← Chapters

မာန်နတ်၏သမီးတော် Chapter 1 - အခြားကမ္ဘာ

Vol. 7 Ch. 1

မာန်နတ်၏သမီးတော် Chapter 1 - အခြားကမ္ဘာ

Vol. 7 Ch. 1

ရေးသားသူ - သော်လွင်ကိုကို

ကမ္ဘာကူးပြောင်းတဲ့ဖြစ်စဥ်လား။ ကျုပ်ကိုယ်ကျုပ် ဒီလိုပေါက်ကရကိစ္စတစ်ခုမှာ ပါဝင်ခဲ့လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ ဒါပေမဲ့ ဖြစ်လာပြီဆိုတော့ မတတ်သာတဲ့အဆုံး ကျုပ်မျက်စိရှေ့က ရွှေရောင်အလင်းတန်းတွေ ပျောက်ကွယ်သွားတာကိုပဲ စောင့်ကြည့်နေမိတယ်။

နောက်တော့ ပုဂံခေတ်မင်းသမီးတစ်ယောက်လိုဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အမတ်ကြီးသုံးဦးကို ကျွန်တော်စမြင်ရတယ်။ စိတ်ထင်လို့လားမသိပေမဲ့ ကျွန်တော်က ကြေးနဲ့ပြုလုပ်ထားတဲ့ စက်ဝိုင်းပုံကြမ်းပြင်မှာ ရပ်နေတာဖြစ်ပြီး အဲဒီစက်ဝိုင်းပေါ်မှာ အခြားလူသုံးယောက်လည်းရှိနေသေးတယ်။ အမတ်ကြီးသုံးယောက်နဲ့ အမျိုးသမီးက စက်ဝိုင်းအပြင်မှာ။သူက ကျွန်တော်တို့ကိုမြင်တာနဲ့ ဒူးထောက်ချလိုက်တယ်။ ကျန်တဲ့ စက်ဝိုင်းအပြင်က တခြားလူတွေလည်း ဒူးထောက်ကြတယ်။

“သူရဲကောင်းတို့ကို ကြိုဆိုပါတယ်။ ကျွန်မတို့ရဲ့ကာကီရာနိုင်ငံက မိစ္ဆာဘုရင်ကြောင့် မင်းမဲ့တိုင်းပြည်ဖြစ်နေပြီး ပျက်စီးမယ့်ဘေးနဲ့ကြုံနေရပါပြီ။ ကျေးဇူးပြုပြီး အရှင်တို့ရဲ့စွမ်းအားနဲ့ ကူညီပေးပါ။”

ကာကီရာနိုင်ငံတဲ့ ကျုပ်မကြားဖူးတဲ့ ဒေသတစ်ခုပဲ။ ဒါပေမဲ့ အနည်းဆုံးတော့ တခြားကမ္ဘာရောက်နေပြီဆိုတဲ့အကြောင်း ကျုပ်တို့အတည်ပြုလို့ရသွားပြီ။ ကျုပ်တို့လို့ပြောတာက ဆင့်ခေါ်ခံရတဲ့သူက ကျုပ်တစ်ယောက်တည်းမဟုတ်ဘဲ လေးယောက်ဖြစ်နေတာပါ။ ပြီးတော့ ကျုပ်တို့လက်ထဲမှာ ဒဏ္ဍာရီလာလက်နက်တွေလို့ဆိုတဲ့ တုတ်၊ ခွက်၊ ဓား၊ ကြယ် ဆိုတာတွေကိုင်ထားရသေးတယ်။ မသိရင် ရာဇဝင်တွင်မယ့် ဒိုင်းသူရဲကောင်းဇာတ်လမ်းကျလို့။

...

“ဒီတော့ ရှင်က ကုမ္ပဏီညစာစားပွဲကနေအပြန်မှာ ကားမှောက်သေပြီး ဒီကိုရောက်လာတာပေါ့။” လက်ထဲမှာ ကြယ်ပုံစံပါတဲ့ မှော်နှင်တံကိုကိုင်ထားတဲ့ ဆံပင်ခပ်တိုတို ချောချောမိန်းကလေးက ခွက်နဲ့ခပ်ဝဝကောင်ကို ပြောလိုက်တယ်။

ခွက်နဲ့ကောင်က ဒီကိုဆင့်ခေါ်မခံရခင်က နာမည်ကျော်စီးပွားရေးသမား။ အရက်မူးမူးနဲ့ကားမောင်းပြီး အိမ်အပြန်မှာ ကားတိုက်ခံရပြီးသေတဲ့လူပဲ။ တုတ်ကောင်ကတော့ ပိုရိုးရှင်းတယ် အကြွေးနွံနစ်လို့ ချောင်းထဲခုန်ချလာတဲ့ကောင်။

