မာန်နတ်၏သမီးတော် Chapter 4 - ပြဿနာ
Vol. 7 Ch. 4
ရေးသားသူ - သော်လွင်ကိုကို
သရုပ်ဖော်ပန်းချီ - နောင်
ခြူးကို ကျွန်တော်နဲ့အတူ ခေါ်လာခဲ့တယ်။ အဝေးကြီးမဟုတ်ပေမဲ့ အနာဂတ်မှာ စစ်ဖြစ်လာနိုင်တဲ့ ခမ်သီအင်ပါယာနယ်စပ်ကိုစွန့်ပြီး အနောက်တောင်ဘက်ကို ခရီးဆက်ခဲ့တယ်။ ကာကီရာရဲ့အနောက်တောင်ဘက်က ထူထပ်တဲ့သစ်တောတွေနဲ့ မြင့်မားလှတဲ့ တောင်ကုန်းတောင်တန်းတွေရှိတယ်။ ပင်လယ်ပြင်ကြီးရှိနေတာကြောင့် တံငါရွာတွေ အလွန်ပေါများပါတယ်။
“ခြူး၊ ဒီနေ့ကစပြီး သမီးဦးနဲ့အတူ ဒီမှာနေရမယ်။” တံငါရွာလေးတစ်ရွာနဲ့ မဝေးတဲ့နေရာမှာ ကျွန်တော်အိမ်တစ်လုံးဆောက်ခဲ့တယ်။ တောင်ခြေမှာ ရွာရှိပြီး တောင်ရဲ့ခါးလယ်၊ သစ်တောရဲ့မနက်လွန်းမတိမ်လွန်းတဲ့နေရာမှာ နှစ်ထပ်သစ်သားအိမ်တစ်လုံးကို ဆောက်ခဲ့တာပဲ။
အနောက်တောင်ဘက်က မင်းနေပြည်တော်နဲ့ဝေးပြီး အင်အားကြီးတိုင်းပြည်တွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာမျိုးမရှိဘူး။ ကမ်းရိုးတန်းတွေရဲ့အလွန်မှာ အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီးပဲ ရှိနေတာပါ။ ပြင်ပအနှောင့်အယှက်တွေနဲ့ ကင်းဝေးရာမှာ နေချင်သူတွေအဖို့ အကောင်းဆုံးနေရာပဲ။
အိမ်ပြီးတဲ့နေ့မှာ ခြူးက အိမ်ထဲက အခန်းတွေကို လိုက်ကြည့်တယ်။ အောက်ထပ်မှာ ကျဥ်းမြောင်းတဲ့ ဧည့်ခန်းတစ်ခန်းရှိတယ်။ ဧည့်ခန်းရဲ့နောက်မှာတော့ စာကြည့်ခန်းနဲ့မီးဖိုချောင်။ အပေါ်ထပ်မှာက အိပ်ခန်းနှစ်ခန်းရှိတယ်။ သူရဲကောင်းတစ်ယောက်အနေနဲ့ ဒီထက်ကောင်းတဲ့ အိမ်မျိုးဆောက်နိုင်ပေမဲ့ ထင်ပေါ်မှာမလိုလားတာကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်လိုက်တာပါ။
“အခုကနေစပြီး စာကြိုးစားရမယ်နော်။” အိမ်ကိုလှည့်ပတ်ကြည့်ပြီး ဝမ်းသာအားရဖြစ်နေတဲ့ ခြူးရဲ့ခေါင်းကို ကျွန်တော်ပုတ်ပေးလိုက်မိတယ်။ သာမန်ရွာလေးတစ်ရွာမှာပဲ ကြီးပြင်းလာတဲ့ခြူးက စာမတတ်ပါဘူး။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်သင်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေါ့၊ စာပေတင်မဟုတ်ဘဲ သူ့ကိုယ်သူခုခံနိုင်ဖို့ပါ ကျွန်တော်သင်ပေးရမှာ။
အဲဒီရွာလေးမှာ ဖြစ်ခဲ့တဲ့အကြောင်းအရာနဲ့ စံပယ်ရဲ့အဖြစ်ဆိုးကို ကျွန်တော့်ခေါင်းထဲက ခုထိခေါင်းထဲက ထုတ်မရ။ ခြူးသာ မိစ္ဆာမှန်းလူတွေသိသွားခဲ့ရင် သူရဲကောင်းတွေက သူ့ကိုလာရှာသတ်လိမ့်မယ်။ ကျွန်တော်က သူ့ကိုကာကွယ်ပေးဖို့အတွက် ဆုံးဖြတ်ခဲ့ပြီးသားဆိုပေမဲ့ လူသားတစ်ယောက်သာဖြစ်တာမလို့ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိတယ်။ သူ့အနေနဲ့ ကျွန်တော်မပါဘဲ အသက်ရှင်ရပ်တည်နိုင်တဲ့ အရည်အချင်းမျိုးရှိဖို့လိုတယ်။
...
