← Chapters

မင်း အနံ့ကိုရနေပြီ

Vol. 12 Ch. 112

မင်း အနံ့ကိုရနေပြီ

Vol. 12 Ch. 112

[ခြောက်ရာ့နှစ်ဆယ့်သုံးနှစ်မြောက်တွင် သင်သည် ဤသေခြင်းရှင်ခြင်းဇင်ခန္ဓာကိုယ် တစ်ပိုင်းတစ်စကို ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်ခဲ့ပြီး ထိုအတားအဆီး တံခါးဝကို မသိမသာ ဖြတ်ကျော်နိုင်ခဲ့ပေသည်။]

လက်ကျန်နတ်ဆိုးသက်တမ်း- ၆၄၃ နှစ်

ရင်းနှီးပြီးသား စာသားများကို ကြည့်ရင်း ရှန်းယီသည် စနစ်ဘောင်ကို ပိတ်လိုက်ပေ၏။

ဗာဂျာရာဂိုဏ်းကျောင်းထိုင် အပေါ် ကိုယ်တိုင် လက်တွေ့ စမ်းသပ်ကြည့်ပြီးပြီ ဖြစ်သည့်အတွက် ဤအရာက ဝေ့လည်ကြောင်ပတ် ထပ်ရှင်းပြနေစရာ မလိုတော့ပေ။

အနက်ရောင်နှင့် အဖြူရောင် အလင်းတန်းနှစ်ခုသည် အရေပြားပေါ်တွင် လက်ခနဲ ဖြတ်ပြေးသွားလေသည်။

လက်သီးကို အနည်းငယ် ဆုပ်ကြည့်လိုက်သောအခါ သူထင်ထားသည့်အတိုင်းပင် ဖြစ်နေပေ၏။

နတ်ဆိုးပါရမီစွမ်းရည်နှင့် ဗောဓိဗာဂျာရာရတနာခန္ဓာကိုယ်တို့၏အထောက်အပံ့ကြောင့် ခန္ဓာကိုယ်သည် မူလကတည်းက ကျောက်စိမ်းအဆင့်ထက် ကျော်လွန်နေပြီ ဖြစ်လေသည်။

ယခု ဤသေခြင်းရှင်ခြင်းဇင်ခန္ဓာကိုယ် တစ်ပိုင်းက နောက်ဆုံး ကွာဟချက်ကို လုံးဝ ဖြည့်ဆည်းပေးလိုက်ပြီ ဖြစ်ပေသည်။

ယခုအခါ နတ်ဆိုးပုံဆောင်ခဲ သာ လိုအပ်တော့၏။

ထိုအရာ ရရှိလျှင် ပြီးပြည့်စုံသော အမြုတေဖွဲ့စည်းခြင်း ခန္ဓာကိုယ်သန့်စင်နည်းကို ဆင့်ကဲပြောင်းလဲရန် ကြိုးစားနိုင်ပြီ ဖြစ်ပေသည်။

'ဒီကျားနတ်ဆိုးတွေက ကိုယ်စီ ပစ်မှတ်တွေ ရွေးပြီးလောက်ပြီ ဆိုတော့ တိန့်မိသားစုအိမ်မှာ ဆက်နေဖို့ အဓိပ္ပါယ် သိပ်မရှိတော့ဘူး' ဟု ရှန်းယီက တွေးလိုက်လေသည်။

ရှန်းယီသည် ဓားရှည်ကို ကောက်ယူလိုက်ပြီး တံခါးပေါက်ဆီသို့ ထွက်ခွာသွားပေ၏။

ခန်းမဆောင်အတွင်း၌

မင်ရောင်ဝတ်ရုံနှင့် လူငယ်သည် အဓိက အားကိုးစရာ ဖြစ်နေပြီ ဖြစ်ရာ သူ၏ရုတ်တရက် လှုပ်ရှားမှုကြောင့် စိုးရိမ်ပူပန်နေကြသော လူများ၏ စိတ်ထဲတွင် ထပ်မံ ထိတ်လန့်သွားကြလေသည်။

