သခင်ရှန်း တာဝန်ယူပြီ
Vol. 12 Ch. 120
လင်းယောင်ကဲ့သို့ပင် နတ်ဆိုးဖမ်းဆီးသူများသည် သိုင်းလောကတွင် ကျင်လည်သည်မှာ ကြာပြီဖြစ်၍ မကောင်းသော အကျင့်ဆိုးအချို့ ပါလာတတ်ကြသည်။
သူတို့သည် ပညာရှင်အချင်းချင်း ယှဉ်ပြိုင်သော်လည်း မကြီးနှင့်အငယ် အစဉ်လိုက်လေးစားခြင်းစသည်တို့ကိုအလေးထားကြသည်။
သို့သော် နတ်ဆိုးနှိမ်နင်းရေးဌာနမှ ဆင်းသက်လာပြီး လက်နှစ်ဖက်လုံး သွေးစွန်းနေသော အစောက်အရှောက်စစ်မှုး ဒု-စစ်သူကြီး လျှိုပင်း မှာမူ ထိုသို့ မဟုတ်ပေ။သူသည် ရန်သူကို အမြန်ဆုံး မည်သို့ လျှော့ချရမည်ကိုသာ ဂရုစိုက်ပြီး မည်သည့် အခွင့်အရေးကိုမျှ လက်လွတ်ခံမည် မဟုတ်ပေ။
ဤလှံချက်သည် အမှန်တကယ်ပင် အင်အားအကုန် သုံးထားခြင်း ဖြစ်သည်။
ရှောင်ချမ်ဝေသည် အစက အငြင်းပွားမှုရှောင်တိမ်းရန် စိတ်ကူးထားသော်လည်း ဤအခြေအနေကို မြင်လိုက်ရသောအခါ ရင်ထဲ ထိတ်လန့်သွားမိသည်။
လျှိုပင်းကို တားဆီးရန် ချီစွမ်းအင်ကို ပြန်လည် စုစည်းလိုက်သော်လည်း အနည်းငယ် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အလျင်စလို အော်ဟစ်သတိပေးလိုက်ရသည်။
"ငါ သူ့ညာဘက်ပခုံးကို တိုက်မယ်၊ နင် အရင် ရှောင်လိုက်"
ဤစကားသည် လျှိုပင်း ကြားအောင် တမင် ပြောလိုက်ခြင်း ဖြစ်ပြီး သူ့စိတ်ကို ရှုပ်ထွေးသွားစေရန် ရည်ရွယ်သည်။
သို့သော် သာမန်တပ်မှူးဘဝမှ သတ်ဖြတ်ခြင်းများဖြင့် ကြီးပြင်းလာသော ဒု-စစ်သူကြီးအို တစ်ဦးသည် သူမ၏စကားကြောင့် မည်သို့ အနှောင့်အယှက် ဖြစ်နိုင်မည်နည်း။
လက်ထဲမှ လှံရှည်သည် ဝါးများကို ခွဲစိတ်လိုက်သကဲ့သို့ အတားအဆီးမရှိ ထိုးဖောက်ဝင်ရောက်လာသည်။
အေးစက်သော လှံသွားထိပ်ဖျားသည် လည်ချောင်းဝသို့ တည့်တည့်ချိန်ရွယ်ထားလေသည်။ကြီးမားသော အရှိန်အဝါ ရိုက်ခတ်လာချိန်တွင် ရှန်းယီ၏ဝတ်ရုံများ လှုပ်ခါသွားပြီး ဆံနွယ်များ လွင့်ပျံသွားသည်။
သူသည် အဘိုးအိုကို စိုက်ကြည့်နေပြီး တစ်စုံတစ်ခုကို ရိပ်မိသွားသကဲ့သို့ ကြည်လင်သော မျက်ဝန်းနက်များထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေသည်။
လှံသွား ရောက်ရှိလာသည့် ခဏတာအတွင်း သူသည် ကိုယ်ကိုအနည်းငယ် စောင်းလိုက်ပြီး သွယ်လျသော လက်ချောင်းများဖြင့် အေးစက်နေသော လှံရှည်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်လေသည်။
