← Chapters

နတ်ဆိုးဖမ်းစီးသူတွေ အထိနာတာက ကျုပ်ရဲ့အနီးကပ်တွဲဖက်ရာထူး ဘာဆိုင်လို့လဲ

Vol. 12 Ch. 116

နတ်ဆိုးဖမ်းစီးသူတွေ အထိနာတာက ကျုပ်ရဲ့အနီးကပ်တွဲဖက်ရာထူး ဘာဆိုင်လို့လဲ

Vol. 12 Ch. 116

ယုံအန်းမြို့ပြင်၊ရွှံ့ဗွက်ထူထပ်သော တောလမ်း

ပခုံးကျယ်ကျယ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်နှစ်ဖက်ကို အောက်သို့ချကာ မတ်တတ်ရပ်နေသည်။

သူ၏လက်မောင်းတစ်လျှောက်တွင် တိမ်ခိုးအငွေ့အသက်များ ရစ်ပတ်နေပြီး လက်ချောင်းထိပ်များမှာ အနည်းငယ် တုန်ရီနေသည်ကို ကြည့်ခြင်း အားကုန်သုံးထားရမှန်း သိသာလှသည်။

"ကျွတ်... ကျွတ်... တိမ်ကြိုးကြာ ရည်ရွယ်ချက် ပဲ။"

သူနှင့်မျက်နှာချင်းဆိုင်တွင်ကျဲပါးသောအမွေးအမှင်များနှင့် သားရဲကြီးတစ်ကောင်က လည်ပင်းကို ဆန့်ထားသည်။ခန္ဓာကိုယ်အရှည်မှာ တစ်ကျန်းခန့်သာ ရှိပြီး ကြည့်ရသည်မှာ အိုမင်းနေသော သာမန်ကျားကြီးတစ်ကောင်နှင့် တူလှသည်။

၎င်းသည် ထိုနေရာတွင် အေးအေးလူလူ လမ်းလျှောက်နေပြီး "ပြောစမ်းပါဦး၊ ငါက သာမန် အမြုတေဖွဲ့စည်းခြင်းအဆင့် လူသားလေး အနည်းငယ်လောက်ပဲ စားချင်ရုံပါ၊ ဟိုလူလိုမျိုးပေါ့... မင်းတို့နှစ်ယောက်နဲ့ လာတွေ့ရအောင် သူ ကံဆိုးလွန်းမနေဘူးလား။"

ထိုစကားကို ကြားသောအခါ ရှောင်ချမ်ဝေ၏မျက်နှာတွင် လက်လျော့လိုက်သည့် အမူအရာများ ပေါ်လာပြီး ဘေးဘက်သို့ လှမ်းကြည့်လိုက်သည်။

ပိန်ပါးသော အဘိုးအိုတစ်ဦးသည် မြေကြီးပေါ်တွင် ထိုင်လျက် အသက်ကို ပြင်းပြင်းရှူနေရသည်။

မျက်နှာအနှံ့ ဒဏ်ရာများ ပြည့်နှက်နေပြီး လက်မောင်းတစ်ဖက်ကျိုးနေကာ ခြေဖဝါးတစ်ဖက်၏တစ်ဝက်ခန့်မှာ ပြတ်ထွက်နေပြီ ဖြစ်သည်။

မသိနားမလည်သူများ မြင်လျှင် ထိုအဘိုးအိုကသာ အဓိကတိုက်ခိုက်သူဟု ထင်မှတ်ကြပေလိမ့်မည်။

"ခင်ဗျား အမြုတေအဆင့်ကို ဘယ်လို အဆင့်တက်ခဲ့တာလဲ။"

ကျန်းချန်ယွင် နောက်လှည့်ကြည့်လိုက်သည်။ သူ့မျက်ခုံးများ တွန့်ချိုးနေ၏။ဘေးက ဝိုင်းကူပေးသူသည် ဤမျှထိ ဒဏ်ရာရသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"သိုင်းပညာရှင်တိုင်းမှာ ခင်ဗျားတို့နှစ်ယောက်လို နောက်ခံမျိုး၊ နတ်ဆိုးဖမ်းဆီးသူတွေရဲ့အစွမ်းကုန် ပြုစုပျိုးထောင်ပေးမှုမျိုး ရှိတာမှ မဟုတ်တာ။"

