← Chapters

သူမ ချစ်လာစေရန် ၊ရယ်အောင်လုပ်ရန်

Vol. 20 Ch. 296

သူမ ချစ်လာစေရန် ၊ရယ်အောင်လုပ်ရန်

Vol. 20 Ch. 296

ပိုင်ကျီဟန်၏ အပြုံးသည် ပိုမိုကျယ်ပြန့်လာပြီး ကျောက်စိမ်းမီးအိမ်များ၏ အလင်းဖျော့ဖျော့အောက်တွင် သူ၏ သွားများမှာ တဖျတ်ဖျတ် တောက်ပြောင်နေသည်။

အဖေသည် သူ့အား ဤမျှ အရေးကြီးသော တာဝန်ကို ပေးအပ်ထားသည်ဖြစ်ရာ သူ အလေးအနက်ထားပြီး လုပ်ဆောင်ရန် လိုအပ်ပေသည်။

"ပြောကြပါဦး..." သူ၏ လေသံမှာ ချောမောပြေပြစ်သော်လည်း ထူးဆန်းသော ဖိအားတစ်ခု ပါဝင်နေသည်။ "ငါ့အစ်မရဲ့ ခင်ပွန်းလောင်းဖြစ်ဖို့ ဘယ်လို အရည်အချင်းမျိုးတွေ ရှိရမလဲဆိုတာ မင်းတို့ သိကြလား"

ထိုမေးခွန်းသည် လေထုထဲတွင် ပျံ့လွင့်သွားသည်။ ထို့နောက် လူငယ်များမှာ အဖြေမှန်ကို ဖြေကြားနိုင်ရန် စိတ်အားထက်သန်စွာဖြင့် တစ်ယောက်တစ်ပေါက် အပြိုင်အဆိုင် ပြောဆိုကြတော့သည်။

"ကျင့်စဉ်အဆင့် မြင့်ရမယ်လေ..သူမရဲ့ အဆင့်အတန်းနဲ့ ညီမျှတဲ့ ခွန်အားမျိုး ရှိရမယ်”

"နာမည်ဂုဏ်သတင်းပေါ့၊ နတ်သမီး ပိုင်ရွှယ်ချင်းရဲ့ ကျော်ကြားမှုနဲ့ မယှဉ်နိုင်ရင် ဘယ်သူကများ သူမကို ပိုင်ဆိုင်ဖို့ မျက်နှာပြောင်တိုက် ဝံ့ပါ့မလဲ"

"နောက်ခံ အသိုင်းအဝိုင်း၊ ဂုဏ်သိက္ခာရှိတဲ့ မိသားစုကမှ သူမရဲ့ ဘေးမှာ ရပ်တည်နိုင်မှာ"

"ရုပ်ရည်ပဲ ဖြစ်ရမယ်။ဒါမှမဟုတ်ရင် နံပါတ်တစ် အလှမယ်လို့ တင်စားကြတဲ့ ပိုင်ရွှယ်ချင်းနဲ့ ဘယ်လိုလုပ် လိုက်ဖက်တဲ့ စုံတွဲဖြစ်နိုင်မှာလဲ"

သူတို့၏ အဖြေများသည် တစ်ခုပြီးတစ်ခု အလျင်အမြန် ထွက်ပေါ်လာကြပြီး

တစ်ယောက်ထက် တစ်ယောက် ပို၍ သေချာသယောင် ကြိုးစားဖြေဆိုနေကြခြင်းဖြစ်သည်။

သို့သော် ပိုင်ကျီဟန်က ခေါင်းယမ်းလိုက်သည်။ သူ၏ အမူအရာသည် ဉာဏ်ထိုင်းသော တပည့်များကို စိတ်ပျက်နေသည့် ဆရာတစ်ယောက်ကဲ့သို့ပင်။

"မဟုတ်ဘူး။ အဲဒါတွေ တစ်ခုမှ အရေးမကြီးဘူး"