ယခင်က မြင်ကွင်းက မျက်စိရှေ့တွင် ပြန်ပေါ်လာသကဲ့သို့ပင် ဖြစ်ပေ၏။

'နတ်ဆိုးကောင် ထွက်ခဲ့ ငါတို့ မင်းကို မြင်ပြီးပြီ" ဟု တိန့်မိသားစုမှ သိုင်းပညာရှင် အများအပြားက အော်ဟစ်လိုက်ကြလေသည်။

လင်းယောင်ပင်လျှင် သူမ၏ဆုံးဖြတ်ချက်ကို သံသယဝင်လာပေ၏။ သူမသည် ချီစစ်ဆေးခြင်း နည်းပညာကို အသုံးပြုထားသော်လည်း နတ်ဆိုးအငွေ့အသက် လုံးဝ မတွေ့ရပေ။

သို့သော် တစ်ကိုယ်လုံး တင်းမာနေပြီး တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားလိုက်လေသည်။

ထို့နောက် ရှန်းယီသည် မိုးရေထဲသို့ လမ်းလျှောက်ထွက်သွားပြီး ကျားနတ်ဆိုး အလောင်းကောင်ကို ဆွဲယူလိုက်သည်ကို မြင်လိုက်ရပေ၏။

"နင် ဘာလုပ်မလို့လဲ" ဟု လင်းယောင်က မသိစိတ်ဖြင့် မေးလိုက်မိလေသည်။

"အပြင်ထွက် လမ်းလျှောက်မလို့" ဟု ရှန်းယီက ပြန်ပြောလိုက်၏။

ရှန်းယီသည် ပေါ့ပေါ့ပါးပါး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

မျက်စိတစ်မှိတ်အတွင်း လူအများ မြင်ကွင်းမှ ပျောက်ကွယ်သွားပေ၏။

အပြင်ထွက် လမ်းလျှောက်မယ် ဆိုသည့် စကားကြောင့် ခန်းမဆောင်အတွင်းရှိ တိန့်မိသားစုဝင်များ ကလေး လူကြီး အမျိုးသမီးများနှင့် သိုင်းပညာရှင်များ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့ကြလေသည်။

ခုနက မြင်ကွင်းကြောင့် ရရှိခဲ့သော လုံခြုံမှု အနည်းငယ်သည် ရှန်းယီ ထွက်ခွာသွားသည်နှင့် တပြိုင်နက် ပျောက်ကွယ်သွားတော့ပေ၏။

"အစ်ကိုကြီးလင်းက ကျွန်တော်တို့ကို ပစ်သွားပြီလား" ဟု တိန့်မင်ရွှီက တုန်ယင်နေသော ခြေထောက်များကို အတင်းထိန်းချုပ်ရင်း မေးလိုက်လေသည်။

"အစ်ကိုကြီးလင်း ဆိုတာ အစကတည်းက မရှိပါဘူး" ဟု လင်းယောင်က ပြောရင်း ကြေးခေါင်းလောင်းလေး တစ်ခုကို ထုတ်ပြလိုက်လေသည်။

ကြေးခေါင်းလောင်းကို မြင်လိုက်ရသောအခါ အတွေ့အကြုံရှိသော သိုင်းပညာရှင် အချို့ ကြောင်အသွားကြပြီး မျက်လုံးထဲတွင် မျှော်လင့်ချက် ကင်းမဲ့သွားကြပေ၏။

၎င်းတို့သည် နတ်ဆိုးဖမ်းဆီးသူများ ဖြစ်ကြောင်း သိရှိသွားကြလေသည်။

ဒေသခံ နာမည်ကြီး မိသားစု ဖြစ်သည့်အားလျော်စွာ နတ်ဆိုးဖမ်းဆီးသူများ အကြောင်းကို မကြားဖူးဘဲ မနေနိုင်ပေ။

ထိုသူတို့အမြင်တွင် သာမန်လူများ၏အသက်သည် နတ်ဆိုးဖမ်းခြင်းလောက် အရေးမကြီးပေ။

တစ်ဖက်လူကလည်း တိန့်မိသားစုနှင့် ဘာမှ မပတ်သက်ဘူးဆိုတော့ ဘိုးဘေးကြီးရဲ့ စကားတစ်ခွန်းတည်းနဲ့ ဒီမှာ ဆက်နေပေးဖို့ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ ဟု တွေးတောနေကြပေ၏။

