← Chapters

မာန်နတ်၏သမီးတော် Chapter 2 - ပြန်ဖို့ရာလမ်းမရှိ

Vol. 7 Ch. 2

မာန်နတ်၏သမီးတော် Chapter 2 - ပြန်ဖို့ရာလမ်းမရှိ

Vol. 7 Ch. 2

ရေးသားသူ - သော်လွင်ကိုကို

ဒီလိုနဲ့ မိစ္ဆာဘုရင်ကို လေးယောက်ပေါင်းပြီး ဖြိုခွင်းရမယ့်နေ့ကို ရောက်လာခဲ့တယ်။ အရင်ကလည်း ကျွန်တော်တို့ တခြားမိစ္တာဘုရင်ရဲ့အစေအပါးတွေနဲ့ ရင်ဆိုင်ဖူးခဲ့ပြီးသားပေမဲ့ မိစ္ဆာဘုရင်ကတော့ တခြားဘယ်သူနဲ့မှမတူအောင် အစွမ်းထက်တယ်။ တစ်ချိန်က စံပယ်ကို သန်မာတယ်လို့ ကျွန်တော်ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ မိစ္ဆာဘုရင်က စံပယ်ရဲ့ဆယ်ဆလောက် ပိုသန်မာတယ်။ တိုင်းပြည်ခုနစ်ဆယ်ကို မီးရှို့ပြာချပစ်နိုင်တယ်လို့ပြောရင်လည်း လွန်ရာကျမယ်မထင်ဘူး။

ကျွန်တော်တို့လေးယောက် လမ်းမှာပိုပြီးသန်မာလာခဲ့ပေမဲ့ သူ့ကိုတစ်ယောက်ချင်းယှဥ်တိုက်ဖို့ဆိုတာက စိတ်ကူးထဲမှာပဲ ရှိဦးမယ်။

“သုတ၊ မင်းရဲ့တုတ်နဲ့ မိစ္ဆာဘုရင်ရဲ့တိုက်ကွက်ကိုဖျက်လိုက်။” အငြိုးအတေးတွေကြောင့် အားလုံးထဲမှာ အစွမ်းအထက်ဆုံးဖြစ်လာတဲ့ ကျွန်တော်က မိစ္ဆာဘုရင်ကိုသတ်ဖို့ စိတ်အားထက်သန်နေပြီး ညီသုတကို ဖိအားပေးလိုက်တယ်။

ညီသုတကတော့ တစ်ကိုယ်လုံးချွေးတွေအပြည့်နဲ့ဖြစ်နေပြီ။ ဒါပေမဲ့ သူမလုပ်ရင် မိစ္ဆာဘုရင်က သူရဲကောင်းတွေအကုန်လုံးကို တစ်ချက်တည်းနဲ့ ပွဲသိမ်းပစ်တော့မှာမလို့ စွမ်းအားကုန်ကို ထုတ်သုံးလိုက်တယ်။

“ပြိုကျနေတဲ့ မိုးကောင်းကင်ကို ငါ့ခန္ဓာကိုယ်နဲ့ကန်ထောက်ကန်ပါရစေသား။” သူ့လက်ထဲကိုင်ထားတဲ့ မြကျောက်စီရွှေရောင်တုတ်အရွယ်အစားက နန်းတော်တိုင်လုံးတွေနီးပါး ကြီးထွားရှည်ထွက်လာပြီး မိစ္ဆာဘုရင်ရဲ့မျက်နှာကို ရိုက်ချလိုက်တယ်။

“ဝူး.....” မိစ္ဆာဘုရင်ဆီကနေ အော်သံအကျယ်ကြီးထွက်လာပြီ။ မိစ္ဆာဘုရင်က ဆိတ်ချိုဆိတ်ခေါင်းနဲ့ လူခန္ဓာကိုယ်ရှိပြီးတော့ မီတာခြောက်ဆယ်လောက်ကြီးပေမဲ့ ညီသုတရဲ့တုတ်စာကိုမိတာနဲ့ ချက်ချင်းထအော်တော့တာ။

ကျွန်တော်လည်း အခွင့်အရေးရနေတုန်း ဓားရိုးပေါ်လက်တင်ပြီး ဓားကိုဓားအိမ်ထဲကနေ ဆွဲထုတ်တယ်။

“ခန္ဓာကိုယ်ကို ဓားအိမ်၊ ဝိညာဥ်ကိုဓားသွားအဖြစ် အသုံးပြု၍ တောင်စဥ်ခုနစ်သွယ်ကို ပိုင်းဖြတ်စေ။” ကျွန်တော့်ဓားသွားက သွေးနီရောင်ပြောင်းသွားပြီး ကျွန်တော့်ခန္ဓာကိုယ်ကို သွေးနီရောင်အလင်းလွှာတစ်ခုက ဖုံးလွှမ်းသွားတယ်။ အဲဒီနောက်တော့ သာမန်လူတစ်ယောက်အတွက် ရောက်ရှိဖို့မဖြစ်နိုင်တဲ့ အမြန်နှုန်းကိုသုံးပြီး မိစ္ဆာကောင်ကြီးရဲ့ခန္ဓာကိုယ်ပေါ်ကို ပြေးတက်တော့တာပဲ။

