နှမစွဲ
Vol. 20 Ch. 300
ပိုင်ရွှယ်ချင်း၏ ကြေညာချက်အပြီးတွင် လေးလံသော တိတ်ဆိတ်မှုတစ်ခု ဖုံးလွှမ်းသွားသည်။
မျှော်လင့်ချက်များဖြင့် နီမြန်းနေခဲ့သော မျက်နှာများသည် ယခုအခါ အရှက်ရမှုကြောင့် ဖြူဖျော့သွားကြသည်။ အချို့သော ချစ်ရေးဆိုသူများသည် ဘေးပတ်ဝန်းကျင်ရှိ အခြားသူများကို မျက်နှာချင်းမဆိုင်ရဲတော့ဘဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြ၏။
ဤကဲ့သို့ အပြတ်အသတ် ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ တစ်ခါမျှ မမျှော်လင့်ထားခဲ့ကြပေ။
သို့သော်လည်း အချို့မှာတော့ ခေါင်းမာစွာဖြင့် လက်မခံလိုကြသေးပေ။
"ဒါက မတရားဘူး”
တစ်ယောက်က ကျယ်လောင်စွာ ကန့်ကွက်လိုက်သည်။
"ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ငါတို့ ဘယ်လိုလုပ် အနိုင်တိုက်နိုင်မှာလဲ? အခု ငါတို့ရဲ့ ခွန်အားနဲ့ဆိုတာ ဒါက မဖြစ်နိုင်ဘူးလေ”
အခြားသူများကလည်း ထိုစကားကို တိုးတိုးတိတ်တိတ် ထောက်ခံကြသည်။
သူတို့ ကတိပေးခဲ့ကြသော်လည်း ထိုသတ်မှတ်ချက်သည် လုံးဝမဖြစ်နိုင်သည့်အရာဖြစ်နေသဖြင့် မကျေမနပ် ဖြစ်နေကြခြင်းပင်။
ပိုင်ရွှယ်ချင်းကတော့ သူတို့ကို ဂရုမစိုက်တော့ပေ။ တခြားနည်းလမ်းဖြင့် လုပ်ခဲ့လျှင်ပင် ဤလူများသည် ကျေနပ်ကြလိမ့်မည် မဟုတ်
ကြောင်း သူမ သိသည်။
"ရှင်တို့ ပေးထားတဲ့ ကတိကို တည်ကြစမ်းပါ”
သူမက အမိန့်ပေးသလို ပြောလိုက်သည်။
လူအုပ်ကြီးသည် စိတ်လှုပ်ရှားလာပြီး အငြင်းပွားမှုများ ပေါက်ကွဲထွက်တော့မည့်ဆဲဆဲတွင်
"ယောက်ျားပီပီ လက်ခံလိုက်ကြစမ်းပါ”
ပိုင်ကျီဟန်က အေးစက်စွာ ပြောလိုက်ရင်း ဝင်းအတွင်းရှိ ထောင့်တိုင်းသို့ သူ၏အသံ ရောက်ရှိသွားစေရန် ရှေ့သို့ လှမ်းတက်လိုက်သည်။
"ငါ မင်းတို့ကို ပိုလွယ်တဲ့ အလုပ်တစ်ခုတောင် ပေးခဲ့သေးတယ်၊ မင်းတို့ကိုယ်တိုင်လည်း ငါ့ကို အနိုင်တိုက်ရတာက ပိုကောင်းတယ်လို့ သဘောတူခဲ့ကြတာပဲ။ ဒါ မင်းတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းပဲလေ၊ အခုကျမှ ရှုံးသွားလို့ လက်မခံချင်ဘူး ဖြစ်နေတာလား?"