ထိုလက်ဖဝါးအောက်တွင် မိုးကောင်းကင်ကိုပင် လွှမ်းမိုးနိုင်သောအရှိန်အဝါကြီးသည် ချက်ချင်း ငြိမ်သက်သွားပြီး နတ်ဆိုးများကိုပင် တစ်ချက်တည်းနှင့် ဆွဲဖြဲနိုင်သော အင်အားသည် ပင်လယ်ထဲသို့ ဂဲပြုတ်ကျသွားသကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
လျှိုပင်း၏မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားသည်။လှံကို ပြန်ဆွဲယူပြီး ထပ်မံ ထိုးစိုက်ရန် ကြံလိုက်သော်လည်း လက်ထဲမှ လှံရှည်သည် ထိန်းချုပ်မရတော့ဘဲ လွတ်ထွက်သွားကာ ရှန်းယီ၏လက်ထဲသို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။
အသက်လု တိုက်ပွဲတွင် တစ်ဖက်လူ၏လက်နက်ကို လုယူသည်မှာ ဘယ်လိုမျိုးနည်း။သူသာမက လက်ဝါးရိုက်ချက်ဖြင့် ဝင်ကူရန် ပြေးလာသော ရှောင်ချမ်ဝေပင်လျှင် ကြောင်အသွားရလေသည်။
"..."
ဒု-စစ်သူကြီးအို၏သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေသော မျက်နှာပေါ်တွင် ဒေါသအမျက်များ ထွက်ပေါ်လာသည်။
"ကောင်စုတ်လေး... ငါ့ကို စော်ကားရဲသလား"
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူသည် မည်သည်ကိုမျှ ဂရုမစိုက်တော့ဘဲ အတွင်းအမြုတေကို လှုံဆော်လိုက်ရာအရှိန်အဝါများ ရိုင်းစိုင်းစွာပေါက်ကွဲထွက်လာပြီးလက်ဗလာဖြင့် ထပ်မံ တိုက်ခိုက်ရန် ပြေးဝင်လာသည်။
"သူမက ဒဏ်ရာရထားရုံပဲ ရှိတာ၊ ခင်ဗျားကျတော့ ကိုယ်ခန္ဓာတောင် ပုပ်သိုးနေပြီ မဟုတ်လား"
ရှန်းယီ မျက်ခုံးပင့်လိုက်သည်။ တစ်ဖက်လူကို အခွင့်အရေး ထပ်မပေးတော့ဘဲ လက်ထဲမှ လှံရှည်ကို ပြန်လည် ပစ်လွှတ်လိုက်သည်။
အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်းကိုးသွင်၏ထောက်ပံ့မှုဖြင့် လှံရှည်သည် ယခင်ကထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ပေါက်ကွဲထွက်လာပြီး ပြန်လည် ပျံသန်းသွားတော့သည်။
စကားသံကို ကြားလိုက်ရသောအခါ လျှိုပင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။သူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် လှံအမြီးပိုင်းသည် ပြင်းထန်စွာ ဝင်ဆောင့်လာပြီး ဝမ်းဗိုက်ကို ဖောက်ထွက်သွားကာ မြေကြီးပေါ်တွင် တွဲလျက် စိုက်ဝင်သွားစေသည်။
သတ္တုတုန်ခါသံ သဲ့သဲ့သည် တဝီဝီ မြည်ဟီးနေဆဲပင်။
"..."
