အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်းကိုးသွင်
Vol. 12 Ch. 115
[နှစ် ၇၉၃ တွင် နဂါးမိကျောင်းသည် ပြောင်းလဲခြင်းဖြစ်စဉ်ကို ဆဋ္ဌမအကြိမ်မြောက် သရုပ်ပြသခဲ့ပြီး နောက်ဆုံးတွင် သင်၏မွေးရာပါပါရမီနှင့် ဉာဏ်ပညာကို နှိုးဆွပေးနိုင်ခဲ့သည်။ စိတ်ကူးယဉ်ရန် ခက်ခဲသော လမ်းကြောင်းသစ်တစ်ခုသည် သင့်ဦးနှောက်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာလေသည်။]
[နှစ် ၈၃၀ တွင် မျောက်ဝံနတ်ဆိုး ပြောသည်မှာ မှန်ကန်ပေသည်။ စစ်မှန်သော သေခြင်းရှင်ခြင်းကို မကြုံတွေ့ဘဲနှင့် မည်သို့လျှင် စစ်မှန်သော သေခြင်းရှင်ခြင်းဇင်ကို နားလည်နိုင်မည်နည်း။ သို့သော် သေဆုံးရမည့်သူမှာ သင်ကိုယ်တိုင် ဖြစ်ရန် မလိုပေ။အသက်ဓာတ်ဖြင့် နတ်ဆိုးစွမ်းအားကို ယဉ်ပါးစေကာ နတ်ဆိုးများကို ဖမ်းဆီး၍ မိမိခန္ဓာကိုယ်အတွင်း ပိတ်လှောင်ထားပြီး သေခြင်းတရားဖြင့် ၎င်းတို့ကို နှိမ်နင်းရမည်။ နဂါးမိကျောင်း၏ အကြိမ်တစ်ရာ ခန္ဓာကိုယ်သန့်စင်ခြင်းကို အမှီပြု၍ ကိုးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ပြုလုပ်ရမည်... ဤသည်ကား အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်းကိုးသွင် ပင် ဖြစ်သည်။]
[လက်ကျန် နတ်ဆိုးသက်တမ်း - ၂၅၄၈ နှစ်]
[အမြုတေဖွဲ့စည်းခြင်း . အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်းကိုးသွင် (ရတနာ) - အခြေခံအဆင့် မရောက်သေး]
ရှန်းယီသည် စနစ်မျက်နှာပြင်ကို အံ့အားသင့်စွာ ကြည့်နေမိသည်။
သူ၏အကြည့်မှာ ယခင်က တစ်ခါမှ မမြင်ဖူးသည့် ရတနာဆိုသည့် စာလုံးပေါ်တွင် ရောက်ရှိနေ၏။
အကယ်၍ သူ နားလည်ထားသည့် အဖိုးတန်ရတနာ ဆိုသည့် အဓိပ္ပာယ်သာ ဖြစ်ပါက ယခင်က အဘယ်ကြောင့် မပေါ်ခဲ့သနည်း။
အခြားအရာများကို ထားလိုက်ဦး၊ လေးပါးညီမျှခြင်းမူလစွမ်အင်းသည်ပင်လျှင် စစ်သူကြီးချုပ်၏အထူးကျွမ်းကျင်မှုဖြစ်ပြီး အဆင့်မြင့်စာရင်းဝင်ဖြစ်သည်။
သွေးရောင်စွမ်းအားများ ပေါင်းစပ်ကာ မိုကြိုးမုန်တိုင်းသွေးနတ်ဆိုးအဖြစ် ပြောင်းလဲလိုက်ပြီးနောက် ပိုမိုအစွမ်းထက်လာခဲ့သည် မဟုတ်ပါလော။ (ဒီနေရာမှာ တောင်းပန်ရပါစေဗျ ကျနော်တကယ်မမှတ်မိဘူး ကျနော်က သိုင်းနာမည်တွေကို ကိုယ်စိတ်ကြိုက်မြန်မာမူပြုလေ့ရှိတယ်ဗျ ခုတော့မမှတ်မိဖြစ်နေတယ်)
ထိုအရာသည်ပင် ရတနာအဆင့် မသတ်မှတ်နိုင်ဘူးလော။
"ဟူး..."
