မာန်နတ်၏သမီးတော် Chapter 3: ရှောင်လွှဲမရသော
Vol. 7 Ch. 3
ရေးသားသူ - သော်လွင်ကိုကို
သရုပ်ဖော်ပန်းချီ - နောင်
ဒီမြို့လေးက ကျွန်တော့်အရင်ကမ္ဘာက ရန်ကုန်မြို့နဲ့ သွားဆင်တယ်ဗျ။ အနယ်နယ်အရပ်ရပ်က သင်္ဘောတွေ ဆိပ်ကမ်းမှာလာကပ်ပြီး ကုန်စည်မျိုးစုံကို ရောင်းဝယ်ဖောက်ကားကြတယ်။ နိုင်ငံပေါင်းစုံက ယဥ်ကျေးမှုမတူညီတဲ့ လူမျိုးပေါင်းစုံကိုလည်း တွေ့ရတယ်။ အရှေ့ဘက်အရပ်က အသားညိုတဲ့ ခမ်သီကုန်သည်တွေ၊ အနောက်အရပ်က သုံးပင်တိုင် ရွက်သင်္ဘောကြီးတွေနဲ့လာတဲ့ ရွှေရောင်ဆံပင်နဲ့ လူဖြူတွေ စသည်ဖြင့် တကယ့်ကိုအစုံပါပဲ။
မြို့လယ်ခေါင်ကိုရောက်တော့ မယုံနိုင်စရာမြင်ကွင်းတစ်ခုကို ကျွန်တော်တွေ့လိုက်ရတယ်။ နက်ပြာရောင်သန်းပြီး ဖြောင့်စင်းနေတဲ့ ဆံပင်ရှည်တွေနဲ့ မိန်းမငယ်လေးတစ်ယောက်က လက်ထဲမှာ စံပယ်ပန်းကုံးလေးတွေကိုင်ပြီး လူတွေကို လိုက်လံရောင်းချဖို့ကြိုးစားနေတယ်။ ကောင်မလေးပုံစံက ချစ်စရာကောင်းပြီးတော့ သူ့မျက်လုံးတွေက အများနဲ့မတူဘဲ ငွေဖြူရောင်မျက်ဆံရှိနေတယ်။
“နက်ပြာရောင်ဆံပင်နဲ့ ငွေရောင်မျက်ဆန်လား။ ဒီကမ္ဘာမှာ အခုလိုထူးဆန်းတဲ့လူမျိုးလည်း ရှိသေးတာလား။” ကျွန်တော့်ဘာသာ ရေရွတ်လိုက်မိတယ်။
နောက်ထပ် ကျွန်တော်ဆက်ကြည့်တော့ ကလေးမလေးက ပန်းလိုက်ရောင်းနေပေမဲ့ ဘယ်သူမှ ပန်းတွေကို ဝယ်တဲ့ပုံမပေါ်ဘူး။ တချို့က ကလေးမလေးကိုသတိမပြုမိသလိုမျိုး ရှောင်ထွက်သွားကြတယ်။ ပိုများတဲ့ လူတွေကတော့ ကလေးမလေးကို ကြောက်သလို ရွံရှာသလိုပုံစံနဲ့ ဖယ်ကျဥ်သွားကြတယ်။
“ညီမလေး၊ ပန်းတစ်ကုံးဘယ်လောက်လဲ။” ကျွန်တော်ကတော့ ဒီလိုအလုပ်ကြိုးစားတဲ့ ကလေးမလေးကို ကူညီပေးချင်တဲ့အတွက် သူ့အနားကိုသွားပြီး စျေးမေးလိုက်တယ်။ ကလေးမလေးက ကျွန်တော့်ကို တအံ့တဩမော့ကြည့်ပြီး မျက်နှာမှာရှက်သွေးဖြာလာတယ်။
“ကြေး... ကြေးစသုံးစပါရှင့်။” သူက ပြန်ဖြေတယ်။ ကျွန်တော်လည်း သူ့လက်ထဲက ပန်းကုံးတွေအားလုံးကို အသာယူပြီး ရေတွက်ကြည့်လိုက်တော့ ပန်းကုံးနှစ်ဆယ်ရှိနေတာ တွေ့ရတယ်။
“အဟား၊ ဒါဆိုရင် အားလုံးပေါင်း ကြေးစခြောက်ဆယ်ပေါ့။ ဒီမှာငွေစတစ်ဝက်နဲ့ ကြေးစဆယ်စ။ အိမ်ကို သေချာဂရုစိုက်ပြန်နော်။”