ရှောင်ချမ်ဝေသည် လက်ဝါးရိုက်ရန် ပြင်ထားသော ပုံစံဖြင့် ရပ်တန့်နေဆဲ ဖြစ်သည်။သို့သော် လျှိုပင်းမှာ မြေကြီးပေါ်တွင် လဲကျနေပြီ ဖြစ်ရာ သူမ၏ ရှေ့တွင် ရှန်းယီသာ ကျန်ရှိတော့သည်။
ရင်ထဲမှ တုန်လှုပ်မှုသည် စကားဖြင့် ဖော်ပြ၍ မရနိုင်ပေ။ထို့နောက် သံသယများ ဝင်ရောက်လာပြီး ခြေရင်းကို ကြောင်ငေးကြည့်မိလိုက်သည်။
အမြုတေဖွဲ့စည်းခြင်း အဆင့် ကျွမ်းကျင်သူ တစ်ဦးသည် ဤမျှ လွယ်ကူစွာ ရှုံးနိမ့်သွားသည်လော။
ရှန်းယီသည် လျှောက်သွားလိုက်ပြီး သူမ၏လက်ကို ပုတ်ချကာ လျှိုပင်း၏ရှေ့တွင် ထိုင်ချလိုက်ပြီး တစ်ဖက်လူ၏အဝတ်အစားကို ဆွဲလှန်လိုက်သည်။
"သွားစမ်း"
လျှိုပင်းသည် သွေးများစီးကျနေသော ဝမ်းဗိုက်ကိုပင် ဖိမထားနိုင်တော့ဘဲ လူငယ်ကို တားဆီးရန် ထိတ်လန့်တကြား ကြိုးစားလေသည်။
ဖြောင်း
ရှန်းယီသည် မျက်နှာထား မပြောင်းလဲဘဲ အဘိုးအို၏မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
လျှိုပင်း ခေါင်းလည်ထွက်သွားပြီး သွားကျိုးအချို့ ပါဝင်သော သွေးများကို အန်ထုတ်လိုက်ရသည်။ ဖြူဖွေးသော မုတ်ဆိတ်မွေးများမှာ အနီရောင် သွေးစွန်းသွားသည်။
သူ့ဦးနှောက်များ ထူပူသွားသော်လည်း မပီမသဖြင့် ဟိန်းဟောက်နေဆဲပင်။
"မင်းက ငါတို့ ထင်ယန်စီရင်စုရဲ့တာဝန်ထမ်းဆောင်မှုကို နှောင့်ယှက်ရဲတယ်ပေါ့။ စစ်သူကြီးချုပ်က မင်းခေါင်းကို ဖြတ်ပစ်မှာ မကြောက်ဘူးလား"
"ခင်ဗျား ခေါင်းကို ခင်ဗျား အရင် စိတ်ပူလိုက်ပါဦး"
ရှန်းယီ၏မျက်လုံးများတွင် ထူးခြားမှု မရှိပေ။သူသည် တစ်ဖက်လူ၏အနက်ရောင် ဝတ်စုံကို ဆွဲဖြဲလိုက်သည်။
နောက်တစ်ခဏတွင် ရှောင်ချမ်ဝေပင်လျှင် မျက်လုံးပြူးသွားရသည်။
လှံစိုက်ဝင်ထားသော ဒဏ်ရာနှင့် ယှဉ်လျှင် လျှိုပင်း၏နံဘေးတစ်ဖက်လုံးတွင် အသားများ မရှိတော့ဘဲ ဖြူဖွေးသော အရိုးများမှာ အဆိပ်သင့်၍ ဆွေးမြေ့နေသည်ကို တွေ့လိုက်ရပေသည်။
ကိုယ်တွင်းအင်္ဂါများ လှုပ်ရှားနေသည်ကိုပင် တိုက်ရိုက် မြင်နေရပြီး ကလီစာများ ပေါ်တွင် ရွံရှာဖွယ် အစိမ်းရောင် အရည်များ ဖုံးလွှမ်းနေသည်။
ပြင်းထန်သော အဆိပ်သင့်နေခြင်းဆိုတာ သိသာထင်ရှားနေ၏။
ရှန်းယီသည် သူ စတင် တိုက်ခိုက်ကတည်းက မူမမှန်မှုကို သတိထားမိခဲ့သည်။
တောဘုရင်၏စွမ်းရည် ပိုင်ဆိုင်ထားသူ ဖြစ်သည့်အတွက် ဝိညာဉ်များကို ခွဲခြားသိမြင်နိုင်ပြီး တစ္ဆေများကို ကျွန်ပြုခိုင်းစေနိုင်စွမ်း ရှိသည်။