ရှန်းယီ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီး ပထမဆုံးအကြိမ် ထိတွေ့ရသော ပြီးပြည့်စုံသည့် အမြုတေဖွဲ့စည်းခြင်း သိုင်းပညာအပေါ် ပိုမို မျှော်လင့်ချက်ကြီးမားလာသည်။
သူသည် လက်ကျန် နတ်ဆိုးသက်တမ်းများကို ထိုပညာရပ်ထဲသို့ စတင် လောင်းထည့်လိုက်သည်။
မထင်မှတ်ဘဲ မစတင်ရသေးမီမှာပင် ပြဿနာနှင့် အရင်တိုးလေသည်။
[ပထမနှစ်တွင် သင်ကိုယ်တိုင် ဆင်ခြင်ဖော်ထုတ်ထားသော ဤခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်ကို ဖတ်ရှုသော်လည်း လက်တွေ့တွင်မူ ဆန်မရှိဘဲ ထမင်းချက်ရန် ခက်ခဲနေသကဲ့သို့ ဖြစ်နေသည်...]
ရှန်းယီ ရုတ်တရက် သတိရသွားပြီး ငွေရောင်ခေါင်းလောင်းထဲမှ ကျောင်းအမြုတေနှင့် ကျောက်စိမ်းအဆင့် ကျားနတ်ဆိုး၏အနှစ်သာရ ကို ထုတ်ယူလိုက်သည်။
နတ်ဆိုးကို မိမိခန္ဓာကိုယ်ထဲတွင် ပိတ်လှောင်မည်ဆိုပါက အရင်ဆုံး ဖမ်းဆီးရန် နတ်ဆိုး ရှိရမည် မဟုတ်ပါလော။
သူသည် နေမင်းလောင်ကျွမ်းခြင်း ရတနာမီးပြင်ဖို ကို အစွမ်းကုန် လှုံ့ဆော်ကာ ပြင်ပအမြုတေကို အသေအချာ ဖိနှိပ်ထားလိုက်ပြီး နတ်ဆိုးစွမ်းအားများ ခိုးယူမခံရအောင် တားဆီးလိုက်သည်။
ထို့နောက်မှ နတ်ဆိုးအနှစ်သာရနှင့် ကျောင်းအမြုတေကို အစဉ်လိုက် မျိုချလိုက်လေသည်။
[ဒုတိယနှစ်တွင် သင်သည် သိုင်းပညာ၏ဖော်ပြချက်အတိုင်း ကျားနတ်ဆိုး၏စွမ်းအားများကို အသုံးပြု၍ အရေပြားနှင့် အသားမျှင်များကို စတင် ကျင့်ကြံသည်။ ပြင်းထန်သော ကျားနတ်ဆိုးစွမ်းအားသည် သင့်ခန္ဓာကိုယ်ကို အတွင်းမှ အပြင်သို့ ချက်ချင်း စုတ်ဖြဲပစ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် အဖြူရောင် အလင်းတန်းများ ပေါ်ထွက်လာပြီး နတ်ဆိုးစွမ်းအားကို ငြိမ်သက်စေသလို တစ်ဖက်မှလည်း သင့်ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ပေးလေသည်။]
[အဋ္ဌမနှစ်တွင် ကျားနတ်ဆိုးစွမ်းအားများ ကုန်ဆုံးသွားပြီး သင့်ဘက်မှ အပြည့်အဝ စုပ်ယူနိုင်ခဲ့သည်။သင်သည် ကျန်ရှိနေသော ကျောင်းအမြုတေကို ဆက်လက် မျိုချလိုက်သော်လည်း နတ်ဆိုးစွမ်းအား နှစ်ခုမှာ တစ်ခုနှင့်တစ်ခု မတူညီသဖြင့် ဖိနှိပ်ခြင်း ထိရောက်မှု လျော့ကျသွားသည်။]
ဤအခြေအနေကို မြင်သော်လည်း ရှန်းယီ သိပ်မစိုးရိမ်ပေ။
ကျောင်းအမြုတေထဲတွင် မူလစွမ်းအား၏ငါးပုံတစ်ပုံခန့်သာ ကျန်တော့သည့်တိုင် ကျောက်စိမ်းအဆင့် ပြီးပြည့်စုံခြင်း နတ်ဆိုးအနှစ်သာရထက် များစွာ သာလွန်နေသေးသည်။