“ဟုတ်... ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ရှင့်။” ကလေးမလေးက ကျွန်တော်ပေးတဲ့ငွေတွေကို သူနဲ့အတူပါလာတဲ့ စလွယ်သိုင်းအဝတ်အိတ်ကလေးထဲထည့်ပြီး နေရာကနေ တက်ကြွစွာထွက်ခွာသွားတော့တယ်။ ပြီးတော့ အခုလိုအသက်ရှုသံအောက်ကနေပြီး ရေရွတ်နေလိုက်သေး။
“ဒီလိုဆိုရင် ဖွားဖွားကို ကြက်သားစွပ်ပြုတ်တစ်ပွဲဝယ်ပေးလို့ရပြီ။”
‘ဒီကလေးမလေးက အဖွားနဲ့အတူနေတာလား။ သူ့ဘဝက အတော်ခက်ခဲမယ့်ပုံပဲ။’ ဒီလိုတွေးလိုက်ရင်း အသုံးမလိုဘဲ ဝယ်ထားမိတဲ့ ပန်းကုံးတွေကို လည်မှာဆွဲရင်း ဗိုက်ဆာနေပြီဖြစ်တာကြောင့် အနီးအနားက စားသောက်ဆိုင်မှာ ဝင်စားဖို့ ဆုံးဖြတ်လိုက်တယ်။
“ဝယ်သူရှင့်၊ အဲဒီပန်းကုံးတွေကို ကျွန်မတို့ဆိုင်ထဲ ယူမလာပါနဲ့။” ဆိုင်ရှင်က ကျွန်တော်ဆိုင်ထဲဝင်လာတာလည်းတွေ့ရော ချက်ချင်းထွက်လာပြီး ပန်းကုံးတွေကိုဆွဲယူကာ အမှိုက်ထဲလွှင့်ပစ်တော့တာပဲ။ နောက်တော့ သူ့လက်ကိုလည်း ရေနဲ့သေချာဆေးတယ်။
“အိမ်ပြန်ရောက်ရင် ရှင်လည်း တရော်ကင်ပွန်းနဲ့ခေါင်းလျှော်လိုက်ဦး။ မဟုတ်ရင် ရောဂါတွေကူးကုန်လိမ့်မယ်။”
ကျွန်တော်ကတော့ စားသောက်ဆိုင်က အဒေါ်ကြီး ဘာတွေပြောနေမှန်း နားမလည်ဘူး။ ဆိုင်ထိုင်ပြီး သေချာမေးမှ သိလာတာက ကလေးမလေးက မြို့နဲ့အနီးအနားဝန်းကျင်မှာရှိတဲ့ အနူရောဂါသည်ရွာကတဲ့။ ဒီကမ္ဘာကြီးရဲ့ဆေးပညာအဆင့်အတန်းက သိပ်ကိုနိမ့်ကျတာမလို့ အနူရောဂါဟာ ကူးစက်တတ်မှန်းသိပေမဲ့ ဘယ်လိုကူးစက်မှန်း သေချာသိပုံတော့မပေါ်ပါဘူး။ ဒီလိုနဲ့ အယူသည်းမှုတွေပါ လိုက်ပါလာလေရဲ့။
အဲဒီကိစ္စဖြစ်ပြီး နောက်သုံးလေးရက်ကြာတဲ့အထိ ပုံမှန်အတိုင်းပဲ ကျွန်တော်နေဖြစ်ခဲ့တယ်။ ဆိပ်ကမ်းမြို့ထဲမှာ လျှောက်လည်တယ်။ ဆိပ်ကမ်းမှာလာဆိုက်ကပ်တဲ့ နိုင်ငံခြားသား သင်္ဘောသားတွေဆီကနေပြီး သူတို့ရဲ့ခရီးစဥ်တွေအကြောင်း မေးမြန်ဖြစ်ခဲ့သေးတယ်။ သမုဒ္ဒရာကိုဖြတ်ကျော်ရတဲ့ ပင်လယ်ခရီးစဥ်တွေ၊ ပင်လယ်နေ မွန်းစတားသတ္တဝါကြီးတွေ စသည်ဖြင့် စိတ်ဝင်စားစရာတွေ အများကြီးကြားခဲ့ရတာပေါ့။
ဒါပေမဲ့ တစ်ညမှာတော့ ထူးဆန်းတာတစ်ခုဖြစ်ခဲ့တယ်။ ကောင်းကင်ပေါ်မှာ ကြယ်တံခွန်တစ်ခုပေါ်လာပြီး မြို့ပေါ်ကနေ ဖြတ်သန်းသွားတယ်။ ခရမ်းရောင်တောက်နေတဲ့ အမြီးကိုပိုင်ဆိုင်ထားပြီး အတော်လေးလှပါပါတယ်။ ကြယ်တံခွန်က မကြာခင်မှာပဲ မြေပြင်နဲ့လာရိုက်မိပြီး တစ်မြို့လုံးလှုပ်ခတ်သွားတယ်။