ချစ်ရေးဆိုသူများသည် အပြစ်ရှိသလို ခံစားရသဖြင့် အကြည့်ချင်း မဆုံရဲဘဲ လွှဲဖယ်လိုက်ကြသည်။ အမှန်ပင် ပိုင်ကျီဟန်သည် သူတို့ကို အများကြီး ပိုလွယ်ကူသော အလုပ်
တစ်ခု ပေးခဲ့ပါလျက်နှင့် သူတို့ ညည်းညူခဲ့ကြသည်။
ယခု ကျရှုံးသွားချိန်တွင်လည်း ထပ်မံ၍ အကြောင်းပြချက် ပေးနေကြပြန်သဖြင့် သူတို့သည် ရှုံးနိမ့်မှုကို လက်မခံနိုင်သော အရှုံးသမားများကဲ့သို့ ဖြစ်နေသည်။
အမှန်တော့လည်း သူတို့သည် ထိုသို့သော သူများပင် ဖြစ်သည်။
သို့သော် လူမိုက်ဆိုသည်မှာ မိမိလိုချင်တာ မရမချင်း နားဝင်အောင် ပြောရခက်လှသည်။
မည်သို့ ဖြစ်ပျက်သွားပါစေ၊ နောက်တစ်ကြိမ် ထပ်ကြိုးစားလို့ ရနိုင်သေးသည်ဟု ထင်နေသူများ အမြဲတမ်း ရှိနေတတ်သည်။
ပိုင်ကျီဟန်ကတော့ ထိုသို့သော အဖြစ်မျိုးကို ဘယ်တော့မှ အဖြစ်ခံမည်မဟုတ်ပေ။ သူတို့ကို ထပ်ခါထပ်ခါ ရင်ဆိုင်နေရခြင်းသည် သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မည်သာ
ခွန်အား ကွာဟချက်ကို ပြသရုံနှင့် မလုံလောက်ပါက ယခုအခါ သူသည် ခြိမ်းခြောက်သည့် နည်းလမ်းကို အသုံးပြုရတော့မည်။
တိုက်ရိုက်ကြီး မဟုတ်သော်လည်း နောက်တစ်ကြိမ် မကြိုးစားခင် နှစ်ခါ၊ သုံးခါလောက် ပြန်စဉ်းစားမိသွားစေရန် လုံလောက်သော ခြိမ်းခြောက်မှုမျိုး ဖြစ်သည်။
"သေချာနားထောင်ကြ! ငါ့ကို အနိုင်တိုက်နိုင်တယ်လို့ မင်းတို့ကိုယ်မင်းတို့ မယုံကြည်ဘူးဆိုရင် ငါ့အစ်မကို လာပြီး လက်ထပ်ခွင့်တောင်းဖို့ အိပ်မက်တောင် မမက်ကြနဲ့။ မဟုတ်ရင်တော့—"
သူက စကားကို ခဏရပ်လိုက်ပြီး ချစ်ရေးဆိုသူ အုပ်စုကို ဝေ့ကြည့်လိုက်သည်။
"မင်းတို့ သေပြီသာမှတ်။ ငါ နောက်နေတာ မဟုတ်ဘူး။ အခုလိုမျိုး ငါ ညှာတာပေးနေမှာ မဟုတ်ဘူး။"
ဤစကားသည် သူတို့ကို ထိတ်လန့်သွားစေ၏ အထူးသဖြင့် လွန်ခဲ့သော မိနစ်ပိုင်းကတင် ပိုင်ကျီဟန်ကို ရင်ဆိုင်ရသည့် ခံစားချက်အား မြည်းစမ်းခဲ့ရပြီး ဖြစ်သောကြောင့်ပင်။
အနည်းဆုံးတော့ ယခုအချိန်တွင် ဤနေရာရှိ မည်သူမျှ သူ့ကို ရင်ဆိုင်ရန် ဆန္ဒမရှိကြတော့ချေ။
"အစ်မ ခိုင်းတာကို ကျွန်တော် လုပ်ပေးပြီးပြီ။ ကျွန်တော် သွားတော့မယ်၊ ဒီ အသုံးမကျတဲ့ လူတွေထဲက တစ်ယောက်မှ အစ်မနဲ့ မထိုက်တန်ဘူးလို့ အဖေ့ကို ပြောလိုက်လို့ရပြီ”
ပိုင်ကျီဟန်သည် ပတ်ဝန်းကျင်ရှိ လူအားလုံး ကြားနိုင်အောင်ပင် ဖုံးကွယ်ခြင်းမရှိဘဲ
ပိုင်ရွှယ်ချင်းကို ပြောလိုက်သည်။
