှာ အလွန်လွယ်ကူကြောင်း ၎င်းတို့ သိထားကြသည်။

ထိုစကားများ ပြောဆိုနေကြစဉ်မှာပင် ပိုင်ကျီဟန်သည် ဝန်းအတွင်းသို့ နောက်ဆုံးတွင် ဝင်ရောက်လာခဲ့သည်။

“ရှူး... ပိုင်ကျီဟန် လာပြီ”

စကားပြောသံများ ရုတ်ချည်း ရပ်တန့်သွားကြကာ အချို့မှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး အချို့မှာမူ အပြစ်ရှိသကဲ့သို့ မျက်နှာလွှဲလိုက်ကြသည်။

မျိုးနွယ်စုသခင်လေး၏ ရောက်ရှိလာမှုသည် ပေါ့ပေါ့ပါးပါး ရှိလှသော်လည်း ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင်။ မလုံမလဲဖြစ်မှုနှင့် စူးစမ်းလိုစိတ် ဂယက်များသည် ချက်ချင်းပင် ပျံ့နှံ့သွားသည်။

တစ်ချိန်က စကားသံ၊ ရယ်မောသံများဖြင့် စည်ကားနေသော ဝန်းတစ်ခုလုံးသည် တိတ်ဆိတ်ခြင်းဖြင့် လွှမ်းမိုးသွားသည်။

တီးခတ်သူများသည် လက်ကို အောက်ချလိုက်ကြသဖြင့် ဂီတသံစဉ်များသည် လေထုထဲ၌ အရှိန်မသတ်နိုင်ဘဲ ကျန်ရစ်ခဲ့သည်။

မျက်လုံးပေါင်းများစွာက သူ့ထံသို့ စိုက်ကြည့်နေကြသည်။ အချို့မှာ အံ့သြတကြီးဖြင့်၊ အချို့မှာ ကြောက်ရွံ့မှုဖြင့်၊ အချို့မှာမူ မနာလိုစိတ်များဖြင့် ဖြစ်သည်။

ပိုင်ကျီဟန်သည် အလျင်စလိုမရှိဘဲ လမ်းလျှောက်ဝင်လာသည်။ သူ၏ ဟန်ပန်သည် အေးအေးဆေးဆေး ရှိလှသော်လည်း စုဝေးနေသူအားလုံး၏ နှလုံးသားကို ဖိနှိပ်ထားနိုင်သည့် ဩဇာအာဏာမျိုး ရှိနေသည်။

သူသည် တကယ်ပင် အစွမ်းထက်သည်ဖြစ်စေ၊ မထက်သည်ဖြစ်စေ သေချာသည့်

အချက်တစ်ခုမှာ သူ၏ တည်ရှိမှုသည် ငြင်းဆန်၍မရအောင် ထင်ရှားနေပြီး လူတိုင်း၏ အာရုံစိုက်မှုနှင့် လေးစားမှုကို ရရှိစေခြင်းပင် ဖြစ်သည်။

ဝန်း၏ အလယ်ဗဟိုတည့်တည့်တွင် သူ ရပ်လိုက်သောအခါ သူ၏ ပိုးသားဝတ်ရုံစသည် ကျောက်စိမ်းကြွေပြားများနှင့် အသာအယာ ထိခတ်သွားသည်။

သူ၏ အကြည့်သည် လျှပ်စီးကဲ့သို့ ထက်မြက်ပြီး စုဝေးနေသော အမွေဆက်ခံသူများနှင့် ပါရမီရှင်များကို ဝေ့ကြည့်လိုက်သည်။

“ငါက ပိုင်ကျီဟန် ပဲ” သူ၏ အသံသည် တိတ်ဆိတ်မှုကို ဖြတ်ကျော်ကာ ချောမွေ့သော်လည်း ပြတ်သားစွာ ထွက်ပေါ်လာသည်။ “ပိုင်မျိုးနွယ်စုရဲ့ အမွေဆက်ခံသူပဲ”

