← Chapters

လူပြက်ပြိုင်ပွဲ

Vol. 20 Ch. 297

လူပြက်ပြိုင်ပွဲ

Vol. 20 Ch. 297

"အဟမ်း၊ ဓားကျင့်ကြံသူတွေက မိုးရွာထဲမှာ ဘာလို့ တိုက်ပွဲမတိုက်ကြတာလဲ သိလား?"

သူသည် ခဏရပ်လိုက်ပြီး တော်လှချည်ရဲ့ဆိုသည့် အမူအရာဖြင့် ပြုံးလိုက်သည်။

"ဘာလို့လဲဆိုတော့ သူတို့ဓားတွေကို ပြန်ခြောက်အောင် အချိန်ပေးရလို့လေ”

ဧည့်သည်များထဲမှ ရယ်သံများ ထွက်ပေါ်လာသော်လည်း ပိုင်ကျီဟန်၏ မျက်နှာပေးမှာမူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။

သူ၏ အကြည့်များသည် အေးစက်ငြီးငွေ့နေပြီး ကလေးတစ်ယောက် ချော်လဲသည်ကို ကြည့်နေသည့် ဧကရာဇ်တစ်ပါးကဲ့သို့ပင်။

"နောက်တစ်ယောက်”

ထိုလူငယ်မှာ ရှက်ရှက်နှင့် ထွက်ခွာသွားရလေသည်။

နောက်ထပ်တစ်ယောက် တက်လာကာ ဤတစ်ယောက်ကတော့ ပို၍ ရဲတင်းပုံရ၏။ သူက ရင်ဘတ်ကို မော့ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"ဆေးဖော်စပ်နည်းတွေက ဘာလို့ ကျင့်ကြံသူတွေရဲ့ အတင်းအဖျင်းစကားတွေနဲ့ တူနေတာလဲ သိလား”

သူက ဒရာမာဆန်ဆန်ဖြင့် ရှေ့သို့ ကိုင်းညွှတ်လိုက်၏

"ဘာလို့လဲဆိုတော့ အမှားလေးတစ်ခုက အကုန်လုံးကို ပေါက်ကွဲသွားစေနိုင်လို့လေ”

"နောက်တစ်ယောက်”

"ကျင့်ကြံသူတစ်ယောက်က မာနကြီးနေမှန်း ဘယ်လိုသိနိုင်မလဲ?"

"သူတို့က တောင်သုံးလုံးကို ခုန်ကျော်နိုင်တယ်လို့ ကြွားဝါနေပေမဲ့ ရေအိုင်လေးတစ်ခုကိုတောင် ခုန်မကျော်နိုင်တဲ့အခါမျိုးပေါ့ ဟားဟားဟား..."

ဧည့်သည်များသည် ဗိုက်နှိပ်၍ ရယ်မောနေကြပြီး အချို့ဆိုလျှင် မျက်နှာများ နီရဲသည်အထိ ချောင်းဆိုးနေကြသည်။

သို့သော်လည်း ပိုင်ကျီဟန်မှာမူ လုံးဝ တည်ငြိမ်နေဆဲဖြစ်ပြီး စကားတစ်ခွန်းသာ ဆိုသည်။ "နောက်တစ်ယောက်”

တတိယမြောက်၊ ထို့နောက် စတုတ္ထမြောက်... အချို့က ပြက်လုံးများ ပြောကြပြီး

အချို့က ရယ်စရာကောင်းသော သရုပ်ဆောင်မှုများ လုပ်ပြကြကာ တစ်ယောက်မှာမူ လူအများ၏ ရယ်မောသံများကြားတွင် ကယောင်ကတမ်း ကပြလေသည်။

ဝင်းအတွင်း၌ ရယ်မောသံများ ပဲ့တင်ထပ်နေသော်လည်း ပိုင်ကျီဟန်ထံမှတော့ မည်သည့်

တုံ့ပြန်မှုမျှ မရှိပေ။

သူ၏မျက်နှာသည် ဂရုမစိုက်သည့် အမူအရာဖြင့် ဖုံးကွယ်ထားပြီး သူ့ကို ရယ်အောင် မည်သူဖျော်ဖြေနိုင်မလဲဟု စိန်ခေါ်နေသည့်အလား အကြည့်များမှာ စူးရှအေးစက်နေသည်။

ယခုအခါ လေထုထဲတွင် ထူးဆန်းသော တင်းမာမှုတစ်ခု ဖုံးလွှမ်းလာသည်။

ပထမတော့ လူတိုင်းသည် လွယ်ကူလိမ့်မည်ဟု ထင်ခဲ့ကြသည်။ လူတစ်ယောက်ကို ရယ်အောင်လုပ်ဖို့က ဘယ်လောက်ခက်ခဲမှာမလို့လဲ?