တောဘုရင်၏ခြေလှမ်းများ အနည်းငယ် နှေးကွေးသွားသည်။ အတတ်နိုင်ဆုံး ဟန်လုပ် ဖုံးကွယ်ထားသော်လည်း ရှေ့ခြေထောက်တွင် မသိမသာ ထော့နဲ့နေသည်ကို တွေ့ရသည်။

၎င်းသည် အမြုတေဖွဲ့စည်းခြင်းပြီးပြည့်စုံသော အဆင့်ရှိသည့် နတ်ဆိုးသခင် ဖြစ်သော်လည်း အမြုတေဖွဲ့စည်းခြင်းအဆင့်သာရှိသော လူသားကလေးနှစ်ယောက်ကြောင့် ယုံအန်းမြို့ထဲမှ မောင်းထုတ်ခံလိုက်ရခြင်း ဖြစ်သည်။

၎င်း၏စကားများက တိန့်ကျန်းယွမ် ဘက်မှ နာမည်ပြန်ဖော်ပေးနေသယောင် ရှိသော်လည်း တကယ်တမ်းတွင် လှောင်ပြောင်သရော်မှုများ ပါဝင်နေပြီး မိမိကိုယ်ကိုလည်း ပြန်အကာအကွယ် ယူလိုက်ခြင်း ဖြစ်သည်။

ထိုသို့ပြောပြီးနောက် တောဘုရင်ခေါင်းယမ်းလိုက်သည်။ တစ်ညလုံး တိုက်ခိုက်ခဲ့သော်လည်း အနိုင်အရှုံး မပေါ်သေးပေ။သူ၏စိတ်ထဲတွင် ဆုတ်ခွာချင်စိတ် ပေါ်ပေါက်နေပြီ ဖြစ်သည်။

"ဒီလောက်ဆို တော်သင့်ပြီ၊ ဆက်တိုက်နေရင် မင်းတို့နှစ်ကောင် ဒီနေရာမှာ သေသွားလိမ့်မယ်။"

"ပြောပုံကြည့်ရတာ နင်ကပဲ ထွက်သွားနိုင်တော့မလိုလိုနဲ့" ရှောင်ချမ်ဝေက အေးစက်စွာ ရယ်မောလိုက်သည်။

"ဒါပေါ့။" တောဘုရင်က မငြင်းပေ။ နှစ်ပေါင်း သုံးလေးထောင် အသက်ရှင်ခဲ့သော နတ်ဆိုးကြီးများသည် အလွယ်တကူ အသက်နှင့်ရင်းပြီး တိုက်ခိုက်လေ့မရှိပေ။

၎င်း၏အနိုင်ရနိုင်ခြေ ပိုများနေလျှင်ပင် ဤနေရာသည် ချင်ပြည်နယ်၊ စီရင်စု ၁၂ ခု နယ်နိမိတ်အတွင်း ဖြစ်သောကြောင့် အချိန်မရွေး လူသားကျွမ်းကျင်ပညာရှင်များ ရောက်လာနိုင်သည်။

"မင်းခေါင်းလောင်းထဲမှာ ဝှက်ထားတဲ့၊ စောစောက ငါ့ဆီကနေ ယူထားတဲ့ အငွေ့အသက်ကို ဖျက်ဆီးလိုက်... ဒါဆိုရင် ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ကြစို့။"

တဖက်လူများ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ...

တောဘုရင်သည် အစွယ်များကို ထုတ်ဖော်ကာ ရယ်မောလိုက်သည် "နတ်ဆိုးဖမ်းဆီးသူတွေ ဆိုတာ ဘာပဲပြောပြော အင်ပါယာက လူတွေပဲလေ၊ မင်းတို့နှစ်ယောက် အချိန်ဆက်ဆွဲနေရင် ယုံအန်းမြို့က ငါ့ရဲ့သားဆိုးလေး သုံးကောင်လက်ချက်နဲ့ ပြောင်သလင်းခါသွားလိမ့်မယ်... မင်းတို့က ဒီအငွေ့အသက်ကို ယူသွားပြီး ရာထူးတက်ဖို့ လုပ်ချင်နေတာ မဟုတ်မှန်း ငါသိပါတယ်။"

ထိုစကား ထွက်လာသောအခါ...