တစ်ဖက်လူက ချီအငွေ့အသက်ကို ထုတ်ဖော်လိုက်သည့်ခဏ၌ သူ့ဝိညာဉ်သည် ခန္ဓာကိုယ်မှထွက်ခွာတော့မည့် လက္ခဏာကို ပြသခဲ့သည်။
ဤဒဏ်ရာကို ကြည့်ခြင်းအားဖြင့် ယနေ့ ရှန်းယီ ဝင်မတိုက်လျှင်ပင် လျှိုပင်းသည် သေလုမျောပါး ဖြစ်နေပြီ ဖြစ်သည်။
ထို့ကြောင့်လည်း သူက အရင်ဦးအောင် တိုက်ခိုက်ပြီး အားနည်းသူကိုဖိနှိပ်ကာ ရှောင်ချမ်ဝေကို ခြိမ်းခြောက်ချင်ခဲ့ခြင်း ဖြစ်ပေမည်။
အတွေးများကို ရုတ်သိမ်းလိုက်ပြီးနောက် ရှန်းယီ ပြန်မတ်တတ်ရပ်လိုက်ပြီး အဘိုးအိုကို ငုံ့ကြည့်ကာ တိုးညှင်းစွာ မေးလိုက်သည်။
"ကျွန်တော် သိချင်တာက... ခင်ဗျား ဒီလို အခြေအနေနဲ့ ဒီနေရာက နတ်ဆိုးကို ဘယ်လို စောင့်ကြည့်နေတာလဲ"
အဖြစ်အပျက်များ မြန်ဆန်လွန်းသဖြင့် တပ်မှူးအများအပြားမှာ အခြေအနေကို လိုက်မမီကြပေ။
ဤစကားကို ကြားသောအခါ သူတို့၏မျက်နှာများမှာ ထိတ်လန့်သွားပြီး နေရာတွင်ပင် တောင့်တင်းသွားကြသည်။
ရှောင်ချမ်ဝေ၏ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ဒေါသတကြီး ပြောလိုက်သည်။
"ဒါကြောင့် ရှင်က တာဝန်ပြန်မအပ်ဘဲ နေနေတာကိုး။စစ်သူကြီးယို က ရှင့်နေရာမှာ တခြား အစောက်အရှောက်နဲ့ အစားထိုးလိုက်မှာ ကြောက်နေတာမလား။ ဘာလို့ သူ့ကို အသိမပေးဘဲ ကုသပေးဖို့ မတောင်းဆိုတာလဲ"
"ငါ ဒဏ်ရာကုဖို့ မလိုဘူး ငါက သိုင်းဘုံကျောင်းရဲ့ ဆေးကြောသန့်စင်မှုကို လိုချင်တာ"
လျှိုပင်းသည် ခြင်္သေ့အိုကြီး တစ်ကောင်လို သွားဖြဲကာ တံတွေးများ စီးကျလျက် အော်ဟစ်လိုက်သည်။
"ငါ့တစ်သက်လုံး စစ်တိုက်လာတာ၊ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ဖြစ်ချင်လို့ကွ၊ ဒဏ်ရာကုဖို့ အနားပေးခံရပြီး တရွေ့ရွေ့နဲ့ သေသွားရမယ့်ကောင် မဖြစ်ချင်ဘူး"
ထိုစကားကို ကြားသောအခါ ရှောင်ချမ်ဝေမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာပြီး စကားပင် မပြောနိုင်တော့ပေ။
တစ်ဖက်လူသည် အမှားအယွင်းမရှိ နှစ် ၅၀ ကြာ စောင့်ကြပ်မှသာ သိုင်းဘုံကျောင်း၏ဆေးကြောသန့်စင်ခွင့် တစ်ကြိမ် ရရှိမည် ဖြစ်သည်။
ထိုသို့ လုပ်ဆောင်နိုင်ပါက အင်အားကို ထိန်းထားနိုင်ရုံသာမက အဆင့်ထပ်တက်နိုင်မည် ဖြစ်သည်။
ပြဿနာမှာ လျှိုပင်းအနေဖြင့် နောက်တစ်ကြိမ် ဆေးကြောသန့်စင်ခွင့်ရရန် အနည်းဆုံး ၃ နှစ်မှ ၅ နှစ်အထိ လိုသေးခြင်းပင်။