ခြူးနဲ့အတူနေလာတာ တစ်နှစ်ပြည့်သွားပြီ။ ဒီနေ့လည်း ခါတိုင်းလိုပဲ စာကြည့်ခန်းက စားပွဲမှာထိုင်ရင်း သားရေစာအုပ်ထဲမှာ ခုရက်ပိုင်းကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို မှတ်သားနေခဲ့တာ။
“ဦးလေး၊ တောထဲက ဆေးဖက်ဝင်အပင်တွေ သမီးခူးလာခဲ့တယ်။” ခြူးက ညစ်ပေနေတဲ့ အဝတ်အစားတွေနဲ့အိမ်ထဲကို ပြေးဝင်လာတယ်။ သူ့လက်ထဲမှာတော့ ဆေးမြစ်တွေနဲ့ပန်းပွင့်တွေအများကြီးပါတဲ့ ခြင်းလေးတစ်ခြင်းကို ဆွဲထားတယ်။ တစ်ကိုယ်လုံး ပေလူးနေတာပဲ။
“ဟုတ်ပြီ၊ သမီးက တော်လိုက်တာ။ ပစ္စည်းတွေ နေရာတကျ ထားပြီးရင် ရေသွားချိုးတော့နော်။” မှတ်တမ်းကို ဆက်ရေးနေရင်းကနေ ကျွန်တော်သူ့ကိုပြောလိုက်တယ်။
လူသားဆိုတာက အုပ်စုဖွဲ့နေတတ်တဲ့ သတ္တဝါတွေ။ ကျွန်တော်တို့ တောအုပ်ထဲမှာနေတယ်ဆိုပေမဲ့ ပြင်ပကမ္ဘာနဲ့တော့ လုံးဝအဆက်ဖြတ်နေလို့မဖြစ်ပြန်ဘူး။ ကိုယ်တိုင်စားစရာစိုက်ပျိုးပေမဲ့ အရာအားလုံးကို ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ဆိုတာက သဘာဝကျကျပြောရရင် မဖြစ်နိုင်ပါဘူး။
ဒီအိမ်လေးရဲ့အပြင်ဖက်မှာ ယာခင်းလေးတစ်ခုရှိတယ်။ ဟင်းသီးဟင်းရွက်အတွက် မုန်လာဥ၊ အာလူးနဲ့ ဆလတ်ရွက်တွေ စိုက်တယ်။ အသားအတွက် အမဲလိုက်တယ်ဆိုပေမဲ့ ဆန်အတွက်တော့ တောင်ခြေက တံငါရွာလေးကို အားကိုးနေရတုန်းပဲ။ အလားတူပဲ အဝတ်အစားနဲ့တခြားလူသုံးကုန်တွေကို ကိုယ်တိုင်မထုတ်နိုင်ပြန်ဘူးလေ။ ဒီတော့ ရွာနဲ့ကုန်သွယ်ရတယ်။ ဒီအတိုင်း တောင်ပေါ်မှာနေနေရင် ထူးဆန်းတယ်လို့ အပြောခံရမှာစိုးတဲ့အတွက် နယ်လှည့်ဆေးမြစ်ရှာသူတစ်ယောက်အဖြစ် ဟန်ဆောင်နေခဲ့တယ်။
သူရဲကောင်းမဟုတ်တော့တာလည်း ကြာပြီဖြစ်လို့ အိမ်ရဲ့ဝင်ငွေအရင်းအမြစ်က ဆေးမြစ်တွေဖြစ်လာတာကြာပြီ။ အစကတော့ ကိုယ်တိုင်ဆေးမြစ်ရှာတယ်ဆိုပေမဲ့ အိမ်မှာအလကားနေရတာကို စိတ်ကုန်လာတဲ့ ခြူးက အခုလိုပြောလာတယ်လေ။
“သမီးလည်း အိမ်အတွက်ကူလုပ်ပေးချင်တာပေါ့။” တဲ့။