ရှောင်ချမ်ဝေ၏လှပသော မျက်နှာလေး လှုပ်ရှားသွားသည်။

"မင်းရဲ့မွေးစားတူလေးကို ပေးပြီးတော့ ဒီနာမည်ကျော် စစ်သူကြီးယိုကို ငါ့ကို လာသတ်ခိုင်းမလို့လား။ မင်းတို့ကို ပြောပြလိုက်မယ်၊ ငါ ဒီကို လာရဲမှတော့ ဒဏ်ရာကုဖို့ နေရာလည်း ရှာထားပြီးသားပဲ၊ ငါ့ရဲ့သမင်ဖြူအစ်ကိုကြီးက စားသောက်ပွဲ ပြင်ဆင်ပြီး ငါပြန်လာမှာကို စောင့်နေတာကွ။"

တောဘုရင်သည် လက်သည်းကို မာန်ပါပါ လျှာဖြင့် လျက်လိုက်သည်။

"ချင်ကျိုးပြည်နယ်မှာ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးတစ်ယောက် ထပ်ပြီး လျော့သွားစေချင်ရင် စမ်းကြည့်လိုက်လေ။"

သမင်ဖြူဆိုသည့် နာမည်ကို ကြားလိုက်ရသောအခါ ကျန်းချန်ယွင်၏ ယအားနည်းနေသော လက်သီးများ ပြန်လည် တင်းကျပ်သွားသည်။

လက်ရှိ သတင်းရရှိထားသော အမြုတေအဆင့် နတ်ဆိုးသခင် ၁၇ ကောင်ထဲတွင် သမင်ဖြူနတ်ဆိုးသခင်သည် ထိပ်တန်းနေရာတစ်ခု ရယူထားသည်။

ထိုနတ်ဆိုး ကျော်ကြားရခြင်းမှာ ကျင့်ကြံမှု အဆင့်ကြောင့် မဟုတ်ပေ။

ယွီရှန်းစီရင်စုရှိ ဂိုဏ်းပေါင်းစုံကို ပူးပေါင်းစေပြီး နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးတစ်ဦးကို ထောင်ချောက်ဆင် သတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ပို၍ အံ့သြစရာကောင်းသည်မှာ ၎င်းသည် ကျန်းချိုလန် လက်ထဲမှပင် လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

"..."

ကျန်းချန်ယွင် အကြာကြီး တိတ်ဆိတ်သွားပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

"ဖျက်လိုက်တော့။"

သူတို့နှစ်ယောက်အနေနှင့် ဤနတ်ဆိုးကြီးကို ထိန်းထားရုံဖြင့်ပင် အလွန်ပင်ပန်းနေပြီ ဖြစ်သည်။သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

အမြုတေဖွဲ့စည်းခြင်းအဆင့် နှင့် ပြီးပြည့်စုံသောအဆင့် ကြားတွင် ကွာခြားချက် ကြီးမားလွန်းသည်။ သူတို့နှစ်ယောက်သည် တူညီသောအဆင့်များထဲတွင် အသန်မာဆုံးများ ဖြစ်ကြသော်လည်း ဤမျှသာ တတ်နိုင်ပေသည်။

ထို့အပြင် သူတို့လို လူမျိုး နောက်ထပ် နှစ်ယောက် ထပ်ရောက်လာလျှင်ပင် တောဘုရင် ထွက်ပြေးမည် ဆိုပါက တားဆီးနိုင်မည် မဟုတ်ပေ။

တစ်ဖက်လူ ပြောတာ မှန်သည်၊ အမြန် မပြန်လျှင် ယုံအန်းမြို့သည် တကယ်ပင် မြို့ပျက်ကြီး ဖြစ်ကျန်ရစ်ခဲ့လိမ့်မည်။

"နင်ပြောမှ လုပ်ရမှာလား။"

ရှောင်ချမ်ဝေသည် ရွှေရောင် အငွေ့အသက် တစ်မျှင်ကို ထုတ်ယူလိုက်ပြီး တောဘုရင်၏ရှေ့မှောက်တွင်ပင် အေးစက်စွာ ချေဖျက်ပစ်လိုက်သည်။

၎င်းသည် နတ်ဆိုးဖမ်းဆီးသူများဘက်မှ အရှုံးကို လက်ခံလိုက်ခြင်းပင် ဖြစ်သည်။

ဘာမှမရလိုက်သည့်အပြင် မြို့ကြီးတစ်မြို့လုံး သေကျေဒဏ်ရာရမှုများ ရှိခဲ့သည်။

"အခု ထွက်သွားလို့ ရပြီလား။"