သို့သော် ကျရှုံးသွားသော ကိုယ်စားလှယ်လောင်းစာရင်း ရှည်လျားလာသည်နှင့်အမျှ အားလုံးသည် အမှန်တရားတစ်ခုကို သဘောပေါက်လာကြသည်။

၎င်းမှာ ရိုးရိုးရှင်းရှင်း ပြက်လုံးထုတ်ရုံတင် မဟုတ်တော့ပေ။

သူတို့ ရင်ဆိုင်နေရသူမှာ ပိုင်ကျီဟန် ဖြစ်သည်။ မှူးမတ်မျိုးနွယ်များကို ကစားစရာလိုသဘောထားပြီး ဂိုဏ်းအကြီးအကဲများကိုပင် ဦးညွှတ်စေခဲ့သည့် သခင်လေးဖြစ်သည်။ သွေးထွက်သံယိုမှုများကို ပြဇာတ်တစ်ခုကြည့်သလိုမျိုး ပြုံးပြုံးကြီး ကြည့်နေနိုင်သူ ဖြစ်သည်။

ရိုးရိုးရှင်းရှင်း ပြက်လုံးတစ်ခုသည် ထိုသို့သောလူစားမျိုးကို တကယ်ပဲ လှုပ်ခတ်နိုင်မည်လား?

လောင်ချင်းလည်း ထိုအတိုင်းပင် တွေးတောနေမိတော့သည်။

သူမသည် ပိုင်ကျီဟန် ရယ်မောသည်ကို မြင်ဖူးသော်လည်း ပြက်လုံးများကြောင့် မဟုတ်ဘဲ အခြားသူများ၏ ဒုက္ခရောက်မှု သို့မဟုတ် အခြားသူများကို လှောင်ပြောင်လိုသည့် အခါမျိုးတွင်သာ ဖြစ်သည်။

စစ်မှန်သော ပျော်ရွှင်မှုကြောင့် ရယ်မောခြင်းမျိုးကိုမူ တစ်ခါမျှ မမြင်ဖူးချေ

သို့သော် ဤအခြေအနေကပင် ကိစ္စရပ်ကို ပို၍ စိတ်ဝင်စားစရာ ကောင်းလာစေပြီး လူအများက တွေးတောနေကြသည်။

"ဒီလောကမှာ ပိုင်ကျီဟန်ကို ဘယ်သူက ရယ်အောင် လုပ်နိုင်မှာလဲ?"

ပြီးတော့ ၎င်းက ဘယ်လို ဟာသမျိုး ဖြစ်မလဲ ဟူ၍ဖြစ်သည်။

ပိုင်ကျီဟန်သည် ပိုးဖျာအိအိပေါ်တွင် နောက်သို့မှီချလိုက်ပြီး နောက်ထပ်တစ်ယောက်၏ အသည်းအသန် ဟာသ ပြီးဆုံးသွားချိန်တွင် သူ၏မျက်လုံးများ အနည်းငယ် မှေးစပြုလာသည်။

ဝင်းအတွင်းရှိ ဧည့်သည်များမှာ အသံများ တိမ်ဝင်သွားသည်အထိ ရယ်မောနေကြသော်လည်း ပိုင်ကျီဟန်အတွက်မူ အားလုံးကို ကြိုတင်ခန့်မှန်းနိုင်လွန်းကာ စစ်မှန်သော ဉာဏ်ရည်ထက်မြက်မှု၏ စူးရှမှုမျိုး မရှိပေ။

သူသည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး သူ၏ မျက်နှာပေးတွင် စိတ်ပျက်ရိပ် အနည်းငယ် ဖြတ်ပြေးသွားသည်။

"ဒီကမ္ဘာရဲ့ ဖန်တီးနိုင်စွမ်းက ဒီလောက်ပဲလား?"