ဒီလိုနဲ့ ဆေးဖက်ဝင်အပင်တွေအကြောင်း ခြူးကိုသင်ပေးခဲ့မိတယ်လေ။ ဆေးပညာရှင်ဖြစ်တဲ့ ကြယ်သူရဲကောင်း ပိုးနှင်းဖြူနဲ့ အတူခရီးသွားခဲ့ဖူးတာမလို့ ဘယ်အပင်က အဆိပ်ရှိတယ်၊ ဘယ်အပင်က ဆေးဖက်ဝင်တယ်ဆိုတာတော့ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ခြူးရဲ့လျင်မြန်တဲ့ သင်ယူနိုင်စွမ်းကိုတော့ ကျွန်တော်အံ့ဩလို့မဆုံးဘူး။
ဓားရေး ၃၇ချင်း၊ ဗန်တို၆၃မောင်း၊ လေးအတတ်၊ ဆေးပညာ၊ သမိုင်းနဲ့ သင်္ချာပညာရပ်တွေကို တစ်နှစ်အတွင်း သူ့ဘာသာဆက်လေ့လာနိုင်လောက်အောင်ကို တတ်မြောက်သွားပြီးပြီ။ ကလေးတစ်ယောက်မလို့ မိစ္ဆာခွန်အားမသုံးရင် တိုက်ခိုက်နိုင်စွမ်း အားနည်းတယ်ဆိုပေမဲ့ သူ့သိုင်းပညာက အခြေခံခိုင်မာနေပါပြီ။
“ရေချိုးလို့ပြီးပြီလား၊ ဒါဆို အိမ်ခဏစောင့်ထားလိုက်ဦးနော်။ ရွာထဲက သမားတော်ကြီးက ဦးဆီကနေပြီး ကလျာဏီပင်တွေတောင်းထားလို့လေ။”
သူနောက်ဖေးရေချိုးခန်းထဲကနေပြီး သဘက်ပတ်ထွက်လာတော့ ကျွန်တော်ပြောလိုက်တယ်။ ခြူးက သူ့ရဲ့ရေစိုနေတဲ့ ဆံသားတွေကို မျက်နှာသုတ်ပုဝါနဲ့ပွတ်ရင်း ကျွန်တော့်ကို ခေါင်းညိတ်ပြတယ်။
“အိမ်မှာ တစ်ယောက်တည်းရှိနေတုန်း သတိရှိရှိနေနော်။ ထူးဆန်းတဲ့လူတွေတွေ့ရင် ဦးလေးလုပ်ပေးထားတဲ့ လေးနဲ့ပစ်သာပစ်။ ကျန်တာနောက်မှတွေးပူကြားလား။”
“အွန်း...”
သူခေါင်းညိတ်တာမြင်တော့ တခြားဘာမှဆက်တွေးမနေတော့ဘဲ ကလျာဏီပင်တွေကို ခြူးကောင်လာတဲ့ဆေးဖက်ဝင်အပင်တွေထဲကနေ ရွေးထုတ်ပြီး တောင်အောက်ကို ဆင်းသွားလိုက်တယ်။
...
ကျွန်တော်ပြန်လာတော့ ခြူးက အဝတ်အသစ်တွေလဲပြီးပြီဖြစ်ပြီး အိမ်ရှေ့ခြံဝင်းထဲမှာ လေးကိုကိုင် ပစ်မှတ်ကို ပစ်ခတ်လေ့ကျင့်နေတယ်။ ပြီးတော့ သူတစ်ယောက်တည်းမဟုတ်ဘူး၊ သူနဲ့ရွယ်တူကောင်လေးတစ်ယောက်နဲ့။
“မင်းက ဘယ်သူလဲ။” ဒီကောင်လေးကို တောင်ခြေရွာမှာ တစ်ခါမှမတွေ့ဖူးတဲ့အတွက်ကြောင့် မေးဖြစ်လိုက်တာ။ သူကလည်း ကျွန်တော့်ကိုမြင်တော့ လန့်သွားတဲ့ပုံပါပဲ။
“ကျ... ကျွန်တော်က မကောင်းတဲ့သူ မဟုတ်ပါဘူး။ အဖေနဲ့တောတက်လာရင်းကနေ လူကွဲသွားပြီး
ဒီအိမ်ကိုတွေ့တာပါ။”
သူ့ကြည့်ရတာတော့ လိမ်နေတဲ့ပုံမပေါ်ဘူး။ ခြူးကတော့ ပစ်မှတ်အလယ်တည့်တည့်ကို ဒေါက်ခနဲ မှန်အောင် မြားနဲ့ပစ်လိုက်ပြီးနောက် လေးနဲ့မြားကို ကောင်လေးဆီ ကမ်းပေးလိုက်တယ်။