ကျန်းချန်ယွင် မျက်လုံးများကို မှေးစင်းလိုက်ပြီး ရင်ထဲမှ ဒေါသများကို အတင်း ဖိနှိပ်ထားလိုက်သည်။

"ပြဿနာပဲ၊ကလေးတစ်ယောက်က ချင်ကျိုးကို ပြန်ပြီး သူ့အဘွားကို သွားတိုင်တော့မယ် ထင်တယ် ငါ့ခမျာ ဘယ်လိုလုပ်ရပါ့မလဲ။"

တောဘုရင်သည် အမြုတေဖွဲ့စည်းခြင်းအဆင့် လူသားဆေးဝါးကို မစားလိုက်ရသဖြင့် အလဟဿ ဖြစ်သွားသော်လည်း တဖက်လူများ အကြီးအကျယ် အရှုံးပေါ်သွားသည်ကို ကြည့်ပြီး စိတ်ကျေနပ်နေသည်။

ထွက်ခွာခါနီးတွင် နောက်တစ်ကြိမ် လှောင်ပြောင်ရန် မမေ့ပေ။ ကျန်းချန်ယွင် ဒေါသထွက်နေသည်ကို ကြည့်ပြီး ကျေနပ်စွာ လှည့်ထွက်သွားကာ မကြာမီ တောအုပ်ထဲသို့ ပျောက်ကွယ်သွားလေသည်။

စနောက်နေသော်လည်း တကယ်တမ်း ယိုလုံထောင် သို့မဟုတ် ထို အဘွားကြီးရောက်လာမည့်အချိန်ထိ စောင့်နေရအောင် ၎င်း ဦးနှောက်ပျက်နေသည် မဟုတ်ပေ။

တောင်ထိပ်တစ်ခုပေါ်သို့ ရောက်သောအခါ ၎င်းသည် ခေါင်းမော့ပြီး အသံအကျယ်ကြီး ဟိန်းဟောက်လိုက်သည်။

"ဝေါင်း"

ထို့နောက် စိတ်မရှည်သလို လက်သည်းဖြင့် မြေကြီးကို ကုတ်ခြစ်လိုက်သည်။ ကိုယ့်အတွက် ပြင်ဆင်ထားသော စားသောက်ပွဲကို ဟိုကောင်လေးသုံးကောင် ဗိုက်ကားအောင် စားလိုက်ကြပြီ ထင်သည်။

အချိန်အတော်ကြာသည်အထိ တုံ့ပြန်သံ မကြားရပေ။

တောဘုရင်၏ထောင်ထားသော ရှေ့ခြေထောက် လေထဲတွင် ရပ်တန့်သွားသည်။

ထို့နောက် ပိုမိုကျယ်လောင်သော အသံဖြင့် ထပ်မံ ဟိန်းဟောက်လိုက်သည်။

"ဝေါင်း"

လန့်ဖျပ်သွားသော ငှက်များ မြေပေါ်ပြုတ်ကျကုန်ပြီး သားရဲတိရစ္ဆာန်အပေါင်း တုန်လှုပ်ချောက်ချားကာ ဝပ်တွားကုန်ကြသည်။

တောဘုရင် စိတ်လှုပ်ရှားစွာ နောက်လှည့်ကြည့်လိုက်သည်။ ရင်ထဲတွင် မရေရာသော ထင်ကြေးတစ်ခု ပေါ်လာသော်လည်း မယုံကြည်နိုင် ဖြစ်နေသည်။

၎င်း၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လာပြီး ယုံအန်းမြို့ဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း ခဏအကြာတွင် ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်သည်။

ဝမ်းနည်းပက်လက် ညည်းတွားသံသဲ့သဲ့ကို ချန်ထားရစ်ခဲ့ပြီးနောက် တောဘုရင်သည် ရုတ်တရက် ခုန်တက်ကာ သူ့အစ်ကိုကြီးသမင်ဖြူရှိရာသို့ ဦးတည်ပြေးလွှားသွားတော့သည်။

မည်သူပင်ဖြစ်စေ ထိုလူ သေကို သေရမည်။

"ဟမ်"

ကျန်းချန်ယွင် ကိုယ်ကို မတ်လိုက်ပြီး နောက်ဘက်သို့ သံသယဖြင့် လှမ်းကြည့်လိုက်သည်။

ကျားဟိန်းသံ သုံးကြိမ် ဆက်တိုက် ထွက်ပေါ်လာသော်လည်း ၎င်းတို့၏အဓိပ္ပါယ်မှာ လုံးဝ ကွဲပြားနေသည်။

