တောဘုရင်၏အငွေ့အသက်
Vol. 12 Ch. 118
ဒါဇင်နှင့်ချီသော နတ်ဆိုးဖမ်းဆီးသူများသည် မြို့ထဲတွင် တစ်ညလုံး ဟိုပြေးဒီပြေး လုပ်ခဲ့ကြရပြီး ခေါင်းဖြတ်ခံထားရသော ယင်ကောင်များပမာ အလှောင်ခံ၊ အကစားခံ ဖြစ်ခဲ့ရသည်။
ကျန်းချန်ယွင်အနေဖြင့် လုပ်ဖော်ကိုင်ဖက်များ၏ စွမ်းရည်ကို သံသယ မဝင်ခဲ့ပေ။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သူတို့နှင့် နတ်ဆိုးများအကြား အင်အားကွာခြားချက်သည်အတွေ့အကြုံဖြင့် ဖြည့်ဆည်းနိုင်သော အတိုင်းအတာထက် ကျော်လွန်သွားခြင်းသာ ဖြစ်နိုင်သည်။
ထို့ကြောင့် ရှန်းယီ နတ်ဆိုးရှာရန် ထွက်သွားကြောင်း သိလိုက်ရသောအခါ ကျန်းချန်ယွင် ရုတ်တရက် စိတ်လှုပ်ရှားပြီး ပုံစံပျက်ယွင်းသွားရခြင်း ဖြစ်သည်။
ကျားနတ်ဆိုး ၃ ကောင်ထဲတွင် အနည်းဆုံး နတ်ဆိုးသခင်အဆင့် တစ်ကောင် ပါနေမည်မှာ သေချာသည်။
လက်ရှိ ယုံအန်းမြို့ အခြေအနေမှာ မငြိမ်မသက် ဖြစ်နေသော်လည်း တကယ်တမ်း ဆုံးရှုံးမှုမှာ ကြီးမားခြင်း မရှိပေ။ နတ်ဆိုးသခင်တစ်ပါး၏ လက်ချက်ဖြင့် တစ်ညလုံး မွှေနှောက်ခံခဲ့ရသည့် ပုံစံမျိုး လုံးဝ မပေါက်ပေ။
တောဘုရင်ထွက်သွားခါနီး ဟိန်းဟောက်ခဲ့သော ဝမ်းနည်းသံနှင့် ဆက်စပ်ကြည့်လိုက်လျှင်... ဤအဖြစ်အပျက်အားလုံးအတွက် အကြောင်းပြချက် တစ်ခုခုတော့ ရှိရပေမည်။
"မင်းကို ငါ အထင်ကြီးလွန်းနေပြီလို့ ထင်ခဲ့တာ။"
ကျန်းချန်ယွင်သည် မယုံကြည်နိုင်သော်လည်း သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့သည်။
"မင်းက ငါ့ကို ပိုကြီးမားတဲ့ အံ့အားသင့်စရာတွေ ပေးနိုင်လိမ့်မယ်လို့ ထင်မထားမိဘူး။"
ဤလောက် ငယ်ရွယ်သည့် အရွယ်လေးနှင့် အမြုတေအဆင့် ကျားနတ်ဆိုးတစ်ကောင်ကိုကိုယ်တိုင် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဒါက သူ တွေးတောင် မတွေးရဲခဲ့သော အရာလေ။
"ရှင့်ရဲ့ရှုံ့တွနေတဲ့ မျက်နှာကြီးက အံ့အားသင့်နေတဲ့ ပုံစံလည်း မဟုတ်ပါဘူး။"
ရှောင်ချမ်ဝေက မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"အလကားပဲ ပြင်ဆင်ထားတာ ဒီလောက်ကြာပြီကို အသားတစ်ဖတ်တောင် စားခွင့်မရလိုက်ဘူး။"