“ကျွန်တော်ကတော့ ဒီအတိုင်း အကြွေးတွေရှိနေလို့ ရေထဲခုန်ချခဲ့မိရုံပါ။” တုတ်ကောင်ကတော့ ပိန်ခြောက်ခြောက်နဲ့ ယောက်ျားဆန်တဲ့နေရာ တစ်နေရာမှမရှိဘူး။

“အင်း၊ ကျွန်မကတော့ အရင်ဘဝမှာ အဆိုတော်တစ်ယောက်လေ။ ကျန်းမာရေးမကောင်းပေမဲ့ ဝါသနာပါတဲ့အလုပ်ကို အားစိုက်လုပ်ခဲ့တာ။ တစ်နေ့တော့ ကျွန်မစင်ပေါ်မှာဖျော်ဖြေနေရင်း လဲကျသွားခဲ့တယ်လေ။ ဒါနဲ့ ဒီကိုရောက်လာတာ။”

သူတို့သုံးယောက်က တစ်ယောက်အတွေ့အကြုံကို တစ်ယောက် ပြောပြနေကြတာ။ နောက်မှ အဆိုတော်မိန်းကလေးက နာမည်တွေမမေးရသေးတာ သတိရသွားပြီး သူ့ကိုယ်သူစမိတ်ဆက်တယ်။

“ဟုတ်သားပဲ၊ ကျွန်မက ပိုနှင်းဖြူ။ ရှင်တို့ကရော။”

“ငါက အောင်ထက်မြက်။” ခွက်နဲ့စီးပွားရေးသမားက ခွက်ကိုမြှောက်ပြလိုက်တယ်။

“ငါ့နာမည်ကတော့ ညီသုတ။” တုတ်နဲ့တစ်ယောက်ကလည်း မိတ်ဆက်တယ်။ နောက်တော့ အဆိုတော်ဆိုတဲ့ ပိုးနှင်းဖြူက ကျွန်တော့်ကို လှည့်ကြည့်လိုက်ပြီးမေးပါတယ်။

“ဒီဘက်က ဓားသမားလူကြီးမင်းရှင့်။ နာမည်လည်း မမိတ်ဆက်ရသေးသလို ရှင့်ရဲ့အတွေ့အကြုံကိုလည်း ကျွန်မတို့ကို မပြောရသေးဘူး​နော်။”

ကျွန်တော် သက်ပြင်းချလိုက်မိတယ်။ ဖြစ်နိုင်ရင် သူတို့နဲ့ခပ်ဝေးဝေးမှာ သွားနေချင်ပေမဲ့ လောလောဆယ်က ကာကီရာနိုင်ငံကတည်ခင်းတဲ့ ညစာစားပွဲမှာရောက်နေတာလေ။

“ငါ့နာမည်က မျိုးဇင်၊ ဒီအတိုင်း လူမိုက်တစ်​ယောက်ပဲ။ ရန်ဖြစ်ရင်းနဲ့ ဓားထိုးခံရပြီး ဒီကိုရောက်လာတာ။ ဟုတ်ပြီလား။”

ကျွန်တော့်နောက်ကြောင်းကိုသိတော့ သူတို့အထင်တော်တော်သေးသွားတယ်။ လူမိုက်တစ်ယောက်ဖြစ်ရတာ ဘာများအထင်ကြီးစရာရှိလို့လဲ။ ဒါပေမဲ့ ကျွန်တော်သူတို့ကို မပြောခဲ့တာတစ်ခုတော့ရှိတယ်။ ကျွန်တော်က လူမိုက်ဆိုပေမဲ့ အဲဒီအချိန်မှာ လူမိုက်မဟုတ်တော့ပါဘူး။ ချစ်ရတဲ့မိန်းကလေးတစ်ယောက်နဲ့လက်ထပ်ခဲ့ပြီး လူ့ဘဝထဲရောက်လာတော့မယ် သားငယ်လေးကို စောင့်မျှော်နေခဲ့တာ။

ကံမကောင်းချင်တော့ အိမ်အပြန်တစ်ညမှာ ကျွန်တော့်ရန်သူဟောင်းတွေ ကျွန်တော့်ကိုရှာတွေ့သွားပြီး သတ်ပစ်ခဲ့တာပဲ။

“ဒီတော့ ကျွန်မတို့လေးယောက်လုံးက သေခြင်းတရားနဲ့ကြုံပြီးမှ ဒီကိုရောက်လာတဲ့သူတွေပေါ့။” ပိုးနှင်းဖြူက ကောက်ချက်ချလိုက်တယ်။ ခဏနေတော့ မင်းသမီးဆိုတဲ့အမျိုးသမီးရောက်လာပြီး ကျွန်တော်တို့ကို လာမိတ်ဆက်ပါတယ်။

