သနားစဖွယ် ဖန်တီးခြင်းခန်းမ
Vol. 15 Ch. 212
ဝင်္ကပါမှ တစ်ဦးပြီးတစ်ဦး လွတ်မြောက်သွားသည်ကို မြင်သည့်အခါတွင် ဖြူမည်းလူသားမှာ ဒေါသပေါက်ကွဲတော့သည်။
အကုန်လုံးကို ဖမ်းဆီးနိုင်ခြင်း မရှိလျှင် တစ်ယောက်ဖြစ်စေ၊ နှစ်ယောက်ဖြစ်စေ ဖမ်းဆီးထားရန် ဆုံးဖြတ်လိုက်သည်။
“ကြာပန်းနီမိစ္ဆာလျှပ်စီး”
ထိုလူသည် လက်နှစ်ဖက်အား တီးခတ်လိုက်သည့်အခါ ရဲရဲနီနေသည့် ကြာပန်းတစ်ပွင့်သည် ဝမ်ရွှမ်ကျန့်နှင့် အခြားသူများ၏ လမ်းကြောင်းအား ပိတ်လိုက်သည်။ ရက်ရက်စက်စက် လှပေသည်။
သေချာစွာကြည့်လျှင် ယင်းကြာပန်းသည် အနီရောင်လျှပ်စီးများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်ကို မြင်နိုင်ပေသည်။ ကြာပန်းသည် အလွန်ထိတ်လန့် ကြောက်မက်ဖွယ် ကောင်းသည့် အော်ရာများ ထုတ်လွှတ်လျက်ရှိသည်။
သူတို့ရှေ့ရှိ ကြာပန်းနီ မိစ္ဆာလျှပ်စီးသည် ပေါက်ကွဲလုနီးနီး အခြေအနေသို့ ရောက်ရှိနေပြီး နောက်ကျောဘက်တွင် ဖြူမဲလူသားမှ လိုက်လံဖမ်းဆီး နေလေသည်။ ဆုံးဖြတ်ချက်ချရန် စက္ကန့်ဝက်သာလျှင် ကျန်ရှိတော့သည်။
ဟွမ်ရှန့်သည် တားမြစ်မန္တန်အား အသုံးပြုလိုက်သည်။ ခန္ဓာကိုယ်သည် ရွှေဓားပျံအသွင် ဖြစ်လာပြီး အမြန်နှုန်းမှာလည်း တားဆီး၍မဖြစ်နိုင်တော့ချေ။
ဝမ်ရွှမ်ကျန့်နှင့် ချင်ကျစ်တို့သည် ရောက်ရှိနေသည့် နေရာတွင်သာ ရပ်နေရန် ဆုံးဖြတ်လိုက်သည်။ အဝေးတွင်ရှိသည့် ဖြူမည်းလူသားအား တားဆီးရန် အဝေးရောက်မန္တန်အား အသုံးပြုလိုက်သည်။
ဝုန်း
ကြာပန်းနီမိစ္ဆာလျှပ်စီး ပေါက်ကွဲသွားလေပြီ။ ယင်းသည် ဆိုးယုတ်မှုနှင့် သန့်စင်မှုတို့ကို သယ်ဆောင်ထားပြီး လျှပ်စီးများသည် ဟွမ်ရှန့်၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွားလေသည်။ ချ်က်ချင်းဆိုသလိုပင် ပေတစ်ထောင်ကျော်မှ လျှပ်စီးပစ်လွှတ်လိုက်ပြီး ယင်းတွင်ပါဝင်သော ဖရိုဖရဲစွမ်းအင်များသည် ထိတွေ့မိသမျှ အရာအားလုံးကို တိုက်စားပစ် လိုက်တော့သည်။
ပေါက်ကွဲမှုပြီးသည့် အခါတွင် ဝမ်ရွှမ်ကျန့်သည် ချက်ချင်းပင် ဝင်္ကပါအက်ကွဲကြောင်းမှ ပြေးထွက်သွားလေသည်။
ထိုသည်ကို မြင်လိုက်သည့်အခါတွင် ဖြူမည်းလူသားသည် ဝမ်ရွှမ်ကျန့်ထံသို့ အလွန်သိပ်သည်းသည့် လျှပ်စီးကြောင်းဖြင့် ပစ်ခတ်လိုက်သည်။ ထက်မြိနေသည့် ဓားတစ်လက်ကဲ့သို့ ပြေးဝင်၍လာပြီး ထွက်ပြေးနေမှုအား တားဆီးလိုက်သည်။