ထိုကာလအတွင်း သူတို့စောင့်ကြပ်နေရမည့် ဟေးရှီရေကန် နတ်ဆိုးအရှင်မှာ လုံးဝ အကာအကွယ်မဲ့ အခြေအနေ ဖြစ်နေတော့မည်။
စစ်သူကြီးယို နှင့် ကောင်းကောင်းမွန်မွန် ညှိနှိုင်းတိုင်ပင်နိုင်ပါလျက်နှင့် ဖုံးဖိထားရန် ရွေးချယ်ခဲ့သည်။
"ကျွန်မ နားလည်ပြီ၊ရှင်က စစ်သူကြီးယို က ငယ်လွန်းသေးတယ်၊ သူ့ထက် ရှင်က အသက်ပိုရှည်ရှည် နေနိုင်မှာ မဟုတ်ဘူး၊ သူ့ကျေးဇူးကို ယူထားရင် နောက်ပိုင်း နှုတ်ထွက်ဖို့ ခက်မယ် ဆိုပြီး စိုးရိမ်နေတာမလား။ သိုင်းဘုံကျောင်းမှာသန့်စင်ပြီးရင် တခြားလူဆီ ပြောင်းခိုလှုံမလို့မလား... ဟက်၊ ဥပမာ အဘိုးကြီးချန် ဆီကို ဆိုပါတော့"
ရှောင်ချမ်ဝေ အံကြိတ်ထားလိုက်သည်။နောက်ထပ် ပါးတစ်ချက်လောက် ထပ်ရိုက်ပစ်ချင်စိတ် ပေါက်နေသည်။
"ဒါက ငါတို့ နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ကိစ္စ၊ မင်းတို့နဲ့ ဘာဆိုင်လဲ။ မင်းတို့နဲ့ ဘာဆိုင်လို့လဲကွ"
"ငါ့ကို အပြစ်ပေးချင်ရင် ယိုလုံထောင်ကို လာခိုင်းလိုက်၊စစ်သူကြီးချုပ်ကို လာခိုင်းလိုက် မင်းတို့ နတ်ဆိုးဖမ်းဆီးသူတွေက ငါ့ကို စီရင်ဖို့ ဘာအရည်အချင်း ရှိလို့လဲ"
လျှိုပင်း လုံးဝ ခေါင်းမငုံ့ပေ။ဤအဆင့်ရောက်မှတော့ မည်သူမှန်းမသိသည့်လူဆိုသည့် စကားကို ထပ်မပြောတော့ပေ။
ရှောင်ချမ်ဝေ အေးစက်စွာ လှည့်ထွက်လိုက်ပြီး ထင်ယန်စီရင်စုသို့ အမြန်ဆုံး ပြန်ရန် ပြင်ဆင်လိုက်သည်။
"ရှင် စောင့်နေလိုက်၊ ရှင့်ကို စိတ်ပျက်စေရမှာ မဟုတ်ဘူး"
သူ ပြောတာ မှန်သည်။ နတ်ဆိုးနှိမ်နင်းရေးဌာန ကိစ္စကို ထိုဌာနလူကသာ ကိုင်တွယ်ရမည်။
လျှိုပင်းသည် မောဟိုက်စွာဖြင့် မျက်လုံးမှိတ်လိုက်သည်။ဘေးနားမှ တပ်မှူးများသည် ရှုပ်ထွေးသော မျက်နှာထားများဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။
ထိုအချိန်တွင် ရှန်းယီက သူမဘက်သို့ လက်လှမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"စာ ပေးပါ"
"ဟင်" ရှောင်ချမ်ဝေ လှည့်ကြည့်ပြီး ကြောင်အသွားသည်။ယခုချိန်မှာ စာကို ဖတ်ဖတ်မဖတ်ဖတ် ထူးမခြားနားဟု ထင်သော်လည်း စောစောက လူငယ်၏ ပြတ်သားသော တိုက်ခိုက်မှုကို သတိရကာ သူမသည် သူ့အပေါ် ယုံကြည်မှု တစ်စုံတစ်ရာ ပိုလာခဲ့သည်။
ငွေခေါင်းလောင်းထဲမှ စာအိတ်ကို ထုတ်ပေးလိုက်သည်။