ပထမတော့ သူ့လက်ပေါ်ကိုရောက်သွားတယ်။ မိစ္ဆာဘုရင်က သူ့လက်ကိုမြှောက်ပြီး ကျွန်တော့်ကိုစေ့စေ့ကြည့်တယ်။ ကျွန်တော်ကတော့ လက်ထဲကဓားကို အောက်နိမ့်လိုက်ပြီး သူ့အသားတွေကို ထိုးခွဲပစ်တယ်။ မိစ္ဆာဘုရင်ရဲ့သွေးပူပူတွေပန်းထွက်လာပြီး ကျွန်တော့်မျက်နှာကို လာစင်ပေမဲ့ ကျွန်တော့်နှလုံးသားထဲက ပူလောင်မှုလောက်တော့ မပြင်းထန်ပါဘူး။

“ခွေးမသားကြီး၊ မင်းကြောင့် စံပယ်သေရတာကွ။” ကျွန်တော့်တစ်ကိုယ်လုံးကို ဒေါသကဖုံးလွှမ်းထားတဲ့အတွက် အလင်းလွှာအနီက ပိုပြီးစွမ်းအားကြီးလာနေတယ်။ ဒါပေမဲ့ မိစ္ဆာဘုရင်ဆိုတာက လွယ်လွယ်နဲ့သတ်လို့သေတဲ့အမျိုးမှာမပါဘူး။ သူ့ဘယ်ဘက်လက်ဖျံတစ်ခုလုံးကို ရစရာမရှိအောင်လုပ်ခဲ့တယ်ဆိုပေမဲ့ အားနေတဲ့ညာဘက်လက်နဲ့ ကျွန်တော့်ကိုရိုက်ချလိုက်တယ်။

ဖောင်း....

ဧရာမခြင်လို အရိုက်ခံလိုက်ရတဲ့ကျွန်တော် တစ်ကိုယ်လုံးက ဒဏ်ရာတွေကျိုးကြေပြီး အောက်ကိုပြန်ပြုတ်ကျလာတယ်။ ကံကောင်းတာက ကျွန်တော်တိုက်တာကိုစောင့်ကြည့်​နေတဲ့ အောင်ထက်မြက်တစ်ယောက် အချိန်မီလှုပ်ရှားလိုက်တာပဲ။

“ပေါကြွယ်ဝမှုကို ရွှေခွက်ခင်းလို့ပြမယ်။” သူ့ဂါထာဆုံးတာနဲ့ သူ့ရဲ့ပတ္တမြားရွှေခွက်က လူတစ်ကိုယ်ရပ်စာလောက်ကြီးလာပြီး အလိုလိုလေထုထဲမြောက်တက်လာတယ်။ နောက်တော့ ကျွန်တော့်ကိုယ်ကို ကူရှင်တစ်ခုလိုမျိုး ဝင်ခံပေးလိုက်တယ်။

“ရှင်ဘယ်လိုဖြစ်နေတာလဲ၊ ဒီအတိုင်း ရူးရူးမိုက်မိုက်တိုက်နေရင် သေသွားလိမ့်မယ်။” အောင်ထက်မြက်ကကျွန်တော့်ကို မြေပေါ်ပြန်ချပေးပြီးတဲ့နောက် ပိုးနှင်းဖြူရောက်လာပြီး ကျွန်တော့်ကို သူ့စွမ်းအားနဲ့ဒဏ်ရာတွေ ကုသပေးတယ်။ ဒါပေမဲ့ ကျွန်တော့်မျက်လုံးထဲမှာ အငြိုးအငြိုးအငြိုးဆိုတာပဲ ရှိတော့တာပါ။

“မိစ္ဆာဘုရင်ကိုသတ်မယ်။” ကျွန်တော့်မျက်လုံးတွေက မိစ္ဆာဘုရင်ဆီကို ထပ်ရောက်သွားတယ်။ အောင်ထက်မြက်နဲ့ညီသုတကတော့ ကျွန်တော့်အစား မိစ္ဆာဘုရင်ကို ထိန်းပေးနေတယ်။ သူတို့တိုက်စစ်တွေက ကျွန်တော့်လောက်တော့ စွမ်းအားမကြီးပေမဲ့ပေါ့။

ဒဏ်ရာတွေကောင်းစပြုတာနဲ့ ကျွန်တော်ဆက်တိုက်တယ်။ ကျန်တဲ့နှစ်ယောက်က မိစ္ဆာဘုရင်ကိုထိန်းထားနိုင်တဲ့အပြင် ပိုးနှင်းဖြူကလည်း ကျွန်တော်ပြေးတက်နေတာကိုကြည့်ရင်း သက်ပြင်းချလိုက်တယ်။

“ကြည့်ရတာ ရှင့်ဆန္ဒကိုဖြည့်ပေးတာကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ပုံပဲ။”

“နက္ခတ်တွေရဲ့စွမ်းအားနဲ့ ကံကြမ္မာကိုပိုင်းဖြတ်မယ်။ ကုံရာသီနက္ခတ်မှ ကမ္ဘာကိုအေးချမ်းစေသား။”