မျှော်လင့်မထားသည်မှာ လျှပ်စီးကြောင်းသည် ဝမ်ရွှမ်ကျန့်အား တားဆီးနိုင်စွမ်း မရှိခဲ့ချေ။ ထို့အစား အက်ကွဲကြောင်းအား ဖောက်ထွက်နိုင်ရန် အင်အားကုန် အသုံးပြုလိုက်သည်။ လျှပ်စီးကြောင်းသည် သူ၏ နဂါးကြေးခွံများအား ထိုးဖောက်ကာ ခန္ဓာကိုယ်အား ထိုးစိုက်မိလိုက်သည်။ အတွင်းကလီစာများ ထိခိုက်သွားသဖြင့် သွေးအန်လိုက်ရသည်။ သို့သော်လည်း ခေတ္တမျှ ရပ်တန့်ခြင်းမပြုဘဲနှင့် တိုက်ခိုက်မှု အဟုန်ကိုသုံးကာ အက်ကွဲကြောင်းထံ ပြေးသွားသည်။
တစ်ချိန်တည်းမှာပင် ချင်ကျစ်သည် ချက်ချင်းဆိုသလို အကာအကွယ် တားမြစ်မန္တန်အား အသုံးပြုလိုက်သည်။ သူ၏အော်ရာသည် လျင်လျင်မြန်မြန် အားနည်းလာပြီး ခန္ဓာကိုယ်တဝိုက်တွင် ရွှေရောင်အကာအကွယ်လွှာ ပေါ်လာသည်။ ထိုအကာအကွယ်သည် လိပ်ခွံတမျှ ခိုင်ခံ့မာကြောပြီး မည်သည့်အရာကမှ ထိုးဖောက်ခြင်းမပြုနိုင်။ အကာအကွယ်လွှာထဲ ဝင်ရောက်ကာဖြင့် ချင်ကျစ်သည် အက်ကွဲကြောင်းထံ ပြေးသွားသည်။
ဝမ်ရွှမ်ကျန့်နှင့် ချင်ကျစ်တို့ တစ်ပြိုင်နက်တည်း လွတ်မြောက်သွားကြသည်။
အဆုံးတွင် ဟွမ်ရှန့်တစ်ဦးတည်းသာလျှင် ကျန်ရှိတော့သည်။ ကြာပန်းနီ မိစ္ဆာလျှပ်စီးအား လျှော့တွက်ခဲ့မိခြင်းဖြစ်သည်။ ပေါက်ကွဲမှုသည် မူးဝေသွားစေပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် ထိခိုက်ဒဏ်ရာများ ဖြစ်ပေါ်လာစေသည်။ ပြန်လည်သက်သာလာသည့် အချိန်တွင် ဝမ်ရွှမ်ကျန့်နှင့် ချင်ကျစ်တို့၏နောက်သို့ ကျန်ရစ်ခဲ့ပြီဖြစ်သည်။
တုံ့ဆိုင်းခြင်းမရှိဘဲနှင့် ချက်ချင်းဆိုသလိုပင် အက်ကွဲကြောင်းထံ ပြေးသွားလိုက်သည်။
“အိုက်ယား”
ဝမ်ရွှမ်ကျန့်နှင့် ချင်ကျစ်တို့ လွတ်မြောက်လာသည်ကို မြင်သည့်အခါတွင် လျှိုချင်ဟွမ်သည် အသာငိုရှိုက်လေသည်။ ထို့နောက်တွင် ပိုးပုဝါစကဲ့သို့ ဖြည်းညင်းစွာ ပြိုလဲသွားတော့သည်။ ဤသို့ဖင့် သူမ၏ သေးသွယ်သွယ် ခန္ဓာကိုယ်လေးသည် မြေပေါ်သို့ လဲကျသွားလေသည်။ ဖြည်းညင်းစွာ အသက်ရှူနေပြီး သူမသည် နူးညံ့သာ သနားစဖွယ် ဖြစ်နေသည်။
နှုတ်ခမ်းတင်းတင်းစေ့ကာဖြင့် သနားစဖွယ်ဆိုလေသည်။
“ငါ့မှာ အားတစ်စက်တောင် မကျန်တော့ဘူး”
အက်ကွဲကြောင်းအား ချုပ်ကိုင်ထားသူ မရှိလျှင် ဝင်္ကပါသည် အလိုလို ပြန်ပိတ်သွားမည် ဖြစ်သည်။
အချိန်ကြာမြင့်စွာ ချုပ်ကိုင် ခံထားရသည့်အတွက် ဝင်္ကပါ၏ ပြန်လည် ကုစားနိုင်စွမ်းမှာ အလွန်လျင်မြန်လှသည်။ ချက်ချင်း ပြန်ပိတ်သွားသည်ကြောင့် ကိုယ်စားလှယ်များမှာ တုံ့ပြန်ချိန်ပင် မရှိလိုက်ကြချေ။