သူ၏ ထိုစကားကို မည်သူတစ်ဦးတစ်ယောက်မှ ပြန်လည် မငြင်းဆန်နိုင်ခဲ့ကြချေ။
တတိယမင်းသားပင်လျှင် ဒေါသနှင့် အရှက်ရမှုကြောင့် လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားနိုင်တော့သည်။
လောင်ချင်းသည် ပိုင်ရွှယ်ချင်းကို ဦးညွှတ်နှုတ်ဆက်ပြီးနောက် ပိုင်ကျီဟန် နောက်သို့ လိုက်ပါသွားလေသည်။
ကျန်ရစ်ခဲ့သည်မှာ ပိုင်ထျန်းဟမ် ထင်မှတ်မထားခဲ့သော ရှုပ်ထွေးပွေလီသည့် အခြေအနေတစ်ခုသာ ဖြစ်တော့သည်။
သူသည် မိမိ၏သားကို အခြားသူများနှင့် အဆက်အသွယ်ရစေရန်နှင့် ပိုင်ရွှယ်ချင်း၏ ခင်ပွန်းလောင်းများကို စိစစ်ပေးရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ပိုင်ကျီဟန်ကမူ ပိုင်ရွှယ်ချင်းကို လက်ထပ်လိုသူ မည်သူမဆို သူတို့ ရင်ဆိုင်ရမည့် အခြေအနေကို နှစ်ခါပြန်စဉ်းစားမိစေမည့် ပြင်းထန်သော သတိပေးချက်တစ်ခုကိုသာ ချန်ထားရစ်ခဲ့သည်။
ပျိုမေများကမူ သူ့ကို အထင်ကြီးအားကျသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
"အား... သခင်လေးပိုင်က တကယ့်ကို မိုက်တာပဲ။"
"ဒီလိုမျိုး မားမားမတ်မတ်ရပ်တည်ပြီး သူ့အစ်မကို ပြင်းပြင်းထန်ထန် ကာကွယ်ပေးတာက ပုံပြင်ထဲက အတိုင်းပဲ။"
"ဒါပေါ့။ သခင်မလေးပိုင်က ဒါနဲ့ ထိုက်တန်ပါတယ်။ ပြီးပြည့်စုံတဲ့ အမျိုးသားတစ်ယောက်ပဲ သူမရဲ့လက်ကို ပိုင်ဆိုင်ဖို့ ထိုက်တန်တာလေ။ သခင်လေးပိုင်ကလည်း ဒါကိုပဲ တွေးနေတာ သိသာတာပဲ”
သူတို့၏ မျက်လုံးများသည် တောက်ပနေပြီး ယခင်က ပိုင်ကျီဟန်ကို ဂရုမထားခဲ့သူများပင် ယခုအခါ သူ၏ ရှိနေမှုတစ်ခုတည်းနှင့်ပင် စွဲလန်းသွားကြတော့သည်။
သူတို့အတွက်တော့ သူ၏ ကာကွယ်စောင့်ရှောက်မှုသည် မောင်နှမသံယောဇဉ်
သက်သက်ထက် ပိုသည်ဟု မြင်ကြသည်—၎င်းမှာ မြင့်မြတ်သည်၊ ရဲရင့်သည်၊ ဆွဲဆောင်မှု အပြည့်ရှိသည်ဟု ထင်မြင်ကြသည်။
ပိုင်ကျီဟန်သည် သူတို့အပေါ်တွင်လည်း ပိုင်ရွှယ်ချင်းကဲ့သို့ ကာကွယ်ပေးမည်ကို စိတ်ကူးယဉ်ရင်း ချစ်မိနေသည့် မိန်းကလေးများကဲ့သို့ပင် အော်ဟစ်နေကြလေသည်။
အမျိုးသားများဘက်တွင်မူ ဒေါသတကြီးဖြင့် တောက်ခေါက်နေကြသည်။
"ဟွန်း ၊ သူ့အစ်မကို ကာကွယ်တာ ဟုတ်လား? ရတနာကို စောင့်နေတဲ့ နဂါးတစ်ကောင်လို အစောင့်အကြပ် လုပ်နေတာနဲ့ ပိုတူပါတယ်။"
"အတိအကျပဲ၊ သူက သခင်မလေး ပိုင်ရွှယ်ချင်းနားကို ဘယ်သူမှ မကပ်နိုင်အောင် လုပ်နေတာ။ သူက တစ်ယောက်ယောက်ကို တကယ်ပဲ သဘောတူလိမ့်မယ်လို့ မင်းတို့ ထင်နေတာလား?"