ရုတ်တရက် ကောင်းကင်မှာ နက္ခတ်ရေထမ်းသမားပေါ်လာပြီး ရေအိုးထဲက ရေတွေကို မြေ​ပြင်ပေါ်ကို လောင်းချလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ မိစ္ဆာဘုရင်နဲ့ဖြစ်ပွားနေတဲ့ တိုက်ပွဲမြေပြင်ကို ရေတွေနဲ့ဖုံးလွှမ်းသွားပြီး လှိုင်းလုံးတွေဖြစ်ပေါ်လာကာ မိစ္ဆာဘုရင်ဆီကို စတင်လိမ့်လာတယ်။

“မလောက်လေးမလောက်စား လှည့်ကွက်လေးတွေနဲ့။” မိစ္ဆာဘုရင်က သူ့လက်သီးကိုမြှောက်ပြီး ရေလှိုင်းတွေကို ထိုးချလိုက်တယ်။ ရေလှိုင်းတွေကို ဖယ်ရှားလိုက်နိုင်ပေမဲ့ ရေလှိုင်းကန့်လန့်ကာရဲ့နောက်ကွယ်မှာ လိုက်ပါလာတဲ့ကျွန်တော့်ကိုတော့ သူမမြင်ခဲ့ဘူးလေ။

“ဘာ....”

“တောင်စဥ်ခုနစ်သွယ်ကို ပိုင်းဖြတ်ခြင်း....” ဓားသွားက ဓားအိမ်ထဲကနေ ထွက်လာတယ်။ ကျွန်တော်ဓားသွားက သူ့ရဲ့လည်ပင်းတစ်ဖက်ကနေ ဖောက်ဝင်သွားပြီး ဇက်ပိုးနောက်ကနေ ပြန်ထွက်ပေါ်လာတယ်။နောက်တော့ အင်အားကြီးလှပါတယ်ဆိုတဲ့ မိစ္ဆာဘုရင်ရဲ့ခေါင်းကြီးက တရွေ့ရွေ့နဲ့ မြေပေါ်ကိုပြုတ်ကျလာတော့တယ်။

...

“မိစ္ဆာဘုရင်ဆိုပေမဲ့ ခေါင်းနဲ့ခန္ဓာကိုယ် အိုးစားကွဲသွားရင်တော့ သေမှာပဲမဟုတ်လား။ ကိုမျိုးဇင်က တကယ်လုပ်ပြလိုက်ပြီပဲ။”

ညီသုတက မိစ္ဆာဘုရင်ရဲ့အသက်မဲ့ခန္ဓာကိုယ်ကြီးကို စစ်ဆေးနေရင်းနဲ့ ပြောလိုက်တယ်။ အားလုံးထဲမှာ အတက်ကြွဆုံးကတော့ ပိုးနှင်းဖြူပါ။

“အင်း၊ နောက်ဆုံးတော့ စတိတ်စင်တွေပေါ်ကို ပြန်သွားရတော့မယ်ပေါ့။ ကျွန်မပရိတ်သတ်တွေ ကျွန်မကိုမတွေ့ရတာကြာလို့ လွမ်းနေလောက်ပြီနဲ့တူတယ်။”

“ကျွန်တော့်အတွက် ကမ္ဘာ​မြေကိုပြန်သွားစရာ ဘာအကြောင်းမှမရှိတော့ဘူးဆိုပေမဲ့ အမေ့ကိုတော့ ပြန်တွေ့ချင်မိသား။ ကျွန်တော်မိုက်ခဲ့တဲ့ မိုက်ပြစ်တွေကို ပြန်တောင်းပန်ချင်တယ်။ ဒါပေမဲ့ မင်းသမီးလေးပုလဲဒေဝီကိုတော့ ခွဲနိုင်ပါ့မလားမသိဘူး။” ညီသုတက သူ့ခေါင်းသူကုပ်ရင်း ပြန်ဖြေတယ်။ သူက အရင်ဘဝမှာ ပြဿနာပေါင်းစုံကြုံခဲ့ရပြီးမှ အဆုံးစီရင်ခဲ့တဲ့သူဆိုတော့ ပြန်သွားဖို့ကိုဝေခွဲမရဖြစ်နေခဲ့တာ။

“ငါကတော့ မပြန်လို့မဖြစ်ဘူး။ ငါမရှိရင် ငါ့ကုမ္ပဏီကကောင်တွေ ဘယ်လိုအရှုပ်ထုပ်တွေလုပ်ထားမယ်မှန်း မပြောနိုင်ဘူး။” အောင်ထက်မြက်ကတော့ ကုမ္ပဏီအထက်လူကြီးပီသစွာနဲ့ ပြောလိုက်တယ်။

ကျွန်တော်က ပြန်သွားဖို့မဖြစ်နိုင်လောက်ဘူးလို့သီအိုရီ အရင်ထုတ်ထားခဲ့မိတဲ့သူဆိုပေမဲ့ သူတို့ပျော်​နေတာတွေ့လို့ ပြုံးလိုက်မိတယ်။ ဒီတော့မှ ပိုးနှင်းဖြူက အားလုံးနဲ့ကွဲထွက်နေတဲ့ကျွန်တော့်ကို သတိထားမိပြီးတော့ မေးလိုက်လေရဲ့။