“ကျွန်မက ပုလဲဒေဝီပါ။ ဒီနိုင်ငံကို လက်ရှိတာဝန်ယူအုပ်ချုပ်ပေးနေတဲ့ မင်းသမီးဖြစ်ပါတယ်။ ကျွန်မခမည်းတော်က သေဆုံးပြီးနောက်မှာ ယောက်ျားလေးနန်းလျာမထားခဲ့ပါဘူး။ တိုင်းပြည်စည်းမျဥ်းတွေအရ အမျိုးသမီးတစ်ယောက်က ဘုရင်မလုပ်လို့မရတာကြောင့် မင်းသမီးပဲ ဖြစ်နေပါသေးတယ်။”

ပုလဲဒေဝီက အတော်လှတဲ့အမျိုးသမီးပဲ။ ဒါပေမဲ့ သူ့အပြုံးတွေက အတုဆန်တယ်။ ကျွန်တော် သူ(မ)ကို မယုံဘူး။ ဒါပေမဲ့ တုတ်ကိုင်ထားတဲ့ အားလုံးထဲမှာအငယ်ဆုံး ညီသုတကတော့ အဲဒီမိန်းကလေးကိုပဲ မျက်နှာမလွှဲတမ်းငမ်းနေခဲ့တာ။

“မင်းသမီး၊ ကျွန်တော်တို့ကိစ္စပြီးရင် ပြန်လို့ရမရ သိခွင့်ရမလား။”

“ဟုတ်ကဲ့၊ ပုံမှန်စည်းမျဥ်းတွေအရဆိုရင်တော့ ရှင်တို့မိစ္ဆာဘုရင်ကို နှိမ်နင်းပြီးသွားရင် ပြန်လို့ရပါပြီရှင့်။”

ခွက်သူရဲကောင်း အောင်ထက်မြက်ရဲ့အမေးကို ပုလဲ​ဒေဝီက အခုလိုမျိုးဖြေတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ခေါင်းခါလိုက်မိတယ်။ မူလကမ္ဘာမှာသေပြီးတဲ့ ကျွန်တော်တို့က ပြန်သွားဖို့ဖြစ်နိုင်မှာမလို့လား။

...

ကာကီရာနိုင်ငံက တကယ်ပဲ ကျွန်တော့်မွေးရပ်မြေက ပုဂံနဲ့တူတယ်။ စေတီပုထိုးတွေအများကြီးရှိနေပြီး တစ်မူထူးဆန်းတဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတယ်။ လူတွေကတော့ သစ်သားအိမ်တွေနဲ့နေတာများပေမဲ့ နန်းတော်ကတော့ အုတ်တိုက်ကြီးပါ။ ဒီတစ်ခုပဲ ပုဂံနဲ့မတူတာလို့ပြောရမလား။ အကတွေ၊ စာတွေ၊ ဝတ်စားဆင်ယင်မှုတွေကအစ ပုဂံအတိုင်းပဲ။

ဘာသာစကားဆင်တူတာက ကျွန်တော့်အတွက်တော့ အဆင်ပြေတယ်။ အကုန်လုံးကို အစအဆုံးသင်စရာမလိုတော့ဘူးလေ။ သူတို့စာကို ကျွန်တော်ဖတ်တတ်တယ်။ ဝေါဟာရမတူညီတာမျိုးရှိပေမဲ့ ဗျည်းအများစုက မှတ်မိလွယ်တဲ့ပုံစံအတိုင်းရှိနေတာမလို့ တော်ပါသေးတယ်။

ပထမသုံးလကိုတော့ ကျွန်တော်တို့လေးယောက်ကို ဘယ်မှမလွှတ်ဘဲ နန်းတွင်းက သိုင်းပညာရှင်တွေက သိုင်းပညာသင်ပေးတယ်။ ကျွန်တော့်ကို ဓားပညာသင်ပေးတဲ့သူကလည်း ဝါရင့်ဓားသမားတစ်ယောက်ပဲ။ တခြားသူတွေလည်း အလားတူဆက်ဆံမှုမျိုးရကြတယ်။

သုံးလပြည့်တော့ ကျွန်တော်တို့ကို ပါတီဖွဲ့ခွင့်ပေးပြီး တိုင်းပြည်ရဲ့အရပ်လေးမျက်နှာက အန္တရာယ်တွေကို ရင်ဆိုင်ခိုင်းတယ်။ ကျွန်တော့်အဖွဲ့ထဲမှာ ပုဆိန်ဒိုင်းကာစစ်သည်တစ်ယောက်၊ မှော်ဆရာတစ်ယောက်နဲ့ လေးသမားတစ်ယောက်ပါတယ်။ သုံးယောက်လုံးက အစွမ်းထက်ကြတယ်။ လမ်းတစ်လျှောက်မှာတော့ တွေ့သမျှမွန်းစတားတွေကို ရှင်းလင်းသွားရတာပေါ့။

ဒါပေမဲ့...

...