“မြို့နဲ့အနီးအနားမှာ လာပြုတ်ကျတာလား။ ကြုံတောင့်ကြုံခဲဖြစ်စဥ်ပဲ။” ကျွန်တော်လည်း ကိုယ့်အတွေးနဲ့ကိုယ် ကြယ်တံခွန်ကျဆင်းပုံကို မှတ်တမ်းယူခဲ့ပြီး မြို့တံတိုင်းပေါ်က အစောင့်တွေကို ဘယ်နေရာကျသွားလည်း မေးဖြစ်တယ်။
“အရှေ့မြောက်ဘက်ဆိုတော့ အနူရွာရှိတဲ့ဘက်နဲ့ နီးမယ်ထင်တာပဲ။ ဒါပေမဲ့ အရှင်သူရဲကောင်းက ဘာလုပ်မလို့လဲ။”
“ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်း သွားကြည့်မလို့ပါ။” ဒါပေါ့၊ ကျွန်တော်လိမ်ပြောခဲ့တာ။ ‘ကြယ်ကြွေတဲ့အခါ မင်းတို့အားလုံး သေနေ့စေ့လိမ့်မယ်။’ ဆိုတဲ့ကျိန်စာကို ကျွန်တော်မှတ်မိနေဆဲပဲ။ ဒါကြောင့်လည်း သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ။
နောက်တစ်နေ့မနက်ရောက်တော့ ကျွန်တော်ဝတ်နေကျအတိုင်း ရှမ်းဘောင်းဘီနဲ့အင်္ကျီလိမ္မော်ရောင်ကို ကောက်ဝတ်လိုက်တယ်။ ဒီနိုင်ငံမှာ စွန့်စားခန်းခရီးထွက်နေသူတွေအဖို့ သက်သောင့်သက်သာအဖြစ်စေဆုံးအဝတ်အစားက ဒီအဝတ်အစားပဲ။ ကျွန်တော့်ရဲ့ငှက်ကြီးတောင်ဓားကိုလည်း ကျောမှာလွယ်ထားလိုက်ပြီး အနူရွာကိုသွားလေ့လာဖို့ လှည်းရှာငှားခဲ့ပေမဲ့ ရွှေတစ်စပေးတာတောင် အဲဒီနေရာက ကျိန်စာသင့်နေတာဆိုပြီး ဘယ်သူမှမလိုက်ရဲကြဘူး။
“အာ... မင်းပဲလား၊ ထပ်တွေ့ပြန်ပြီနော်။” ပြီးတော့ မြို့လယ်ခေါင်မှာ ပန်းလာရောင်းနေကျ ကလေးမလေးကို ထပ်တွေ့ရပြန်တယ်။ ကျွန်တော်ရောက်လာတော့ သူက ကျွန်တော့်ကို အရင်နေ့ကလိုပဲ ရှက်ရှက်နဲ့ ထပ်မော့ကြည့်ပြန်တယ်။
“ဒီနေ့ ပန်းကုံးဘယ်နှစ်ကုံးပါလဲ။”
“ဆယ့်... ဆယ့်လေးကုံးပဲ ရခဲ့တယ်။”
သူပြန်ဖြေတဲ့အတိုင်း ကျွန်တော်က ငွေပေးလိုက်ပြီး စံပယ်ပန်းကုံးတွေကို လည်မှာဆွဲလိုက်တယ်။ ပြီးတဲ့နောက် ကလေးမလေးကို ကျွန်တော်က တခြားကိစ္စတစ်ခု တောင်းဆိုလိုက်ပါတယ်။
“ဒါနဲ့၊ ဦးလေးက သမီးတို့ရွာကိုသွားမလို့လုပ်နေတာလေ။ လမ်းမသိဘူးဖြစ်နေတာ။ အဲဒါ၊ သမီးဦးလေးကို လမ်းပြပေးလို့ရမလား။”
“အင်း...” ကလေးမလေးက ကျွန်တော့်ကို မော့ကြည့်ပြီး ပြုံးပြတယ်။ ဒီလိုနဲ့ ကလေးမလေးလက်ကိုဆွဲပြီးတော့ မြို့အပြင်ကို ထွက်လာဖြစ်ခဲ့တယ်။ ကျွန်တော်နဲ့ဘေးချင်းကပ်လျက် လမ်းလျှောက်နေတဲ့ ကလေးမလေးကို လှည်းလမ်းကြောင်းပေါ်ရောက်တော့ လှည့်ကြည့်ဖြစ်တယ်။ သူ့အရပ်က ကျွန်တော့်ခါးလောက်ပဲရှိတာ။
