← Chapters

လူသတ်ရင်းအစာစားခြင်း

Vol. 12 Ch. 111

လူသတ်ရင်းအစာစားခြင်း

Vol. 12 Ch. 111

မိုးနတ်မင်းသည် အခြေအနေနှင့် လိုက်ဖက်စွာ ဖန်တီးပေးနေပေသည်။

ခုနကမှ မှောင်မဲတိတ်ဆိတ်နေသော ကောင်းကင်ယံမှ ယခုအခါ မိုးဖွဲများ တဖွဲဖွဲ ကျလာလေသည်။

တိန့်မင်ရွှီမှာ လန့်ဖျပ်သွားပုံရပြီး ပါးစပ်အဟောင်းသား ဖြစ်နေပေ၏။ ထို့နောက် အဓိကထိုင်ခုံမှ လူငယ်ကို ကြည့်ကာ ဘေးရှိ မိန်းကလေးကို တုန်တုန်ယင်ယင်ဖြင့် မေးလိုက်လေသည်။

"မိန်းကလေးယောင်... မင်းအစ်ကိုက ဘယ်အဆင့်လဲ။"

"ငါ မသိဘူး" လင်းယောင်က စိတ်ရှုပ်စွာ ခြေဆောင့်လိုက်သည်။

လုပ်ဖော်ကိုင်ဖက်က မသွားချင်ဘူး ပြောနေမှတော့ ကိုယ်တစ်ယောက်တည်း ထွက်သွားရင် ဘယ်လို စဉ်းစားစဉ်းစား အဆင်မပြေ။

နတ်ဆိုးဖမ်းသူစီးများ အနေဖြင့် တင်းကျပ်သော စည်းမျဉ်းများ မရှိသော်လည်း သိုင်းလောကထဲတွင် ကျင်လည်နေကြသူများ ဖြစ်သည့်အားလျော်စွာ သံယောဇဉ်တော့ ထားသင့်သည် မဟုတ်ပါလော။

"ကျောက်စိမ်းအထွတ်အထိပ်အဆင့် ပါ။"

ရှန်းယီက တည်ငြိမ်စွာ ကြည့်လိုက်လေသည်။ တိန့်မိသားစုတွင် ကျွမ်းကျင်ပညာရှင် သိပ်မများလှပေ။

ကျောက်စိမ်းအဆင့် ဆယ်ယောက်ကျော်လောက်သာ ရှိ၏။ သို့သော် တကယ်တိုက်ခိုက်ရလျှင်တော့ အနည်းနှင့်အများ အသုံးဝင်နိုင်ပေသည်။

ကြိုတင်ပြီး အပြန်အလှန် အသိပေးထားတော့ အချိန်တန်ရင် ကိုယ့်ဘက်က အခြေအနေကို တွက်ဆလို့ ရတာပေါ့။

ထိုစကားကို ကြားသောအခါ တိန့်မင်ရွှီ မျက်လုံးပြူးသွားပြီး အသက်ရှူပင် မြန်ဆန်လာလေသည်။

ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်စိမ်း အထွတ်အထိပ်အဆင့်တဲ့လား။ ဒုတိယတန်းစား မိသားစုက လာတာတဲ့လား။

ကျောက်၊ ချန်၊ စွန်း၊ လီ စတဲ့ ထိပ်တန်း မိသားစုကြီးတွေထဲမှာတောင် ဒီလိုလူမျိုး တစ်ယောက်မှ ရွေးထုတ်လို့ ရနိုင်မှာ မဟုတ်ဘူး။

သူက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး "ကျွန်... ကျွန်တော်က ကနဦးအဆင့် အထွတ်အထိပ် ပါ။" ဟု ပြောလိုက်လေသည်။

ထိုသခင်လေး၏အံ့အားသင့်မှုနှင့် ယှဉ်လျှင် အသက်အရွယ် ပိုကြီးသော တိန့်မိသားစုမှ ပညာရှင်များ၏ မျက်နှာထားကတော့ သိပ်မကောင်းလှပေ။