“သီဟ၊ နင့်အလှည့်။”
“ဟုတ်...” သီဟဆိုတဲ့ကောင်လေးက ခြူးဆီက လေးကိုယူပြီး ပစ်မှတ်ကို တစ်လှည့်ပစ်တယ်။ ခြူးလောက်တော့ လက်မဖြောင့်ပေမဲ့ အလယ်မရောက်ခင် စက်ဝိုင်းကိုတော့ မှန်အောင်ပစ်နိုင်သားရယ်။
“ခြူးက ကစားဖော်ရနေတာပဲ။” ကျွန်တော်တွေးမိတယ်။ ခြူးက ငယ်သေးပြီး သူငယ်ချင်းတွေနဲ့ကစားရမယ့်အရွယ်ဆိုပေမဲ့ ရွာထဲဆင်းခွင့်မရတာကြောင့် ကစားဖော်ငတ်မွတ်နေခဲ့တာလေ။ ဒါကြောင့်လည်း ကျွန်တော် ကောင်လေးကို ဘာမှမပြောတော့ဘဲ လွတ်ထားလိုက်တာ။
ညနေစောင်းခါနီးတော့ ကျွန်တော်တို့အိမ်ဝိုင်းထဲကို တစ်ကိုယ်လုံး ဆေးမင်ကြောင်တွေအပြည့်နဲ့ လူ့ဗလကြီး ရောက်လာပါတယ်။ သူ့ပခုံးပေါ်မှာ တောဝက်တစ်ကောင်ထမ်းလာပြီး ကျွန်တော့်ကိုခွင့်တောင်းကာဝင်းထဲဝင်တယ်။ နောက်တော့ သီဟကို ပခုံးပုတ်ပြီး
“သီဟ၊ မင်းတော်သားပဲ။ ငါသင်ထားတဲ့အတိုင်း လုပ်နိုင်တာကိုး။”
သီဟရဲ့အဖေဖြစ်မယ်လို့ ကျွန်တော်ခန့်မှန်းလိုက်မိတယ်။ နောက်တော့ သူတို့ဆီကနေပြီး အကြောင်းစုံစသိရတယ်။ မုဆိုးကြီးက သူ့သားသီဟကို အမဲလိုက်သင်ပေးနေတာဖြစ်ပြီး တောထဲလမ်းပျောက်ရင် သတိပြုမိရလွယ်တဲ့နေရာမှာ စောင့်နေဖို့ သင်ထားခဲ့တယ်။ တောစပ်ပိုင်းမှာက ကျွန်တော်တို့အိမ်က အထင်ရှားဆုံးမလို့ သီဟက ဒီကိုလာပြီး သူ့အဖေကိုစောင့်ရင်းကနေ တစ်ယောက်တည်းအိမ်မှာကျန်ခဲ့တဲ့ ခြူးနဲ့တွေ့တာပါ။
“ကျုပ်သားလေးကို စောင့်ရှောက်ပေးထားလို့ ကျေးဇူးတင်ပါတယ်။ နောက်လမ်းကြုံရင် လာခဲ့ပါဦးမယ်၊ ဆေးမြစ်တောင်သူကြီးရေ။”
သူတို့သားအဖက ကျွန်တော်တို့ကို နှုတ်ဆက်ပြီးထွက်သွားတယ်။ ခြူးကတော့ သူတို့ထပ်လာမယ်ဆိုလို့ ပျော်နေပေမဲ့ ကျွန်တော်ကတော့ မလုံခြုံမှုကို ခံစားမိတယ်။ အထူးသဖြင့် အဲဒီမုဆိုးက ခြူးကိုပဲ သေချာစိုက်ကြည့်နေခဲ့တာလေ။
ဒီလိုနဲ့ သူတို့ပြန်သွားပြီးမကြာခင်မှာပဲ ကျွန်တော်အိမ်ထဲဝင်ပြီး ကြေးပြားတချို့နဲ့အတူ ပြန်ထွက်လာတယ်။ ကြေးပြားတွေပေါ်မှာ ဂဏန်းနဲ့အက္ခရာတွေကို ဘောင်သွင်းပြီးရေးထားတဲ့အတွက် ပုံမှန်ကြေးပြားတွေမဟုတ်ဘဲ အင်းပြားတွေမှန်း သိနိုင်မှာပါ။