ထိုစကားလုံးများသည် ကြေညာချက်တစ်ခုကဲ့သို့ ကျရောက်လာပြီး ငြင်းခုံရန် နေရာမရှိတော့ပေ။

“ကောင်းပြီ၊ မင်းတို့ ဒီကို ရောက်နေမှတော့ အဲဒီလောက်တော့ အနည်းဆုံး သိကြမှာပါ”

တင်းမာမှုများ ပျံ့နှံ့သွားသည်။ အချို့က ပင်ကိုယ်အသိဖြင့် ခေါင်းငုံ့လိုက်ကြပြီး အချို့မှာမူ သူ့ကို ပြန်လည်စိုက်ကြည့်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ကြပေ။

ပိုင်ကျီဟန်၏ မျက်လုံးများသည် အနည်းငယ် မှေးသွားသည်။ သူသည် ဂုဏ်သရေရှိသူများနှင့် မျိုးနွယ်စုကြီးများ၏ ရွေးချယ်ခံသူများကို ကြည့်နေခြင်းထက် ဈေးထဲတွင် ကုန်ပစ္စည်းများကို စစ်ဆေးနေသကဲ့သို့ သူ၏ မေးစေ့ကို ပင့်လိုက်သည်။

“ငါ ကြားတာကတော့...” သူက တည်ငြိမ်လွန်းသော လေသံဖြင့် ဆက်ပြောသည်။ “မင်းတို့ထဲမှာ ငါ့အစ်မ ပိုင်ရွှယ်ချင်းကို လက်ထပ်ချင်နေတဲ့သူတွေ ရှိတယ်ဆိုပဲ”

လေထုက ပို၍ လေးလံလာသည်။ လူအချို့သည် လည်ချောင်းထဲတွင် တံတွေးပင် ခက်ခဲစွာ မျိုချလိုက်ရသည်။

“အဲဒီတော့...” ပိုင်ကျီဟန်၏ နှုတ်ခမ်းဖျားတွင် အပြုံးယောင်ယောင်လေး တစ်ခု ပေါ်လာပြီး ပြောလိုက်သည်။ “တစ်ဖက်ကို ခဏလောက် ဖယ်ပေးကြပါ”

တိတ်ဆိတ်မှုသည် ကြာရှည်စွာ လွှမ်းမိုးနေပြီး မည်သူတစ်ဦးတစ်ယောက်မျှ လှုပ်ရှားခြင်း မရှိကြချေ။

ပိုင်ကျီဟန်သည် ထိုတိတ်ဆိတ်မှုကို အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆွဲဆန့်ထားပြီး သူ၏ အကြည့်များသည် လူငယ်များ၏ လည်ပင်းပေါ်တွင် ဓားသွားတစ်လက် ပြေးလွှားနေသကဲ့သို့ တဖျတ်ဖျတ် ဝေ့ဝဲကြည့်ရှုနေသည်။

ထို့နောက် သူ၏ နှုတ်ခမ်းများ ပွင့်ဟလာပြီး သရော်လှောင်ပြောင်မှုများ ရောယှက်နေသော အသံဖြင့် ဆိုလိုက်သည်။

"ဘာလဲ... မင်းတို့ထဲက တစ်ယောက်မှ ရှေ့ကို တက်မလာရဲဘူးလား"

ထိုစကားလုံးများသည် ပါးရိုက်ခံရသည်ထက်ပင် ပို၍ နာကျင်စေသည်။

"မင်းတို့ ဒီမှာ စုဝေးပြီး ချစ်တက်နေတဲ့ ကလေးတွေလို တိုးတိုးတိုးတိုးနဲ့ ပြောနေကြတာပဲ၊ ဒါပေမဲ့ တကယ်တမ်း မေးလိုက်တော့လည်း လူကြောက်တွေလို နောက်တွန့်နေကြတယ်။ ကိုယ့်ရဲ့ ခံစားချက်ကိုတောင် ဝန်ခံရဲတဲ့ သတ္တိမရှိရင် နဂါးနှင့်ဖီးနစ် အဆင့်သတ်မှတ်ချက်ရဲ့ ချန်ပီယံနှလုံးသားကို ဘယ်လိုများ သိမ်းပိုက်ဖို့ ကြံရွယ်နေကြတာလဲ"