ကျန်းချန်ယွင်သည် ကိုယ့်ကိုယ်ကိုယ် ပြန်လှောင်ပြောင် ရယ်မောလိုက်ပြီး လေသံမှာ ပေါ့ပါးသွားသည်။ စီနီယာ တစ်ယောက်လို ဟန်လုပ်နေစရာ မလိုတော့ပေ။
အနည်းဆုံးတော့ သူကိုယ်တိုင် အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံသော အဆင့်ကို မရောက်မချင်း ရှန်းယီသည် သူ့နှင့် တန်းတူ ဆက်ဆံခွင့် ရှိနေပြီ ဖြစ်သည်။
သူသည် မျက်နှာချင်းဆိုင်ရှိ လူငယ်ကို ကြည့်လိုက်သည်။"ငါပြောမယ်... မင်း ဒီလောက်ကြီး အေးစက်မနေပါနဲ့ကွာ၊ ငါသာ မင်းနေရာမှာဆိုရင် အခုချိန်လောက်ဆို မာနတွေထောင်ပြီး ပျော်နေလောက်ပြီ... မင်း တကယ်ကြီး ဒီလောက် တည်ငြိမ်နေတာ ငါ မယုံဘူး၊ တစ်ခုခု ပြောပါဦး၊ ငါ့စိတ်ထဲ သက်သာသွားအောင်လို့။"
ထိုစကားကို ကြားသောအခါ ရှန်းယီ မျက်လုံး မော့ကြည့်လိုက်သည်။
ကောင်းကင်နတ်ဆိုးယမမင်း ပြင်ပအမြုတေ ကို အစွမ်းကုန် ထုတ်သုံးလိုက်ရသဖြင့် စိတ်စွမ်းအား အတော်အတန် ကုန်ခမ်းသွားရာ သူ အနည်းငယ် ပင်ပန်းနေခြင်း ဖြစ်သည်။
သို့သော် တစ်ဖက်လူက ပြောစေချင်မှတော့ သူ မေးစရာ တစ်ခု ရှိနေသည်။
"ကျွန်တော် တောဘုရင်ရဲ့ အငွေ့အသက်ကို လိုချင်တယ်၊ ဘာနဲ့ လဲရမလဲ။"
ဤတစ်ခါ ကံမကောင်းစွာဖြင့် ကျားအမြုတေထဲမှ သွေးမျိုးဆက် စွမ်းအားကို မရလိုက်သဖြင့် ကျောင်းနတ်ဆိုးကို ခြေရာခံသလို သွေးမျိုးဆက် အငွေ့အသက်ဖြင့် လိုက်လံရှာဖွေ၍ မရနိုင်တော့ပေ။
ထိုစကား ထွက်လာသည်နှင့် ပြုံးစပြုနေသော ကျန်းချန်ယွင်၏မျက်နှာပေါ်တွင် အံ့သြမှင်သက်မှုများ အစားထိုး ဝင်ရောက်လာသည်။
အမြုတေတစ်ပိုင်းခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ ဘုန်းကြီးတစ်ပါးကို သတ်ဖြတ်နိုင်ခဲ့လို့ အံ့သြလို့ မဆုံးခင်မှာပဲ ဒီကောင်လေးက အမြုတေအဆင့်ကို ခုလေးတင် ရောက်ရှိလာတဲ့ ကျားနတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်လိုက်ပြန်ပြီ။
အခု ချီးကျူးစကား ပြောလို့တောင် မဆုံးသေးဘူး၊ တောဘုရင်ရဲ့ အငွေ့အသက်ကို လိုချင်တယ် တဲ့လား။
"မင်း ခေါင်းထိသွားတာလား။ အမြုတေပြီးပြည့်စုံခြင်း အဆင့်ဆိုတာ ဘာလဲဆိုတာ မင်း သိရဲ့လား။ ချင်းဖုန်းတောင်မှာ မင်း တွေ့ခဲ့တဲ့ အမြုတေအဆင့် ကျောင်းနဂါးတောင် ဒီတောဘုရင် လက်ထဲမှာ အကွက် ၁၀၀ မခံနိုင်ဘူး။"
"ဒါ့အပြင်..."