"မမြင်ကြဘူးလား? သူက တကယ့် နှမစွဲကြီးဗျ..သူက သခင်မလေး ပိုင်ရွှယ်ချင်းကို လုံးဝ လက်ထပ်မပေးချင်တာ။ သူက သခင်မလေးအသက်ကြီးပြီး တစ်သက်လုံး တစ်ကိုယ်တည်း ဖြစ်သွားတဲ့အထိ ဘယ်သူမှ မအောင်မြင်နိုင်တဲ့ သတ်မှတ်ချက်တွေပဲ ထုတ်နေမှာ။"
ပယ်ချခံလိုက်ရသော ချစ်ရေးဆိုသူ အချို့သည် သူတို့၏ ထိခိုက်သွားသော မာနကို ကုစားရန်အတွက် ပိုင်ကျီဟန်၏ လုပ်ရပ်များကို ပုံဖော်ကာ တိုးတိုးတိတ်တိတ် ပြောဆိုရာမှ အသံများ ကျယ်လောင်လာကြသည်။
"ဟုတ်တယ်၊ အဲဒါပဲ ဖြစ်ရမယ်။ ပိုင်ကျီဟန်က တမင်တကာ သူမရဲ့ အိမ်ထောင်ရေးကို ပိတ်ပင်နေတယ်လို့ လူတိုင်းကို လိုက်ပြောရမယ်”
"မှန်တယ်။ သူက ကာကွယ်နေတာ မဟုတ်ဘူး၊ လက်လွှတ်မခံချင်ရုံ သက်သက်ပဲ။"
"ဒါဆို အစကတည်းက ဒါတွေအားလုံးက အတုအယောင်တွေပေါ့..အဲဒီ နှမစွဲကောင်”
ထိုသို့ပြောနေကြသော်လည်း သူ၏ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် အရှိန်အဝါသည် သူတို့နှလုံးသားကို ဖိနှိပ်ထားဆဲဖြစ်သဖြင့် မည်သူမျှ ကျယ်ကျယ်လောင်လောင် မပြောရဲကြပေ။
သို့သော် ဤကဲ့သို့သော ထူးဆန်းသည့် သတင်းသည် ပျံ့နှံ့ရန် အချိန်အကြာကြီး မလိုပေ
အထူးသဖြင့် ပိုင်မျိုးနွယ်စု မောင်နှမများနှင့် ပတ်သက်သည့် ကိစ္စမျိုးဆိုလျှင် ပို၍ပင် မြန်ဆန်လှသည်။
ပိုင်ကျီဟန်ကတော့ ဝင်းအတွင်း၌ သူ ချန်ထားရစ်ခဲ့သည့် ရှုပ်ထွေးမှုများကို ဂရုမစိုက်ဘဲ ထွက်ခွာသွားခဲ့သည်။ သို့သော် သူ တစ်ခုခုကို မေ့နေသလိုမျိုး ခံစားနေရ၏။
(အင်း... ငါ မမှတ်မိတော့ဘူးဆိုရင် အဲဒါက သိပ်တော့ အရေးမကြီးလို့ ဖြစ်မှာပါ။)
ပိုင်မျိုးနွယ်စု၏ ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီးအတွင်း၌ ရယ်မောသံများနှင့် ယဉ်ကျေးပျူငှာသော စကားပြောသံများ ပဲ့တင်ထပ်နေသည်။
ပိုင်ထျန်းဟမ်သည် အိမ်ရှင်တစ်ဦးအနေဖြင့် ဧည့်သည်တိုင်းကို ကြိုဆိုနှုတ်ဆက်ရင်း တည်ကြည်သော အပြုံးကို ဆင်မြန်းထားသည်။
သူသည် ချူမျိုးနွယ်စုမှ လာရောက်လည်ပတ်သော အကြီးအကဲတစ်ဦးနှင့် ကုန်သွယ်ရေးလမ်းကြောင်းများအကြောင်း ဆွေးနွေးပြီးစီးချိန်မှာပင် သူ၏ မျက်စိထောင့်မှ အရိပ်တစ်ခု ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။
ပိုင်မျိုးနွယ်စု ဝတ်စုံကို ဝတ်ဆင်ထားသော အစောင့်တစ်ဦးသည် သတိကြီးစွာဖြင့် တိတ်တဆိတ် လှုပ်ရှားလာ၏
သူ၏ သခင်ရှိရာဘေးသို့ ရောက်လာသည်။သူက ခါးကို ကိုင်းညွှတ်၍ အနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
ပိုင်ထျန်းဟမ် မျက်မှောင်ကြုတ်သွား၏။
"ဘာကိစ္စလဲ?"