"ကြိုပြောထားမယ်နော် တကယ်လို့ ယှဉ်လို့မရတဲ့ နတ်ဆိုးနဲ့ တွေ့ရင် ငါ နင်တို့ကို ကူညီမှာ မဟုတ်ဘူး " ဟု လင်းယောင်က သက်ပြင်းချကာ ပြောလိုက်လေသည်။

လင်းယောင်သည် အဓိကထိုင်ခုံတွင် စိတ်မပါလက်ပါ သွားထိုင်လိုက်ပေ၏။

သူမတို့အနေနှင့် ကျားနတ်ဆိုး ဘယ်နှစ်ကောင် ရှိသလဲ ဆိုတာတောင် သတင်းအချက်အလက် မရရှိထားပေ။ တစ်ဖက်လူက ဘယ်အဆင့်လဲ ဆိုတာကိုလည်း ခန့်မှန်းရုံပဲ ရှိသေးသည် အောင်မြင်မှုလေး တစ်ခုအတွက်နဲ့တော့ ကိုယ့်အသက်ကို စွန့်မှာ မဟုတ်ဘူးဟု သူမ တွေးနေမိလေသည်။

'ပိုဆိုးတာက ဒီလောက်ကြီးမားတဲ့ ယုံအန်းမြို့ကြီးမှာ အမှောင်ထဲ ပုန်းနေတဲ့ ကျားနတ်ဆိုး နှစ်ကောင်ကို ရှာဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ

မတွေ့တာကလည်း မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး အနည်းဆုံးတော့ အသက်မသေဘူးပေါ့ 'ဟု သူမ တွေးလိုက်၏။

လင်းယောင်က ကိုယ့်ကိုယ်ကိုယ် သိပေသည်။

ရှန်းယီသည် အကိုကြီး ကျန်း နှင့် ရှောင်ချမ်ဝေတို့လောက် မစွမ်းဆောင်နိုင်လျှင်ပင် သူ လုပ်မယ့်ကိစ္စက သူမ ဝင်ပါလို့ ရတဲ့ ကိစ္စ မဟုတ်တာတော့ သေချာပေသည်။

ယုံအန်းမြို့သည် နှစ်ပေါင်းများစွာ တည်ငြိမ်အေးချမ်းခဲ့သော်လည်း နတ်ဆိုးအနည်းငယ်ကြောင့်ပင် အလွယ်တကူ ပျက်စီးသွားနိုင်လေသည်။

ရှန်းယီသည် အိမ်ခေါင်မိုးမြင့်ပေါ်တွင် ရပ်နေပေ၏။ ရုံးတော်သည် မီးရောင်ထိန်ထိန် လင်းနေပြီး မရေမတွက်နိုင်သော အမှုထမ်းများသည် အသုံးမဝင်သော သံဓားများကို ကိုင်လျက် ဖြူဖပ်ဖြူရော မျက်နှာများဖြင့် လမ်းကြားများထဲတွင် ပြေးလွှားနေကြလေသည်။

ခါးမှ ငွေရောင်ခေါင်းလောင်းသည် တရစပ် တုန်ခါနေပေ၏။

နတ်ဆိုးဖမ်းဆီးသူ ဒါဇင်ပေါင်းများစွာသည် မနားတမ်း သတင်းဖလှယ်နေကြပြီး တောဘုရင်၏ကျားပေါက်လေးများထံမှ သဲလွန်စ တစ်ခုလောက် ရလိုရငြား အသည်းအသန် လိုက်လံရှာဖွေနေကြလေသည်။

နတ်ဆိုးနှိမ်နင်းရေး ဒု-စစ်သူကြီးများအားလုံး အပြင်ထွက်လာကြပြီး အခြေအနေကို ထိန်းချုပ်ရန် ကြိုးစားနေကြပေ၏။

သို့သော် အော်ဟစ်သံများသည် အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာပြီး ဘယ်က အရင်စမှန်း ခွဲခြားမရနိုင်အောင် ဖြစ်နေလေသည်။