သတိရရမည်မှာ ယခင်က နဂါးမိကျောင်း၏အနှစ်သာရကို ကောင်းကင်နတ်ဆိုး ပြင်ပအမြုတေက စုပ်ယူစဉ်က ထွက်ပေါ်လာသော အနည်းငယ်သောစွမ်းအားမှာ သမုဒ္ဒရာထဲမှ ရေတစ်ပေါက်ကဲ့သို့သာ ရှိခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်ပင် နောက်ထပ်စနစ်၏အသိပေးချက်တွင် နှိမ်နင်းခြင်း ထိရောက်မှုမှာ ပုံမှန် ပြန်ဖြစ်သွားလေသည်။
[၁၂ နှစ်မြောက်တွင် နတ်ဆိုးစွမ်းအားကို သန့်စင်ခြင်းအပြင် သင်၏ပင်ကိုယ် ခြိုးခြံချွေတာတတ်သော အကျင့်ကြောင့် ကျောင်းအမြုတေအတွင်းမှ အညစ်အကြေးများကိုပါ အကုန်အစင် ချေဖျက်လိုက်ရာ ကျောင်းနတ်ဆိုးခွန်အား ပါရမီမှာ အနည်းငယ် တိုးတက်လာသည်။]
သို့သော် နှေးကွေးနေဆဲပင်...
ကောင်းကင်နတ်ဆိုးပြင်ပအမြုတေက ခဏချင်း ဝါးမျိုနိုင်သော နတ်ဆိုးစွမ်းအားကို ခန္ဓာကိုယ်အတွင်း၌သန့်စင်ရန်မှာ အချိန်ကာလအကြီးအကျယ် ကွာခြားလှသည်။
ရှန်းယီ မလောပေ၊ တူညီသော စွမ်းအားကို အသုံးအဆောင် ပစ္စည်းထဲတွင် ထည့်ထားခြင်းထက် မိမိခန္ဓာကိုယ်ထဲတွင် ရှိနေခြင်းက ပို၍ အကျိုးရှိသည် မဟုတ်ပါလော။
[နှစ် ၃၂၀ တွင် သင်သည် ကျောင်းနတ်ဆိုးစွမ်းအားကို လုံးဝဖိနှိပ်နိုင်ခဲ့ပြီး ၎င်းကို ခန္ဓာကိုယ်ထဲတွင် ပိတ်လှောင်ကာ အင်မော်တယ်နတ်ဆိုး ပြောင်းလဲခြင်းပထမဆင့် ကို အောင်မြင်ခဲ့သည်။]
[ယခု သင်သည် နဂါးနတ်ဘုရား ဖြစ်သည်၊ ကွမ်းကျန်းမြစ်ဘုရင် ဖြစ်သည်၊ ပေတစ်ရာမြင့်သော လှိုင်းလုံးကြီးများသည် သင်၏ရာဇပလ္လင်ဖြစ်ကာ အန္တရာယ်များသော ရေစီးကြောင်းများသည် သင်၏အိပ်ရာ ဖြစ်သည်။ သင်သည် မြစ်ပြင်ပေါ်တွင် လှိုင်းစီးနိုင်သလို နက်ရှိုင်းသော ချောက်ကမ္ဘာထဲတွင်လည်း မြစ်ရေများကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိသည်။]
[အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်းကိုးသွင် - အခြေခံအဆင့်သို့ ရောက်ရှိသည်]
ချက်ချင်းဆိုသလိုပင် အနှိုင်းမဲ့သော ခွန်အားများသည် ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာလေသည်။
ဘုန်း
ရှန်းယီ၏နဖူးပေါ်တွင် အကြောများ ဖောင်းကြွလာပြီး နောက်ကွယ်မှတောင်နံရံကို အားပြင်းစွာ ဝင်တိုက်မိလိုက်သည်။
ကျားနတ်ဆိုး၏အကြွင်းအကျန် အလောင်းမှာ သွေးနှစ်များအဖြစ် ကြေမွသွားပြီး တောင်ကုန်းတစ်ခုလုံးပင် တုန်ခါသွားရ၏။