“ဖာ့ခ်”
ဟွမ်ရှန့်၏ ဒေါသတကြီး ဟိန်းဟောက်သံသည် ဝင်္ကပါအတွင်းမှ ထွက်ပေါ်လာပြီး သူ့ထံမှ နောက်ဆုံး ကြားလိုက်ရခြင်းလည်း ဖြစ်သည်။
ဤသို့ဖြင့် ရွှေရောင်လျှပ်စီးကြောင်းများသည် ဝင်္ကပါနှင့် ဝင်တိုက်မိသည့်အတွက် ပေါက်ကွဲမှု ဖြစ်ပေါ်ကာ မိုးခြိမ်းသံတမျှ ကျယ်လောင်သည့်အသံ ထွက်ပေါ်လာသည်။
“ဟွမ်ရှန့်”
ဟုန်သိုနှင့် တုန်ယန်တို့သည် တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ ထို့နောက်တွင် အက်ကွဲကြောင်း ရှိနေခဲ့သည့်နေရာအား အင်မော်တယ် မန္တန်များဖြင့် တိုက်ခိုက်ကြလေသည်။
အင်မော်တယ်မန္တန်များသည် ဝင်္ကပါအား မည်သည့်မျှ ထိခိုက်စေနိုင်ခြင်း မရှိချေ။ စွမ်းအင်ပေါက်ကွဲမှုကြောင့် လေမိုးကြိုးကွန်ယက် အနည်းငယ် တုန်ခါသွားခြင်းသာလျှင် ဖြစ်သည်။ အက်ကွဲကြောင်း ပေါ်လာမည့် အရိပ်အယောင် မရှိချေ။
ထူထဲလှသည့် လျှပ်စီးကန်သည် သူတို့၏မြင်ကွင်းအား ပိတ်ဆို့ထား လေသည်ကြောင့် ဝင်္ကပါအတွင်းရှိ အဖြစ်အပျက်များအား မမြင်နိုင်တော့ချေ။ သို့သော်လည်း အတွင်းရှိ အခြေအနေမှာ စိတ်ဓာတ်ကျဖွယ်ရာသာ ဖြစ်ကြောင်း ထင်ရှားလှသည်။
“ဟေ့ကောင် မြန်မြန်လေး အပြင်ကနေ အပေါက်ဖွင့်ပေးစမ်း”
ဟုန်သို အန်လင်းအား အော်ဟစ်လိုက်သည်။
ယခုအချိန်တွင် အန်လင်းသည်သာလျှင် ဟွမ်ရှန့်အား ကယ်တင်နိုင်မည်ဖြစ်ပြီး ရှင်သန်နိုင်ခွင့်ပေးနိုင်သူဖြစ်သည်။
အန်လင်း၏မျက်လုံးတွင် လှောင်ပြောင်လိုမှုများ ထင်ဟပ်နေသည်။ မြေပြင်တွင် လဲလျောင်းကာဖြင့် အသက်ပြင်းစွာ ရှူရှိုက်လျက်ရှိကာ ကူကယ်ရာမဲ့စွာဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
“ကျွန်တော့်မှာ စွမ်းအင်တစ်စက်တောင် မကျန်တော့လို့ပါ အစ်ကိုကြီးဟုန်သို ခင်ဗျား”
မြေပြင်တွင် ငါးသေကောင်ကဲ့သို့ လဲလျောင်းလျက် ရှိကြသည့် အန်လင်းနှင့် လျှိုချင်ဟွမ်အားကြည့်ကာ ဟုန်သိုမှာ ဒေါသပေါက်ကွဲ လာတော့သည်။
“မ ... မင်း ... မင်းတို့ကောင်တွေ တမင်သက်သက် လုပ်တာ”
တုန်ယင်စွာဖြင့် ပြောလေသည်။
အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် သူ့အား လျစ်လျူရှုထားကြသည်။
‘အင်အားကုန်ခန်း’ ဇာတ်ကို ကပြရန် တိတ်တဆိတ် တိုင်ပင်ထားကြခြင်း ဖြစ်ပြီး ချီစွမ်းအင်များကို ဖုံးကွယ်ထားကြခြင်း ဖြစ်သည်။