ဘိုးဘေးကြီးတောင် အဆွဲခံလိုက်ရတာ... ဒီည ဖြစ်မယ့် ကိစ္စက ကျောက်စိမ်းအဆင့်တွေ ဝင်ပါလို့ ရမယ့် ကိစ္စမျိုး ဟုတ်ပါ၏လော။

"သူ့ကို သွားမစဖို့ ငါ့ကို ပြောတာ မဆန်းပါဘူး။"

လင်းယောင်က အံ့သြနေသည့်ကြားမှ တိုးတိုးလေး တွေးလိုက်မိလေသည်။ ဤကဲ့သို့အဆင့်ရှိသော ပါရမီရှင်မျိုးက အမြုတေဖွဲ့စည်းခြင်းနည်းပညာ ကို အသက်ထက် တန်ဖိုးထားတာ သဘာဝကျပေသည်။

ကျိန်း..

မိုးခြိမ်းသံ တစ်ချက်နှင့်အတူ ကြောက်ရွံ့နေသော မျက်နှာပေါင်း ရာချီကို အလင်းဟပ်သွားလေသည်။

မိန်းမများနှင့် ကလေးများက နောက်ဘက်တွင် ကျုံ့ဝင်နေကြ၏။ တိန့်မိသားစု ပညာရှင်များကတော့ လက်နက်များကို တင်းတင်းဆုပ်ထားကြပြီး လက်ဖဝါးများတွင် ချွေးစေးများ ပျံလာလေသည်။

ကံကောင်းသည်မှာ ခြံဝင်းအပြင်ဘက်၌ လူမရှိသဖြင့် သူတို့၏လန့်ဖျပ်နေသော ပုံစံကို ဘယ်သူမှ မမြင်လိုက်ခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် အဓိကခုံတွင် ထိုင်နေသော လူငယ်က မတ်တပ်ရပ်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ သုံးပေရှည်သော ဓားရှည်ကို အသံတိတ် ဆွဲထုတ်လိုက်လေသည်။

ထိုအချိန်မှာပင် အိမ်ခေါင်မိုးစွန်းမှ ကြီးမားသော ကျားခေါင်းကြီးတစ်ခု ငုံ့ကြည့်လာပေ၏။

မိုးရေစိုရွှဲနေသော ရွှေဝါရောင် အမွေးအမျှင်များနှင့်အတူ ဖျော့တော့သော အဝါရောင် မျက်လုံးအိမ်များက အိမ်ထဲသို့ လောဘတကြီး ကြည့်လိုက်လေသည်။

သွေးရောင်လွှမ်းပြီး ဆူးများပါသော လျှာဖြင့် ကြမ်းတမ်းသော လက်သည်းများကို အားပါးတရ လျက်လိုက်ရာ သွေးစများ ရောနှောနေသော တံတွေးများက မိုးရေနှင့်အတူ ကျဆင်းလာ၏။

"ဗွမ်း..."

တံတွေးများ မြေပြင်ပေါ် ကျသွားသည်နှင့် တပြိုင်နက် ပြင်းထန်သော ညှီနံ့ဆိုးကြီးက ခန်းမဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

သွေးဆာနေသော ပါးစပ်ပေါက်ကြီးဆီမှ ထွက်ပေါ်လာမည့် ကျားဟိန်းသံသည် လူတို့၏ စိတ်ဓာတ်ကို ကြောက်ရွံ့စေပြီး ခြေလက်များ ပျော့ခွေသွားစေနိုင်သော သဘာဝစွမ်းအား ရှိပေသည်။

"ဝေါင်း"

မည်သူ့ လက်နက် ပြုတ်ကျသွားမှန်း မသိပေ။

ကျားဟိန်းသံအောက်တွင် ထွက်ပေါ်လာသော သတ္တုချင်း ရိုက်ခတ်သံသည် ညည်းညူသံတစ်ခုသဖွယ် ဖြစ်နေလေသည်။

လူတိုင်း မျက်နှာ ဖြူဖပ်ဖြူရော ဖြစ်ကုန်ကြ၏။

တိန့်ကျန်းယွမ်၏ဂုဏ်သတင်း ကြီးမားမှုကြောင့် ယုံအန်းမြို့တွင် ဤမျှ မောက်မာသော နတ်ဆိုးမျိုး မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။