အော်ဟစ်သံ တစ်ခုစီတိုင်းသည် သိုင်းလောကမှ နာမည်ကျော် ပညာရှင်တစ်ဦး အစားခံလိုက်ရပြီ ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်ပေ၏။

မြို့တစ်မြို့လုံးသည် နတ်ဆိုးများ စိတ်ကြိုက် ကစားနိုင်သော အမဲလိုက်ကွင်းပြင်ကြီး ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။

ရှန်းယီသည် အကြည့်ပြန်ရုတ်လိုက်ပြီး ငွေရောင်ခေါင်းလောင်းမှ ရှုပ်ထွေးပွေလီသော သတင်းများကို ဂရုမစိုက်တော့ပေ။

နတ်ဆိုးနှိမ်နင်းရေးဌာနက အမြုတေဖွဲ့စည်းခြင်း နည်းလမ်းကို ဘာကြောင့် ဤမျှထိ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသလဲ ဆိုတာ အခုမှ နားလည်သွားပေသည်။

'ဒီအဆင့်ကို ရောက်သွားတာနဲ့ သာမန် မြို့ငယ်လေးတွေ မပြောနဲ့ အတော်အတန် ကြီးမားတဲ့ ယုံအန်းမြို့ကြီးတောင်မှ ခုခံနိုင်စွမ်း မရှိတော့ဘူးပဲ' ဟု ရှန်းယီက တွေးလိုက်လေသည်။

ဤလောက်ထိ ပြဿနာဖြစ်အောင် လုပ်နိုင်သော နတ်ဆိုးဆိုလျှင် အဆင့်က ဤနတ်ဆိုးဖမ်းဆီးသူများထက် များစွာသာလွန်နေမှာ သေချာပေသည်။

အတွေ့အကြုံ နည်းပါးသည့် သူတို့အနေနှင့် ရှာတွေ့နိုင်မှာ မဟုတ်ပေ။

မတော်တဆမှု မရှိလျှင် ဤတစ်ခါရလဒ်ကလည်း ပြီးခဲ့သည့်တစ်ခေါက်လိုပင် ဖြစ်သွားလိမ့်မည်။

တစ်ဖက်လူက ဝလင်အောင် စားသောက်ပြီးမှ ထွက်ခွာသွားလိမ့်မည် ဖြစ်ပေသည်။

'အင်အားအကြီးဆုံးကောင်ကို ရွေးရမလား'

ဟု ရှန်းယီက နှုတ်ခမ်းကို တင်းတင်းစေ့ကာ စဉ်းစားလိုက်၏။

နောက်တစ်ခဏတွင် ကျောက်စိမ်း အထွတ်အထိပ်အဆင့် အငွေ့အသက်ကို ဖုံးကွယ်မထားဘဲ ထုတ်လွှတ်လိုက်လေသည်။

ထိုအခိုက်အတန့်တွင် သူသည် ယုံအန်းမြို့တစ်ခုလုံး၌အဆွဲဆောင်နိုင်ဆုံးသော လူသားဆေးဝါး ကြီး ဖြစ်သွားခဲ့ပြီ ဖြစ်ပေသည်။

ထို့နောက် တုံ့ဆိုင်းခြင်းမရှိဘဲ ခန္ဓာကိုယ်အတွင်းရှိ အနက်ရောင်သွေးကြောများဖြင့် ဖွဲ့စည်းထားသော နေမင်းလောင်ကျွမ်းခြင်းမီးပြင်းဖို ကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။

ကောင်းကင်နတ်ဆိုးပြင်ပအမြုတေ အတွင်းမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပျံ့နှံ့လာပြီး ရှန်းယီ၏ထိန်းချုပ်မှုအောက်တွင် ကျောက်စိမ်းအဆင့်ထက် အနည်းငယ်သာလွန်သော နတ်ဆိုးအငွေ့အသက်များ ထွက်ပေါ်လာပေ၏။

သူသည် ကျားသေကောင်ကို ဆွဲလျက် မြို့ပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားလေသည်။