ရှန်းယီ လှမ်းယူလိုက်ပြီး စာအိတ်ကို လက်ညှိုးနှင့် လက်လယ်ကြား ညှပ်ကာ လျှိုပင်း၏ရှေ့တွင် ယမ်းပြလိုက်သည်။
"မျက်လုံးဖွင့်ပြီး ကြည့်စမ်း၊ ဒါ စစ်သူကြီး ယို ရဲ့ လက်ရေး ဟုတ်မဟုတ်"
"မင်း တကယ်တမ်း ဘာပြောချင်တာလဲ"
လျှိုပင်း အေးစက်စွာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ရှောင်ချမ်ဝေသည် စစ်သူကြီးယို၏မိခင်ကို နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ခဲ့သူ ဖြစ်ပြီး မောင်နှမအရင်းကဲ့သို့ သတ်မှတ်ခံထားရသူ ဖြစ်သည်။သူမ ပို့ပေးသည့် စာသည် အတု မဖြစ်နိုင်ပေ။
"ခင်ဗျား ဝန်ခံလိုက်ရင် ပြီးတာပဲ"
လူအများ သံသယဖြင့် ကြည့်နေစဉ် ရှန်းယီသည် စာအိတ်ကို သိမ်းလိုက်ပြီး လက်ဖဝါးဖြင့် ခါးကို ပုတ်ကာ ခါးချိတ်တံဆိပ်ပြားကို လျှိုပင်း၏ကိုယ်ပေါ်သို့ ပစ်ပေးလိုက်လေသည်။
"..."
လျှိုပင်းသည် တံဆိပ်ပြားကို ဆုပ်ကိုင်လိုက်ပြီး လူငယ်ကို သံသယဖြင့် စိုက်ကြည့်နေသည်။
လူငယ်သည် ဖြည်းညှင်းစွာလှည့်ထွက်သွားပြီး လက်ထဲတွင် ဝံပုလွေသားမွေး ဝတ်ရုံကြီး တစ်ထည် ရောက်ရှိလာကာ ပခုံးပေါ်သို့ ပေါ့ပါးစွာ လွှမ်းခြုံလိုက်သည်ကို တွေ့လိုက်ရသည်။
ရုတ်ခြည်းပင် ထိုနုပျိုသော မျက်နှာထားပေါ်တွင် ကြီးမားသော အာဏာစက်အရှိန်အဝါများ လွှမ်းခြုံသွားပြီး တပ်မှူးအများအပြားမှာ အလိုအလျောက် တိတ်ဆိတ်သွားကြသည်။
ရှန်းယီသည် ကော်လာကို လက်တစ်ဖက်ဖြင့် ပြင်လိုက်ပြီး အသံအေးစက်စက်ဖြင့် ပြောလိုက်သည်။
"လျှိုပင်းက နတ်ဆိုးတွေကို သောင်းကျန်းခွင့် ပြုထားပြီး အခြေအနေမှန်ကို သတင်းမပို့ဘဲ ဖုံးကွယ်ထားတယ်"
"စစ်သူကြီး ချန်ချမ်ခွင်းရဲ့လက်အောက်ငယ်သား ရှန်းယီက စစ်သူကြီးယိုရဲ့အမိန့်အရ ဒီနေရာကို ယာယီ လွှဲပြောင်းယူလိုက်ပြီ"
သူသည် မြေပေါ်ရှိ အဘိုးအိုကို ငုံ့ကြည့်လိုက်ပြီး မလှမ်းမကမ်းရှိ အိမ်ဆီသို့ လျှောက်သွားလိုက်သည်။
"သူ့ကို ဖမ်းချုပ်ထားလိုက်"
စကားဆုံးသည်နှင့် လျှိုပင်းသည် လက်ထဲမှ တံဆိပ်ပြားကို ကြည့်လိုက်မိသည်။ထို့နောက် မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။
အနီးကပ်တွဲဖက် ဒု-စစ်သူကြီး တံဆိပ်ပြား ဖြစ်စေ၊ စစ်သူကြီးယို၏လက်ရေးစာ ဖြစ်စေ၊ တစ်ခုချင်းစီ ဆိုလျှင် ဤနေရာတွင် ရှိသော သူ၏နေရာကို လှုပ်ခါနိုင်မည် မဟုတ်ပေ။
သို့သော် နှစ်ခု ပေါင်းလိုက်သောအခါ...