“ဒါနဲ့၊ ရှင်ကရော။ ပြန်သွားပြီးရင် ဘာလုပ်မှာလဲ။”

“ပြန်သွားဖြစ်မဖြစ် မသေချာပေမဲ့ မိသားစုရှိခဲ့တာမလို့ ပြန်သွားနိုင်ရင်တော့ အကောင်းဆုံးပဲ။”

စံပယ်အတွက် လက်စားချေနိုင်ခဲ့ပြီမလို့ ကျွန်တော်စိတ်လက်ပေါ့ပါးနေတာနဲ့ ဒီလိုဖြေလိုက်မိတယ်။ ပြန်မသွားနိုင်လောက်ဘူးလို့ တွေးမိတဲ့​ကိစ္စကလည်း နောက်ဆုံးတော့ ကျွန်တော့်အထင်ပဲလေ။ ဒါပေမဲ့....

ကျွန်တော်တို့ စိတ်အေးလက်အေးနေနေတဲ့အချိန်မှာ ဧရာမဖိအားကြီးက ကျွန်တော်တို့ပေါ်ကို လွှမ်းမိုးလာတဲ့အတွက် လေးယောက်လုံး မိစ္ဆာဘုရင်ရဲ့ခေါင်းကြီးကို လှည့်ကြည့်လိုက်မိတယ်။ မိစ္ဆာဘုရင်ရဲ့ခန္ဓာကိုယ်နဲ့ခေါင်းက သီးခြားဖြစ်သွားပြီဆိုပေမဲ့ ခေါင်းကြီးက ဆက်လှုပ်ရှားနေသေးပြီးတော့ မသေသေးတဲ့ပုံပဲ။ တဖြည်းဖြည်းအားအင်ဆုတ်ယုတ်လာပေမဲ့ပေါ့။

“သူရဲကောင်းတွေ... စိတ်ချထား၊ မင်းတို့ပြန်နိုင်မှာမဟုတ်ဘူး။ ငါဒီနေ့ မင်းတို့ကိုရှုံးသွားပေမဲ့ လူ့ပြည်မှာရှိနေတဲ့..... ငါ့ရဲ့... ငါ့ရဲ့မျိုးဆက်က မင်းတို့ကိုဖျက်ဆီးပစ်လိမ့်မယ်.... ကြယ်ကြွေတဲ့အခါကျရင် မင်းတို့အားလုံး သေနေ့စေ့လိမ့်မယ်။”

အဲဒီစကားကို ပြောပြီးတဲ့နောက်တော့ မိစ္ဆာဘုရင်ရဲ့မျက်လုံးတွေက အလင်းရောင်ကင်းမဲ့သွားပြီး သူ့တစ်ကိုယ်လုံး ပြာအဖြစ်ပြောင်းလဲသွားတယ်။

...

“ငါမသတ်ခဲ့ရင်လည်း မင်းရဲ့မိတ်ဆွေသူရဲကောင်းတွေက အင်ဂရီကိုသတ်မှာပဲ။ မိစ္ဆာမျိုးနွယ်နဲ့ လူသားတွေက အတူတူယှဥ်တွဲနေထိုင်ဖို့ ဖြစ်ကိုမဖြစ်နိုင်ဘူး။”

နန်းတော်ကိုပြန်မရောက်ခင်တစ်ရက်မှာ မိစ္ဆာခေါင်းပြတ်ကြီးက ကျွန်တော့်ကိုစကားတွေပြောနေတယ်လို့အိပ်မက်မက်ပြီး လန့်နိုးလာခဲ့သေးတယ်။ ကိုယ့်ခေါင်းကိုယ် ဆုပ်ကိုင်ရင်းနဲ့သတိပြုမိတာက အခုထိ စံပယ့်ကို ကျွန်တော့်အတွေးတွေထဲကနေ ထုတ်လို့မရသေးဘူးဆိုတာပဲ။

....

“စိတ်မကောင်းပေမဲ့ ကျွန်မက သူရဲကောင်းတို့တွေကိုလိမ်ထားခဲ့တာပါရှင့်။ ဒီအတွက် မကျေနပ်ဘူးဆိုရင်လည်း ကျွန်မကို ကြိုက်သလိုပြောပါ။ အရင်ကမ္ဘာမှာသေပြီးသူတွေရဲ့ဝိညာဥ်ကိုပဲ သူရဲကောင်းအဖြစ် ဆင့်ခေါ်လို့ရတာပါ။ ဒါကြောင့် ရှင်တို့တစ်ဖက်ကမ္ဘာပြန်သွားရင်တောင် သေပြီးပြီမလို့ ဘာမှမထူးတော့ပါဘူး။” ပုလဲ​ဒေဝီက နန်းတော်မှာကျင်းပတဲ့ အောင်ပွဲခံအခမ်းအနားပြီးတော့ အခုလိုပြောလာတယ်။