လူအုပ်ကြီးသည် နောက်တစ်ကြိမ် ဇဝေဇဝါ ဖြစ်သွားကြပြန်သည်။

သူတို့ စာရင်းပြုစုထားသည့် အရာများထက် ပို၍ အရေးကြီးသောအရာ ဘာရှိနိုင်ဦးမည်

နည်း။ အနည်းဆုံး အဖြေတစ်ခုတော့ မှန်သင့်သည်ဟု သူတို့ တွေးနေကြသည်။

"မင်းတို့အားလုံး မှားကုန်ပြီ။ အဖြေမှန်ကတော့..." ပိုင်ကျီဟန်၏ အသံမှာ တိုးညင်းသွားသော်လည်း အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်မှာ "... သူမကို ရယ်အောင် လုပ်ပေးနိုင်တဲ့သူပဲ"

"သူမကို ရယ်အောင် လုပ်ပေးရမယ် ဟုတ်လား"

"အင်း... အဲဒါကလည်း ကျိုးကြောင်းဆီလျော်မှု ရှိသားပဲ”

"သူမရဲ့ မောင်ကိုယ်တိုင် ပြောတာဆိုတော့ အမှန်ပဲ ဖြစ်ရမယ်"

အများအပြားသည် ပိုင်ကျီဟန်၏ စကားကို ဆွေးနွေးငြင်းခုံကြသည်။ သူတို့ ပို၍ စဉ်းစားလေလေ၊ ထိုစကားမှာ ပို၍ ယုတ္တိရှိလေလေ ဖြစ်နေတော့သည်။

အမှန်စင်စစ် ပိုင်ရွှယ်ချင်းသည် ကျင့်စဉ်ပါရမီ၊ ခွန်အား၊ နောက်ခံအသိုင်းအဝိုင်း၊ ကျော်ကြားမှုနှင့် အလှအပတို့တွင် ပြိုင်ဘက်မရှိသူ ဖြစ်နေပြီဖြစ်သည်။

ဤနေရာတွင် ရှိနေသူများထဲမှ မည်သူမျှ ထိုအချက်များတွင် သူမကို ကျော်လွန်နိုင်ခြင်း မ

ရှိကြချေ။

အချို့ဆိုလျှင် အနည်းငယ်ပင် စိတ်သက်သာရာ ရသွားကြသည်။ အကယ်၍ သူမကို ရယ်အောင်လုပ်ပေးရုံနှင့် တကယ်တမ်း အဆုံးအဖြတ်ပေးမည်ဆိုပါက သူတို့အတွက် အခွင့်အရေးရှိနိုင်သေးသည် မဟုတ်ပါလော

လောင်ချင်းမှာမူ ပိုင်ကျီဟန်၏ နောက်တွင် ရပ်နေရင်း သူမ၏ သခင်လေးသည် ပိုင်ရွှယ်

ချင်း၏ အိမ်ထောင်ရေးကို သူဖြစ်ချင်သလို လျှောက်လုပ်နေသည့်အပေါ် မည်သို့တုံ့ပြန်ရမည်မှန်း မသိတော့ချေ။ (မမလေးသာ သိသွားရင်တော့ သခင်လေး တစ်ခါ ပြဿနာတက်ဦးမှာပဲ)

ဧည့်သည်များအကြားတွင် တီးတိုး ပြောဆိုသံများ ပျံ့လွင့်နေစဉ် ပိုင်ကျီဟန်၏ အပြုံးမှာ ပို၍ ထက်မြက်လာသည်။ သူ၏ အသံသည် နောက်တစ်ကြိမ် ဟိန်းထွက်လာပြန်သည်။

"ကဲ... ဒါဆိုရင်... မင်းတို့အားလုံးက ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အရမ်း စိတ်အားထက်သန်နေကြတာဆိုတော့... မင်းတို့မှာ တကယ်ပဲ အဲဒီ အရည်အချင်းရှိ၊ မရှိ ကြည့်ကြတာပေါ့"