ဒီလောက်ကြမ်းတဲ့ မွန်းစတားတစ်ကောင် ကမ္ဘာမြေပေါ်မှာ လျှောက်သွားနေလိမ့်မယ်လို့ ထင်ကိုမထားခဲ့တာ။ အဲဒါက ဧရာမတောဝက်ကြီးတစ်ကောင်။ ကျွန်တော့်ရဲ့ဟီးရိုးစွမ်းအားတွေနဲ့တောင်မှ သူ့ကိုဘာမှမလုပ်နိုင်ခဲ့ဘူး။ ကျွန်တော့်အဖော်တွေအားလုံးသေပြီ။ ကျွန်တော်တစ်ယောက်ပဲ သွေးအလိမ်းလိမ်းဒဏ်ရာတွေနဲ့ ငှက်ကြီးတောင်ဓားကို ကိုင်လျက်သား ကျန်နေရစ်တော့တာ။

“ခန္ဓာကိုယ်ကို ဓားအဖြစ်ပြောင်းစေသား။” ကျွန်တော်လည်း ကျွန်တော်သိတဲ့ အပြင်းထန်ဆုံး တိုက်ကွက်ကိုထုတ်ဖော်ပြီး ဝက်ကြီးကိုတိုက်တယ်။ ကျွန်တော့်ခန္ဓာကိုယ်က ဓားအလင်းအဖြစ်ပြောင်းသွားပြီး ဝက်ကြီးကိုတိုက်ခဲ့ပေမဲ့ ဖြုံကိုမဖြုံတာ။ ခဏနေတော့ ဝက်သိုးကြီးရဲ့ခေါင်းနဲ့ကျွန်တော်ဆောင့်မိပြီး သစ်ပင်တစ်ပင်ရဲ့ပင်စည်အောက်ခြေမှာ လဲကျနေပြီ။

“ဒီလိုနဲ့ ငါသေတော့မှာလား။” ဒါက ကိုယ့်ကိုယ်ကိုယ်သေပြီလို့ထင်မိတဲ့ အခိုက်အတန့်မှာ ပြောမိခဲ့တဲ့စကားပါ။

“သတိထား။” ရုတ်တရက် ကောင်းကင်ပေါ်ကနေပြီး မိန်းမလှလေးတစ်ယောက် ဆင်းချလာတဲ့အတွက် ကျွန်တော်မျက်လုံးပြူးသွားပြီး သူ့ကိုသတိလှမ်းပေးလိုက်တယ်။ ဝက်သိုးကြီးက ကျွန်တော့်ကိုတိုက်ဖို့အတွက် ပြေးလာနေပြီလေ။

ဒါပေမဲ့ အဲဒီမိန်းကလေးက နည်းနည်းလေးမှကို ဂရုမစိုက်တာ။ မိန်းကလေးက ဆံပင်ကို မြင်းမြီးပုံစံနောက်မှာစုချီထားပြီး အနက်ရောင်ဝမ်းဆက် အပေါ်အင်္ကျီနဲ့ထမီကို ဝတ်ထားတယ်။ ခရမ်းရောင်လည်ဆွဲဘယက်ကို လည်တိုင်မှာဝတ်ဆင်ထားပြီး လက်နှစ်ဖက်မှာတော့ ခြောက်လက်မလောက်ရှည်တဲ့ လက်သည်းတွေရှိနေပါတယ်။ ပြောရမယ်ဆိုရင် နဖူးမှလည်း ချိုတစ်စုံနဲ့။

“မိစ္ဆာလား...” ကျွန်တော့်ပါးစပ်ကနေ စကားတစ်ခွန်းထွက်ကျလာတယ်။ မိန်းကလေးကတော့ လက်ကိုဝေ့ယမ်းလိုက်ပြီ။ နောက်တော့ ဝက်သိုးကြီးရဲ့ခေါင်းက တိခနဲပြတ်ကျသွားပြီး ခန္ဓာကိုယ်ကြီးကတော့ မြေပေါ်ကို တအိအိပြိုလဲကျသွားတော့တယ်။

“စကားမစပ်၊ ရှင်ကရော သူရဲကောင်းတစ်ယောက်လား။ တော်တော်အားနည်းတာပဲ။”

ကျွန်တော့်မှာ ပြောစရာစကား ရှာမရခဲ့ဘူး။ မူလကတော့ သူကျွန်တော့်ကို သတ်လိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ သူ့ရဲ့တောင်းဆိုမှုကို ကြားတဲ့အခါမှာတော့ ကျွန်တော်အံ့ဩမိသွားခဲ့တယ်။

“လူသား၊ ရှင့်ကိုကယ်ခဲ့တဲ့ အဖိုးအခအ​နေနဲ့ ကျွန်မကို လူသားကမ္ဘာကြီးဆီ လိုက်ပြပေးနိုင်မလား။”

ကျွန်တော်နားမလည်ခဲ့ဘူး။ သူ့ရဲ့သဘောထားကို ဘယ်တော့မှ ကျွန်တော်နားလည်မယ်လို့လည်း မထင်ဘူး။