"ငါ အဲဒီစာကို ကြည့်ချင်တယ်" သူ ရုတ်တရက် လှည့်အော်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရရှိတော့ပေ။ယိုလုံထောင်က သူ့ကို စစ်ဆေးဖို့ နတ်ဆိုးနှိမ်နင်းရေးဌာနက လူကို တကယ် လွှတ်လိုက်တာလား ဆိုသည်ကို သူ မယုံကြည်နိုင် ဖြစ်နေသည်။
စစ်ဗိုလ်အများအပြားသည် မျက်နှာပျက်သွားကြပြီး လျှိုပင်း၏အကြည့်ကို ရှောင်ကာ လက်ကို နောက်ပစ်လိုက်ကာအေးစက်သော နတ်ဆိုးနှိမ်နင်းရေး သံခြေချင်းများကို တိတ်တဆိတ် ထုတ်ယူလိုက်ကြတော့သည်။
အစောပိုင်းက ပြင်ပလူကို တညီတညွတ်တည်း တိုက်ခိုက်ခဲ့ခြင်းနှင့် ယှဉ်လျှင် ယခုကိစ္စသည် နတ်ဆိုးနှိမ်နင်းရေးဌာန၏ အိမ်တွင်းရေး ဖြစ်သွားခဲ့ပြီ။
သိသာထင်ရှားသည်မှာ စစ်သူကြီးယို၏အမိန့်သည် လျှိုပင်းထက် ပို၍ အာဏာတည်သည်။
"ဖမ်းချုပ်လိုက်ပြီ"
ရှောင်ချမ်ဝေသည် စစ်သူကြီး ယို က မည်သည့်အချိန် အမိန့်ပေးလိုက်တာလဲဟု စဉ်းစားနေဆဲ ရှိသေးသည်။
သူမကို ဓားဖြင့် ချိန်ရွယ်ထားခဲ့သော တပ်မှူးများနှင့်တပ်သားများသည် ယခုအခါ သဘောထား ပြောင်းလဲသွားကြသည်ကို တွေ့လိုက်ရသည်။
တွန့်ဆုတ်နေကြသေးသော်လည်း လျှိုပင်းဆီသို့
တစ်လှမ်းချင်း လျှောက်သွားနေကြသည်။
"ဒု-စစ်သူကြီး လျှို... ခွင့်လွှတ်ပါ..."
တပ်မှူးများသည် ထိုင်ချလိုက်ပြီး စိုက်ဝင်နေသော လှံရှည်ကို ပြိုင်တူ အားစိုက်၍ ဆွဲထုတ်လိုက်ကြသည်။
သူတို့သည် လျှိုပင်း၏နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့မှုများကို သိကြသည်။ ထို့ကြောင့် စစ်သူကြီး ယို၏အမိန့်ကို မျက်ဝါးထင်ထင် မတွေ့ရသရွေ့ လျှိုပင်းကို အာခံရဲမည် မဟုတ်ပေ။ဘာမှ မသိသလို နေလိုက်ကြမည် ဖြစ်သည်။
သို့သော် ယခုအခါ တစ်ဖက်လူကို နတ်ဆိုးနှိမ်နင်းရေးဌာနမှ တွေ့ရှိသွားပြီ ဖြစ်ရာ ပြောစရာ ဘာမှ မကျန်တော့ပေ။
ရောက်လာသော အစောက်အရှောက်သည် အလွန် ငယ်ရွယ်သော်လည်း အင်အားပြည့်နေသော လျှိုပင်းထက် အားမနည်းကြောင်း ထင်ရှားသည်။ဂုဏ်ပုဒ်ရော အင်အားပါ နှစ်ဖက်စလုံး ပြည့်စုံနေသည်။
နတ်ဆိုးနှိမ်နင်းရေး သံခြေချင်းများ ခန္ဓာကိုယ်ပေါ် ရစ်ပတ်လာသောအခါ လျှိုပင်း၏မျက်ဝန်းများသည် နောက်ဆုံးတွင် မှေးမှိန်သွားတော့သည်။
လက်အောက်ငယ်သားများက တွဲထူပေးထားသော်လည်း သူသည် စိတ်ဝိညာဉ် လွင့်ပါးသွားသကဲ့သို့ ခေါင်းငိုက်စိုက် ကျနေသည်။
"ဒု-စစ်သူကြီး လျှို... သခင်ရှန်းရဲ့တံဆိပ်ပြား..."