သူ၏ အကြည့်များသည် သူတို့အပေါ် ဝေ့ဝဲသွားပြီး နှုတ်ခမ်းထောင့်ရှိ သရော်ပြုံးသည် ပို၍ နက်ရှိုင်းလာသည်။

"ငါ့အစ်မရဲ့ ဘဝထဲကို ပျော်ရွှင်မှု အစအနလေးပဲဖြစ်ဖြစ် မင်းတို့ ယူဆောင်ပေးနိုင်မလားဆိုတာကို ဆုံးဖြတ်ဖို့အတွက် ငါတို့ ပြိုင်ပွဲတစ်ခု လုပ်ကြမယ်"

သူသည် လက်ကို မြှောက်လိုက်ပြီး အမိန့်တစ်ခုကို အတည်ပြုလိုက်သကဲ့သို့ သူ၏ လက်ချောင်းဖြင့် လက်ဖဝါးကို ပုတ်လိုက်သည်။

"ငါ့ကို ရယ်အောင် လုပ်နိုင်တဲ့သူ ဘယ်သူမဆို... ပိုင်ရွှယ်ချင်းနဲ့ လက်ထပ်ဖို့အတွက် ပထမအဆင့်ကို အောင်မြင်တယ်လို့ သတ်မှတ်မယ်"

ထိုစကားလုံးများသည် ရင်ပြင်ရှိ ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ပင်။

"ဘာ... သူ့ကို ရယ်အောင် လုပ်ရမယ် ဟုတ်လား"

"ဒါ... ဒါက စမ်းသပ်မှုလား"

"သူ တကယ်ပြောနေတာ မဟုတ်လောက်ပါဘူး..."

တီးတိုးသံများသည် မီးပွားများကဲ့သို့ ထွက်ပေါ်လာသည်။ အချို့သည် မယုံကြည်နိုင်ဖြစ်နေကြပြီး အချို့က ထိတ်လန့်နေကြသော်လည်း အချို့မှာမူ အနည်းငယ် မျှော်လင့်ချက်ရှိသော အကြည့်များဖြင့် ကြည့်နေကြသည်။

ငယ်ရွယ်သော အမွေခံ လူငယ်တစ်စုမှာမူ စိတ်လှုပ်ရှားစွာဖြင့် မျက်နှာများ ဝင်းပလာပြီး တစ်ဦးနှင့်တစ်ဦး တီးတိုး ပြောဆိုနေကြသည်။

ဒါသာ တကယ် စမ်းသပ်မှုဆိုပါက သူတို့တွင် အခွင့်အရေးရှိချေပြီ။ ၎င်းသည် ကျင့်စဉ်၊ ကျော်ကြားမှု ဒါမှမဟုတ် ချမ်းသာကြွယ်ဝမှုနှင့် မဆိုင်ပေ။ဉာဏ်ပညာဖြင့်သာ ဆိုင်၏

သို့သော် လူတိုင်းသည် ထိုကဲ့သို့ စိတ်အားထက်သန်နေကြသည်တော့ မဟုတ်ပေ။

အင်ပါယာ၏ တတိယမင်းသား ယုဝမ်ကျောက်၏ မျက်နှာသည် သိသိသာသာ အုံ့မှိုင်းသွားသည်။ သူ၏ ဂုဏ်ယူဝင့်ကြွားသော အမူအရာသည် စော်ကားခံလိုက်ရသကဲ့သို့ တင်းမာသွားတော့သည်။

သူသည် ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး မကျေနပ်မှုများ ပြည့်နှက်နေသော အသံဖြင့် ဆိုလိုက်သည်။