ဒီတော့ ကျွန်တော်သီအိုရီထုတ်ထားတဲ့ကိစ္စက အမှန်ဖြစ်သွားတယ်ဆိုပါတော့။ မိန်းမနဲ့ကလေးကိုပြန်တွေ့ချင်နေပြီး စံပယ့်ကိစ္စကို မေ့ပစ်ချင်ပေမဲ့ ဒီကမ္ဘာကြီးက ကျွန်တော့်ကို ခွင့်မပြုတဲ့ပုံပဲ။ အောင်ထက်မြက်ကတော့ ဒီစကားကြောင့် ဖင်ထိုင်လျက်ကျသွားတယ်။

“မဟုတ်တာ၊ ဒီလိုဆိုရင် ငါတို့အရင်ကမ္ဘာကို ပြန်သွားလို့မရတော့ဘူးပေါ့။” အောင်ထက်မြက်က သူ့မျက်နှာကိုယ်သူ လက်ဖဝါးနဲ့ဆုပ်ကိုင်ထားရင်းနဲ့ ပြောလိုက်တယ်။ ပိုးနှင်းဖြူကတော့ သူ့ထက်စာရင် ပိုပြီးစိတ်ထိခိုက်နေပုံရပြီး ငိုကြွေးနေပါပြီ။

“ဒါဆိုရင် ငါက ငါ့ပရိသတ်တွေအတွက် သေဆုံးသွားခဲ့ပြီပေါ့။” ပိုးနှင်းဖြူက တစ်ချိန်လုံး သူချစ်တဲ့ ပရိသတ်တွေဆီကိုပြန်ပြီး အနုပညာအလုပ်တွေကို ဆက်လုပ်ချင်နေခဲ့တာ။

“ဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်ပါ့မလဲ။ မင်းသမီးလေးခင်ဗျာ၊ တိုင်းပြည်က အခုမှပြန်တည်ထောင်ခါစဆိုတော့ သူရဲကောင်းတွေရဲ့အကူအညီကိုလိုအပ်မယ်ထင်ပါတယ်။ မင်းသမီးဆီမှာ ဆက်ပြီးခစားပါရစေ။”

ပြန်သွားနိုင်လည်း ဘာကောင်းကျိုးမှမရှိတဲ့ လူငယ်လေးညီသုတကတော့ မင်းသမီးပုလဲ​ဒေဝီရှေ့မှာ ဒူးထောက်ခစားပါတယ်။ ပုလဲဒေဝီကလည်း သူ့ကိုလက်ခံလိုက်တယ်။

“ရှင်နဲ့သာဆိုရင် ကျွန်မတို့တွေ ဒီတိုင်းပြည်ကြီးကို အမြန်ဆုံးဖွံဖြိုးတိုးတက်လာအောင် လုပ်နိုင်မှာပါ။”

ဒါပေမဲ့ ဘေးကနေကြည့်နေတဲ့ ကျွန်တော့်အတွက်ကတော့ အဲဒီမင်းသမီးရဲ့အကြည့်တွေမှာ ခံစားချက်ရယ်လို့ လုံးဝမရှိဘူး။ အဲဒီအစား လောဘနဲ့ကြီးစိုးလိုစိတ်ကိုပဲတွေ့ရတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ ညီသုတက မင်းသမီးကို လှိုက်လှိုက်လှဲလှဲလေးစားချစ်ခင်ပုံပေါ်နေပြန်တယ်။

...

“အကြိမ်ကြိမ်စဥ်းစားပြီးတဲ့နောက်တော့ မင်းသမီးက ကျွန်တော့်ကို မြောက်ပိုင်းဒေသစစ်သူကြီးအဖြစ်ခန့်လိုက်ပါတယ်ဗျ။ မိစ္ဆာဘုရင်က သေသွားပြီဆိုပေမဲ့ ကာကီရာပြည်ကြီးရဲ့လက်အောက်ခံနယ်စားတွေက တော်ဝင်အာဏာကိုဆန့်ကျင်ပြီး လက်အောက်ခံပြည်သူတွေကို နှိပ်စက်ညှင်းပန်းနေကြတုန်းပဲ။ ဒါကြောင့် တော်ဝင်အာဏာစက်ကို ပြန်တည်ထောင်ဖို့အတွက် မင်းသမီးလေးကို ကူညီပေးရမယ်။”

ညီသုတက ကျွန်တော်တို့လမ်းခွဲခါနီး မြို့တော်ဂိတ်ဝမှာရပ်နေတုန်း ပြောလိုက်တယ်။ ကျွန်တော်ကတော့ သက်ပြင်းချလိုက်တယ်။ ညီသုတက အချစ်စိတ်မွှန်နေခဲ့ပြီမလို့ ကျွန်တော်တို့ဘာပြောပြော နားဝင်မယ့်ပုံမပေါ်ဘူး။ ဒီမင်းသမီးမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေတယ်လို့ ရှင်းပြရင်တောင် ကျွန်တော့်ကိုမုန်းသွားဖို့ပဲရှိတာ။

“ဒါပေမဲ့ ကာကီရာက မိစ္ဆာတွေဖျက်ဆီးထားတဲ့ ပတ်ဝန်းကျင် တိုင်းပြည်ခုနစ်ခုကိုပါ သူတို့နယ်ပယ်ထဲထည့်ဖို့ကြိုးစားနေတာမဟုတ်ဘူးလား။ စစ်ပြီးခါစတိုင်းပြည်တစ်ခုအတွက် ခြေလှမ်းနည်းနည်းကျဲတယ်လို့ မထင်ဘူးလား။”