မြို့ထဲ ဝင်လာရုံသာမက တိုက်ခိုက်ခြင်း မပြုမီ သူတို့ကို ကစားချင်နေသေးသည်။

ကျားနတ်ဆိုးသည် အောက်သို့ ခုန်ဆင်းလိုက်လေသည်။ ကြွက်သားများ လှုပ်ရှားသွားပြီး ခါးကို ကိုင်းကာ ခန်းမဆောင်ဘက်သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

"မင်းတို့ အလှည့်..."

စကားသံ မဆုံးမီမှာပင် အဓိကခုံရှေ့မှ ပုံရိပ်သည် ထက်ရှသော လျှပ်စီးအလား ပြေးထွက်သွားလေသည်။

ဝတ်ရုံရှည် လေတွင် တလွင့်လွင့် ဖြစ်သွား၏။

ရှန်းယီသည် လေပေါ်သို့ တက်လှမ်းလာပြီး သွယ်လျသော လက်ချောင်းငါးချောင်းဖြင့် ကျားခေါင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်လေသည်။

ကြီးမားသော အားအင်ဖြင့် တောင်ကုန်းငယ်မျှ လောက်ရှိသော ခန္ဓာကိုယ်ကြီးကို နောက်သို့ လန်သွားအောင် ဖိချလိုက်သည်။

နေမင်းလောင်ကျွမ်းခြင်းမီးပြင်းဖို ပွင့်ဟလာပြီး ခက်ထန်ကြမ်းတမ်းသော နတ်ဆိုးစွမ်းအားအပေါ် ချုပ်တည်းထားမှုများကို ဖြေလျှော့လိုက်လေသည်။

ညာလက်က အနက်ရောင်ဓားရှည်ကို ပြောင်းပြန်ကိုင်ကာ ထူးဆန်းသော သွေးရောင်များနှင့်အတူ ရက်စက်စွာ လှီးဖြတ်လိုက်ပေ၏။

ရွှပ်

လောဘဝံပုလွေနတ်ဆိုးသတ်ဖြတ်ခြင်း၏ ထောက်ပံ့မှုအောက်တွင် ဓားသွားသည် ရွှေဝါရောင် အမွေးအမျှင်များအောက်ရှိ လည်ချောင်းကို လွယ်ကူစွာ ခွဲဖြတ်လိုက်ရာ ညှီစော်နံသော သွေးများ ပန်းထွက်လာလေသည်။

ကြီးမားသော ခေါင်းပြတ်ကြီးကို လက်ထဲတွင် ဆွဲထားရင်း ကျားနတ်ဆိုး၏ကိုယ်ခန္ဓာကြီးသည် ယိုင်နဲ့ကာ နောက်ဆုတ်သွားပြီး ရေအိုင်ထဲသို့ ဝုန်းခနဲ လဲကျသွားကာ ညစ်ပတ်နေသော ရေများ စင်တက်လာ၏။

[ကျောက်စိမ်း အထွတ်အထိပ်အဆင့် ကျားနတ်ဆိုးကို သတ်ဖြတ်ခြင်း၊ စုစုပေါင်း သက်တမ်း ၂၃၁၀ နှစ်၊ လက်ကျန်သက်တမ်း ၇၉၂ နှစ်၊ စုပ်ယူမှု ပြီးဆုံး]

[လက်ကျန် နတ်ဆိုးသက်တမ်း - ၁၂၆၆ နှစ်]

ရှန်းယီသည် ကျားခေါင်းကို လွှင့်ပစ်လိုက်ပြီး ဗိုက်ကိုခွဲကာ နတ်ဆိုးအမြုတေကို ထုတ်ယူလိုက်လေသည်။

ထို့နောက် ကျားနတ်ဆိုး၏ရင်ဘတ်မှ သွေးအဆီအနှစ် တစ်မျှင်ကို ဆွဲယူလိုက်ပြီး ခန်းမဆောင်ထဲသို့ ပြန်ဝင်ကာ ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်၏။