သူသည် မိမိဘာသာ ရေရွတ်သလိုမျိုး တိုးတိုးလေး ဆိုလိုက်သည်။

အခြားကမ္ဘာများ၏ ဖန်တီးနိုင်စွမ်းနှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ လွန်စွာ အားနည်းနေသလို ခံစားရသည်။ "နောက်တစ်ယောက်”

သူသည် တည်ငြိမ်ပြီး ပျင်းရိနေသော အသံဖြင့် ထပ်မံ အမိန့်ပေးလိုက်သည်။

နောက်ထပ် စိန်ခေါ်သူတစ်ယောက်သည် ပိုင်ကျီဟန်ကို ရယ်အောင်လုပ်မည်ဟု သန္နိဋ္ဌာန်ချကာ ရှေ့သို့ တက်လာသည်။

သူ ပါးစပ်ဟလိုက်ချိန်မှာပင်

"ပိုင်ကျီဟန်”

ထိုအော်ဟစ်သံသည် ဝင်းတစ်ခုလုံးကို မိုးကြိုးပစ်ချလိုက်သလိုမျိုး နှစ်ခြမ်းကွဲသွားစေသည်။

လူတိုင်း၏ ခေါင်းများ လှည့်ကြည့်သွားကြ၏။

ပိုင်ကျီဟန်၏ အပြုံးသည် ခဏတာမျှ တောင့်တင်းသွားသည်။

ဝင်း၏ အစွန်ဆုံးရှိ လှေကားထစ်များမှ အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ဆင်းလာကာ သူမ၏ ရှည်လျားသော အဝတ်စများသည် လွင့်မျောနေသော တိမ်တိုက်များကဲ့သို့ လှုပ်ခတ်နေပြီး ခြေလှမ်းတိုင်းသည် မြေမှုန်မတင်သည့် နတ်သမီးတစ်ပါးကဲ့သို့ တင့်တယ်လှပလွန်းသည်။

ပိုင်ရွှယ်ချင်း

အချို့ကမူ သူမကို လောက၌ နံပါတ်တစ် အလှပဂေးဟု ခေါ်ဆိုကြသည်။

ဤနေရာရှိ အမျိုးသားအားလုံး လက်ထပ်ချင်နေကြသော အမျိုးသမီးပင် ဖြစ်သည်။

သူမ၏ ခံစားချက်ကို ဖော်ပြခဲသော တည်ငြိမ်အေးစက်သည့် မျက်လုံးများထဲတွင် ယခုအခါ သိသာထင်ရှားသော မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။

လူအုပ်ကြီး၏ တီးတိုး ပြောသံများမှာ ဒီရေတက်လာသလို ကျယ်လောင်လာ၏။

"နတ်သမီး ပိုင်ရွှယ်ချင်းပဲ”

"သူမ ရောက်လာတာလား?"

"သူမ ကြည့်ရတာ လုံးဝကို မကျေနပ်တဲ့ပုံပဲ..."

လောင်ချင်းပင်လျှင် ကိုယ်ရှိန်သတ်သွားပြီး နားထင်၌ ချွေးစများ စိမ့်ထွက်လာသည်။

(သခင်လေးတော့ သေပြီ။ အသေအချာကို သေပြီ)

ပိုင်ရွှယ်ချင်းသည် ဝင်း၏အစွန်တွင် ရပ်လိုက်ပြီး ခုံအကောင်းစားကြီးပေါ်တွင် ထိုင်နေသော သူမ၏ မောင်ကို စူးစိုက်ကြည့်လိုက်သည်။

သူမ၏အသံမှာ တည်ငြိမ်သော်လည်း အေးစက်စက် အငွေ့အသက်များ ပါဝင်နေကာ တိတ်ဆိတ်မှုကို ဖြတ်သန်းသွားသည်။

"အို... ချစ်လှစွာသော အစ်မတော်ပါလား။ ဘာကိစ္စရှိလို့လဲ?"

ပိုင်ကျီဟန်သည် ဘာအမှားမှ မလုပ်ထားသည့်အလား ပေါ့ပေါ့ပါးပါးပင် မေးလိုက်

သည်။

"ဘာကိစ္စရှိလို့လဲ ဟုတ်လား? ဘာကိစ္စရှိလို့လဲဆိုတာ ဘာအဓိပ္ပာယ်လဲ? နင် ဘာတွေလုပ်နေတာလဲ?"

ပိုင်ရွှယ်ချင်းက မေးလိုက်သည်။ သူမသည် ဖြစ်ပျက်နေသော ဟာသဇာတ်လမ်းကို သိသိသာသာပင် သတိထားမိနေ၏။

ပိုင်ကျီဟန်သည် ဘာအမှားမှ မလုပ်ထားသည့်အလား ထပ်မံ၍ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"ဪ... ဒါလား? သူတို့ထဲမှာ အစ်မရဲ့ ခင်ပွန်းလောင်းဖြစ်ဖို့ ဘယ်သူက သင့်တော်မလဲဆိုတာ စစ်ဆေးပေးဖို့ အဖေက ကျွန်တော့်ကို ခိုင်းလိုက်လို့လေ"

"အဲဒါကို နင့်ရဲ့ ဖျော်ဖြေရေးတစ်ခုလို လုပ်ပစ်လိုက်တာလား?"