ရှန်းယီသည် လူသားဆေးဝါး အဖြစ်ရော လိုက်လံသတ်ဖြတ်နေသော နတ်ဆိုး အဖြစ်ပါ ဟန်ဆောင်နေခြင်း ဖြစ်ပေသည်။

တပြိုင်နက်တည်းမှာပင် လိပ်အသက်ရှူခြင်းနည်းစနစ် ကို အသုံးပြုပြီး ကျောက်စိမ်း အငွေ့အသက်ကို တဖြည်းဖြည်း လျှော့ချလိုက်ရာ ထွက်ပြေးရင်း အားကုန်သွားသကဲ့သို့ ပုံစံဖမ်းလိုက်လေသည်။

ယှဉ်ပြိုင်မှု ရှိနေတာဆိုတော့ မြို့ထဲမှာကလည်း ပညာရှင် အရေအတွက်က အကန့်အသတ် ရှိတယ် ဟု သူက တွေးလိုက်၏။

ဒါဆို အကောင်းဆုံးအစာကို ညီအစ်ကိုချင်းတောင် ပေးချင်မှာ မဟုတ်လောက်ဘူး ဟု ရှန်းယီက ဆက်လက်တွေးတောနေပေသည်။

မင်ရောင်ပုံရိပ်သည် ရပ်သွားလိုက်သည့်အချိန်တွင် မြို့ပြင်သို့ ရောက်လာလေသည်။တမင်တကာ အချိန်ဆွဲ စောင့်ဆိုင်းပြီးမှ တောင်ကုန်းပေါ်သို့ တက်လှမ်းလိုက်ပေ၏။

ကျားနတ်ဆိုး အလောင်းကောင်ကို သစ်ပင်ပေါ်တွင် ချိတ်ဆွဲလိုက်လေသည်။

ရှန်းယီသည် အထွတ်အထိပ် ရောက်နေသော လိပ် အသက်ရှူခြင်းနည်းစနစ် ကို အစွမ်းကုန် အသုံးပြုလိုက်ရာ လူက နေရာမှာတင် ရှိနေသော်လည်း အငွေ့အသက်ကမူ လုံးဝ ပျောက်ကွယ်သွားပေ၏။

သူသည် သစ်ပင်မြင့်တစ်ပင်ပေါ်သို့ ခုန်တက်လိုက်ပြီး အောက်ဘက်ကို အေးစက်စွာ ငုံ့ကြည့်နေလေသည်။

ညကောင်းကင်ယံကို အဖြူရောင် လျှပ်စီးကြောင်းက ခွဲဖြတ်လိုက်ရာ လူငယ်၏တည်ငြိမ်သော မျက်နှာကို လင်းလက်သွားစေပေ၏။

နက်ရှိုင်းသော မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင် လုံးဝ မရှိပေ။

ဓားလက်ကိုင်ကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်ထားပုံမှာ ငါးမျှားတံ ကိုင်ထားသော အဘိုးအိုတစ်ဦးနှယ် ဖြစ်နေလေသည်။

လေပြင်းမိုးသည်းသံများ ဆူညံနေပေသည်။သို့သော်လည်း ထိုအချိန်တွင် ရုတ်တရက် ရပ်တန့်သွားလေသည်။

ကျားသေကောင် ချိတ်ဆွဲထားသော သစ်ပင်ကြီး၏ နောက်ဘက်မှ လက်သည်းတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာပေ၏။

ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ကြီး အမှောင်ထဲမှ ထွက်လာလေသည်။

ခါးကိုင်းထားလျှင်ပင် ခန္ဓာကိုယ်အလျားက တစ်လံခွဲ ခန့် ရှိပေသည်။

၎င်း၏မျက်လုံးသူငယ်အိမ်များတွင် အလင်းရောင်များ တောက်ပနေပြီး လက်တစ်ကမ်းတွင် ရှိသော အလောင်းကောင်ကို ကြည့်လိုက်လေသည်။