"ပိုင်ကျီဟန်..." မင်းသားက အာဏာစက် အပြည့်ပါသော အသံဖြင့် ဆိုလိုက်သည်။

"ငါက ကောင်းကင် အင်ပါယာရဲ့ မင်းသားတစ်ပါးပဲ။ ငါ့လို အဆင့်အတန်းမျိုးရှိတဲ့သူက ဒီလို ဟာသပြိုင်ပွဲမျိုးမှာ တကယ်ပဲ ဝင်ပြီး ကပြနေရမှာလား။ ငါ့လိုလူမျိုးဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်သင့်တာပေါ့"

သူကဲ့သို့ပင် နောက်ခံအသိုင်းအဝိုင်း ခိုင်မာတောင့်တင်းပြီး ဤပြိုင်ပွဲကို စော်ကားမှုတစ်ခုအဖြစ် ယူဆကြသော အခြား ကိုယ်စားလှယ်လောင်းများထံမှလည်း ထောက်ခံသည့် အသံများ ထွက်ပေါ်လာသည်။

လေထုသည် တင်းမာသွားတော့သည်။ လူအများသည် တတိယမင်းသားနှင့် ပိုင်ကျီဟန်ကြားတွင် ပဋိပက္ခများ ပေါက်ကွဲလာလေမလားဟု စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။

တတိယမင်းသားကဲ့သို့ အဆင့်အတန်းရှိသူတစ်ဦးသည် ပိုင်ကျီဟန် လျှောက်လုပ်သမျှကို အဓိပ္ပာယ်မရှိ လိုက်လုပ်လိမ့်မည်မဟုတ်ဟု လူတိုင်းက ထင်ကြသည်။

ထို့ပြင် ပိုင်ကျီဟန် အနေဖြင့်လည်း တတိယမင်းသားကဲ့သို့ ပုဂ္ဂိုလ်မျိုးကို ဤကဲ့သို့ အခြေအနေမျိုး ကြုံတွေ့စေလိမ့်မည်ဟု သူတို့ မထင်ထားကြချေ။

သို့သော် ပိုင်ကျီဟန်ကမူ သူ၏ အပြုံးကို ပို၍ပင် ကျယ်ပြန့်လိုက်သည်။ သူသည် လက်

နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး မျက်လုံးများတွင် လှောင်ပြောင်ရယ်မောလိုသည့် အရိပ်အယောင်များဖြင့် ဝင်းပနေသည်။

"အို... အရှင်မင်းသားပါလား”

သူသည် သူငယ်ချင်းဟောင်းတစ်ယောက်ကို နှုတ်ဆက်သကဲ့သို့ နွေးထွေးစွာ ဆိုလိုက်

သည်။

"အရှင်မင်းသားကလည်း ကျွန်တော့်အစ်မကို စိတ်ဝင်စားနေမှန်း မသိခဲ့ပါဘူး။ သူမကတော့ တကယ်ကို ကံကောင်းတာပဲ”

ပိုင်ကျီဟန်၏ ချီးကျူးစကားများကြောင့် တတိယမင်းသား၏ မာန်မာနသည် အနည်းငယ် ပြေလျော့သွားသည်။ အနည်းဆုံးတော့ ပိုင်ကျီဟန်သည် လူကြီးလူကောင်း ပီသပြီး သူ၏ အဆင့်အတန်းကို သိသလို ခံစားလိုက်ရကာ ဤကဲ့သို့ ကလေးကစားစရာ ပြိုင်ပွဲတွင် ဝင်ပါပြီး သူ့ကိုယ်သူ အဆင့်ချစရာ မလိုတော့ဟု တွေးလိုက်မိသည်။

"ဒါပေမဲ့ ကျွန်တော်ကတော့ ဘက်လိုက်လို့ မရဘူးဗျ။ စည်းကမ်းဆိုတာ စည်းကမ်းပဲ။ အကယ်၍ အရှင်မင်းသားက ဒီပြိုင်ပွဲက အဆင့်အတန်းနဲ့ မလိုက်ဖက်ဘူးလို့ ယူဆရင်တော့ နုတ်ထွက်သွားလို့ ရပါတယ်။ ဘယ်သူမှ အတင်းအကျပ် မတိုက်တွန်းပါဘူး"