“အဲဒါက ကိစ္စမရှိပေမဲ့ ကျွန်တော်လည်း ခုမှဒီကမ္ဘာကိုရောက်တာလေ။”

“ဘာပဲဖြစ်ဖြစ်ပေါ့၊ လိုက်ပြပေးမယ့်သူရှိရင်ပဲ အဆင်ပြေလှပါပြီ။” သူက ကျွန်တော့်နားကိုကပ်လာပြီး ပြောတယ်။ သူ့အသားအရေက လူသားတစ်ယောက်အတွက် အလွန်ဖျော့တော့ပေမဲ့ ကြည့်ကောင်းပြီး အပြစ်အနာအဆာကင်းစင်တယ်။

မိန်းကလေးတစ်ယောက်မှာရှိသင့်တာတွေရှိတယ်။ ခန္ဓာကိုယ်က ဖွံဖြိုးပြီး မိန်းကလေးတစ်ယောက်အဖို့ သိပ်ရှည်တဲ့အရပ်ကို ပိုင်ဆိုင်ထားတယ်။ မျက်လုံးက သမင်မျက်လုံးနဲ့တူပြီး မျက်တောင်တွေကတော့ သဘာဝအတိုင်း ကော့စင်းနေပါတယ်။ ဘယ်ဖက်မျက်လုံးရဲ့အောက်မှာ မျက်ရည်ခံမှဲ့လေးတစ်လုံးလေးရှိနေသေးတယ်။ သူ့မျက်လုံးက ခရမ်းရောင်ဖြစ်နေလို့ ထူးဆန်းနေတယ်ဆိုပေမဲ့ အနက်ရောင်ဝတ်စုံနဲ့တွဲလိုက်တော့ သိပ်ကိုလိုက်ဖက်သွားတယ်။

သူ့ဆီကနေ နန်းဆန်ပြီးယဥ်ကျေးတဲ့အငွေ့အသက်ကို ကျွန်တော်ခံစားမိတယ်။

“ကောင်းပါပြီလေ။”

...

ဒီလိုနဲ့ သူရဲကောင်းတစ်ယောက်နဲ့ မိစ္ဆာတစ်ယောက်က အတော်လေးခင်မင်မိသွားတယ်ဆိုပါတော့။ မိစ္ဆာမိန်းကလေးက သူ့ကိုယ်သူ သာမန်ရွာသားတစ်ယောက်လို ရုပ်ဖျက်ထားခဲ့ပေမဲ့ သိပ်ကိုလှပနေဆဲပဲ။ကျွန်တော်တို့တွေ တစ်မြို့ဝင်တစ်မြို့ထွက် လျှောက်လည်ခွင့်ရခဲ့ကြတယ်။ အစားအသောက်ကိုအတူစားရင်း အရသာခံဖြစ်ကြသလို ရှုခင်းတွေကိုလည်း အတူကြည့်ဖြစ်ကြတယ်။ နောက်ဆုံးတော့ သူ(မ)ကို မိစ္ဆာတစ်ကောင်မှန်း ကျွန်တော်မေ့သွားတဲ့အထိပဲ။

“ဒါနဲ့၊ အခုထိ မင်းနာမည်ကို ငါ့ကိုပြောမပြရသေးဘူးနော်။ ငါ့နာမည်ကျတော့ မင်းသိပြီးတော့ မတရားဘူးလို့ မထင်ဘူးလား။”

ကျွန်တော်ပြောတော့ သူက ချစ်စရာပုံစံလေးနဲ့ရယ်တယ်ဗျ။ သူ့တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်လို့ရယ်။ အဲဒီနောက်တော့ သူက ကျွန်တော့်ကို စိန်းစိန်းကြည့်လိုက်ပြီး ပြောပါတယ်။

“ရှင်တကယ်ပဲ ကျွန်မနာမည်ကို သိချင်တာလား။ မိစ္ဆာတစ်ယောက်ရဲ့နာမည်က ကပ်ဘေးတွေကို ယူဆောင်လာနိုင်တယ်လို့ လူတွေပြောလေ့ရှိတာ ရှင်မကြားဖူးဘူးလား။”

ကျွန်တော် သူ့ကိုကြည့်လိုက်တယ်။ ဒီစကားတွေက နည်းနည်းထူးဆန်းပေမဲ့ သူ့ကိုကြည့်ရတာ နောက်နေပုံမပေါ်ဘူး။ ကျွန်တော်ခေါင်းညိတ်ပြလိုက်တော့ သူက ကျွန်တော့်နားနားကပ်ပြီးတော့ ပြောပါတယ်။

“ကျွန်မနာမည်က အင်ဂရီ၊ မီးနဲ့ပြာကို ကိုယ်စားပြုတဲ့ နတ်ဆိုးပဲ။”