ကျောင်းနတ်ဆိုးခွန်အား၊ အကြိမ်တစ်ရာ ခန္ဓာကိုယ်သန့်စင်ခြင်း နှင့် သေခြင်းရှင်ခြင်းဇင် တို့ ပေါင်းစပ်ထားသော စွမ်းအားများထက် သာလွန်သော ခွန်အားသည် တစ်ကိုယ်လုံးရှိ အင်္ဂါအစိတ်အပိုင်းတိုင်းသို့ စီးဆင်းသွားလေသည်။
အခြေခံအဆင့်သို့ ရောက်ရုံမျှဖြင့် ယခင်က စုဆောင်းခဲ့သမျှ အရာအားလုံးထက် သာလွန်သွားလေပြီ။
ဤအရာမှသာ အမြုတေဖွဲ့စည်းခြင်းအဆင့် သိုင်းပညာရှင်နှင့် အမှန်တကယ် ယှဉ်နိုင်သောခန္ဓာကိုယ်သန့်စင်ခြင်း ပညာပင် ဖြစ်သည်။
"ဟူး..."
ရှန်းယီ အသက်ပြင်းပြင်း ရှူလိုက်ရင်း တောင်နံရံကို မှီထားမိသည်။တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ နာကျင်စွာဖြင့် တုန်ရီနေလေသည်။
သူ တစ်စုံတစ်ခုကို သတိပြုမိသဖြင့် ဝတ်ရုံလက်ကို မလိုက်ရာ ရွှေရောင်တောက်နေသော နဂါးမြီးပုံစံ တက်တူးအမှတ်အသားသည် ပခုံးနောက်ဘက်သို့ ဆန့်ထွက်နေသည်ကို တွေ့လိုက်ရသည်။
အချိန်အနည်းငယ် ကုန်လွန်သွားပြီးနောက် သူသည် ထိုခွန်အားကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိလာမှသာ ထိုအမှတ်အသားမှာ အရေပြားအောက်သို့ နစ်မြုပ်ကာ ပျောက်ကွယ်သွားလေသည်။
ရှန်းယီ ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးရေများသည် တောင်ကုန်းတစ်ခုလုံးကို စိုရွှဲစေခဲ့သည်။
သူသည် ကျင့်ကြံခြင်းစွမ်းအားများကို မလှုံ့ဆော်ဘဲ ကောင်းကင်ကို ငြိမ်သက်စွာ ကြည့်နေခဲ့သည်။
ရုတ်တရက် မိုးရေစက်များသည် ထူးဆန်းသော ပုံစံဖြင့် ဤနေရာကို ရှောင်ကွင်းကာ ရွာသွန်းသွားလေသည်။
"လေကိုခေါ်ပြီး မိုးကိုစေခိုင်းနိုင်တာလား။"
မျက်မှောက်ရှိ အခြေအနေမှာ ထိုအဆင့်အထိ မရောက်သေးသော်လည်း ရှန်းယီသည် မိမိကိုယ်တိုင် လူသားမဟုတ်သော အစွမ်းအစအချို့ကို ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း အသေအချာ သိလိုက်သည်။
သူသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကျန်ရှိနေသော ကျားနတ်ဆိုး အမြုတေနှစ်လုံးကို ထုတ်ယူလိုက်သည်။
ဤသည်မှာ သူ၏နောက်ဆုံး လက်ကျန်စုဆောင်းမှုဖြစ်ပြီး ကောင်းကင်နတ်ဆိုး ပြင်ပအမြုတေကို ဖြည့်တင်းရန် သိမ်းထားခြင်း ဖြစ်သည်။
သို့သော် ပြောင်းလဲခြင်းပထမအဆင့် အောင်မြင်ရုံဖြင့် အမြုတေဖွဲ့စည်းခြင်း အစောပိုင်း သိုင်းပညာရှင်နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။
မဟုတ်သေးပေ ယှဉ်နိုင်ရုံတင်မကဘဲ အနည်းငယ်ပင် သာလွန်နိုင်ပေသည်။
အကယ်၍ သေးငယ်သောအောင်မြင်မှုအဆင့် သို့ ရောက်ရှိသွားပါက မည်မျှ ထိတ်လန့်ဖွယ် ကောင်းမည်နည်း။