“ဒါနဲ့၊ ဒီအတိုင်းပဲ လမ်းလျှောက်သွားလို့ အဆင်ပြေရဲ့လား။ အလာတုန်းကရော လမ်းလျှောက်ပြီးလာတာလား။”
ခရီးက အတော်လေးဝေးမယ့်ပုံပေါ်တာနဲ့ အခုလိုမေးဖြစ်ခဲ့တာ။ ကိုယ်တိုင်က မြင်းမစီးတတ်တဲ့ သူမလို့ လှည်းငှားမရတာနဲ့ လမ်းလျှောက်သွားရတော့မှာဆိုပေမဲ့ ကလေးအတွက်လည်း ဦးစားပေးရဦးမယ်လေ။
“ရပါတယ်... ခါတိုင်းလည်း မနက်အစောကြီး မြို့ကို လမ်းလျှောက်လာနေကျလေ။ ညပိုင်းတော့ မမှောင်ခင် လမ်းလျှောက်ပြန်ရတာပေါ့။”
“ဒီတော့ ကျင့်သားရနေပြီပေါ့။” ကျွန်တော်က သူပြန်ဖြေတဲ့စကားကို နားထောင်ရင်း ပြုံးလိုက်မိပါတယ်။ ကလေးမလေးကတော့ ကျွန်တော့်ရှေ့ကနေ ဦးဆောင်လျှောက်နေရင်း လှည်းအသွားအလာများတာကြောင့်မြေကမူတွေ မြင့်တက်နေတဲ့ မြေနီလမ်းပေါ်မှာ ကစားနေပါတယ်။
“ဒါနဲ့၊ သမီးနာမည်ကရော။”
“အဖွားကတော့ သမီးကို ခြူးလို့ခေါ်တယ်။” နာမည်လေးက တစ်လုံးတည်းဆိုပေမဲ့ ချစ်စရာကောင်းတယ်။
“အဖွားနဲ့နေတာလား... မိဘတွေကရော...”
“မိဘတွေ...” ကလေးမလေးက အဲဒီစကားကို နားမလည်ဟန်နဲ့ ကျွန်တော့်ကိုပြန်ကြည့်တော့ ပိုဝမ်းနည်းမိသွားတယ်။ ဒါနဲ့ ကျွန်တော်လည်း လမ်းလျှောက်နေတာကိုရပ်ပြီးတော့ ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူ့မျက်လုံးတွေထဲကို သေချာကြည့်လို့ ရှင်းပြလိုက်တယ်။
“ဖေဖေနဲ့မေမေကိုပြောတာလေ...”
ကလေးမလေးက ခေါင်းကုပ်လိုက်ပြီးတော့ ကျွန်တော့်အမေးကို ပြန်ဖြေတယ်။ “သမီးမှာ အဲဒီလိုမျိုးမရှိပါဘူး။”
ထင်ထားတဲ့အတိုင်းပဲ ကလေးမလေးမှာ မိဘတွေမရှိတော့ဘဲ အဖွားနဲ့နေနေရတာ။ ကျွန်တော်တို့နှစ်ယောက်ရှေ့ဆက်သွားရင်းနဲ့ ခရီးအတော်ပေါက်လာပြီ။ ကလေးမလေးဆီကလည်း သူ့အကြောင်းတွေကို ပိုသိလာရတယ်။
“အရင်က အဖွားနဲ့အတူ မြို့ပေါ်တက်ပြီး ပန်းရောင်းတယ်ဆိုပေမဲ့ အဖွားက နေမကောင်းလို့ သမီးတစ်ယောက်ပဲ မြို့ပေါ်လာဖြစ်တော့တာလေ။”
“ရွာကလူတွေမှာရော သမီးလိုပဲ ငွေရောင်မျက်လုံးတွေရှိတာလား။”
“မရှိဘူး၊ သမီးတစ်ယောက်တည်း နက်ပြာရောင်ဆံပင်နဲ့ငွေရောင်မျက်လုံးရှိတာလေ။”
“အသက်ကရော...”