ဝင်္ကပါ၏ အပြင်ဘက်ရှိ ကိုယ်စားလှယ်များသည် အတွင်းတွင် ဖြစ်ပျက်နေသည်များအား မမြင်နိုင်ကြသော်လည်း ကောင်းကင်ပြာရင်ပြင်မှ ကြည့်ရှုနေကြသူများမှာမူ ဟွမ်ရှန့်၏ သနားစဖွယ် အခြေအနေအား မြင်နေရလေသည်။
ဟွမ်ရှန့်သည် မချိနတင်ကဲ အော်ဟစ်ငိုကြွေးလျက် ရှိသည်။ သူသည် သန်မာအားကောင်းလှသော လျှပ်စီးစွမ်းအင်သုံး ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ဖြူမည်းလူသားအား ပြန်လည်ခုခံနိုင်စွမ်း မရှိပေ။
ဖြူမဲလူသားမှာ ဒေါသထွက်နေခြင်း ဖြစ်သည်။ လူပေါင်းများစွာအား ဖမ်းဆီးရမိခဲ့သော်လည်း ဤသတ္တဝါ တစ်ကောင်တည်းသာလျှင် ကျန်ရှိတော့သည်။ ထို့ကြောင့် အဖမ်းခံလိုက်ရသည့် တစ်ကောင်တည်းသော သတ္တဝါကိုသာ ဒေါသပုံချနေခြင်း ဖြစ်သည်။
“လေစာအေးခဲခုတ်ချက်”
“အားးးးးးးး”
“အမှောင်ထုဖြိုခွဲလျှပ်စီးလှံ”
“အားးးးးးးး”
“နဂါးကိုးကောင်အံ့ဖွယ်လျှပ်စီး”
“အားးးးးးးးး”
***
ဖန်တီးခြင်းခန်းမမှ အဖွဲ့ဝင်များအားလုံး ဖြူဖျော့သွားကြသည်။ ဖန်သားပြင်ပေါ်ရှိ ကြောက်မက်ဖွယ်ရာ မြင်ကွင်းအား ဆက်ပင် မကြည့်နိုင်တော့ချေ။ အချို့မှာ အကြည့်လွှဲလျက်ရှိပြီး ငါးသေကဲ့သို့ မြေပြင်တွင်လဲလျောင်းနေသည့် အန်လင်းတို့ထံသာ အကြည့်များ ပို့လိုက်ကြသည်။
များမကြာမီတွင် ကျုံးလုံတောင်တန်းတွင် ကြေညာသံတစ်ခု ထွက်ပေါ်လာသည်။
“ဖန်တီးခြင်းခန်းမမှ ဟွမ်ရှန့် ထုတ်ပယ်ခံလိုက်ရပါပြီ”
ထိုအသံအား ကြားသည့်အခါတွင် ဟုန်သိုနှင့် တုန်ယန်တို့သည် ကူကယ်ရာမဲ့စွာဖြင့် နေရာတွင်သာ ကြောင်လျက်သား ရပ်နေမိကြသည်။
ထိုအခြင်းအရာအား မျှော်လင့်ထားပြီး ဖြစ်သော်လည်း အမှန်တကယ် ကြုံတွေ့ရသည့်အခါတွင် တုန်လှုပ်နေမိကြဆဲ ဖြစ်သည်။
သူတို့၏ အသန်မာဆုံးသော အဖွဲ့ဝင်မှာ ထုတ်ပယ် ခံလိုက်ရလေပြီ။ သောက်တော် ရေခွက်များအတွက် ဘာဆက်လုပ်ကြရမည်နည်း။
သံသောက်တော်ရေခွက်ကို ရရှိဖို့ရန်ပင် မဖြစ်နိုင်သည့်အတွက် အခြားသော အဖိုးတန် သောက်တော်ရေခွက်များအား မေ့ထားရပေတော့မည်။
“ဒါယိကာလေးတို့ အားလျော့နေဖို့ မလိုပါဘူး။ ဒီကိုယ်တော်က သံသောက်တော် ရေခွက်တွေ ရရှိဖို့အတွက် ကူညီပါ့မယ်” ဟုန်သိုနှင့် တုန်ယန်တို့ စိတ်ပျက်အားငယ် နေကြစဉ်မှာပင် ချင်ကျစ် လျှောက်လှမ်းလာပြီး အကူအညီပေးရန် ကမ်းလှမ်းလေသည်။
တုန်ယန်သည် ချင်ကျစ်အား ရှုံ့မဲ့ကာဖြင့် ကြည့်လိုက်ပြီး အော်ဟစ်ပစ် လိုက်ချင်သည်။