ထိုအချိန်ရောက်လျှင် ပြင်ပအမြုတေကို အားကိုးစရာ မလိုဘဲ အစောပိုင်းကခွန်အားမျိုးကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
[လက်ကျန် နတ်ဆိုးသက်တမ်း - ၂၂၂၈ နှစ်]
[ပထမနှစ်တွင် သင်သည် ပြောင်းလဲခြင်း ဒုတိယအဆင့်ကို ကြိုးစားရန် ပြင်ဆင်သည်။ သို့သော် ထိုသို့မလုပ်မီ သေခြင်းတရားကို အသုံးပြု၍ ကျောင်းနတ်ဆိုးစွမ်းအားအတွင်း ကျန်ရှိနေသော အသိစိတ်ကို အရင် ဖယ်ရှားပစ်ရန် လိုအပ်သည်...]
စနစ်မျက်နှာပြင်ပေါ်မှ အသိပေးချက်ကို မြင်သောအခါ ရှန်းယီသည် ဝတ်ရုံလက်ကို ထပ်မံမ၍ ပျောက်ကွယ်သွားသော နဂါးအမှတ်အသားကို ညင်သာစွာ ထိတွေ့လိုက်သည်။
ထိုအထဲရှိ ကျန်ရှိနေသော ဝိညာဉ်အစအနများကို လုံးဝ ဖြတ်တောက်နိုင်မှသာ ဤခွန်အားသည် မိမိ၏ကိုယ်ပိုင်အစစ်အမှန် ဖြစ်လာပေလိမ့်မည်။
[၇၂ နှစ်မြောက်တွင် သေခြင်းတရား၏နှိပ်စက်မှုအောက်တွင် သင်သည် မကျေမနပ်ဖြစ်နေသော နဂါးဟိန်းသံကို ကြားလိုက်ရပြီး လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်... သင်သည် ဂရုမစိုက်ဘဲ ကျားအမြုတေကို ထုတ်၍ မျိုချလိုက်သည်။ ပြောင်းလဲခြင်းပထမဆင့် အောင်မြင်ထားသော အင်မော်တယ်နတ်ဆိုး ခန္ဓာကိုယ်ဖြင့် သင်သည် ကြမ်းကြုတ်သော နတ်ဆိုးစွမ်းအားနှင့် အဆင်ပြေစွာ ပေါင်းစပ်နိုင်သွားပြီး တိုးတက်မှုနှုန်းမှာ ပိုမို လျင်မြန်လာသည်။]
ယခင် အတွေ့အကြုံများအရ ကျားအမြုတေထဲတွင် ပါဝင်သော ကျင့်ကြံခြင်းသည် လက်ကျန် ကျောင်းအမြုတေထက် ငါးဆခန့် ပိုများသည်။
အချိန်အားဖြင့် ဆိုလျှင်... နှစ်ပေါင်း ၁၅၀၀ ခန့် ကြာမြင့်မည်လော။
လူသားတစ်ဦးအတွက်မူ ဤသည်မှာ နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်းကြီး တစ်ခုပင် ဖြစ်သည်။
သို့သော် အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်းကိုးသွင် သည် သာမန်သိုင်းပညာရှင်များ တတ်မြောက်ရမည့်အရာ မဟုတ်သည်မှာ သိသာလှသည်။
နတ်ဆိုးများကို ခန္ဓာကိုယ်ထဲတွင် ပိတ်လှောင်ပြီး ၎င်းတို့၏မွေးရာပါ စွမ်းအင်များကို လုယူခြင်းမှာ မည်သည့် သိုင်းပညာအမျိုးအစားတွင် ပါဝင်သနည်း။
ရှန်းယီ ခေတ္တ စဉ်းစားလိုက်ပြီး ဤတိုးတက်မှုနှုန်း မြင့်မားလာခြင်းသည် တကယ်ပင် မြန်ဆန်လာရန်သာ မျှော်လင့်လိုက်သည်။
[နှစ် ၆၃၁ တွင် သင်သည် ကျားအမြုတေကို အပြည့်အဝ သန့်စင်နိုင်ခဲ့ပြီး ပြောင်းလဲခြင်းဒုတိယအဆင့်ကို အောင်မြင်ခဲ့သည်...]