“၉နှစ်ပါ။”
ဒီကောင်မလေးရဲ့တည်ရှိမှုက ပုံမှန်မဟုတ်လောက်ဘူးလို့ ကျွန်တော်ခံစားမိတယ်။ အခုဆိုရင် ရွာကိုသွားနေရင်းကနေပြီးလမ်းတစ်ဝက်ကျိုးသွားပြီ။ ညနေလည်း စောင်းလာပါပြီ။ အနားမှာ ရေအိုးစင်ပါတဲ့ ညောင်ပင်ကြီးတစ်ပင်ကိုတွေ့တော့ ကျွန်တော်လည်း ကလေးမလေး ပင်ပန်းလောက်ပြီလို့ ယူဆတဲ့အတွက် အနားယူဖို့ ဆုံးဖြတ်လိုက်တယ်။
“ခြူး၊ ခဏလောက်နားကြမလား။” ကျွန်တော်က သူ့ကို တရင်းတနှီးခေါ်လိုက်တော့ မျက်နှာလေး နီမြန်းသွားတယ်။ ဒါပေမဲ့ သူက နားမယ်ဆိုတာကို သိပ်သဘောတူချင်ပုံမရဘူး။
“ဦးလေးကြီး၊ သမီးတို့ ဒီမှာခဏနားလိုက်ရင် ရွာကို မိုးချုပ်မှရောက်မှာနော်။” ကြည့်ရတာ ကလေးမလေးက ရွာကိုပြန်တိုင်း နားချိန်မရဘဲ ဆက်တိုက်သွားရတာထင်တယ်။
“ဦးလေးပါတာမလို့ ညမှောင်လည်း စိုးရိမ်စရာမရှိပါဘူး။ ခဏလောက်နားလို့ရတယ်မဟုတ်လား။”
“အင်း...” သူက ကျွန်တော်နဲ့ အတိုက်အခံမလုပ်တော့ဘဲ ကျွန်တော်ထိုင်နေတဲ့ ဘေးနားမှာ ဝင်ပြီးလာထိုင်တယ်။ ဒါပေမဲ့ သူက စပ်စုချင်တဲ့အကြည့်နဲ့ ကျွန်တော့်လည်တိုင်က စံပယ်ပန်းကုံးတွေကိုကြည့်ပြီး မေးလိုက်တယ်။
“ဒါပေမဲ့ ဦးလေးက စံပယ်ပန်းကုံးတွေအများကြီးကို ဘာလို့လည်မှာဆွဲဖို့ဝယ်တာလဲဟင်။ သူများတွေက ဘုရားမှာပူဇော်ဖို့ ဝယ်တာမလား။”
သူမေးခါမှ ကျွန်တော်လည်း ရယ်လိုက်မိတယ်။ တကယ်က အသုံးမလိုဘဲ ကျွန်တော်ဝယ်ထားတာလေ။ တခြားသုံးပုံသုံးနည်းလည်းမသိတော့ လည်မှာဆွဲထားရင်းကနေ ကလေးမလေးအမြင်မှာ အခုလိုလူထူးဆန်းဦးလေးကြီး ဖြစ်သွားတော့တာပဲ။
“ဦးလေးမှာ အရင်တုန်းက ကောင်မလေးတစ်ယောက်ရှိဖူးတယ်လေ။ သူ့နာမည်က စံပယ်တဲ့။”
“.....” ကလေးမလေးက ကျွန်တော့်ကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေပြီ။ အတော်လေး အံ့ဩသွားတဲ့ပုံပဲ။
“ဒါဆိုဦးက ဦးလေးရဲ့ရည်းစားကို အရမ်းချစ်ခဲ့တာပေါ့နော်။”
“ဆိုပါတော့.. “
ကျွန်တော်တို့ စကားပြောနေတုန်း မြင်းသည်တော်တစ်အုပ်က မြင်းကိုဒုန်းဆိုင်းစီးရင်း ကျွန်တော်တို့ကိုဖြတ်သွားတယ်။ သူတို့နဲ့အတူ ကာကီရာတော်ဝင်အလံလည်း ပါလာတာမလို့ မျက်ခုံးပင့်လိုက်မိတယ်။
‘မြို့စောင့်တပ်မဟုတ်ဘဲ တော်ဝင်နန်းတော်က ကိုယ်ရံတော်တပ်တွေလား။ သူတို့ဒီမှာဘာလာလုပ်တာလဲ။’ ပထမက ဒီလိုတွေးမိပေမဲ့ နောက်မှ ကြယ်ကြွေတဲ့ကိစ္စကို ကျွန်တော်သတိရလာတယ်။ အဲဒီကိစ္စနဲ့ သက်ဆိုင်နေလောက်တယ်။