"အရင် သွားရအောင်။"

ရှောင်ချမ်ဝေ မျက်ခုံးကျုံ့သွားပြီး အလျင်စလို သတိပေးလိုက်သည်။ သူမ၏နှုတ်ခမ်းထောင့်မှ သွေးနီများ စီးကျလာသည်။

သူမ အလျင်အမြန် သုတ်ပစ်လိုက်သည်။

ယခုလိုအချိန်မှာ အားနည်းချက် ပြလိုက်လျှင် ထိုတောဘုရင် ပြန်လှည့်လာနိုင်သည်။

သူမ သတိပေးစရာမလိုဘဲ တိန့်ကျန်းယွမ်သည် ခြေတစ်ဝက်ပြတ်နေသော ခြေထောက်ကို နင်းကာ ဒဏ်ရာအပြင်းအထန်ရနေသော ခန္ဓာကိုယ်ကို ဆွဲလျက် ယုံအန်းမြို့ဘက်သို့ ယိုင်တိယိုင်တိုင် ပြေးသွားလေသည်။

ကျန်းချန်ယွင် သူ့ကို ဘယ်လောက်ပဲ အထင်သေးပါစေ။

အဘိုးအိုသည် စောစောက အသက်နှင့်ရင်းပြီး တိုက်ခိုက်ခဲ့သည်။ သူသည် အမြုတေအဆင့်တွင် အားနည်းသူ ဖြစ်သော်လည်း ယုံအန်းမြို့သားများ၏မျက်လုံးထဲတွင်တော့ သူသည် တစ်ခုတည်းသော အားကိုးရာ ဖြစ်သည်။

နတ်ဆိုးဖမ်းဆီးသူများလို အမြင်ကျယ်ကျယ် သူ မကြည့်နိုင်ပါ။ တိန့်ကျန်းယွမ်သည် ငယ်စဉ်ကတည်းက ပျင်းရိသော စရိုက်ရှိပြီး ချင်ကျိုးပြည်နယ် အရေးအခင်းများကို ဂရုမစိုက်ခဲ့ပေ။

ယုံအန်းမြို့လေးထဲတွင် အေးအေးဆေးဆေး နေထိုင်ပြီး သူငယ်စဉ်ကလို စည်ကားနေသော မြို့အခြေအနေကို ထိန်းသိမ်းထားနိုင်လျှင် လုံလောက်ပြီ ဖြစ်သည်။

ယခု သူမျှော်လင့်သည်မှာ တိန့်မိသားစုအိမ်သို့ ပြန်ရောက်သောအခါ အလောင်းကောင်များ ပြန့်ကျဲနေသည်ကို မတွေ့ရဖို့သာ ဖြစ်သည်။

မြို့တံခါးဝသို့ ဝင်ရောက်လာသည်။

လမ်းမကြီးပေါ်တွင် ရုံးတော်မှ အမှုထမ်းများ အလုပ်ရှုပ်နေကြပြီး ပြည်သူအများစုမှာ အိမ်ထဲတွင်သာ ငြိမ်သက်စွာ နေနေကြသည်။

ဆိုင်းဘုတ်အသစ်စက်စက် တပ်ထားသော အိမ်ကြီးအိမ်ကောင်း အချို့ထဲမှသာ ငိုယိုသံများ ထွက်ပေါ်နေသည်။

"ငိုနိုင်တဲ့ အားရှိသေးတယ်ဆိုတော့... အဆင်ပြေတယ် ဆိုတဲ့ သဘောပဲ..."

တိန့်ကျန်းယွမ် သက်ပြင်းချလိုက်သည်။ ယုံအန်းမြို့သည် နှစ်ပေါင်းရာချီ ငြိမ်းချမ်းခဲ့သော်လည်း အခြားနေရာများပါ ကံကောင်းသည်ဟု မဆိုလိုနိုင်ပေ။

နတ်ဆိုးကပ်ဘေးသည် နေရာတိုင်းတွင် ရှိတတ်သည်။

သူသည် သွေးစက်များ တောက်လျှောက်ကျဆင်းရင်း လျှောက်လာရာ နောက်ဆုံးတွင် ရင်းနှီးသော ခြံဝင်းတံခါးကို တွေ့လိုက်ရသည်။

လူနှစ်ဦး ထွက်လာသည်နှင့် ကြုံပြီး သူ့ဒဏ်ရာများကို မြင်သောအခါ တုန်တုန်ရီရီဖြင့် ဦးညွှတ်အရိုအသေပြုကြသည်။

"သခင်ကြီးရဲ့ ဂုဏ်သိက္ခာက ကြီးမားလှပါပေတယ်"

"မင်းအမေ ဂုဏ်သိက္ခာ..."