အစောင့်၏အသံမှာ တိုးသော်လည်း ထိုအသံထဲတွင် ပါဝင်နေသော အရေးတကြီးဖြစ်မှုသည် ခန်းမအတွင်းရှိ ဆူညံသံများကို ဓားတစ်စင်းကဲ့သို့ ဖြတ်သန်းသွားသည်။
သူသည် ဝင်းအတွင်း၌ ချစ်ရေးဆိုသူများ၏ စိန်ခေါ်မှု၊ ပိုင်ကျီဟန်၏ ကြားဖြတ်နှောင့်ယှက်မှု၊ သူ၏ ခြိမ်းခြောက်မှုများနှင့် ထို့နောက်တွင် ဖြစ်ပွားခဲ့သော ရုတ်ရုတ်သဲသဲ အခြေအနေများကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
ခွမ်
ပိုင်ထျန်းဟမ် လက်ထဲရှိ ကြွေလက်ဖက်ရည်ခွက်သည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး အစအနများနှင့် ပူနွေးသော လက်ဖက်ရည်များမှာ ကြမ်းပြင်ပေါ်သို့ ဖိတ်
စင်သွားတော့သည်။
စကားဝိုင်းများ ရပ်တန့်သွားပြီး လူတိုင်း လှည့်ကြည့်လာကြ၏။
"ဒီကောင်စုတ်လေး”
ပိုင်ထျန်းဟမ်၏ မျက်နှာသည် မည်းမှောင်သွားပြီး နားထင်၌ အကြောများ ထောင်ထွက်လာသည်။
"အားလုံးပဲ တောင်းပန်ပါတယ်၊ အရေးကြီးကိစ္စတစ်ခု ပေါ်လာလို့ပါ။ ကျွန်တော် မကြာခင် ပြန်လာခဲ့ပါ့မယ်”
သူ ရုတ်တရက် ထရပ်လိုက်ရာ သူ၏ဝတ်ရုံစများသည် လေထဲတွင် လွင့်ခါသွားပြီး ခန်းမအတွင်းမှ အမြန် လှမ်းထွက်သွားတော့သည်။
ပိုင်မျိုးနွယ်စုမှ အစေခံများသည် သူ၏နောက်၌ ဖိတ်စင်သွားသော လက်ဖက်ရည်များကို အပြေးအလွှား သန့်ရှင်းရေးလုပ်ကြရပြီး အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်များမှာမူ တစ်ယောက်ကိုတစ်ယောက် စပ်စုသော အကြည့်များဖြင့် ဖလှယ်နေကြသည်။
တိုးတိုးတိတ်တိတ် ပြောသံများ ချက်ချင်း ထွက်ပေါ်လာသည်။
"တစ်ခုခု ဖြစ်လို့လား?"
"လီ-ကျောက်မျိုးနွယ်စုက တစ်ခုခု လုပ်လိုက်တာလား? သူတို့ ဒီအချိန်မှာ ငြိမ်ငြိမ်လေး နေသင့်တာကို။"
"ဟုတ်တယ်။ သူတို့က ပိုင်မျိုးနွယ်စုနဲ့ တိုက်ပွဲနှစ်ခုမှာ အရေးနိမ့်ထားပြီးပြီလေ။ နောက်တစ်ကြိမ်သာ ထပ်ရှုံးရင် တခြားလူတွေဆီက ယုံကြည်မှုကို လုံးဝ ဆုံးရှုံးသွားလိမ့်မယ်။"
ပိုင်ထျန်းဟမ် ဤမျှ အလောတကြီး သွားသည်ကို မြင်ရသဖြင့် သူတို့အားလုံးသည် အလွန်အရေးကြီးသော ကိစ္စတစ်ခုခု ဖြစ်ပွားခဲ့ပြီဟု ထင်မှတ်နေကြတော့သည်။
ပိုင်ထျန်းဟမ်အနေဖြင့် လူငယ်မျိုးဆက် ဧည့်သည်များ စုဝေးနေသည့် နေရာသို့ ရောက်ရန် အချိန်အကြာကြီး မလိုခဲ့ပေ။
တစ်ဖက်တွင် လူငယ်များသည် သက်ဝင်လှုပ်ရှားစွာ စကားပြောနေကြပြီး အခြားတစ်ဖက်တွင်မူ ချစ်ရေးဆိုသူ အုပ်စုမှာ သူတို့၌ရှိသမျှ စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားသည့်အလား ရပ်နေကြသည်။