"……"

မင်ရောင်ဝတ်ရုံနှင့် လူငယ်သည် ဓားရှည်ကို ဓားအိမ်ထဲပြန်သွင်းပြီး စားပွဲပေါ် ပြန်တင်လိုက်သည်ကို မြင်လိုက်ရသည်။

ထို့နောက် မျက်လုံးအနည်းငယ် မှိတ်ကာ အသက်ရှူနှုန်းကို ညှိနေပုံရပေသည်။

ယခင် လက်နက် ပြုတ်ကျသွားသော တိန့်မိသားစု ပညာရှင်သည် တုန်တုန်ယင်ယင်ဖြင့် ဓားရှည်ကို ပြန်ကောက်လိုက်လေသည်။

ဓားရိုးကို တင်းတင်းဆုပ်ထားသော်လည်း ဘယ်နေရာကို ချိန်ရမှန်း မသိတော့ပေ။

ထို ကျားဟိန်းသံက သူတို့ လည်ပင်းကို သံလက်ဝါးနှင့် ညှစ်ထားသကဲ့သို့ မွန်းကျပ်စေခဲ့၏။

သို့သော် ရှန်းယီ၏ရုတ်တရက် ဓားထုတ်လိုက်မှုကတော့ သူတို့ အဆုတ်ထဲမှ လေများကို ကြမ်းတမ်းစွာ စုပ်ထုတ်လိုက်သကဲ့သို့ ဖြစ်စေပြီးလူတိုင်းကို တွေဝေသွားစေလေသည်။

"ကျောက်စိမ်း အထွတ်အထိပ်"

လင်းယောင်က လက်ချောင်းထိပ်မှ ပျောက်ကွယ်ခါနီးဖြစ်သော နတ်ဆိုးအငွေ့အသက်ကို ကြည့်ပြီး ခေါင်းထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွားလေသည်။

သူမ၏အခြေအနေက တိန့်မိသားစုလောက် မဆိုးရွားပေ။ ကျားနတ်ဆိုး ခေါင်းပြူလာစဉ်ကတည်းက အခြေခံအားဖြင့် အကဲဖြတ်ထားပြီး ဖြစ်သည်။

အင်အားကြီးမားပြီး ယှဉ်ပြိုင်ရန် ခက်ခဲသော်လည်း သေချာ ပူးပေါင်းတိုက်ခိုက်လျှင် နိုင်လောက်သည်ဟု တွက်ဆထားပေသည်။

သူမ ကြောင်အသွားရခြင်းမှာ ကျားနတ်ဆိုးကြောင့် မဟုတ်ဘဲ ရှန်းယီကြောင့် ဖြစ်သည်။

ခေါင်းထဲတွင် ပေါ်လာသော နည်းဗျူဟာများ အားလုံးသည် ထိုအနက်ရောင်ဓားချက်ကြောင့် ချက်ချင်း ပျောက်ကွယ်သွားလေသည်။

သူမသည် ခန်းမအပြင်ဘက် မိုးရေထဲတွင် စိမ်နေသော ကြီးမားသည့် အလောင်းကောင်ကြီးကို ကြည့်ရင်း ရုတ်တရက် ငြိမ်သက်သွား၏။

'ဒါက လူသစ်မှ မဟုတ်တာ၊ သေချာပေါက် ဖက်လို့ရမယ့် ပေါင်လုံးကြီး ပဲ။'

လူငယ်၏အနည်းငယ် တွန့်ချိုးနေသော မျက်ခုံးများကို ကြည့်ရသည်မှာ သူမ ထင်သလို စိတ်လှုပ်ရှားနေခြင်း မဟုတ်ဘဲ... သိပ်အားမရသလို၊ စိတ်ပျက်နေသလို ပုံစံမျိုး ဖြစ်နေလေသည်။

"…"

ရှန်းယီက မျက်လုံးမှိတ်ပြီး အနားယူဟန်ဆောင်နေသော်လည်း တကယ်တမ်းတွင် စနစ်ဘောင် ကို ခေါ်ထုတ်ထားပြီး ဖြစ်သည်။