မျက်လုံးထဲတွင် ဒေါသ မရှိဘဲ လှောင်ပြုံးတစ်ခု ပေါ်လာပေ၏။

"သေတာ ကောင်းတယ် စည်းကမ်း နားမလည်တဲ့ ငတုံးကောင်" ဟု ကျားနတ်ဆိုးက ပြောလိုက်လေသည်။

ထိုအချိန်တွင် ပိုမို ကြီးမားသော လက်မောင်းတစ်ခုက သူ့ပခုံးပေါ်သို့ ဖွဖွလေး တင်လိုက်ပြီး အသံအက်အက်ဖြင့် ပြောလိုက်လေသည်။

"ဒီလောက် ကောင်းနေမှတော့ မင်းပါ သူနဲ့ သွားနေလိုက်ပါလား" ဟု အခြားကျားနတ်ဆိုးတစ်ကောင်က ပြောလိုက်၏။

ကျားခေါင်းကြီး နှစ်လုံး အကြည့်ချင်း ဆုံသွားကြလေသည် ၎င်းတို့သည် သွေးစွန်းနေသော အစွယ်များကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြပေ၏။

မတည်ငြိမ်သေးသော်လည်း သိသာထင်ရှားသော အမြုတေအဆင့်အငွေ့အသက်ကြီးများ ပြင်းထန်စွာ ရိုက်ခတ်သွားကြလေသည်။

ခဏအကြာတွင် ပိုမိုကြီးမားသော ကျားနတ်ဆိုးက ရက်စက်စွာ ပြုံးလျက် မော့ကြည့်လိုက်ပေ၏။

"မင်းက ဒဏ်ရာအပြင်းအထန် ရထားတဲ့ ခန္ဓာကိုယ်နဲ့ သစ်ပင်ပေါ်မှာ ပုန်းပြီး ငါတို့နှစ်ကောင် အပြန်အလှန် သတ်ကြတာကို စောင့်ကြည့်ဦးမလို့လား ပြီးရင် ခွေးတစ်ကောင်လို အခွင့်ကောင်းယူပြီး ထွက်ပြေးမလို့လား" ဟု ၎င်းက လှောင်ပြောင်လိုက်လေသည်။

၎င်းသည် ညီအစ်ကိုဖြစ်သူကို လွှတ်ပေးလိုက်ပြီး မြင့်မားသော သစ်ပင်ထိပ်ဖျားကို ကြည့်ကာ ပြောလိုက်ပေ၏။

"ထွက်လာခဲ့စမ်းပါ ငါ မင်းအနံ့ကို ရနေပြီ" ဟု ကျားနတ်ဆိုးက ဟိန်းဟောက်လိုက်လေသည်။

စကားသံ မဆုံးမီမှာပင် ကျားနတ်ဆိုးနှစ်ကောင်၏ နောက်ကျောဘက်မှ သံသယဖြစ်နေသည့် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပေ၏။

"ဟမ့်" ဟု ရှန်းယီက အသံပြုလိုက်လေသည်။

ထိုအသံနှင့်အတူ ဓားသွားက ကျောပြင်ကို ထိုးဖောက်ဝင်ရောက်လာသော နာကျင်မှုကိုပါ ခံစားလိုက်ရပေ၏။

ကျားနတ်ဆိုး၏မို့မောက်နေသော ကျောကုန်းပေါ်တွင် အနက်ရောင်ဓားတစ်လက် တိတ်တဆိတ် စိုက်ဝင်နေလေသည်။ ကျစ်လျစ်သော ကြွက်သားများက ဓားကို တင်းကျပ်စွာ ညှပ်ထားသော်လည်း သွေးများ စုပ်ယူခံနေရခြင်းကို မတားဆီးနိုင်ပေ။

ပြင်းထန်သော နာကျင်မှုကြောင့် ကျားနတ်ဆိုးကြီးမှာ အမွေးများ ထောင်ထသွားပြီး ရုတ်တရက် လှည့်ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

မင်ရောင်ဝတ်ရုံ လှုပ်ရှားသွားသည်ကို တွေ့လိုက်ရပေ၏။ ချောမောသော လူငယ်သည် ဓားရိုးကို လွှတ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ တောက်ပနေသည့် လက်ဖဝါးဖြင့် ရက်စက်စွာ ရိုက်ချလိုက်တော့ပေသည်။

All Chapters