သူ၏ မလိမ္မာသော သားဖြစ်သူကို မတွေ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် သူ၏ သမီးဖြစ်သူကတော့ ထိုနေရာ၌ ရှိနေဆဲဖြစ်သည်။
ပိုင်ထျန်းဟမ် ဝင်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ဆူညံနေသော စကားသံများမှာ ချက်ချင်း ငြိမ်သက်သွားသည်။
"ပိုင်မျိုးနွယ်စုခေါင်းဆောင်”
"ပိုင် မျိုးနွယ်စုအကြီးအကဲ ကို ဂါရဝပြုပါတယ်”
“သခင်ကြီးပိုင်ကို ဂါရဝပြုပါတယ်”
လူတိုင်းသည် လက်သီးဆုပ်ကာ လေးစားစွာဖြင့် တစ်ပြိုင်နက် ထရပ်လိုက်ကြသည်။
ပိုင်ထျန်းဟမ်သည် သူတို့ကို အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး လူအုပ်ကို တစ်ချက်ဝေ့ကြည့်ကာ တစ်ဦးတည်း ရပ်နေသော သူ၏သမီးထံ အကြည့်ကို အဆုံးသတ်လိုက်သည်။ သူ၏မျက်လုံးများမှာ အနည်းငယ် ပျော့ပြောင်းသွား၏။
သူသည် ချစ်ရေးဆိုသူများကို မေးမြန်းခြင်း မပြုသလို၊ လူငယ်ဧည့်သည်များကိုလည်း အတင်းအကျပ် မမေးမြန်းပေ။ ထိုသို့လုပ်ခြင်းသည် သူတို့ကို အရှက်ရစေရုံသာမက ပိုင်မျိုးနွယ်စု၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
သူ မေးမြန်းနိုင်မည့်သူသည် ဤနေရာတွင် တစ်ဦးတည်းသာ ရှိသည်။
သူသည် ပိုင်ရွှယ်ချင်း ရှေ့သို့ရောက်သည်အထိ လှမ်းလျှောက်သွားသည်။
"ရွှယ်ချင်းအာ”
အစပိုင်းတွင် သူမအား အခြေအနေများ ရှင်းပြခိုင်းရန် ရည်ရွယ်ခဲ့သော်လည်း ပိုင်ရွှယ်ချင်းထံတွင် ထူးခြားသော အပြောင်းအလဲတစ်ခုကို သူ သတိထားမိလိုက်သည်။
အများကြီးတော့ မဟုတ်သော်လည်း ပိုင်ရွှယ်ချင်းအား ဖိနှိပ်ထားလေ့ရှိသည့် ခပ်ဖျော့ဖျော့ ရေခဲစွမ်းအင်များသည် ယခုအခါ လုံးဝ ပျောက်ကွယ်နေချေသည်။
"ကျီဟန်အာက သမီးကို ကျင့်စဉ် ပေးလိုက်ပြီလား?"
သူ၏အမေးကို ပိုင်ရွှယ်ချင်းသည် ခေါင်းကို အသာအယာငုံ့ကာ ညိတ်ပြလိုက်သည်။
ပိုင်ထျန်းဟမ်၏ ပုခုံးပေါ်မှ တင်းမာမှုများ ချက်ချင်း ပြေလျော့သွားသည်။ သူ၏ ဒေါသမှာ လုံးဝ ပျောက်ကွယ်မသွားသော်လည်း စိတ်သက်သာရာရမှုကြောင့် အနည်းငယ် လျော့ပါးသွားခဲ့ပြီ။
အနည်းဆုံးတော့ သူ၏ ထိုသားဖြစ်သူသည် အလုပ်တစ်ခုတော့ မှန်အောင် လုပ်ခဲ့သည်
။
"ပြီးတော့... အဲဒါက အထောက်အကူ ဖြစ်ရဲ့လား?" သူ၏လေသံမှာ ယခုအခါ မျှော်လင့်ချက်အရိပ်အယောင်များဖြင့် ပို၍ နူးညံ့သွားသည်။
"ဟုတ်ကဲ့ အဖေ”
ပိုင်ရွှယ်ချင်း၏ နှုတ်ခမ်းအစုံသည် တည်ငြိမ်အေးချမ်းသော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