“ဦးလေးကြီး၊ ဘာလုပ်မလို့လဲ။”
“ဒီအိမ်ကို တခြားသူတွေ သတိမထားမိတော့အောင်လုပ်မလို့လေ။ တခြားသူတွေ ငါတို့ဆီကို ခဏခဏလာနေရင် ခြူးလေးအတွက် အန္တရာယ်ရှိတာမလို့ပါ။”
ကျွန်တော်က ခြူးကိုရှင်းပြပေမဲ့ နားလည်ပုံမရ။ ကိုယ်တိုင်လည်း အသေးစိတ်ရှင်းပြချင်စိတ်မရှိပါဘူး။ အဲဒီအစား အင်းကွက်တွေကို ခြံထောင့်တိုင်းမှာ တူးမြုပ်လိုက်တယ်။ ဒီအင်းကွက်တွေက သူရဲကောင်းအဖွဲ့ မိစ္ဆာပိုင်နက်နယ်မြေတွေထဲကို ဖောက်ဝင်တုန်းက ညဖက်စခန်းချနားဖို့သုံးခဲ့တဲ့ ထင်ယောင်ထင်မှားအင်းတွေ။ သူတို့ကို မြေမြုပ်ပြီးချထားရင် သူရဲကောင်းတပ်ဖွဲ့ရဲ့စခန်းကို အပြင်ကနေ ဘယ်သူမှမမြင်ရတော့ဘူး။ ဒါပေါ့၊ ကျွန်တော်စီရင်ထားတာမဟုတ်ဘဲ ပိုးနှင်းဖြူဟာ။ သူရဲကောင်းတိုင်းကို ဝေပေးထားတာမလို့ ကျွန်တော့်မှာရှိနေတာ။
“ခြူး၊ ဟောဒီကြုပ်ကလေးကို လည်ပင်းမှာဆွဲထား။ဒါဆိုရင် အိမ်အပြန်လမ်းကို သမီးမှတ်မိနေလိမ့်မယ်။”
အဲဒီနောက်တော့ ကျွန်တော့်မှာအပိုရှိနေတဲ့ ကြုပ်ကလေးကို ခြူးရဲ့လည်ပင်းမှာ ဆွဲကြိုးလိုမျိုး ဆွဲပေးလိုက်တယ်။ ဒီဆွဲကြိုးကတော့ အင်းချထားတဲ့ နေရာကို မြင်နိုင်အောင်လုပ်ပေးတဲ့ အစီအရင်ကြုပ်ပါ။ ဒါမျိုးက ကျွန်တော်ကိုယ်တိုင်အတွက်လည်းရှိတယ်။
....
အဲဒီနေ့ကစလို့ ကျွန်တော်တို့အိမ်ကို ပြင်ပက ဧည့်သည်တွေ မလာတော့ဘူး။ တကယ်တော့ အိမ်စဆောက်ကတည်းက အဲဒီအင်းတွေကို ကျွန်တော်မြုပ်ထားခဲ့သင့်တာ။ သစ်သားအိမ်လေးက နေ့စဥ်ဘဝကတော့ ပုံမှန်ပြန်ဖြစ်သွားပြီ။ တစ်ပတ်လောက်ကြာတော့ ခြူးက တောထဲကနေ နည်းနည်းနောက်ကျပြီးမှ ပြန်လာတယ်။ ဒါပေမဲ့ သူ့ကြည့်ရတာ တက်ကြွပြီးပျော်နေသလိုပဲ။
နောက်တော့ ကျွန်တော်သတိမထားမိခင်မှာပဲ ခြူးက အပတ်စဥ် သောကြာနေ့တိုင်း ပြန်ရောက်လာတာ နောက်ကျတယ်။ မေးရင်လည်း ပျော်စရာတွေ့ခဲ့လို့ပဲပြောပြီး ထပ်မသိရဘူး။ အစကတော့ စိတ်မပူမိပေမဲ့ တစ်နေ့တော့ ညဦးပိုင်းရောက်တဲ့အထိ ခြူးပြန်မလာတော့ဘူး။