သူ၏ လေသံသည် ကျယ်လောင်ခြင်း၊ ခက်ထန်ခြင်း မရှိသော်လည်း ထိုစကားထဲတွင် ပါဝင်သော ကဲ့ရဲ့သံများကြောင့် လူအများအပြား၏ မျက်နှာများမှာ နီမြန်းလာကြသည်။

မလုံမလဲဖြစ်ကုန်ပြီး စိုးရိမ်တကြီး တိုးတိုး ပြောဆိုသံများ ပျံ့လွင့်သွားသည်။

ပိုင်ကျီဟန်သည် ခပ်ဖွဖွ စုတ်သပ်လိုက်ပြီး

"သနားစရာပဲ။ ဒါလား ကောင်းကင် အင်ပါယာရဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ ဂုဏ်သိက္ခာဆိုတာ။ မင်းတို့မှာ ကိုယ့်ခံစားချက်ကို ဝန်ခံရဲတဲ့ သတ္တိလေးတောင် မရှိကြဘူးလား"

ထို့နောက် ပိုင်ကျီဟန်၏ မျက်လုံးများသည် အနည်းငယ် နူးညံ့သွားသော်လည်း သူ၏ အပြုံးမှာမူ ထက်မြက်နေဆဲပင်။

"သေချာနားထောင်ကြ။ ငါ့ကို ငါ့အဖေ ပိုင်ထျန်းဟမ် ကိုယ်တိုင်က ဒီကို စေလွှတ်လိုက်တာ။ သူမရဲ့ မောင်တစ်ယောက်အနေနဲ့၊ ဒီမျိုးနွယ်စုရဲ့ အမွေဆက်ခံသူတစ်ယောက်အနေနဲ့ ငါ့မှာ ပိုင်ရွှယ်ချင်း အတွက် စကားပြောပိုင်ခွင့်ရှိတယ်။ ငါသာ စိတ်ကျေနပ်မယ်ဆိုရင် ၊ မင်းတို့ထဲက အနည်းငယ်မျှသော အရည်အချင်းကို ငါတွေ့ခဲ့မယ်ဆိုရင် မင်းတို့အနေနဲ့ ပိုင်ရွှယ်ချင်းနဲ့ လက်ထပ်ဖို့ အခွင့်အရေး ရလိမ့်မယ်"

ထိုစကားတစ်ခွန်းသည် အခြေအနေအားလုံးကို ပြောင်းလဲပစ်လိုက်သည်။

"ဒါကြောင့် ငါ ထပ်ပြောမယ်၊ ငါ့အစ်မကို လက်ထပ်ချင်တဲ့သူတွေ... ဘေးကို ထွက်ခဲ့ကြ”

ယခင်က တုံ့ဆိုင်းနေသော မျက်လုံးများတွင် ယခုအခါ မီးတောက်များ တဖျတ်ဖျတ် တောက်လောင်လာကြသည်။

အကယ်၍ ဤသည်မှာ စမ်းသပ်မှုတစ်ခုသာ ဆိုပါက ထိုကဲ့သို့သော အခွင့်အရေးမျိုးကို သူတို့ မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။

အဆိုပြုရန် အစီအစဉ်မရှိခဲ့သူ အချို့ပင်လျှင် သူတို့ပါ လက်ထပ်ခွင့် ရနိုင်ခြေရှိသည်ဟု ထင်မှတ်ကာ အုပ်စုထဲသို့ ဝင်ရောက်လာကြသည်။

ရင်ပြင်တစ်ခုလုံး နှစ်ခြမ်းကွဲသွားသယောင် ရှိတော့သည်။ လူပေါင်း ဒါဇင်နှင့်ချီ၍ ဘေးသို့ တိုးထွက်ကာ ကျောက်စိမ်းရောင် မီးအိမ်များအောက်တွင် တန်းစီရပ်လိုက်ကြသည်။