သူ့နာမည်ကို ကျွန်တော်ကြားပြီးတာနဲ့ တစ်ကိုယ်လုံးတုန်ယင်လာပြီး ကျက်သီးထလာသလိုပဲ။ ကျွန်တော့်အမြင်အာရုံတွေက ဝေဝါးလာပြီး ပြာပုံသာကျန်ရစ်ခဲ့တဲ့ တိုင်းပြည်တွေကို မြင်နေရတယ်။ အဲဒီပြာပုံတွေအထက်မှာတော့ အင်ဂရီကရပ်နေတယ်။

“ကျွန်မက မိစ္ဆာဘုရင်ရဲ့လက်ထောက် လေးယောက်ထဲက တစ်ယောက်ပဲ။ ရှင်တို့သူရဲကောင်းတွေရဲ့ပြိုင်ဖက်ဆိုပါတော့။ ဒါပေမဲ့ ကျွန်မလေ လူသားတွေဘယ်လိုနေထိုင်ကြလဲဆိုတာကို တကယ်စိတ်ဝင်စားတာသိလား...”

“အင်ဂရီတဲ့... စိတ်ဝင်စားစရာနာမည်ပဲ။ ဒါပေမဲ့ လူတွေကြားထဲ ခေါ်လို့ကောင်းမယ့်ပုံတော့မပေါ်ဘူး။” ကျွန်တော် သူ့ကိုကြည့်လိုက်တယ်။ သူကလည်း ကျွန်တော့်ကို ပြန်ကြည့်နေတယ်။

“ရှင်ကျွန်မနာမည်ကြောင့် လန့်မသွားဘူးလား။” သူ့မျက်နှာပေါ်က အပြုံးပျောက်သွားပြီ။ ဘာပဲပြောပြော သူ့နာမည်နဲ့အတူတွဲနေတဲ့ နိမိတ်ဆိုးက သိပ်ကိုပြင်းထန်တယ်လေ။

“ဘာကြောင့် ငါကမင်းကိုလန့်ရမှာလဲ။ ငါ့အတွက်တော့ မင်းက ကမ္ဘာကြီးကို စူးစမ်းလေ့လာချင်နေတဲ့ မိန်းကလေးတစ်ယောက်ပါပဲ။”

“အရူး၊ ကျွန်မက တိုင်းပြည်၇ပြည်ကို ပြာပုံဖြစ်တဲ့အထိ တိုက်ခိုက်ခဲ့တဲ့ စုန်းမနော်။”

သူက ကျွန်တော့်ကို သံသယမျက်လုံးတွေနဲ့ ပြည့်လိုက်တယ်။ ကျွန်တော်ကတော့ သူ့နာမည်ဆိုးကြီးကို ဂရုမစိုက်တော့ပဲ နာမည်အသစ်တစ်ခုနဲ့ခေါ်လိုက်တယ်။

“စံပယ်... ငါမင်းကို လူကြားထဲမှာဆိုရင် စံပယ်လို့ခေါ်မယ်လေ။”

ကျွန်တော့်စကားကြောင့် သူကျွန်တော့်ကို တအံ့တဩ ကြည့်လိုက်တယ်။ “ရှင်ထွက်မပြေးဘူးလား...”

“မင်းလူ့လောကထဲမှာ လျှောက်သွားချင်နေတုန်းပဲမဟုတ်လား။”

“ဒါကတော့ ဒါဆိုပေမဲ့... ​ကျွန်မတာဝန်က သူရဲကောင်းတွေကို နှိမ်နင်းဖို့လေ။”

“ဒါဆိုရင် မင်းက ဘာလို့ငါ့ကို အခုထိမနှိမ်နင်းသေးတာလဲ။”

နောက်တော့ သူခဏတိတ်ဆိတ်သွားတယ်။ အဲဒီနောက်တော့ လှိုက်လှိုက်လှဲလှဲပြုံးလိုက်ပြီးတဲ့နောက် ကျွန်တော့်ပခုံးကို သူဆုပ်ကိုင်လိုက်တယ်။

“ဒါဆိုရင်လည်း ကျွန်မကိုဆက်ပြီးလမ်းပြပေးပါဦး၊ လမ်းပြကြီး။”

...

ကျွန်တော်တို့နှစ်ယောက် ကာကီရာတိုင်းပြည်တစ်ခွင် ဆက်ပြီးလျှောက်သွားဖြစ်တယ်။ စံပယ်နဲ့အတူရှိနေရင် ကျွန်တော့်ကိုယ်ကျွန်တော် သူရဲကောင်းတစ်ယောက်လို့ မခံစားရတော့ဘူး။ စံပယ်အတွက်လည်း အတူတူပါပဲ။ သူ့ကိုယ်သူ မိစ္ဆာတစ်ယောက်ဆိုတာကို မေ့ထားလိုက်တယ်။ နေ့ပိုင်းဆိုရင် အတူလက်တွဲလမ်းသွားဖြစ်ပြီး ညပိုင်းဆိုရင်တော့ တစ်အိပ်ရာထဲကျောခင်းရင်း ကောင်းကင်က ကြယ်တွေကို အတူရေတွက်နေဖြစ်တယ်။