“တစ်ခုခုတော့ ထူးခြားနေပြီ။” ကျွန်တော် ဒီလိုတွေးပြီး ငှက်ကြီးတောင်ဓားကိုဆွဲ တောထဲကို လိုက်ဝင်မိတယ်။ ခြူးကို နေရာအနှံလိုက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ဘူး။ တစ်ခေါင်းလုံးထူပူနေပြီး သစ်တောကို ပြာချပစ်ချင်တဲ့အထိ စိုးရိမ်လာမိပေမဲ့ စိတ်ကိုတတ်နိုင်သမျှထိန်းရင်း အိမ်ပြန်လာခဲ့ပေမဲ့ အိမ်ကိုရောက်တော့ ကျွန်တော်မမြင်ချင်ဆုံးဆိုတဲ့ မြင်ကွင်းကို တွေ့လိုက်ရတယ်။
ကောင်လေးတစ်ယောက်... တိတိကျကျပြောရမယ်ဆိုရင်တော့ အိမ်တံခါးကိုမှီထိုင်ပြီး အသက်ကိုလုရှူနေတဲ့ ကောင်လေးတစ်ယောက်က ကျွန်တော့်ကိုစောင့်ကြိုနေတယ်။ သူ့လည်ပင်းမှာတော့ ခြူးကိုပေးထားတဲ့ အစီအရင်ကြုပ်ကလေးရှိလို့နေလေရဲ့။
“ဟေ့ကောင်၊ မင်းနာမည်က သီဟမဟုတ်လား... ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကိုသေချာပြောစမ်း။”
ခြူးနဲ့ရွယ်တူကလေးမှန်းသိပေမဲ့ ဒေါသက ငယ်ထိပ်ရောက်နေတဲ့အတွက် ငှက်ကြီးတောင်ဓားကို ဓားအိမ်ထဲကနေထုတ်ပြီး သူ့ကိုရွယ်ထားလိုက်တယ်။ သီဟကတော့ ဓားရဲ့အသွားကို ကြောက်လန့်တကြားကြည့်ရင်း တုန်ရင်နေတဲ့အသံနဲ့ ပြန်ဖြေပါတယ်။
“ဦးလေး.... ခြူးကို ကျွန်တော့်အဖေနဲ့လူစိမ်းတွေ ဖမ်းသွားပြီဗျ။”
နောက်တော့ ကျွန်တော့်ကို ကောင်လေးက ဖြစ်သမျှကိစ္စတွေအားလုံးကို အသေးစိတ်ရှင်းပြတယ်။ နားထောင်နေရင်းကနေ ကျွန်တော့်ရဲ့အသုံးမကျမှုကို သတိပြုမိလာပြီး ကိုယ့်လက်ကိုယ် ဖြတ်ပစ်မိလုနီးနီးပဲ။
ခြူးနဲ့သီဟက အပတ်စဥ်သောကြာနေ့တိုင်း တောထဲမှာ ကစားကြတယ်။ နှစ်ယောက်အတူ ဆေးပင်ရှာတာတို့၊ ဓားရေးလေ့ကျင့်တာတို့၊ လေးအတတ်လေ့ကျင့်တာတို့ပေါ့။ သီဟက မုဆိုးတစ်ယောက်ရဲ့သားပေမဲ့ ခြူးတတ်မြောက်ထားတဲ့ ကိုယ်ခံပညာတွေက သူ့အတွက် ခမ်းနားကြီးကျယ်လွန်းနေတယ်လေ။
ဒါကြောင့် ပထမအကြိမ် ခြူးကိုတွေ့မိကတည်းက ပြန်တွေ့ချင်နေခဲ့ပြီး အခွင့်ရတုန်း ပြန်လာရှာခဲ့ပေမဲ့ ကျွန်တော်တို့အိမ်ကို ရှာမတွေ့ဘူး။ ကျွန်တော်ချထားတဲ့ ထင်ယောင်ထင်မှားအင်းလက်ချက်ပါပဲ။ ဒါပေမဲ့ လက်မလျှော့ဘဲ သူ့အဖေကို အကြောင်းအမျိုးမျိုးပြပြီး ဒီတောထဲကို မကြာခဏဝင်ရင်းကနေ ဆေးပင်ရှာနေတဲ့ ခြူးနဲ့တောထဲမှာ တွေ့မိတော့တာ။ ပြီးတဲ့နောက် သူတို့က နေရာနဲ့အချိန်ကို အချိန်းအချက်လုပ်ပြီး အပတ်တိုင်းကစားကြတယ်။