တစ်ချိန်တည်းမှာပင် ဟုန်သိုသည် ထိုဘုန်းကြီးအား ရိုက်နှက်ပစ်ချင် နေမိသည်။ ဖြစ်စဉ်တစ်ခုလုံးမှာ အဓိပ္ပာယ်မဲ့လွန်းသည်။ ထိုဘုန်းကြီးများသည် သူတို့၏ ငွေသောက်တော်ရေခွက်အား သံသောက်တော် ရေခွက်များဖြင့် အလဲအထပ် ပြုလိုခြင်း ဖြစ်ပြီး သူတို့၏ ကိုယ်စားလှယ် ခေါင်းဆောင် ထုတ်ပယ် ခံရခြင်းမှာလည်း ၎င်းတို့ကြောင့် ဖြစ်လေသည်။ ထိုသို့ဖြစ်ပျက် ခဲ့သည်တောင် လွန်စွာသဒ္ဓါတရား ထက်သန်သည့်အသွင်ဖြင့် အကူအညီပေးရန် ကမ်းလှမ်းလာ နေသေးသည်။
ဖွီး ... တည်တည်ငြိမ်ငြိမ်နေစမ်း။ တည်ငြိမ်ရင့်ကျတ်တဲ့ပုံနဲ့ နေလိုက်စမ်း။
ဟုန်သိုသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ခါလျက်ရှိသော်လည်း တည်ငြိမ်အောင် ထိန်းထားလေသည်။
အဆုံးတွင် ဖန်တီးခြင်းခန်းမနှင့် ဗုဒ္ဓလောကတို့သည် ဆက်လက်ပူးပေါင်းရန် ရွေးချယ်လိုက်ကြသည်။
ကနဦးတွင် ဝမ်ရွှမ်ကျန့်သည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ ပြိုင်ဘက်များအား ထုတ်ပယ်ခံရအောင် ရည်ရွယ်မိလိုက်သည်။
သို့သော်လည်း ထိုအတွေးအား လျင်မြန်စွာ ငြင်းပယ်လိုက်သည်။ ပထမဆုံးအချက်မှာ သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး သူ၏စွမ်းအင်များကို အသုံးမပြုနိုင်သေးပေ။ ဒုတိယမှာ သူ၏ အဖွဲ့ဝင်နှစ်ဦးသည် ချီစွမ်းအင်ကုန်ခန်းလျက် ရှိကြပြီး မြေပြင်ပေါ်တွင် ငါးသေကောင်ကဲ့သို့ လဲလျောင်းလျက် ရှိသည်။ စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်တော့သည်။
“အချိန်မဖြုန်းနဲ့တော့။ ခဏလောက် အနားယူပြီး နောက်တစ်နေရာကို သွားကြမယ်”
ဝမ်ရွှမ်ကျန့် ပြောသည်။
အန်လင်းနှင့် လျှိုချင်ဟွမ်တို့ ခေါင်းညိတ်လိုက်ကြသည်။ ကျန်ရှိနေသေးသော သောက်တော်ရေခွက် သုံးခု၏ အကြမ်းဖျင်း တည်နေရာကို သိရှိကြသည့်အတွက် အတော်လေး သက်သာလာပြီးသည့် နောက်တွင် ထိုနေရာများသို့ ဦးတည်သွားနိုင်မည် ဖြစ်သည်။
ဗုဒ္ဓလောကနှင့် ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ်များသည် ကောင်းကင်တွင် ပျံသန်းကာဖြင့် အဝေးသို့ ထွက်ခွာသွားကြလေသည်။
ဝမ်ရွှမ်ကျန့်သည် သူ၏ ဒဏ်ရာများပေါ်သို့ စိတ်ဝိညာဉ်ဆေး အနည်းငယ် လိမ်းကာ ပတ်တီးစည်းလိုက်သည်။ ခေါင်းမော့လိုက်ပြီးနောက် မနှေးမမြန်သည့်နှုန်းဖြင့် “သရဲပုဆိန်ဘီလူးကို ရင်ဆိုင်ကြစို့”
ကျုံးလုံတောင်တန်း၏ အနောက်မြောက်ဒေသတွင်။
အဖြူရောင်သစ်ပင်များ ပေါက်ရောက်နေသော ကုန်းပြင်မြင့်တစ်ခု ရှိသည်။