နောက်ဆုံးတော့ ကျွန်တော်တို့ရဲ့သံယောဇဥ်တွေခိုင်မာလာပြီး သူ့ကိုကျွန်တော် ဖွင့်ပြောမိတဲ့အထိပဲ။

“ကျွန်မက မိစ္ဆာတစ်ယောက်နော်၊ ရှင်သိလား။”

“ငါသိပါတယ်၊ ဒါပေမဲ့ ငါမင်းကို ချစ်မိနေပြီလေ။”

ဒီလိုနဲ့ အကြောင်းအရင်းမရှိ ပေါက်ဖွားနိုင်တဲ့ချစ်မေတ္တာကြောင့် ကျွန်တော်တို့တွေ တရားဝင်စုံတွဲတွေဖြစ်လာတယ်။ ဒါပေမဲ့ တစ်နေ့တော့ ကျွန်တော်တို့ကို တခြားသူရဲကောင်းတွေက ရှာတွေ့သွားခဲ့တယ်။

“ကိုမျိုးဇင်၊ ရှင်နဲ့အတူရှိနေတာ မိစ္ဆာတစ်ကောင်နော်။ ရှင်သတိမထားမိဘူးလား။”

တစ်နေ့တော့ ညီသုတ၊ အောင်ထက်မြက်နဲ့ ပိုးနှင်းဖြူတို့က ကျွန်တော်တို့ကိုဝိုင်းပြီး သူတို့လက်နက်တွေနဲ့ ချိန်ထားခဲ့တယ်။ ကျွန်တော်လည်း ဓားနဲ့သူတို့ကို ပြန်ရွယ်ထားမိတာပေါ့။

“စံပယ်က သာမန်မိန်းကလေးတစ်ယောက်ပဲကွ။ မင်းတို့သူ့ကို နာကျင်အောင်မလုပ်ကြနဲ့။”

ကျွန်တော့်နဖူးမှာ ဇောချွေးတွေပျံလာတယ်။ အခုအခြေအနေက သုံးယောက်တစ်ယောက်။ သုံးယောက်လုံးက ကျွန်တော့်နီးပါးသန်မာတဲ့လူတွေ။ နိုင်ဖို့အခွင့်အလမ်း နည်းနည်းမှကိုမရှိတာ။

“ကြယ်တာရာရဲ့စွမ်းအားနဲ့ အမှန်တရားပေါ်ထွက်စေ။” ပိုးနှင်းဖြူက သူ့မှော်နှင်တံကို ယမ်းလိုက်ပါပြီ။ စံပယ်ရဲ့ရုပ်ဖျက်ထားတာ ပျောက်သွားတယ်။ စံပယ်ကတော့ သူတို့သုံးယောက်ကို အမျက်ထွက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တာပေါ့။

“ရှင်က အင်ဂရီပဲ။ ကျွန်မတို့သူငယ်ချင်းကို ရှင်ပြုစားထားတာလား၊ စုန်းမ။” ပိုးနှင်းဖြူက ဒေါသတကြီးပြောလိုက်တယ်။ ညီသုတကတော့ သုံးဦးထဲမှာ ကျွန်တော့်ကို အပြစ်တင်တဲ့ တစ်ယောက်တည်းသောသူပဲ။

“မျိုးဇင်၊ မင်းတော်တော်ညံ့တဲ့ကောင်။ သူရဲကောင်းတစ်ယောက်က မိစ္ဆာမတစ်ယောက် ပြုစားတာ ခံစရာလားကွ။”

ကျွန်တော်ဒေါသထွက်လာတယ်။ သူတို့သုံးယောက်ကို ဓားနဲ့ခုတ်ပစ်ဖို့ ဆုံးဖြတ်မိတဲ့အချိန်မှာပဲ စံပယ်က ကျွန်တော့်အင်္ကျီလက်ကို မသိမသာလှမ်းဆွဲတယ်။ လှည့်ကြည့်တော့ သူက ကျွန်တော့်ကို ခေါင်းခါပြပြီးရှေ့တက်လာတယ်။

“ဟုတ်တယ်၊ ငါက သူ့ကိုပြုစားခဲ့တာပဲ။” စံပယ်က သူ့ရင်ဘတ်ကိုသူ ပုတ်ပြပြီး ဝန်ခံလိုက်တယ်။ ဒီလိုမဟုတ်တာကို ကျွန်တော်သိနေပေမဲ့ပေါ့။ အဲဒီနောက် စံပယ်က ဗီလိန်ဆန်ဆန် ရယ်မောပြီးတော့ ဟိုသုံးယောက်ကို တိုက်ခိုက်တယ်။ စံပယ်က သူရဲကောင်းဖြစ်တာမကြာသေးတဲ့ သူတို့သုံး​ယောက်ထက် ပိုသန်မာတဲ့အတွက် လမ်းဖောက်ထွက်နိုင်သွားတယ်။ အဲဒီနောက်တော့ ကျွန်တော်နဲ့ဝေးရာဆီကို ထွက်ပြေးသွားတော့တယ်။

ကျွန်တော် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်။ စံပယ်က ကျွန်တော်ဒုက္ခမရောက်စေဖို့ သူ့ကိုယ်သူ လူဆိုးဇာတ်သွင်းပြီး ထွက်ပြေးခဲ့တာပဲ။

....