ကျန်းချန်ယွင်၏လည်ချောင်းထဲတွင် သမင်ဖြူ ဆိုသည့် အမည် နင်နေပြီး အပြင်သို့ ထွက်မလာနိုင်ပေ။
၎င်းသည် နတ်ဆိုးဖမ်းဆီးသူ များစွာ၏အိမ်မက်ဆိုး ဖြစ်သည်။ သူတို့၏အကောင်းဆုံး သတင်းထောက်လှမ်းမှုများအောက်မှာပင် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးတစ်ဦးကို တိတ်တဆိတ် သတ်ဖြတ်နိုင်ခဲ့သည့် ကောင်ဖြစ်သည်။
"ကျွန်တော့်ကို မေးခိုင်းပြီးတော့ မေးပြန်တော့လည်း မပြောဘူး။"
ရှန်းယီ နှုတ်ခမ်းမဲ့လိုက်ပြီး ကုလားထိုင်နောက်မှီပေါ် ပြန်မှီချလိုက်သည်။သူက ယခုချက်ချင်း သွားဖို့မရည်ရွယ်ထားသော်လည်း ရန်ငြိုးဖွဲ့မိပြီးမှတော့ အမြစ်ပြတ် မရှင်းလင်းရသေးသရွေ့ စိတ်ထဲ မသိုးမသန့် ဖြစ်နေရလိမ့်မည်။
ထိုအခြေအနေကို မြင်သောအခါ ကျန်းချန်ယွင် မျက်လုံးထဲတွင် ရှက်ရွံ့မှုများ ပေါ်လာပြီး လက်သီးကို ဆုပ်ထားလိုက်သည်။
အချိန်အတော်ကြာမှသာ စိတ်မသက်မသာ ဖြစ်မှုများကို မျိုချလိုက်နိုင်သည်။
"အငွေ့အသက်မှ မရလိုက်တာ၊ ငါက ဘာပြောရမှာလဲ။"
ထိုအချိန်တွင် ရှောင်ချမ်ဝေ ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဘယ်သူက မရလိုက်ဘူး ပြောလို့လဲ။"
သူမ လက်ဝါးကို ဖြန့်လိုက်ရာ ငွေရောင်ခေါင်းလောင်းလေးထဲမှ ရွှေရောင် အငွေ့အသက် တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။
ထိုအငွေ့အသက်ကို ကြည့်ပြီး ကျန်းချန်ယွင် မျက်လုံးများ ပြူးကျယ်သွားသည်။
သူမ ကိုယ်တိုင် လက်ဖြင့် ချေဖျက်လိုက်တာကို သူ သေသေချာချာ မြင်လိုက်ပါလျက်နဲ့ဘာကြောင့်။
"သိပ်ပြီး အံ့သြမနေပါနဲ့၊ မျက်လှည့်ပြကွက်လေး တစ်ခုပါပဲ။"
ရှောင်ချမ်ဝေ၏ဖြူဖပ်ဖြူရော မျက်နှာပေါ်ရှိ နှုတ်ခမ်းနီနီလေးများ တွန့်ကွေးသွားပြီး ရှန်းယီကို ကြည့်လိုက်သည်။
"ငါက ဒီအငွေ့အသက်ကို နင့်ကို ပေးနိုင်ရုံတင် မကဘူး၊ နင်သာ တိကျသေချာတဲ့ သတင်း ရခဲ့မယ်ဆိုရင် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး တစ်ယောက်ကိုပါ ခေါ်ပေးနိုင်တယ်။"
ကျန်းချန်ယွင်၏မျက်နှာထား ထူးဆန်းသွားသည်။
သူသည် အဘိုးကြီးများကိုသာ အားကိုးတတ်သူများကို အမြဲတမ်း အထင်သေးလေ့ရှိသည်။
နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးများ သို့မဟုတ် ရွှေရောင်ခေါင်းလောင်း ပိုင်ရှင်များသည် အရေးကြီးကိစ္စများ ရှိတတ်ကြပြီး ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် ဝင်ပါလေ့မရှိကြပေ။
သို့သော် ရှောင်ချမ်ဝေကတော့ မတူပေ။ သူမသည် လူအိုကြီးအား အားကိုးခြင်း မဟုတ်ဘဲ လူငယ်ကို အားကိုးခြင်း ဖြစ်သလို၊သမင်ဖြူ နတ်ဆိုးကို သတ်ဖြတ်ခြင်းသည် ချင်ပြည်နယ်၏အရေးကြီးဆုံး ကိစ္စများထဲမှ တစ်ခုလည်း ဖြစ်သည်။
နောက်ဆုံးအနေဖြင့်... သူမသည် ရှန်းယီ နားမလည်ခြင်း အခွင့်ကောင်းယူ၍အနိုင်ကျင့်နေခြင်းဖြစ်၏။ တိကျသေချာသော သတင်းသာ ရလျှင် စစ်သူကြီးယိုအား ခေါ်စရာလိုမည်လော။