ကျွန်တော်ဘာမှမပြောပေမဲ့ အောင်ထက်မြက်က ညီသုတကို သွယ်ဝိုက်တဲ့နည်းနဲ့ သတိပေးလိုက်တယ်။ ညီသုတကတော့ သူလုပ်နေကျအကျင့်အတိုင်း သူ့ခေါင်းကိုသူကုပ်ပြီး ပြန်ဖြေလေရဲ့။

“မင်းသမီးလေးပြောတာတော့၊ အဲဒီနယ်တွေက သူတို့ဘာသာသူတို့ မအုပ်ချုပ်နိုင်သေးတဲ့အတူတူ ရင်ခွင်ပိုက်စောင့်ရှောက်ပေးတာ ပိုကောင်းတယ်တဲ့။”

အောင်ထက်မြက်ကလည်း ညီသုတဟာ ဘာပြောပြောနားဝင်မယ့်အခြေအနေမရှိမှန်း အသိအမှတ်ပြုလိုက်ပြီး သက်ပြင်းချတယ်။

“ဟုတ်ပါပြီ၊ မင်းရဲ့မင်းသမီးလေးနဲ့လက်ထပ်ဖြစ်သွားရင်လည်း ငါ့ကိုပြောဦးနော်။ မင်းတို့နှစ်​ယောက်ဆက်ဆံရေးက အတော်လေးတိုးတက်လာပုံပဲ။”

“အဲဒီလိုဆိုပေမဲ့ အခုကတော့ မသေချာသေးပါဘူးလေ။” ညီသုတက အောင်ထက်မြက်ကို ရှက်ရှက်နဲ့ပြန်ဖြေတယ်။

“ဒါနဲ့အစ်ကိုအောင်ထက်မြက်ကရော ဘာဆက်လုပ်မှာလဲ။”

အောင်ထက်မြက်ကတော့ မေးကိုလက်နဲ့ထိကိုင်လိုက်ပြီး ပြန်ဖြေတယ်။ “ငါကတော့ ငါလုပ်နိုင်တာလုပ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ။ ဒီကမ္ဘာမှာလည်း ငါ့ရဲ့အရင်ကုမ္ပဏီနာမည်နဲ့ ကုမ္ပဏီသစ်ထောင်မယ်လေ။ စစ်ပြီးကာစတိုင်းပြည်ဆိုတော့ မကြာခင်မှာ စီးပွားရေးကဏ္ဍက ပြန်ဦးမော့လာမှာလေ။ ငါတို့ကမ္ဘာက ဒုတိယကမ္ဘာစစ်လွန်ကာလဂျပန်လိုပဲ အံ့မခန်းစီးပွားရေးအခွင့်အလမ်းတွေရှိနေတာ။”

“တခြားကမ္ဘာမှာလည်း ဘီလျံနာကြီးလုပ်ဦးမယ်ပေါ့။ တကယ့်ကို ကြီးမားတဲ့ရည်ရွယ်ချက်ပဲ။ အစ်မပိုးနှင်းဖြူကရော။”

ညီသုတက ပိုးနှင်းဖြူကို ကြည့်လိုက်တယ်။ ကျန်တဲ့နှစ်ယောက်နဲ့မတူဘဲ ပိုးနှင်းဖြူက မျှော်လင့်ချက်ကင်းမဲ့နေပုံပေါက်နေတယ်။ သူ့အတွက် ဒီကမ္ဘာမှာ ဘာမှလုပ်စရာမရှိဘူးလေ။

“မနေ့ညက ငါ့ကိုလေ့ကျင့်ပေးခဲ့တဲ့ နတ်ဆရာဂိုဏ်းချုပ်နဲ့ ဘာလုပ်ရင်ကောင်းမလဲ သွားဆွေးနွေးခဲ့သေးတယ်။ သူပြောတာတော့ မဟာဂီရိနတ်တောင်မှာ ငါ့ကိုလာနေစေချင်တယ်တဲ့။ သူက အသက်ကြီးပြီဆိုတော့ ဆက်ခံသူလိုတယ်တဲ့လေ။”

မဟာဂီရိနတ်တောင်က မီးတောင်သေကြီးတစ်လုံးပါ။ ​တောင်ပေါ်မှာ ကာကီရာတိုင်းပြည်ရဲ့နတ်ဆရာဂိုဏ်းက ဌာနချုပ်တည်ထားတာ။ ကာကီရာတွေက ဗုဒ္ဓဘာသာကိုးကွယ်တယ်ဆိုပေမဲ့ နတ်ကိုးကွယ်မှုတချို့လည်း ရှိနေတုန်းပဲ။ မဟာဂီရိနတ်တောင်ကတော့ နတ်ကိုးကွယ်သူတွေရဲ့ဌာနချုပ်ပေါ့။ နတ်ဆရာဂိုဏ်းက ကာကီရာတွေအတွက် သိပ်ကိုအရေးပါတယ်။ သူတို့ထဲက အများစုက အပနှင်သူတွေနဲ့ ဆေးပညာရှင်တွေလေ။ မိစ္ဆာတွေနဲ့စစ်ပွဲမှာလည်း ကာကီရာတိုင်းပြည်ကို အများကြီးကူညီပေးခဲ့သေးတယ်။