နောက်တော့ ကျွန်တော့်ရဲ့သူရဲကောင်းဘဝက ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။ တခြားသူရဲကောင်းတွေနဲ့မွန်းစတားတွေကို အမဲလိုက်တယ်။ ပိုအစွမ်းထက်လာတယ်။ မိစ္ဆာတွေသိမ်းထားတဲ့ ကာကလီနဲ့တခြားတိုင်းပြည်တွေက ဒေသတွေကို ပြန်ယူပေးတယ်။ တခြားမိစ္ဆာခေါင်းဆောင်တွေရဲ့အကြောင်းကိုကြားရပြီးတော့ တချို့တလေနဲ့ယှဥ်တိုက်ဖူးပေမဲ့ စံပယ်အကြောင်း ကျွန်တော်ထပ်မကြားရတော့ဘူး။

“ရန်သူအဖြစ် သူငါ့ရှေ့မှာ ပေါ်လာရင်တောင်မှ ငါကျေနပ်တယ်။” ကျွန်တော် နတ်ဘုရားတွေဆီမှာ ဒီလိုဆုတောင်းမိတဲ့အထိပဲ။ အနည်းဆုံးတော့ သူ့ကိုကျွန်တော်ထပ်မြင်ခွင့်ရချင်သေးတယ်။

ဒါပေမဲ့... ဒါပေမဲ့... ဒီလိုပုံစံမျိုးနဲ့ သူ့ကိုထပ်တွေ့ရလိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့မိဘူး။

...

မိစ္ဆာတွေသိမ်းထားတဲ့ မြို့ကြီးတစ်မြို့ကို ကျွန်တော်တို့ပြန်သိမ်းမိတော့ တိုင်းပြည်ခုနစ်ခုရဲ့ဖျက်ဆီးသူစုန်းမကို ကျွန်တော်ထပ်တွေ့ခွင့်ရတယ်။ ဒါပေမဲ့ အသက်ရှင်လျက်နဲ့တော့ မဟုတ်ခဲ့ပါဘူး။

သူ့ကို မိစ္ဆာတွေက ကားစင်တင်ထားခဲ့တယ်။ သူ့ရဲ့အသက်မဲ့တဲ့ ခန္ဓာကိုယ်ကို လက်ဝါးကပ်တိုင်မှာကပ်ထားပြီး သူ့နှလုံးနေရာကတော့ လစ်ဟင်းနေခဲ့တယ်။ သူ့မျက်လုံးတွေကတော့ ဘာမှမမြင်နိုင်ဟန်နဲ့ ရှေ့ကိုစိုက်ကြည့်နေတယ်။ ကျွန်တော် သူ့ရှေ့မှာရှိနေပေမဲ့ သူကျွန်တော့်ကို မြင်နိုင်ပုံမပေါ်ဘူး။

“မိစ္ဆာတချို့ပြောတာတော့ အင်ဂရီက မိစ္ဆာဘုရင်ကို အာခံခဲ့တယ်တဲ့။ ဒီမြို့ကတပ်တွေကို ဦးဆောင်ပြီး ငါတို့ကိုတိုက်ရမှာကို မတိုက်ဘဲ ငြင်းခဲ့တယ်တဲ့။ တခြားအသေးစိတ်အချက်အလက်တွေကိုတော့ ငါလည်းမသိဘူး။” အောင်ထက်မြက်က ပြောလိုက်တာ။

ဒါပေမဲ့ ကျွန်တော်ကတော့ ဘာကြောင့်လဲသိနေတယ်။ အဲဒါ ကျွန်တော့်ကြောင့်ပဲ။ အင်ဂရီရဲ့မူလတာဝန်က သူရဲကောင်းတွေကိုသတ်ဖို့။ ဒါကြောင့် လက်ထောက်လေးယောက်ထဲက တစ်ယောက်ဖြစ်နေတာလေ။ သူက ကျွန်တော့်ကို ရန်သူအဖြစ်ရင်ဆိုင်ဖို့ ငြင်းဆန်ခဲ့တာကြောင့် သေမိန့်ကျသွားတာပဲ။

ကျွန်တော့်မျက်လုံးထဲ မျက်ရည်တွေဝဲလာပေမဲ့ ကျွန်တော်ငိုဖို့ မဖြစ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ မိစ္ဆာဘုရင်ကို သတ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီ။

All Chapters