"အပြန်အလှန် အနေနဲ့ ဘာပေးရမလဲ။"
ရှန်းယီ သိပ်ပြီး စိတ်လှုပ်ရှားမနေပါ။ လောကကြီးမှာ အလကားရတာ ဘာမှမရှိဘူးလေ။
"ငါ့ကို ဟေးရှီရေကန် အထိ လိုက်ပို့ပေး၊ ငါ့ဆီမှာ အဲဒီဒေသကို စောင့်ကြပ်နေတဲ့ အစောက်အရှောက်စစ်မှူးဆီ ပေးရမယ့် စစ်သူကြီးယိုရဲ့ လျှို့ဝှက်အမိန့် ပါတယ်။"
ရှောင်ချမ်ဝေ စကားပြောရင်း ပါးစပ်ကို အုပ်လိုက်ရာ လက်ချောင်းကြားမှ သွေးစက်များ စီးကျလာသည်။
သူမသည် ဤနေရာသို့ဖြတ်သွားရင်း နတ်ဆိုးဖမ်းဆီးသူ အများအပြားကို တွေ့လိုက်ရသဖြင့် စာပို့ရန် မလောသကဲ့သို့ အပျော်သဘော ဝင်ကြည့်ခဲ့ခြင်း ဖြစ်သည်။ ဤမျှထိ ဖြစ်သွားလိမ့်မည်ဟု မထင်ခဲ့ပေ။
ကျန်းချန်ယွင်ကတော့ အဘွားဖြစ်သူ အားချမ်ထံ ပြန်ပြီး သတင်းပို့ရမှာ ဖြစ်သလို ဒဏ်ရာကုသရန်လည်း လိုအပ်နေသည်။
သူမကျတော့ ထိုမျှထိအဆင်မပြေပေ။
မြို့ထဲရှိ အမြုတေအဆင့် နတ်ဆိုးဖမ်းဆီးသူများနှင့် ယှဉ်လျှင် ရှန်းယီ ဟုခေါ်သော ဤလူငယ်သည် သိသိသာသာ ပိုမို သန်မာသည်။
"အစောက်အရှောက်စစ်မှူး"
ရှန်းယီ တစ်ခုခုကို သတိရသွားသည်။ ထိုသူများသည် ဒေသတစ်ခုကို နှစ်ရှည်လများ စောင့်ကြပ်ပြီး နာမည်ကြီး နတ်ဆိုးကြီးများကို ထိန်းချုပ် ဟန့်တားထားရသူများ ဖြစ်သည်ဟု ကြားဖူးသည်။
သွားကြည့်တာလည်း မမှားပါဘူး။
ထိုသို့ တွေးပြီး သူ ခါးကြားမှ ငွေခေါင်းလောင်းကို ထုတ်ယူကာ လက်ညှိုးနှင့် လက်မကြားတွင် ညှပ်လိုက်သည်။
"သဘောတူတယ်။"
ခေါင်းလောင်းကို မြင်လိုက်ရသောအခါ ဘေးတွင် ငြိမ်သက်စွာ ရပ်နေသော လင်းယောင် မျက်လုံး ပြူးသွားပြီး အင်္ကျီလက်စကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
သူမ မှတ်မိသလောက်ဆို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ကျန်းချန်ယွင်က သူ့ကို အခြေခံ စည်းမျဉ်းတွေ သင်ပေးနေတာ မဟုတ်ဘူးလား။
ရှောင်ချမ်ဝေပင်လျှင် ခဏတာ ကြောင်အသွားပြီး လှပသော ငွေခေါင်းလောင်းကို ကြည့်ကာ ကျန်းချန်ယွင်ကို သံသယဖြင့် လှမ်းကြည့်လိုက်သည်။
"ငါ့ကို ဘာကြည့်နေတာလဲ၊ မင်းက သူနဲ့ မတန်ဘူးလို့ ထင်နေတာလား။"
ကျန်းချန်ယွင် စိတ်မရှည်စွာ ပြောလိုက်သည်။ ရှန်းယီ၏စွမ်းရည်မျိုးနှင့်ဆို အသက်မသေရင် အနာဂတ်တွင် ရွှေခေါင်းလောင်း ပိုင်ရှင် ဖြစ်လာမှာ သေချာသည်။
ငွေခေါင်းလောင်းမျှကို အဘယ်ကြောင့် အထူးအဆန်းကြည့်နေကြသနည်း။
"အဲလိုတော့ မဟုတ်ပါဘူး။"
ရှောင်ချမ်ဝေ အကြည့်လွှဲလိုက်ပြီး တောဘုရင်၏ရွှေရောင် အငွေ့အသက်ကို ရှန်းယီ၏ငွေခေါင်းလောင်းထဲသို့ ထည့်ပေးလိုက်သည်။
"တခြား လုပ်စရာ မရှိရင် အမြန်ဆုံး ထွက်ခွာတာ ကောင်းမယ်။"
ပြောပြီးနောက် သူမသည် ခန်းမ အပြင်ဘက်သို့ ထွက်ခွာသွားသည်။
လိမ်ညာတယ်လို့တော့ မဆိုလိုပါဘူး။ စနောက်ချင်စိတ် ပါနေပေမယ့် ဒီအငွေ့အသက်နဲ့ လဲလှယ်ရမယ့် ကုသိုလ်မှတ်တမ်းအချက်တွေကပဲ ဒီတစ်ခေါက် လိုက်ပါစောင့်ရှောက်ခအတွက် လုံလောက်နေပါပြီ။
"..."