[ယခု သင်သည် တောဘုရင် ဖြစ်သည်၊ သားရဲအပေါင်းကို ကင်းလှည့် စောင့်ကြည့်သူ ဖြစ်သည်။ ကျားအရှိန်အဝါ တစ်ချက်ဖြင့် တောင်တန်းများကို တုန်ခါစေကာ မကောင်းဆိုးဝါး အပေါင်းတို့ မချဉ်းကပ်ဝံ့စေရ။ဝင်းလက်သော မျက်လုံးအစုံဖြင့် နတ်နှင့် တစ္ဆေကို ခွဲခြားနိုင်ကာ ဝိညာဉ်များကို စေခိုင်း၍အရပ်လေးမျက်နှာတွင် လှည့်လည်စေနိုင်ပြီ ဖြစ်သည်။]
နဂါးနတ်ဘုရား ဖြစ်သလို တောဘုရင်လည်း ဖြစ်လာခဲ့ပြီ၊အဆင့်တိုင်း အောင်မြင်သည့်အခါတိုင်း ပါရမီအသစ်များကို ရရှိလာလေသည်။
ဤတစ်ကြိမ်တွင် ရှန်းယီ ကြိုတင်ပြင်ဆင်ထားပြီး လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ထပ်မံ စီးဝင်လာသော ခွန်အားများမှာ ယခင်အကြိမ်ထက် များစွာ ပိုမို ပြင်းထန်သော်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှာမူ များစွာလျော့နည်းသွားခဲ့သည်။
"မလုံလောက်သေးဘူး..."
ရှန်းယီ၏မျက်လုံးများ ဝင်းလက်သွားပြီး ယခု ခွန်အားနှင့် ယခင်က ကောင်းကင်နတ်ဆိုးပြင်ပအမြုတေကို အစွမ်းကုန် သုံးခဲ့စဉ်က ကွာခြားချက်ကို သေသေချာချာ နှိုင်းယှဉ်ကြည့်လိုက်သည်။
အနည်းငယ် လိုသေးသည်။
အမြုတေဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးများသည် အမြုတေအဆင့်အစောပိုင်း နတ်ဆိုးများကို အပြတ်အသတ် ဖိနှိပ်နိုင်စွမ်း ရှိသည်။
ယခုအခါ မိမိ၏ခန္ဓာကိုယ်သက်သက်ဖြင့် ကျားနတ်ဆိုးကြီးကို လက်တစ်ချက်တည်းနှင့် အဆုံးစီရင်နိုင်သည့် အဆင့်သို့ မရောက်သေးပေ။
ကောင်းကင်နတ်ဆိုး ပြင်ပအမြုတေကို မသုံးပါက ရှန်းယီ၏အဆင့်မှာ ချင်းဖုန်းတောင်မှ ကျောင်းနတ်ဆိုးထက် အနည်းငယ် အားနည်းသည့် အနေအထားတွင်သာ ရှိသေးသည်။
"ပြောင်းလဲခြင်းတတိယအဆင့် အောင်မြင်မှပဲ သေးငယ်သောအောင်မြင်မှုအဆင့် ကို ရောက်မှာလား။"
ရှန်းယီသည် ဘယ်ဘက်လက်ထဲတွင် ကျန်ရှိနေသော နောက်ဆုံး ကျားအမြုတေတစ်လုံးကို ငုံ့ကြည့်ရင်း သက်ပြင်းအနည်းငယ် ချလိုက်သည်။
ဤအရာက လောက်မည်မထင်ပေ။