လွန်ခဲ့တဲ့အပတ်ကအထိ ပုံမှန်ပဲ။ ထူးဆန်းတာက ဒီတစ်ခေါက် သူခြူးကိုလာမတွေ့ခင် မြို့ကနေပြီး သူ့အဖေဆီ စာတစ်စောင်ရောက်လာတာပဲ။ သီဟက ပုံမှန်အတိုင်း သတိလက်လွတ် ခြူးကိုအရင်လိုလာတွေ့ပေမဲ့ ကံမကောင်းချင်တော့ သူ့အဖေနဲ့မြို့ကလာတဲ့ လူစိမ်းတချို့ပါ လိုက်လာပြီး ခြူးကိုဖမ်းသွားတာ။
ကံကောင်းစွာနဲ့ ခြူးလည်ပင်းက ကြုပ်ကလေးက ရုန်းရင်းကန်ရင်း ပြုတ်ကျကျန်ခဲ့တယ်။ သီဟကိုလည်း အဲဒီအုပ်စုက ပြန်ခေါ်ဖို့လုပ်ပေမဲ့ သီဟက ကြုပ်ကလေးကို အသုံးဝင်မှန်းသိပြီး ကောက်ယူထွက်ပြေးလာရင်း ဒီကိုရောက်လာတာ။ ခြူးက အဲဒီကြုပ်ကို အိမ်ပြန်ဖို့အတွက် လမ်းညွန်လို့ သီဟကိုပြောဖူးတယ်တဲ့။
“ဒီတော့ တရားခံ ဘယ်သူများဖြစ်မလဲ။” ရန်သူအများကြီးမရှိတဲ့ ကျွန်တော့်အတွက်တော့ ဘယ်သူ့လက်ချက်ဖြစ်မလဲဆိုတာက တွေးရလွယ်တယ်။ အခုဖြစ်သွားတာက ပုံမှန်ကလေးခိုးမှုဖြစ်ပုံမရဘူး။ တမင်သက်သက် ခြူးကိုမှ ပစ်မှတ်ထားခဲ့တာ။ တော်ရုံကလေးသူခိုးဆိုရင်လည်း ခြူးတတ်ထားတဲ့သိုင်းပညာတွေနဲ့ဆို ထွက်ပြေးလွတ်မြောက်နိုင်လောက်တယ်။ သူတို့ထဲမှာ ကျွမ်းကျင်သူတစ်ယောက်တော့ ပါနိုင်တယ်။
ပထမဆုံးတွေးမိတာက မိဖုရားခေါင်ကြီးပဲ။ ကျုပ်တို့နှစ်ယောက်ကြားမှာ ကိုယ်ရေးကိုယ်တာပြဿနာမရှိပေမဲ့ ဒီလိုရည်ရွယ်ချက်ကြီးမားတဲ့မိန်းမက နိမိတ်တွေဟောကိန်းတွေကို ဂရုစိုက်တာ အသေအချာပါပဲ။ ဒီတော့ ဟောကိန်းထဲက မိစ္ဆာမျိုးဆက်ကလေးဖြစ်နိုင်တဲ့ ခြူးကို သူများလက်သုံးပြီး ပြန်ပေးဆွဲတာဖြစ်နိုင်မလား။
တခြားသူရဲကောင်းတွေလက်ချက်လည်း ဖြစ်နိုင်တယ်ဆိုပေမဲ့ ဘယ်သူ့ကိုမှ တရားခံအဖြစ်တွေးမရဘူး။ ညီသုတက ဒါမျိုးကြံမိဖို့ တုံးအလွန်းတယ်။ ပိုးနှင်းဖြူလို ကြင်နာတတ်တဲ့မိန်းကလေးကလည်း ဒါမျိုးလုပ်တာမဖြစ်နိုင်ဘူး။ အောင်ထက်မြက်အတွက်က ဘာကြောင့်လဲဆိုတာကို အရင်စဥ်းစားရမှာ။ ဒီလိုကလေးမလေးက သူ့ကို ဘယ်လိုအကျိုးအမြတ်ဖြစ်ထွန်းစေမှာမလို့လဲ။
ဒါပေမဲ့ သံသယတွေကို နောက်ချန်ထားပြီးတော့ ကိုယ်တိုင်ကိုယ်ကျ စုံစမ်းဖို့ ဆုံးဖြတ်ခဲ့တယ်။
...