“နားလို့လည်းဝပြီဆိုတော့၊ ခရီးဆက်ကြတော့မလား။” ကလေးမလေးကို ကျွန်တော်ပြောလိုက်ပါတယ်။ အခုဆိုရင် ကောင်းကင်ပေါ်မှာ နေမင်းကြီးရှိမနေတော့ဘူး။ အဲဒီအစား လရဲ့အလင်းရောင်ပဲရှိနေတော့တာပါ။
လရဲ့အလင်းရောင်ကိုအားကိုးပြီး ရှေ့ကိုခရီးဆက်ခဲ့ပေမဲ့ မကြာခင်မှာပဲ အဝေးတစ်နေရာကနေ မြင့်တက်လာတဲ့ အလင်းရောင်ကို မြင်လိုက်ရတယ်။ အဲဒါက မီးတောက်မီးလျံတစ်ခုဖြစ်ပြီး ရွာဘက်ကနေ မြင့်တက်လာနေတာပါ။
“ရွာက... မီးလောင်နေတာလား။” ကျွန်တော့်စိတ်ထဲ ထင့်သွားတယ်။ ပြီးတော့ ကိုယ်ရံတော်တပ်က အဲဒီဘက်ကို ထွက်သွားတာလေ။
“ခြူး၊ ဦးလေးပေါ်ကိုတက်လိုက်။” ကျွန်တော် ကလေးမလေးကို ကောက်ချီပြီး ပခုံးပေါ်တင်ပေးလိုက်တယ်။ ကလေးမလေးတစ်ကိုယ်လုံး တုန်ယင်နေတာကြောင့် သူလည်းရွာအတွက် စိုးရိမ်နေတဲ့ပုံပါပဲ။
“ဦးလေးက ရွာကိုအမြန်ဆုံးလိုက်ပို့ပေးတော့မှာမလို့ သေချာဖက်ထားနော်၊ ဟုတ်ပြီလား။”
ခြူးက ခေါင်းညိတ်လိုက်ပြီး သူ့လက်တွေနဲ့ ကျွန်တော့်လည်ပင်းကို ဖက်ထားလိုက်တယ်။ ကျွန်တော်ကတော့ သူရဲကောင်းတစ်ယောက်အနေနဲ့ လေ့ကျင့်ခဲ့တဲ့ သက်လုံအားကုန်ကိုသုံးပြီး ရွာဆီကို တန်းတန်းမတ်မတ် ပြေးသွားတယ်။
...
“အရှင်မင်းမြတ်ရဲ့အမိန့်နဲ့ ကိုယ်ရံတော်တပ်က အထူးတာဝန်ကို ထမ်းဆောင်နေတာပဲ။ အခုဝင်လာတာ ဘယ်သူလဲ။”
မြင်းပေါ်က ရွှေရောင်တောက်တောက် ချပ်မိန်ညိုနဲ့စစ်သူကြီးက ကျွန်တော်တို့လမ်းမှာပိတ်ရပ်လိုက်ပြီးမေးတယ်။ တခြားမြင်းသည်တော်တွေကလည်း ကျွန်တော်တို့ကို သတ်ဖြတ်ဖို့အတွက် အသင့်ပြင်ထားကြတယ်။ ကျွန်တော် ကျောမှာပိုးထားတဲ့ဓားကို ဆွဲထုတ်လိုက်တော့ ငွေရောင်ဓားအလင်းက သူတို့မျက်လုံးထဲ သွားထင်ဟပ်တယ်။
“ဒဏ္ဍာရီလာဓား... အရှင်သူရဲကောင်းမှန်းမသိလို့ပါ။” မြင်းသည်တော်တွေက မြင်းပေါ်ကနေဆင်းပြီး ကျွန်တော့်ကို ဒူးထောက်ခစားကြတယ်။
“ကဲ၊ ပြောစမ်းပါဦး။ ဘယ်လိုလုပ်ပြီး မင်းတို့ကိုယ်ရံတော်တပ်က အထူးတာဝန်ဆိုပြိး ရွာတစ်ရွာကို မီးရှို့နေရတာလဲ။ ညီသုတက မင်းတို့ကို ဒီအမိန့်ပေးတာလား။”
“မဟုတ်ပါဘူးအရှင်၊ တော်ဝင်မိဖုရားခေါင်ကြီး ပုလဲဒေဝီရဲ့ကိုယ်စားအမိန့်ပါ။ အရှင်မင်းကြီးက မြောက်ပိုင်းမှာ ဥတည်ဖွားနဲ့ နှစ်ဖက်မကျူးကျော်ရေးစာချုပ်ချုပ်နေပါတယ်။”