လက်ကျန် နတ်ဆိုးသက်တမ်းကို ကြည့်လိုက်သောအခါ ပြီးပြည့်စုံသော အမြုတေဖွဲ့စည်းခြင်း ခန္ဓာကိုယ်သန့်စင်နည်းကို ဆင့်ကဲပြောင်းလဲဖို့ နေနေသာသာ၊ဤ သေခြင်းရှင်ခြင်း ဇင်ခန္ဓာကိုယ် တစ်ပိုင်းကို အမြင့်ဆုံးရောက်အောင် ကျင့်ကြံဖို့တောင် မလွယ်ကူပေ။

သူ အမြင်လွဲမှားနေမှန်း သတိထားမိလိုက်လေသည်။

'လူတွေရဲ့အမြင်နဲ့ ကြည့်မယ်ဆိုရင် တိန့်မိသားစုရဲ့ ဘိုးဘေးကြီး မရှိတော့ဘူး၊ လူတွေက ထိတ်လန့်နေကြတယ်။ ဒါက သူတို့ကို မျိုးဖြုတ်သတ်ဖြတ်ပြီး နေရာဝင်ယူဖို့ အကောင်းဆုံး အချိန်ပဲ။'

'ဒါပေမဲ့ ရန်သူက နတ်ဆိုးလေ။ သိုင်းလောက ဂုဏ်ပုဒ်တွေ ဘာတွေ သူတို့ ဂရုမစိုက်ဘူး။ ပြီးတော့ ဒါက ပြိုင်ပွဲသဘောလို အမဲလိုက်ပွဲ။'

သူတို့ ဂရုစိုက်သည်မှာ မည်သည့်လူသားဆေးဝါး က ကျင့်ကြံခြင်းအဆင့် ပိုမြင့်ပြီးစုဆောင်းခြင်း ပိုများသလဲ ဆိုတာကိုပင် ဖြစ်လေ၏။

တိန့်မိသားစု၏အမြုတေအဆင့် ဘိုးဘေးကြီးက ကံကောင်း၍အဆင့်တက်လာခြင်း ဖြစ်နိုင်သလို၊ သူကိုယ်တိုင်ကလည်း လွန်စွာကြိုးစားသည့်သူ မဟုတ်လောက်ပေ။

ထို့ကြောင့် မိသားစုဝင်များကိုလည်း သိပ်တင်းကြပ်မည် မဟုတ်ပေ။

ကျန်ရှိနေသော ကျောက်စိမ်း အလယ်အလတ်အဆင့် ဆယ်ယောက်ကျော်သည် ယုံအန်းမြို့တွင် ထိပ်တန်းဟု မဆိုနိုင်ပေ။ ထို့ကြောင့် ဆွဲဆောင်လာမိသည့် ကျားနတ်ဆိုးက ယခုလို အားနည်းနေတာ ဖြစ်ပေမည်။

အိမ်အပြင်ဘက်တွင် မိုးသည်းလာသည်။ သွေးညှီနံ့များ ရောနှောနေသော စိုစွတ်သည့် ညလေပြေသည် အိမ်ထဲသို့ တဟူးဟူး တိုးဝင်လာလေသည်။

ရန်သူက အမှောင်အတွင်းဖြစ်နေကာ၊မိမိက အလင်းထဲတွင်မို့ ပေါ့ဆ၍မဖြစ်ပေ။

အမြုတေအဆင့် နတ်ဆိုးများ ပါဝင်ပတ်သက်နေခြင်းကြောင့် အနည်းငယ်တိုးတက်လျှင်ပင် အကျိုးရှိလေ၏။

ရှန်းယီ စိတ်ကူးတစ်ခု ရလာသည်။ သို့သော် စိတ်ကို ထိန်းချုပ်ပြီး နတ်ဆိုးသက်တမ်းများကို သေခြင်းရှင်ခြင်းဇင်ခန္ဓာက်ိုယ် ထဲသို့ လောင်းထည့်လိုက်လေသည်။