ကောင်လေးနဲ့အတူ ကျွန်တော်တောင်အောက်ဆင်းပြီး တခြားဒေသက ရောက်လာသူတွေရှိမရှိ မေးမြန်းခဲ့တယ်။ တကယ်လည်း လျှို့ဝှက်ပုံပေါ်တဲ့ လူငါးယောက် ရထားလုံးတစ်စင်းနဲ့အတူ အရင်၂ရက်လောက်က ရောက်လာဖူးတယ်လို့ ရွာသားတချို့ကပြောတယ်။ အခုလိုသီးသန့်ဖြစ်နေတဲ့ ရွာတစ်ရွာမှာ လူစိမ်းတွေဝင်လာရင် လွယ်လွယ်သတိထားမိနိုင်တယ်လေ။ သီဟအဖေရဲ့ပုံစံကိုပြောပြတော့ အဲဒီအုပ်စုနဲ့အမြဲအတူရှိတဲ့ပုံမပေါ်ပေမဲ့ မနက်ပိုင်းကတော့ အဲဒီလူနဲ့လူစိမ်းငါးယောက် ရွာပြင်ဘုံဆိုင်မှာရှိနေတာ သတိထားမိသတဲ့။
ရထားလုံးဆိုတာက နယ်တွေဘက်မှာရှားမှန်းသိတဲ့အတွက် ရထားလုံးရဲ့ပုံစံကိုမေးတော့ ရထားလုံးပေါ်မှာ ခွက်ပုံစံနဲ့ကြယ်ခုနစ်ပွင့်အမှတ်အသားပါတယ်လို့ ရွာသားတွေက ပြန်ဖြေတယ်။ ပြီးတော့ အဲဒီခွက်ပုံစံကို ကျွန်တော်ရင်းနှီးတာပေါ့။
“ခုနစ်စဥ်ကြယ်ကုမ္ပဏီအမှတ်တံဆိပ်ပဲ။ တကယ်ကြီး အောင်ထက်မြက်က ဒီကိစ္စနောက်ကွယ်မှာလား။”
ဒါပေမဲ့ ကျွန်တော့်မှာ တိကျသေချာတဲ့ သက်သေရှိမနေဘူး။ ဒီအတိုင်း လူစိမ်းအုပ်စုက အဲဒီရထားလုံးကို ငှားလာတာလည်း ဖြစ်နေနိုင်တာပဲ။ အနည်းဆုံးတော့သေချာမစုံစမ်းကြည့်ဘဲ မသိနိုင်ပါဘူး။
“ကြည့်ရတာ မင်းနေပြည်တော်ကို ပြန်သွားပြီးတော့ ခြေရာကောက်ရဦးမယ်နဲ့တူတယ်။ တစ်ခါတည်း အနီးအနားဒေသတွေမှာပါ ရှိမရှိရှာတာပေါ့။”
ကျွန်တော့်မှာ လက်ရှိရှိတဲ့ သဲလွန်စဆိုလို့ ခုနစ်စဥ်ကြယ်ရထားလုံးပဲရှိတာ။ ဒါကလည်း အခုကိစ္စတွေနောက်မှာ အောင်ထက်မြက်ရှိနေမနေ မညွန်ပြနိုင်ဘူး။ ဒါပေမဲ့ အောင်ထက်မြက်ကို သွားတွေ့မယ်ဆိုရင်တော့ အဲဲဒီရထားလုံးကို ငှားသွားတဲ့သူတွေကို သိကောင်းသိနိုင်လောက်တယ်။ နောက်ပြီး တခြားဖြစ်နိုင်ခြေရှိတဲ့ တရားခံကလည်း အဲဲဒီမှာမဟုတ်လား။
“သီဟ၊ မင်းလုပ်ခဲ့တဲ့အမှားအတွက် ခြူးကိုကူရှာပေးပြီး ပြန်ပေးဆပ်နိုင်မလား။” ရွာကအထွက်မှာ ကျွန်တော် သီဟကိုမေးလိုက်တယ်။ ကျွန်တော့်မှာ အသိသိပ်မရှိသလို အကူအညီပေးမယ့်သူလည်းမရှိဘူး။ ဒါကြောင့် သီဟကို နောက်ထပ်အခွင့်အရေးပေးဖို့ ဆုံးဖြတ်ခဲ့တာ။
“အခုကိစ္စက ကျွန်တော့်ကြောင့်ဖြစ်ခဲ့တာမလို့ ယောက်ျားတစ်ယောက်အနေနဲ့ ဒီကိစ္စကို ကျွန်တော်တာဝန်ယူပါ့မယ်။” သီဟက ပြန်ဖြေတယ်။ ဒီလိုနဲ့ပဲ နှစ်ပေါင်းများစွာကြာ မရောက်ဖြစ်ခဲ့တဲ့ ကာကီရာမြို့တော်ကို ပြန်ဖို့အတွက် ဖြစ်လာခဲ့တယ်။