ကျွန်တော်ဒေါသထွက်နေတာကြောင့်လားမသိ လေသံက အတော်မာနေတယ်။ ကလေးမလေးကတော့ လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကြောင့် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေပြီးတော့ ကျွန်တော့်ကို တင်းတင်းဖက်ထားတယ်။
“ဒါက တော်ဝင်အမိန့်ဆိုရင်တောင်မှ မလုပ်သင့်တဲ့ အပြုအမူပဲ။ မင်းတို့ငါ့ကို အကြောင်းပြချက်ကောင်းကောင်းပေးကြစမ်း။”
ကျွန်တော် ဓားကိုမြှောက်လိုက်တယ်။ ဓားရဲ့ထက်ရှတဲ့ အရှိန်အဝါကြောင့် မြင်းသည်တော်တွေက နောက်ကိုဆုတ်သွားတယ်။ သူတို့နားထင်မှာ ဇောချွေးပျံနေပြီး အချိန်မရွေးထွက်ပြေးတော့မယ့်အတိုင်းပဲ။
“အရှင်သူရဲကောင်း၊ မိဖုရားခေါင်ကြီးက အရှင်တို့အပေါ်မှာကျနေတဲ့ ကျိန်စာဆိုးကြီးကို ဖယ်ရှားပေးချင်ရုံပါ။ ကြယ်တံခွန်နဲ့အတူ မိစ္ဆာရဲ့နောက်မျိုးဆက်က ထွက်ပေါ်လာလိမ့်မယ်။ ကြယ်တံခွန်ကျတဲ့နေရာက မိစ္ဆာရဲ့နောက်မျိုးဆက်ရှိနိုင်တဲ့နေရာလို့ တောင်တော်သခင်မပိုးနှင်းဖြူကလည်း ဟောကိန်းထုတ်ထားပါတယ်။”
“လူလေးယောက်ရဲ့ကံကြမ္မာအတွက်နဲ့ အပြစ်မဲ့တဲ့အသက်တွေကို သတ်ပစ်ခဲ့တယ်ပေါ့။”
ကျွန်တော် ရှေ့ကို ခြေတစ်လှမ်းလှမ်းလိုက်တယ်။ ကိုယ်ရံတော်စစ်သူကြီးရဲ့မျက်နှာဖြူဖျော့သွားပြီး ဒူးထောက်တောင်းပန်တယ်။
“အရှင်... အရှင်... ဒီရွာက ဒီတိုင်းသုံးစားမရတဲ့ အနူရွာလေးတစ်ရွာပါ။ အရှင်မင်းကြီးအပါအဝင် အရှင်တို့အသက်က ပိုအရေးကြီးပါတယ်။”
ရွှမ်း....
ကျွန်တော်ဓားကို ယမ်းလိုက်တယ်။ စစ်သူကြီးရဲ့ညာလက်က မြေပေါ်ကိုပြုတ်ကျသွားတယ်။ သူ့လက်ကနေ သွေးတွေပန်းထွက်လာတာကြောင့် ငယ်သံပါအောင် ထအော်တယ်။ ကျွန်တော်က ကိုယ်ရံတော်တပ်ကို သတ်ဖြတ်ချင်နေတဲ့အကြည့်နဲ့ ကြည့်ရင်း သတိပေးလိုက်တယ်။
“ဒါ နောက်ဆုံးသတိပေးတာပဲ။ မိဖုရားခေါင်ကြီးကိုပြောလိုက်၊ နောက်ထပ်ဒီလိုအမိန့်မျိုးကို ပေးရဲပေးကြည့်။ မြို့တော်အထိ ငါလိုက်လာပြီး တော်ဝင်မျိုးတွေအကုန်လုံးကို ငါကိုယ်တိုင်ရှင်းထုတ်ပစ်မယ်လို့။”
“အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်။” မြင်းသည်တော်တွေက ကျွန်တော့်ကို ကျေးဇူးတင်လိုက်ပြီးနောက် ကျွန်တော်စိတ်ပြောင်းမသွားခင် မြင်းတွေကျောပေါ်ကိုတက် ရွာထဲကနေ အသည်းအသန်ထွက်ပြေးသွားတယ်။ ရွာထဲမှာတော့ မီးလောင်နေတဲ့အိမ်တွေရယ်၊ သွေးစွန်းနေတဲ့ဓားကို ကိုင်ထားတဲ့ ကျွန်တော်ရယ်၊ တုန်ယင်နေတဲ့ ကလေးမလေးရယ်ပဲ ကျန်နေရစ်တယ်။
....