'အမြုတေအဆင့်နဲ့ ပတ်သက်လာရင် ခန္ဓာကိုယ်သန့်စင်နည်းပညာကတောင် ဉာဏ်အလင်း ကို လိုအပ်လာပြီ။ဗုဒ္ဓတရား အဆင့်အတန်း လိုအပ်တယ် ဆိုတော့ သာမန်လူတွေအတွက် လမ်းစရွေးစရာ မပေးတော့ဘူးပဲ။'

[ပထမနှစ်၊သင်သည် ဤဗုဒ္ဓဘာသာခန္ဓာကိုယ်သန့်စင်နည်းကျမ်းစာကို ဖတ်ရှုပြီး ကမ္ဘာမြေကြီးမှ ရှင်သန်ခြင်းနှင့်သေဆုံးခြင်း သဘောတရားကို မည်သို့ ခွဲထုတ်ရမည်ကို စဉ်းစားခဲ့သည်။]

[တတိယနှစ်၊သင်၏တိုးတက်မှုသည် ထင်ထားသည်ထက် ပိုမြန်နေကြောင်း တွေ့ရှိရသည်။ သံသယ ဖြစ်နေစဉ် လေပြင်းလျှပ်စီး နတ်ဆိုးဖိနှိပ်ခြင်းအစစ်မှန်စွမ်းအင်ကို ဆင့်ကဲပြောင်းလဲခဲ့စဉ်က အကြိမ်ကြိမ်အခါခါ နတ်ဖိနှိပ်ခြင်းယန်စွမ်းအင်လောင်ကျွမ်းခြင်းဓားကို အသုံးပြုပြီး ကိုယ့်အသွေးအသားနှင့် စွမ်းအားကို ကုန်ခမ်းစေကာ ခြောက်သွေ့သွားသည့် အခြေအနေသို့ ရောက်အောင် လုပ်ခဲ့ဖူးသည်ကို ပြန်လည်အမှတ်ရလာသည်။]

[ပဉ္စမနှစ်၊သင်သည် သာမန်လူဘဝ ကတည်းက သေခြင်းနှင့် ရှင်ခြင်း တံခါးဝတွင် မောက်မာစွာ ခေါက်တုံ့ခေါက်ပြန် ဝင်ထွက်ခဲ့ဖူးသည်။ သင့်အတွက်မူ မူလအခြေအနေကို ပြန်ရှာတွေ့ဖို့ဆိုတာ အချိန်ကိစ္စသာ ဖြစ်သည်။]

[၁၂ နှစ်မြောက်၊ အဖြူနှင့်အနက်ရောင် စွမ်းအင်နှစ်မျိုး သင့်လက်ချောင်းထိပ်တွင် ပေါ်လာပြီး သေခြင်းရှင်ခြင်း သဘောတရားဖြင့် သင့်ခန္ဓာကိုယ်ကို စတင် သန့်စင်လိုက်သည်...]

ရှန်းယီ မျက်လုံးဖွင့်လိုက်လေသည်။

နက်မှောင်သော မျက်ဝန်းများထဲတွင် မသိမသာ အံ့သြသွားသည့် အရိပ်အယောင် ဖြတ်ပြေးသွား၏။

ကနဦးအဆင့် လေပြင်းလျှပ်စီးနတ်ဆိုးဖိနှိပ်ခြင်း အစစ်မှန်စွမ်းအင် နှင့် အမြုတေအဆင့် ခန္ဓာကိုယ်သန့်စင်နည်း တစ်ပိုင်း။

လုံးဝ မသက်ဆိုင်သော သိုင်းပညာနှစ်ခုက အပြန်အလှန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဤအရာက မမျှော်လင့်ထားသော လက်ဆောင်ပင်။

'ကံဆိုးတာက သေခြင်းရှင်ခြင်း သဘောတရားနဲ့ သက်ဆိုင်တဲ့ ဆေးဝါးတွေ မရှိတော့ နတ်ဆိုးသက်တမ်းနဲ့ပဲ အတင်း ဖြည့်တင်းရတော့မယ်။'

All Chapters