ဘုန်းတော်ကြီးများနှင့် သတ္တဝါများသည် ပျံသန်းရင်းနှင့် တစ်စုံတစ်ခုအား ရှာဖွေနေလေသည်။
“ဒီနေရာမှာ ကိုယ်တော်တို့က တောင်ပံပြာအရိုးနဂါးနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ အဲဒီအရိုးနဂါးက ကြမ်းတမ်းပြီး ရက်စက်တယ်။ သူ့ရဲ့ ပြန်လည် ကုစားနိုင်စွမ်းကလည်း အရမ်းကို အားကောင်းတယ်။ အဲဒါကြောင့် ချင်ရှင်း၊ ချင်ယန်နဲ့ ကိုယ်တော်တို့က ယာယီဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီနဂါးကို ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ဘူး”
ချင်ကျစ်သည် ဟုန်သိုနှင့် တုန်ယန်အား အခြေအနေကို ရှင်းပြလိုက်သည်။
အမှန်တကယ်အားဖြင့် ချင်ကျစ်သည် ထိုအရိုးနဂါးအား အနိုင်ရမည်ဟု ယုံကြည်ချက်မရှိပေ။ ဖန်တီးခြင်းခန်းမ၏ အသန်မာဆုံးသော အဖွဲ့ဝင်ဖြစ်သူ ဟွမ်ရှန့် ထုတ်ပယ်ခြင်း ခံလိုက်ရပြီ မဟုတ်ပါလား။ လက်ရှိတွင် သူတို့ထံ၌ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ သုံးဦးနှင့် ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ပိုင်း အဆင့်ရှိ ကျင့်ကြံသူတစ်ဦးတို့ ရှိကြပြီး ယခင်ကနှင့် ကွာခြားခြင်းမရှိပေ။
ဒီတစ်ကြိမ်မှာလည်း ခွေးပြေးဝက်ပြေး မပြေးရဖို့ မျှော်လင့်ပါတယ်။
ဝေါင်း
အနီးရှိ တောင်တစ်လုံးမှ ကျယ်လောင်သည့် နဂါးဟိန်းသံ ထွက်ပေါ်လာသည်။
“အဲဒါ တောင်ပံပြာအရိုးနဂါးပဲ”
သူတို့လေးဦးသည် ပျော်ရွှင်သွားကြပြီး လျင်လျင်မြန်မြန်ပင် အသံထွက်ပေါ်လာရာသို့ သွားလိုက်ကြသည်။
ခေတ္တမျှကြာပြီးသည့် နောက်တွင် သူတို့သည် နဂါးဟိန်းသံ ထွက်ပေါ်သည့်နေရာသို့ ရောက်ရှိလာခဲ့ကြသည်။ ထို့နောက်တွင် ဆွံ့အသွားကြသည်။
သူတို့အားကြိုဆိုနေသည်မှာ ခန့်ညားချောမောလှပသည့် လူသုံးဦးသာလျှင် ဖြစ်သည်။ သူတို့သည် လှပသည့် တောင်ပံဖြူများအား ဖြန့်ကားထားကြပြီး ချင်ကျစ်တို့အား အံ့ဩတကြီး ကြည့်နေကြလေသည်။
လွန်စွာအားကောင်းသည့် အော်ရာနှင့် အမျိုးသားသည် သံသောက်တော် ရေခွက်အား လက်တွင်ကိုင်ကာဖြင့် သူတို့လေးဦးအား မျက်တောင်မခတ်စတမ်း ကြည့်နေလေသည်။
“ဂုဏ်ယူပါတယ်။ ဧဒင်ဥယျာဉ်မှ ရမှတ် ၁ မှတ် ရရှိပါတယ်”
ကြေညာသံ ထွက်ပေါ်လာသည်။
ချင်ကျစ် : “…”
ချင်ရှင်း : “…”
ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ်နှစ်ဦး စတင်ငိုကြွေး လေတော့သည်။
ဝသဖ
ဒီလိုမျိုး ငါတို့ကို အနိုင်မကျင့်သင့်ပါဘူး
***