“အဖွား...” ကလေးမလေးက ကျွန်တော့်အပေါ်ကနေ ဆင်းလိုက်တယ်။ ကျွန်တော်တို့ရဲ့ရှေ့မှာတော့ မီးလောင်ပြီးလို့ ပြာပုံအဖြစ်ကူးပြောင်းသွားပြီဖြစ်တဲ့ တဲအိမ်လေးတစ်လုံးရှိနေတယ်။
ကလေးမလေးက အဲဒီတဲအိမ်ရဲ့အတွင်းထဲအထိ လျှောက်သွားလိုက်တယ်။ တစ်စုံတစ်ယောက်ကို ရှာဖွေနေပုံရပြီး ရှာတွေ့ပြီးတဲ့နောက်မှာတော့ သူ့မျက်လုံးတွေကနေ မျက်ရည်တွေစီးကျလာတယ်။ နောက်တော့ နားကွဲလုမတတ် အော်သံနဲ့အတူ စတင်ငိုကြွေးတယ်။
“ခြူး....” ကျွန်တော် သူ့ကိုနောက်ကနေ ပြေးဖက်ပြီး နှစ်သိမ့်ပေးလိုက်တယ်။ သူက ကျွန်တော့်ရင်ဘတ်ကို ခေါင်းအပ်ထားရင်းကနေ ဆက်လက်ငိုကြွေးနေတယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ကနေ ဆိုးယုတ်တဲ့ အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီးတော့ သူ့ရဲ့ခေါင်းကနေ သေးငယ်တဲ့ ချိုလေးနှစ်ချောင်း စတင်ထွက်ပေါ်လာတော့တယ်။
“ဘာလို့လဲ... ဦးလေး၊ ဘာလို့သူတို့က ဒီလိုအလုပ်မျိုးကို လုပ်ရတာလဲ...”
ကျွန်တော်ကတော့ ချိုတွေပေါက်လာတဲ့ ခြူးလေးကို ကြည့်ရင်း စိတ်မသက်မသာနဲ့ ပြုံးလိုက်မိပါတယ်။
‘ဒီတော့ ဒီကလေးက ငါတို့အားလုံးကိုအနိုင်ယူမယ့် မိစ္ဆာရဲ့မျိုးဆက်လား။’ တကယ်က ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်ကြောက်နေသင့်တာ။ ဒါပေမဲ့ အဲဒီအစား ခြူးရဲ့ပါးပြင်ပေါ်က မျက်ရည်စတွေကို ကျွန်တော့်လက်နဲ့ ဖယ်ရှားပေးလိုက်မိတယ်။
“လူသားတွေက ကံကြမ္မာဆိုးကို ဖယ်ရှားချင်ကြပေမဲ့ ကံကြမ္မာဆိုတာကို ရှောင်လွဲလို့မရမှန်း မေ့နေကြတာပဲ။” ကျွန်တော်ရေရွတ်လိုက်တယ်။ ခြူးကတော့ နားမလည်နိုင်စွာနဲ့ ကျွန်တော့်ကိုမော့ကြည့်တယ်။
ကျွန်တော်က သူ့ကို အားယူပြီး ပြန်ပြုံးပြလိုက်မိတယ်။
....
[စာရေးသူ၏ဝန်ခံချက်။ ။ ကြယ်တံခွန်၊ နိမိတ်နဲ့ရွာကိစ္စတွေက ချင်ဧကရာဇ် ချင်ရှီဟွမ် ကံကုန်ခါနီးမှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဖြစ်စဥ်ကို ကိုးကားပြီးရေးသားထားတာဖြစ်ပါတယ်။ ချင်ရှီဟွမ်လက်ထက် ရွာတစ်ရွာအပေါ်ကို ဥက္ကာပျံပြုတ်ကျခဲ့ပြီး သွားရောက်စုံစမ်းတဲ့အခါ ဥက္ကာပျံပေါ်မှာ ‘ပထမမင်းသေ၍ ပြည်ကြီးပျက်လိမ့်မည်။’ လို့ရေးထားတာ တွေ့ရတဲ့အတွက် အဲဒီရွာကို စစ်ဆေးခဲ့ပြီး ဥက္ကာပျံပေါ်စာရေးတဲ့သူကို မတွေ့ရတဲ့အတွက် တစ်ရွာလုံးကို ကွပ်မျက်ပစ်ခဲ့ဖူးပါတယ်။]
သော်လွင်ကိုကို