ရင်ပြင်တစ်ခုလုံး ငြိမ်သက်သွားတော့သည်။

အဆုံးသတ်မှာတော့ ပိုင်ကျီဟန်သည် တတိယမင်းသားကို မျက်နှာသာ လုံးဝ မပေးခဲ့ပေ။

ပိုင်ကျီဟန်သည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး သူ၏ အကြည့်များသည် မင်းသား၏ ဂုဏ်သိက္ခာကို ဓားဖြင့် လှီးဖြတ်နေသကဲ့သို့ စူးရှနေသည်။

"ပိုင်ရွှယ်ချင်းကို တကယ်တမ်း အလေးအနက်ထားပြီး လက်ထပ်ချင်တဲ့သူတွေပဲ ဒီမှာ ကျန်ခဲ့ရမယ်။ အကယ်၍ ဒီလို စမ်းသပ်မှု သေးသေးလေးကိုတောင် မခံနိုင်ဘူးဆိုရင်..."

သူသည် စကားကို ခေတ္တရပ်လိုက်ပြီး ခပ်ဖွဖွ ရယ်မောလိုက်သည်။ "...သူမရဲ့ ဒေါသကို မင်းတို့ ဘယ်လိုများ ခံနိုင်ရည်ရှိမှာလဲ"

လောင်ချင်းမှာမူ ဆွံ့အသွားတော့သည်။ ပိုင်ကျီဟန် ပြောပုံအရဆိုလျှင် ပိုင်ရွှယ်ချင်းနှင့် ဆက်ဆံရသည်မှာ သူ့ကို ရင်ဆိုင်ရသည်ထက် ပို၍ ခက်ခဲသည့်အလား။ လက်တွေ့မှာ ထိုအချက်က ပြောင်းပြန်ပင် ဖြစ်နေတော့သည်။

ပိုင်ရွှယ်ချင်းသည် ချဉ်းကပ်ရခက်သည်မှာ မှန်သော်လည်း သူမသည် အမြဲတမ်း တည်ငြိမ်ပြီး ယဉ်ကျေးပျူငှာသူဖြစ်သည်။ ပိုင်ကျီဟန်ကို ဆက်ဆံရသည်မှာ ထိုနေ့ရှိ သူ၏ စိတ်ခံစားချက်အပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေသည်။

သို့သော်လည်း ပိုင်ကျီဟန်သည် သူ၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် အမြင်စောင်းမှုများမှ ပြောဆိုနေခြင်းသာ ဖြစ်သည်။ သူ့ကိုယ်သူ ပေါင်းသင်းရလွယ်သူဟု ယုံကြည်နေပြီး သူ၏ အစ်မကသာ ပေါင်းသင်းရခက်သူဟု ထင်မှတ်ထားခြင်းသည် မောင်နှမချင်း ဖြစ်လေ့ဖြစ်ထရှိသော သဘာဝပင်။

မည်သို့ပင်ဆိုစေ၊ သူဆိုလိုသည်မှာ ရှင်းလင်းလှပြီး နုတ်ထွက်ချင်ရင် ထွက်နိုင်၏ သို့တိုင် ပိုင်ရွှယ်ချင်းကို လက်ထပ်ဖို့ အရည်အချင်း မရှိတော့ဘူးဟု မှတ်ယူရမည်။

တတိယမင်းသား ယုဝမ်ကျောက်မှာ သိသိသာသာ ဒေါသထွက်နေသော်လည်း အကျိုးဆက်များကို ပြန်လည်စဉ်းစားရတော့သည်။

အကယ်၍ သူသာ ပိုင်ရွှယ်ချင်းကို လက်ထပ်ခွင့် ရရှိခဲ့ပါက ထီးနန်းစည်းစိမ်သည် သူ၏ လက်တစ်ကမ်းသို့ ရောက်ရှိလာမည်ဖြစ်သည်။