ပိုင်ရွှယ်ချင်း ဒေါသထွက်သွားသည်။

" မဟုတ်ရပါဘူး။ ဟာသဉာဏ်မရှိဘဲနဲ့ အစ်ရဲ့လက်ကို ပိုင်ဆိုင်ဖို့ ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ? ကျွန်တော်က သူတို့ကို စမ်းသပ်နေရုံတင်ပါ" ပိုင်ကျီဟန်သည် ပြုံးရင်း ပြောလိုက်သည်။

ပိုင်ရွှယ်ချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူမသည် ပိုင်ကျီဟန်၏ ထူးဆန်းသော နည်းလမ်းကြောင့်သာမက ဤလက်ထပ်ပွဲ ကိစ္စကိုပါ သိသိသာသာ မကျေမနပ် ဖြစ်နေခြင်းဖြစ်သည်။

(လက်ထပ်ဖို့ စိတ်မဝင်စားဘူးလို့ အဖေ့ကို ငါ ပြောပြီးသားပဲကို)

သူမ တွေးလိုက်သည်။

"တောက်”

သို့သော် ပိုင်ထျန်းဟမ်ကတော့ ဤကိစ္စကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပုံရသည်။

အင်း... သူ ဘာလို့ ဒီလိုမလုပ်ဘဲ နေပါ့မလဲ?

သူ့ အငယ်ဆုံးသားသည် စေ့စပ်ထားပြီးသားဖြစ်ကာ တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း လက်ထပ်နိုင်သော်လည်း သူမမှာမူ ယခုထိ မည်သူနှင့်မျှ ကတိမထားရသေးပေ။

ပိုင်ကျီဟန်သည် ခေါင်းကို စောင်းလိုက်ပြီး သူ၏ မျက်လုံးထဲတွင် လှည့်ဖြားလိုသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။

"ဖြစ်နိုင်ရင် အစ်မပါ ကျွန်တော်နဲ့အတူ လာထိုင်ပါလား" သူက အကြံပြုလိုက်သည်။

ပိုင်ရွှယ်ချင်း၏ မျက်လုံးများက စူးရှစွာ ကျဉ်းမြောင်းသွားပြီး ဓားတစ်စင်းကဲ့သို့ အေးစက်ပြီး တိကျလှသော သူမ၏ အကြည့်များသည် သူ့ထံသို့ စိုက်ကြည့်နေသည်။

"မလိုဘူး”

သူမသည် အငြင်းမပွားဘဲ အေးစက်စွာ ပြန်ဖြေလိုက်သည်။

ပိုင်ကျီဟန်သည် ခပ်တိုးတိုး ရယ်မောလိုက်ပြီး အစ်မ သဘောပါပဲဟု ပြောသည့်အလား ပခုံးတွန့်ပြလိုက်သည်။

သူမသည် စုဝေးနေသော သူများဘက်သို့ အာရုံလွှဲလိုက်ပြီး ကိုယ်ကို မတ်မတ်ထားကာ လေပြင်းတစ်ချက် တိုက်ခတ်လိုက်သလိုမျိုး ကျယ်လောင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။

"သေချာနားထောင်ကြပါ" သူမ၏ စကားလုံးတိုင်းသည် တိကျပြီး စည်းချက်ကျလှသည်။

"ကျွန်မက လက်ထပ်ဖို့ စိတ်မဝင်စားဘူး။ ရှင်တို့ရဲ့ အချိန်တွေကို အလဟဿ မဖြုန်းကြပါနဲ့”

သံသယဖြစ်စရာမလိုအောင်ပင် သူမက အပြတ်ပြောလိုက်ခြင်း ဖြစ်သည်။

ခဏမျှ တိတ်ဆိတ်သွား၏။ အင်ပါယာ၏ အလိုချင်ဆုံး အမျိုးသမီးထံမှ ထိုသို့ တဲ့တိုး ငြင်းဆိုချက်ကြောင့် ဧည့်သည်များသည် မျက်တောင်တခတ်ခတ်ဖြင့် အံ့အားသင့်သွားကြသည်။

"ဒါပေမဲ့ သခင်မလေး ပိုင်ရွှယ်ချင်း... ကျွန်တော်တို့က စစ်မှန်တဲ့ စေတနာနဲ့ပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အခွင့်အရေးလေး တစ်ခုလောက် ပေးပါ”