ပိုင်ကျီဟန်သည် ငါးစာဟပ်မိသွားသော သားကောင်များကို ကြည့်နေသကဲ့သို့ သူ၏ အပြုံးမှာ ပိုမို ကျယ်ပြန့်လာသည်။

"ဒါဆို..." သူက အေးအေးလူလူ လေသံဖြင့် ပြောလိုက်သော်လည်း လူတိုင်း၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

"မင်းတို့အားလုံးက ပိုင်ရွှယ်ချင်း ကြောင့် ဒီကို ရောက်နေကြတာပေါ့ ဟုတ်လား"

"ဟုတ်ပါတယ်”

ထိုစကားသံသည် တစ်ယောက်တည်းထံမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ လူပေါင်းများစွာ၏ အသံများ စုပေါင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

၎င်းသည် ရင်ပြင်တစ်ခုလုံးတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ပဲ့တင်ထပ်သွားပြီး တိတ်ဆိတ်မှုကို စိတ်အားထက်သန်မှုများဖြင့် အစားထိုးလိုက်သည်။

အချို့က ဂုဏ်ယူစွာ အော်ဟစ်ကြပြီး အချို့မှာ တုန်ရင်သော စိတ်ပိုင်းဖြတ်မှုများဖြင့် အော်ဟစ်ကြသော်လည်း အားလုံးသည် တူညီသော အတည်ပြုချက်ကိုသာ ပဲ့တင်ထပ်စေခဲ့သည်။

ပိုင်ကျီဟန်၏ မျက်လုံးများမှာ အနည်းငယ် မှေးစင်းသွားသော်လည်း နွေးထွေးမှု မရှိချေ။

သူသည်လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး တမင်တကာပင် လက်ခုပ်တီးလိုက်သည်။

"ကောင်းတယ်။ အားလုံးပဲ... သူတို့ကို လက်ခုပ်တီးပေးကြပါအုံး” သူက ပြေပြစ်စွာ ပြောလိုက်သော်လည်း လေသံသည် သရော်မှုများဖြင့် ပြည့်နှက်နေသည်။

"ကိုယ့်အသက်ကို ရင်းပြီး စွန့်စားရဲတဲ့ ဒီသတ္တိခဲတွေကို လက်ခုပ်တီးပေးလိုက်ကြပါ။ ငါ သူတို့ရဲ့ သတ္တိကို တကယ်ပဲ ချီးကျူးမိတယ်"

လူအုပ်ကြီးထဲတွင် ဇဝေဇဝါ ဖြစ်မှုများသည် လှိုင်းလုံးတစ်ခုကဲ့သို့ ရိုက်ခတ်သွားသည်။

"ငါတို့ အသက်ကို... ရင်းရမယ် ဟုတ်လား"

"သူ ဘာကို ဆိုလိုတာလဲ"

"ငါတို့က သခင်မလေး ရွှယ်ချင်း ကို မြတ်နိုးပါတယ်လို့ ပြောရုံတင် မဟုတ်ဘူးလား"

ရောက်ရှိနေသူတိုင်း၏ မျက်နှာပေါ်တွင် ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်ပေါက်လာကာ လက်ထပ်ခွင့် လာတောင်းသည့် ကိစ္စသည် မည်သို့ကြောင့် အသက်အန္တရာယ် စွန့်စားခြင်းအဖြစ်သို့ ပြောင်းလဲသွားရသနည်း။

ပိုင်ကျီဟန်ကို အမျက်မထွက်စေလိုသောကြောင့် လက်ထပ်ခွင့် မတောင်းဘဲ ဘေးမှ ကြည့်နေသူများမှာမူ ဘာကြောင့်မှန်း မသိသော်လည်း ညွှန်ကြားသည့်အတိုင်း လက်ခုပ်တီးပေးလိုက်ကြသည်။

All Chapters