ထို့ပြင် ပိုင်ရွှယ်ချင်းသည် ကဏ္ဍတိုင်းတွင် ပြည့်စုံလွန်းလှသည်။ သူမသည် မည်သည့်အမျိုးသားမဆို မကျေနပ်စရာမရှိအောင် ပြည့်စုံသော ဇနီးမျိုး ဖြစ်သည်။

ထီးနန်းစည်းစိမ်ကို ထည့်မတွက်လျှင်တောင် သူမသည် ကြိုးစားရယူရမည့် တန်ဖိုးရှိသူပင်။

သို့သော်လည်း သူ့တွင် ဂုဏ်သိက္ခာရှိသေးသည်။ ဤကဲ့သို့ ကလေးကစားစရာ ပြိုင်ပွဲမျိုးကို လူအများကြားတွင် အောက်ကျနောက်ကျ လိုက်လုပ်နေ၍ မဖြစ်ချေ။

မာနမြင့်မားသူ အခြားသူများ၏ စိတ်ထဲတွင်လည်း ထိုအတွေးမျိုးပင် ဝင်နေကြသည်။

"ဟွန့်၊ ပိုင်ကျီဟန်... ငါကတော့ မင်းရဲ့ ကစားပွဲတွေမှာ မပါနိုင်ဘူး"

တတိယမင်းသားသည် အေးစက်စွာ ကြေညာလိုက်ပြီးနောက် အုပ်စုထဲမှ ထွက်ခွာကာ အခြားသော ဧည့်သည်တော်များ ကြည့်ရှုနေသည့်နေရာသို့ လျှောက်သွားတော့သည်။

"ငါလည်း အတူတူပဲ။ ငါလည်း မပါဘူး! သူပြောသမျှ ငါတို့က လိုက်လုပ်နေရမှာလား"

တစ်ယောက်ပြီးတစ်ယောက်..မိမိကိုယ်ကို အဆင့်အတန်းမြင့်သည်ဟု ယူဆသူများနှင့် ပိုင်ရွှယ်ချင်းနှင့် ထိုက်တန်သည်ဟု ထင်မှတ်ထားသူများသည် လူအုပ်ထဲမှ ထွက်ခွာသွားကြသည်။

သို့သော် ကျန်နေခဲ့သူများလည်း ရှိသေးသည်။ သူတို့အတွက်မူ ဤသည်မှာ ပိုင်ရွှယ်ချင်းကို လက်ထပ်ခွင့်ရရန် ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

သာမန်အတိုင်း ယှဉ်ပြိုင်လျှင် သူတို့တွင် အခွင့်အရေး မရှိသော်လည်း ပိုင်ကျီဟန်၏ ဤထူးဆန်းသော ပြိုင်ပွဲနှင့်ဆိုလျှင်မူ... သူတို့အတွက် အခွင့်အရေး ရှိကောင်းရှိနိုင်ပေသည်။

ပိုင်ကျီဟန်ကတော့ ဂရုမစိုက်ချေ။ ကြည့်ရသည်မှာ သူတို့သည် ခွေးတစ်ကောင်ကိုတောင် ရယ်အောင်လုပ်နိုင်မည့်ပုံ မပေါ်ဘဲ သူ့ကို ရယ်အောင်လုပ်ဖို့ဆိုသည်မှာ ပို၍ပင် ဝေးသေးသည်။

"ကဲ..." သူက အမိန့်ပေးသကဲ့သို့ အသံဖြင့် ကြေညာလိုက်သည်။ "အခု ငါ့အစ်မကို တကယ်ပဲ လက်ထပ်ချင်တဲ့သူတွေပဲ ကျန်တော့တာဆိုတော့... ပြိုင်ပွဲကို စလိုက်ကြရအောင်”

All Chapters