တပ်မှူးနှစ်ဦးက သူ့ကိုကြိုးတုပ်ပြီးနောက် လက်ထဲတွင် ဆုပ်ကိုင်ထားသော တံဆိပ်ပြားကို သတိကြီးစွာဖြင့် ပြန်ယူလိုက်ကြသည်။
မတော်တဆမှု မရှိလျှင် ဤစစ်သူကြီးအိုကို ထင်ယန်စီရင်စုသို့ ပြန်ပို့လိုက်သည်နှင့် သူသည် စစ်သူကြီးယို ကိုယ်တိုင် ခေါင်းဖြတ်သတ်မည့် ပထမဆုံးသော အစောက်အရှောက် ဖြစ်လာပေလိမ့်မည်။
မိမိတို့ အနေဖြင့်သတင်းအချက်အလက်များကို ဖုံးကွယ်ထားခဲ့မှုကြောင့် အသက်ရှင်ခွင့် ရနိုင်ပါ့မလား ဆိုသည်ကိုပင် မသိနိုင်တော့ပေ။
"ဒါတွေက ဘာဖြစ်ကုန်တာလဲ"
ရှောင်ချမ်ဝေသည် ဒဏ်ရာပြန်နာလာသဖြင့် ဝမ်းဗိုက်ကို ဖိထားပြီး မျက်မှောင်ကြုတ်လျက်အိမ်ဆီသို့ အမြန် လျှောက်သွားလိုက်သည်။
တံခါးဖွင့်လိုက်သောအခါ လူငယ်သည် စားပွဲနောက်တွင် ထိုင်လျက် မှတ်တမ်းများကို သေချာစွာ ဖတ်ရှုနေသည်ကို တွေ့လိုက်ရသည်။
ဝံပုလွေသားမွေးဝတ်ရုံ လွှမ်းခြုံထားသော သူ့ပုံစံသည် စောစောက သူမ အနောက်မှ လိုက်လာသော လူနှင့် လုံးဝ ကွဲပြားခြားနားနေသည်။
"နင့်မှာ ငွေခေါင်းလောင်းအပြင် အဘိုးကြီးချန်ရဲ့ အနီးကပ်တွဲဖက်တံဆိပ်ပြားပါ ရှိနေတာလား"
သူမသည် တံခါးဝတွင် ရပ်လျက် အံ့သြမှင်သက်စွာ မေးလိုက်သည်။
ဤပစ္စည်းနှစ်မျိုးတွင် တစ်မျိုးမျိုး ရရှိရန်အတွက်ပင် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ရသည် မဟုတ်ပါလား။ တစ်ဖက်လူက ဤမျှ ငယ်ရွယ်ပြီး နှစ်မျိုးလုံး ပိုင်ဆိုင်ထားသည်တဲ့လား။
"ပြဿနာ ရှိလို့လား"
ရှန်းယီ အနည်းငယ် မော့ကြည့်လိုက်သည်။
ရှောင်ချမ်ဝေ နှုတ်ခမ်းကို ကိုက်လိုက်သည်။ ဤလူသည် အလွန် ထူးဆန်းကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်။
ယုံအန်းမြို့ရှိနေစဉ်ကဲ့သို့ပင်။ကျားနတ်ဆိုးအား သတ်ဖြတ်ပြီးပြန်လာချိန်တွင် စကားတစ်ခွန်းမှ မပြောခဲ့ပေ။
ဤမျှလှုပ်လှုပ်ခတ်ခတ်ဖြစ်စရာ ကိစ္စရပ်များသည် သူ့အတွက် ဘာမှအဓိပ္ပါယ် မရှိသလို၊ လုံးဝ ဂရုမစိုက်သလိုပင်။
"ပြဿနာ မရှိပါဘူး"
ရှန်းယီ ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင် တပ်မှူး နှစ်ယောက်လောက် ခေါ်ပေးပါ၊ ဟေးရှီရေကန်က နတ်ဆိုးအကြောင်း သိချင်လို့"