"ကျွန်တော့်ရဲ့ ရင်ထဲက ဆန္ဒက အမှန်တကယ်ပါလို့ ကျိန်ဆိုရဲပါတယ်။ ကျွန်တော့်ကို ချက်ချင်းကြီးတော့ ပယ်မချလိုက်ပါနဲ့”

"သခင်မလေး ပိုင်ရွှယ်ချင်း... ကျွန်တော်က ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်ဖို့၊ ဘယ်လိုစမ်းသပ်မှုမျိုးကိုမဆို အောင့်အည်းသည်းခံဖို့ အဆင်သင့်ပါပဲ။ သခင်မလေးနဲ့ ထိုက်တန်ကြောင်း ပြသခွင့်လေးပဲ ပေးပါ”

တတိယမင်းသား ယုဝမ်ကျောက်ပင်လျှင် မေးကိုမော့ကာ ဂုဏ်ယူဝင့်ကြွားသော အသံဖြင့် ဆိုလာသည်။ "ပိုင်ရွှယ်ချင်း... မင်းနဲ့ လက်ထပ်ဖို့ အရည်အချင်း၊ ပါရမီနဲ့ ဂုဏ်သိက္ခာရှိတဲ့သူတွေကို ဒီလိုမျိုး လွယ်လွယ်လေး ပယ်ချလို့မရဘူးလေ။ အနည်းဆုံးတော့ တရားမျှတတဲ့ အခွင့်အရေးတစ်ခု ပေးသင့်တာပေါ့"

လေထုက တင်းမာသွားသည်။ ပိုင်ရွှယ်ချင်း၏ အကြည့်သည် ဝင်းအတွင်းရှိ လူများကို စစ်ဆေးသည့် ဓားသွားကဲ့သို့ တစ်ယောက်ချင်းစီအပေါ် ဖြတ်သန်းသွားသည်။

(အား)

သူမသည် ထိုသူများထဲမှ တစ်ယောက်ကိုမျှ သဘောမကျသည့်အပြင် ရွံရှာဖွယ်ကောင်းသည်ဟုပင် ခံစားနေရသည်။

သို့သော် သိသာနေသည်မှာ... တဲ့တိုးငြင်းဆိုရန် မဖြစ်နိုင်ပေ။

မည်သို့ပင်ဖြစ်သေ သူတို့အထဲမှ အများစုသည် အင်အားကြီးသော နောက်ခံများရှိကြပြီး ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ သူတို့ကို စော်ကားမိပါက ပိုင်မျိုးနွယ်စုအတွက် မကောင်းနိုင်ပေ။ သူမ၏ မျက်လုံးများသည် ခုံကြီးပေါ်တွင် ပျင်းရိစွာ မှီထိုင်ရင်း အခြေအနေကို ကြည့်ကာ ပျော်နေသော သူမ၏ မောင်ထံသို့ ရောက်သွားသည်။

သူမ၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ သူမ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ်မျှ ကွေးညွှတ်သွား၏

"ကောင်းပြီလေ" သူမ၏ လေသံသည် တည်ငြိမ်သော်လည်း အမိန့်အာဏာ အပြည့်ပါဝင်နေသည်။ "ရှင်တို့ထဲက ဘယ်သူ့ကိုမဆို ကျွန်မ အခွင့်အရေး ပေးမယ်... ဒါပေမဲ့ သတ်မှတ်ချက် တစ်ခုတော့ ရှိတယ်။"

ချစ်ရေးဆိုသူများသည် ရင်ခုန်သံများ မြန်လာပြီး ကိုယ်ရှိန်သတ်သွားကြသည်။ နောက်ဆုံးတော့ သူတို့ စောင့်မျှော်နေသည့် အခွင့်အရေး ရောက်လာပြီဟု ထင်ကာ မျှော်လင့်ချက်များ ဝေဖြာလာကြသည်။

ထိုသတ်မှတ်ချက်သည် အရည်အချင်း၊ ဗဟုသုတ သို့မဟုတ် ယဉ်ကျေးသိမ်မွေ့မှုဆိုင်ရာ စမ်းသပ်ချက်တစ်ခုခု ဖြစ်လိမ့်မည်ဟု မှန်းဆရင်း ပိုင်ရွှယ်ချင်းထံသို့ အားတက်သရော ကြည့်လိုက်ကြသည်။

ပိုင်ကျီဟန် တောင်းဆိုခဲ့သလိုမျိုး ထူးဆန်းပြီး ရယ်စရာကောင်းသည့် အရာတော့ မဟုတ်လောက်ပါဘူးနော်?

"ရှင်တို့အားလုံး ကျွန်မမောင်လေး ပိုင်ကျီဟန် ကို အနိုင်တိုက်ရမယ်”

All Chapters