"အဖေ.. အထောက်အကူဖြစ်ရုံတင် မဟုတ်ပါဘူး၊ တကယ့်ကို အံ့သြစရာကောင်းလောက်အောင် ထိရောက်ပါတယ်။ ဒီကျင့်စဉ်က သမီးအတွက်ပဲ သီးသန့် ဖန်တီးထားသလိုမျိုး ခံစားရတယ်"
သူမ၏ စကားကို သက်သေပြရန်အတွက် သူမသည် လက်ကို ဆန့်ထုတ်လိုက်သည်။
သူမ၏ လက်ဖျားများမှတစ်ဆင့် နှင်းခဲစီးကြောင်းများသည် အပြင်ဘက်သို့ လိမ်ယှက်ထွက်ပေါ်လာသည်။ ပြင်းထန်စူးရှခြင်းမရှိဘဲ သိမ်မွေ့သန့်စင်လှသည့် ထိုစွမ်းအင်များသည် ရှုပ်ထွေးလှပသော ပုံသဏ္ဌာန်များအဖြစ် အလိုလို ပြောင်းလဲသွားကြသည်။
ရေခဲကြာပန်းတစ်ပွင့်သည် လေထဲတွင် ပွင့်လာပြီး ပွင့်ချပ်တစ်ခုစီသည် ကျွမ်းကျင်သော ပန်းပုဆရာတစ်ဦး ထွင်းထုထားသကဲ့သို့ပင် လက်ရာမြောက်လှသည်။
၎င်း၏ဘေးတွင် ကြည်လင်သော ရေခဲပန်းပွင့်လေးများနှင့် သစ်ခွပန်းများသည် သဘာဝအတိုင်း တင့်တယ်စွာဖြင့် ပွင့်လန်းလာကြသည်။
မကြာမီ ဝင်းအတွင်း၌ ကြည်လင်
တောက်ပသော ရေခဲပန်းပုပန်းများ၊ ငှက်များနှင့် နွယ်ပင်များဖြင့် ပြည့်နှက်သွားသည်။ အလွန်ကြည်လင်လှသော ထိုရေခဲများသည် လရောင်ကို ဖမ်းယူကာ တဖိတ်ဖိတ်တောက်ပသော သက်တံရောင်စဉ်များအဖြစ် အလင်းပြန်နေကြသည်။
ဤသည်မှာ ခွန်အားကို ထုတ်ပြခြင်း မဟုတ်ဘဲ အနုပညာကို ပြသခြင်းသာ ဖြစ်သည်။
ပုံသဏ္ဌာန်တစ်ခုစီတိုင်းသည် လေထုအတွင်းသို့ အအေးဓာတ်အနည်းငယ်မျှ မထွက်ပေါ်စေဘဲ ပွင့်လန်းလိုက်၊ ပျောက်ကွယ်လိုက် ဖြစ်နေသည်။ ဤသည်မှာ သူမ၏ ရေခဲစွမ်းအင် အပေါ် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်း ရရှိထားကြောင်း သက်သေပင် ဖြစ်သည်။
ဧည့်သည်များမှာ အံ့အားသင့်ကာ ချီးကျူးသံများ ပျံ့နှံ့သွားသည်။
"ဘယ်လောက်တောင် ထူးကဲတဲ့ ထိန်းချုပ်မှုလဲ” "ဘယ်လောက် တင့်တယ်လိုက်သလဲ... နတ်သမီးတစ်ပါး ဆင်းသက်လာသလိုပဲ။"
"ဒါက သခင်မလေး ပိုင်ရွှယ်ချင်းက ကျွန်တော့်ကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးနေတာ ဖြစ်ရမယ်”
ပိုင်ထျန်းဟမ် ကိုယ်တိုင်လည်း အကြာကြီး ငြိမ်သက်ရပ်နေမိပြီး သူ၏ တင်းမာသော မျက်လုံးများထဲတွင် သူ၏သမီးကို ဝန်းရံထားသည့် တဖိတ်ဖိတ်တောက်ပသော ရေခဲပန်းပွင့်များ အရိပ်ထင်နေသည်။ ထို့နောက် ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ပြီး သူ၏နှုတ်ခမ်းတွင် တွေ့ရခဲသော အပြုံးတစ်ခု ပေါ်လာသည်။
"ကောင်းတယ်... အရမ်းကောင်းတယ်။ ငါ့ရဲ့ ရွှယ်ချင်းက တကယ်ပဲ ကြီးပြင်းလာပြီ”