“ဒါဆို အစ်မပိုးနှင်းဖြူက ကာကီရာမှာ တော်ဝင်မိသားစုပြီးရင် ဩဇာအရှိဆုံးလူဖြစ်လာတော့မှာပဲ။ နတ်ဆရာဂိုဏ်းချုပ်တွေက တစ်နိုင်ငံလုံးက နတ်ကိုးကွယ်သူတွေအပေါ်မှာ ဩဇာသက်ရောက်တယ်လေ။”

“အာ... အင်း၊ ပုံမှန်ဆိုရင်တော့ တော်ဝင်မိသားစုနဲ့ အနည်းနဲ့အများ အပြိုင်အဆိုင်ရှိတယ်ဆိုပေမဲ့ပေါ့။”

ညီသုတကတော့ မင်းသမီးလေးကို ခစားရတော့မှာမလို့ အတော်လေးစိတ်ပျော်နေတဲ့ပုံပဲ။ သူက ကျွန်တော့်ကိုလည်း ထပ်လှည့်ကြည့်ပြီး မေးပြန်တယ်။

“အစ်ကိုမျိုးဇင်ကရော၊ အစ်ကိုက ဓားသမားမဟုတ်လား။ ကျွန်တော်နဲ့အတူ တိုင်းပြည်ကိုကာကွယ်ပေးပါလား။”

တကယ်တော့ သူကမ်းလှမ်းတဲ့ ကမ်းလှမ်းချက်က မဆိုးဘူး။ သူရဲကောင်းတစ်ယောက်အနေနဲ့ ကာကီရာမှာ စစ်သူကြီးဆက်လုပ်တာ တကယ့်ကိုဂုဏ်ရှိပြီး အကျိုးရှိတဲ့အလုပ်။ ဒါပေမဲ့ ကျွန်တော်က အဲဒီမင်းသမီးရဲ့တည်ရှိမှုကို သဘောမကျဘူး။ ကမ္ဘာကြီးကို အုပ်စိုးချင်တဲ့ဆန္ဒမျိုး ရှိနေတဲ့သူမလို့လားမသိ၊ နည်းနည်းလေးမှ သူ့ဘေးမှာနေရတာ သက်တောင့်သက်သာမရှိတာ။

“ဟင့်အင်း၊ ငါ့တစ်ဘဝလုံး တိုက်ခိုက်လာရတာမလို့ တိုက်ရခိုက်ရတာတွေကို ပင်ပန်းလှပါပြီ။ ဒါကြောင့် ကျန်တဲ့နှစ်တွေမှာ အတိုင်းတိုင်းအပြည်ပြည်ကိုလှည့်လည်ခရီးထွက်ရင်း ဒေသန္တရဗဟုသုတတွေ ရှာဖွေဖို့ဆုံးဖြတ်လိုက်ပြီ။”

“ဒါဆို ခရီးသွားစွန့်စားသူလုပ်မှာပေါ့။ အစ်ကိုမျိုးဇင်ရဲ့ဘဝက ပျင်းဖို့ကောင်းတော့မှာဆိုပေမဲ့ ငြိမ်းချမ်းနေတော့မှာပဲနော်။”

“ဆိုပါတော့...”

အဲဒီနောက်တော့ ကျွန်တော်တို့လေးယောက် လမ်းခွဲခဲ့ကြတယ်။ ကျွန်တော်က နန်းမြို့တော်ကနေထွက်သွားပြီး စံပယ်အသက်ရှင်စဥ်က ဆန္ဒရှိခဲ့တဲ့အတိုင်း လူသားတိုင်းပြည်တွေကို လှည့်လည်ကြည့်ရှုဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါမှသူ့ရဲ့ဝိညာဥ် ကျွန်တော်နဲ့အတူရှိနေသေးရင် ကျွန်တော်နဲ့အတူလှည့်လည်ပြီး ခရီးသွားနေနိုင်မှာမဟုတ်လား။

...

ငါးနှစ်ကြာသွားပြီ။ ဒီအချိန်အတွင်းမှာ ညီသုတက တိုက်တိုင်းအောင်စစ်သူကြီးဖြစ်လာခဲ့တယ်။ ကာကီရာအရှေ့မြောက်ဖျားက နယ်စားစော်ဘွားတွေကို နှိမ်နင်းခဲ့တဲ့အပြင် အရှေ့ဘက်က ခမ်သီအင်ပါယာရဲ့ကျူးကျော်မှုကိုလည်း ဟန့်တားနိုင်ခဲ့သေးတယ်။ ပြီးတော့ လွန်ခဲ့တဲ့လအနည်းငယ်ကပဲ မင်းသမီးပုလဲဒေဝီနဲ့လက်ဆက်ခဲ့ပြီး ကာကီရာအင်ပါယာရဲ့တရားဝင်ဧကရာဇ်ဖြစ်လာခဲ့ပြီ။ ဒီကောင် မင်းကောင်းမင်းမြတ်ဖြစ်လာဖို့တော့ မျှော်လင့်ရတာပဲ။