တိန့်ကျန်းယွမ် ခြင်ကိုက်သံလောက်သာ အသံထွက်နိုင်တော့သည်။ လူနှစ်ယောက်ကို တွန်းဖယ်ပြီး ဧည့်ခန်းမဆောင်ထဲသို့ ဝင်တိုက်မိမတတ် ဝင်သွားလိုက်သည်။

ရင်းနှီးသော မျက်နှာပေါင်း ရာကျော်က သူ့ကို ဝိုင်းကြည့်နေကြသည်။ သူတို့မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အနည်းငယ် ကျန်ရှိနေဆဲ ဖြစ်သည်။

တိန့်ကျန်းယွမ် ဒူးကို လက်ထောက်ကာ ကုန်းလိုက်ပြီး လူအရေအတွက်ကို အကြမ်းဖျင်း ရေတွက်ကြည့်လိုက်သည်။

အားလုံးကို လိုက်ကြည့်ပြီးနောက် သူ၏ မျက်လုံးထဲတွင် အံ့သြမှင်သက်မှုများ ပေါ်လာသည်။

"တစ်ယောက်... တစ်ယောက်မှ မလျော့ပါလား။"

သူသည် အဓိက ထိုင်ခုံတွင် ထိုင်နေသော မိန်းကလေးကို ကြောင်ငေးကြည့်နေမိသည်။

"အဲဒါက၊ ဟိုလေ..."

လင်းယောင် အနေခက်စွာ မတ်တတ်ရပ်လိုက်ပြီး လက်ကာပြသည်။

"တကယ်တော့ ကျွန်မနဲ့ ဘာမှ မဆိုင်ပါဘူး။"

သူမသည် ဤနေရာတွင် တစ်ညလုံး ထိုင်နေခဲ့ရုံသာ ဖြစ်သည်။ကြောက်လွန်းသဖြင့် ရေနွေးကြမ်း ၇ ခွက် ၈ ခွက်လောက် သောက်မိခဲ့သည်ကလွဲရင် ဘာမှ မလုပ်ခဲ့ရပေ။

ထိုအချိန်တွင် လူရိပ်နှစ်ခု တပြိုင်နက် ဝင်ရောက်လာသည်။

ကျန်းချန်ယွင်သည် ဘယ်ညာ ဝေ့ကြည့်လိုက်သည်။

"မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ ရှန်းယီ ရော။"

လင်းယောင် နားထင်ကို ဖိနှိပ်လိုက်ကာ ခေါင်းကိုက်ချင်သလို ဖြစ်လာ၏။

"သူက အပြင်ထွက်... လမ်းလျှောက်မယ် ပြောသွားတယ်။"

စကားဆုံးသည်နှင့် ကျန်းချန်ယွင် သံသယဖြင့် မေးလိုက်သည်။ "အခုလေးတင် သွားတာလား။"

"အဟမ်း။" လင်းယောင် လက်ချောင်းထိပ်လေးများကို ပွတ်သပ်ရင်း တိုးတိုးလေး ဖြေလိုက်သည်။

"လေးနာရီလောက်တော့ ရှိပြီ။"

ထိုစကားကို ကြားသောအခါ ရှောင်ချမ်ဝေ ခပ်ဟဟ ရယ်မောလိုက်ပြီး အနီရောင်ဝတ်ရုံအောက်မှ ဒဏ်ရာကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ထားလိုက်သည်။

သူမအနေဖြင့် ထိုလူငယ်ကို တိန့်မိသားစုကိစ္စ ဝင်မပါရန် သတိပေးခဲ့သော်လည်း လင်းယောင်ကိုပါ ထားရစ်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

'ဒီလိုလူမျိုးကမှ တကယ့်နတ်ဆိုးဖမ်းဆီးသူ ဖြစ်ဖို့ သင့်တော်တာ၊ အလွယ်တကူ မသေနိုင်ဘူးလေ။'

All Chapters