ရှန်းယီ မျက်လုံးမှိတ်ပြီး တောဘုရင်၏ အငွေ့အသက်ကို ခံစားကြည့်လိုက်ရာ စိတ်ထဲတွင် လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။
အမြုတေပြီးပြည့်စုံခြင်း အဆင့်ရှိ နတ်ဆိုးအမြုတေအရသာကို သူ တစ်ခါမှ မမြည်းစမ်းဖူးသေးပေ။
နတ်ဆိုးပိုင်နက်ထဲ ဝင်ရောက်ရန် မိမိအင်အား နည်းပါးနေသေးသည်။
ငွေခေါင်းလောင်းကို ခါးကြား ပြန်ထိုးလိုက်သည်။
ရှန်းယီ မတ်တတ်ရပ်ပြီး လှမ်းထွက်လိုက်စဉ် ဒုက္ခရောက်နေသော အဘိုးအိုက သူ့ကို တိတ်တဆိတ် တားဆီးလိုက်သည်။
တိန့်ကျန်းယွမ် က သူ့ကို လေးစားသမှုဖြင့် ကြည့်နေသည်။
နတ်ဆိုးဖမ်းဆီးသူများမှာတော့ တစ်ဖက်လူက မည်သည့်အဆင့် နတ်ဆိုးကို သတ်ခဲ့သနည်း၊ မည်မျှ အစွမ်းထက်သနည်းဆိုတာကိုသာ ဂရုစိုက်ကြသည်။
သို့သော် အဘိုးအိုနှင့် သူ့နောက်က တိန့်မိသားစုဝင်များ မြင်တွေ့ရသည်မှာ ယုံအန်းမြို့လေး တည်ငြိမ်နေဆဲ ဖြစ်ခြင်း၊ မြို့သူမြို့သားများ ကြောက်လန့်နေကြသော်လည်း အိမ်ထဲတွင် အသက်ရှင်လျက် ရှိနေကြခြင်း၊ ခေါင်းနှင့်ကိုယ် အိုးစားကွဲမသွားခြင်း တို့ပင် ဖြစ်သည်။
ဤအရာအားလုံးသည် မနေ့ညက ထိုလူငယ် အိမ်တံခါးဝမှ ထွက်ခွာသွားခြင်းကြောင့် ဖြစ်သည်။
"တိန့်မိသားစုကို ကာကွယ်ပေးတဲ့အတွက်၊ ယုံအန်းမြို့ကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လူငယ်လေး။"
တိန့်ကျန်းယွမ် အလွန် ရိုကျိုးစွာ ဦးညွှတ်လိုက်ရာ နောက်မှ မိသားစုဝင်များအားလုံးလည်း လိုက်ပါ ဦးညွှတ်ကြလေသည်။
"ရပါတယ်၊ ဒါ ကျွန်တော့် တာဝန်ပါပဲ။"
ရှန်းယီ လက်ကာပြလိုက်ပြီး ခန်းမဆောင်ထဲမှ ထွက်ခွာသွားသည်။
နတ်ဆိုးဖမ်းဆီးသူ တစ်ယောက် ဖြစ်သလို နတ်ဆိုးနှိမ်နင်းရေးဌာန၏တံဆိပ်ပြားကိုလည်း ကိုင်ဆောင်ထားသူ ဖြစ်ရာ နှစ်ဖက်စလုံး၏အကျိုးခံစားခွင့်ကို ယူထားပြီး နှစ်ဖက်စလုံး၏အလုပ်ကို လုပ်ပေးရသည်မှာ သဘာဝကျသော ကိစ္စပင် ဖြစ်ပေသည်။