ဟုတ်တယ်၊ ကာကီရာက အရင်လိုသူရဲကောင်းတွေရဲ့အကူအညီလိုနေတဲ့ မင်းမဲ့တိုင်းပြည်ငယ်လေးမဟုတ်တော့ဘူး။ တောင်ပိုင်းကျွန်းဆွယ် တိုင်းပြည်ခုနစ်ခုရဲ့အရှင်သခင်၊ ခမ်သီအင်ပါယာနဲ့ယှဥ်နိုင်တဲ့ အင်ပါယာကြီးဖြစ်လာခဲ့ပြီ။

ပိုးနှင်းဖြူကတော့ မဟာဂီရိတောင်ကိုအုပ်ချုပ်တဲ့ နတ်ဆရာဂိုဏ်းချုပ်ဖြစ်လာပြီးတဲ့နောက် ဆင်းရဲသူတွေကို အခမဲ့ဆေးကုပေးနေရင်းကနေ သူတော်စင်မိန်းကလေးအဖြစ် လူသိများလာတယ်။ သူ့ရဲ့သူရဲကောင်းဆိုတဲ့ဘွဲ့ထက်တောင် သူတော်စင်ဘွဲ့က ပိုကျော်ကြားနေသေးတယ်။ အရင်သူရဲကောင်းဘွဲ့က စစ်မြေပြင်အတွက်ပဲဆိုပေမဲ့ အခုသူတော်စင်ဘွဲ့ကတော့ ပြည်သူတွေနဲ့ဆိုင်သွားပြီလေ။

အောင်ထက်မြက်ကတော့ တကယ့်သူဌေးကြီးဖြစ်နေပြီလို့ သတင်းကြားတာပဲ။ အရင်ကမ္ဘာကနည်းပညာတွေကို ပုံတူကူးချပြီး ထုတ်လုပ်ရလွယ်ကူတဲ့ ဆပ်ပြာ၊ ရေမွှေး၊ မျက်နှာချေ စတဲ့အလှကုန်တွေ ထုတ်လုပ်သလို တစ်ဖက်မှာလည်း ယမ်းသေနတ်၊ အမြောက်နဲ့ ဆက်တိုက်ပစ်ဒူးလေးလိုမျိုး စစ်လက်နက်တွေမျိုးစုံ တီထွင်နေတယ်။ ပုံနှိပ်စာလုံးတွေကိုတီထွင်ပြီးတော့ ဗုဒ္ဓကျမ်းဂန်နဲ့တခြားစာပေတွေကိုလည်း ထုတ်ဝေနေတယ်ဆိုလား။ ပြောရရင်တော့ အလှကုန်၊ နိဗ္ဗာန်ကုန်စတဲ့ သန့်ရှင်းတဲ့လုပ်ငန်းတွေကနေစပြီး သေမင်းကုန်သည်အထိပါလုပ်တယ်။ သူအကျိုးအမြတ်ရဖို့ ဘာမဆိုလုပ်မယ့်လူမျိုးမလို့ ကောက်ကျစ်တဲ့မြေခွေးအိုကြီးလို့တောင် နာမည်ပေးခံထားရတယ်။ ဒါပေမဲ့ ဘုရင်ဖြစ်လာတဲ့ ညီသုတအဖို့တော့ သူက မဟာမိတ်ပဲ။ အင်ပါယာကြီး အဘက်ဘက်က ဖွံဖြိုးတိုးတက်လာဖို့ဆိုရင် အောင်ထက်မြက်ရဲ့ခုနစ်စဥ်ကြယ်ကုမ္ပဏီကို လိုကိုလိုတယ်။

ကျွန်တော်ကတော့လား။ တိုင်းပြည်အနှံ ခရီးသွားရင်း အတွေ့အကြုံတွေ​ကို မှတ်စုထဲချရေးနေတာလေ။ အစကတော့ တခြားတိုင်းပြည်တွေအထိ ခရီးသွားဖို့စဥ်းစားထားပေမဲ့ ကာကီရာတိုင်းပြည်က ကျယ်လွန်းလာတာကြောင့် အခုထိအင်ပါယာတောင်ပိုင်းမှာပဲ ရှိနေသေးတယ်။ ခမ်သီနယ်စပ်နဲ့တော့ နီးနေပြီဆိုပေမဲ့ပေါ့။ အရင်ကတော့ ရုက္ခဘူမိဘုရင့်နိုင်ငံရှိခဲ့တဲ့နေရာ။ စံပယ်ဖျက်ဆီးခဲ့တဲ့ နေရာတွေထဲက တစ်ခုဆိုပါတော့။ လှည်းပေါ်မှာ စာရေးနေရင်းကနေပြီး နောက်မြို့တစ်မြို့ကို မြင်နေရပြန်ပြီ။ တောင်ပိုင်းက ပင်လယ်ကုန်သွယ်ရေးထွန်းကားတယ်။ ဒီမြို့မှာ ဘယ်လိုထူးထူးဆန်းဆန်း အတွေ့အကြုံတွေရလာမလဲမသိပေမဲ့ အများကြီးမျှော်လင့်ထားတယ်။

သော်လွင်ကိုကို

All Chapters