အခန်း (၅)
Vol. 7 Ch. 5
မာန်နတ်၏သမီးတော်
Chapter 5 - ပြန်လည်တွေ့ဆုံခြင်း
ရေးသားသူ - သော်လွင်ကိုကို
သရုပ်ဖော်ပန်းချီ - နောင်
နန်းမြို့တော်ကိုသွားတဲ့လမ်းမှာရှိသမျှ မြို့တိုင်းကို ဝင်ထွက်သွားလာပြီး ခြူးကိုရှာခဲ့ပေမဲ့ ရှာမတွေ့သေးဘူး။ သတင်းတချို့တော့ ကြားပေမဲ့ပေါ့။
ထူးဆန်းတဲ့ ရထားလုံးတစ်စင်းက မိစ္ဆာလို့ထင်ရတဲ့ ကလေးမလေးတစ်ယောက်ကိုခေါ်ပြိး နန်းမြို့တော်ကို ခေါ်သွားနေတယ်ဆိုတဲ့ သတင်းပေါ့။ ကျွန်တော်အခုရောက်နေတဲ့ မြို့မှာတောင်မှ ပြဿနာအတော်လေးဖြစ်သွားသေးတယ်။ ချိုနဲ့ကလေးက ရထားလုံးနံရံတွေကို ဖျက်ဆီးပစ်ခဲ့လို့ အိပ်ငွေ့ချမှော်သုံးပြီး သံလှောင်အိမ်ရထားလုံးနဲ့ ပြောင်းသယ်သွားရတယ်ဆိုလား။
“ငါထင်တဲ့အတိုင်းပဲ သူတို့အဖွဲ့ထဲမှာ ကျွမ်းကျင်သူတစ်ယောက် ပါနေတာကိုး။” ကျွန်တော် သုံးသပ်လိုက်တော့ သီဟက ကျွန်တော့်ကို မော့ကြည့်ပြီးမေးတယ်။
“ဦးလေး၊ ဘာဖြစ်လို့ ခြူးကိုပြန်ပေးဆွဲထားတဲ့သူတွေက မြို့တော်ကိုသွားနေကြတာလဲ။ ရာဇဝတ်သားတွေက တရားဥပဒေမစိုးမိုးတဲ့နေရာတွေမှာပဲ ကျွန်အရောင်းအဝယ်လုပ်တာမဟုတ်ဘူးလား။”
ကျွန်တော် သူ့ကိုကြည့်လိုက်တယ်။ ဒီလောက်ငယ်တဲ့ ကလေးတောင်မှ အခုကိစ္စက ပုံမှန်မဟုတ်မှန်းရိပ်မိတဲ့ပုံပဲ။ ကျွန်တော့်စိတ်ထဲ စိတ်ကူးတစ်ခုပေါ်လာပြီး သူ့ကိုစမ်းသပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
“ကောင်လေး၊ မင်းမိစ္ဆာမျိုးနွယ်ဆိုတာ ကြားဖူးလား။”
ကျွန်တော့်စကားကိုကြားတော့ ကောင်လေးရဲ့ခြေလှမ်းတွေ တန့်ကတည်းရပ်တန့်သွားတယ်။ သူက ကျွန်တော့်ကိုမော့ကြည့်ပြီးတော့ တစ်လုံးချင်းပြန်ဖြေလိုက်လေရဲ့။
“မသိဘဲ ဘယ်လိုလုပ်ပြီးနေမှာလဲဗျ။ လွန်ခဲ့တဲ့ခြောက်နှစ်က ကျွန်တော့်ရဲ့အမေကို သတ်ခဲ့တဲ့ကောင်တွေပဲ။ မိစ္ဆာမျိုးနွယ်ကို ကျွန်တော်တကယ်ပဲ လက်စားချေချင်ပေမဲ့ လွန်ခဲ့တဲ့ငါးနှစ်က သူတို့အကုန်လုံး မျိုးဖြုတ်ခံလိုက်ရပြီမဟုတ်လား။”
ကျွန်တော် သူ့ကို လှောင်ရယ်ချင်တဲ့ပုံစံနဲ့ ကြည့်ရင်း သွားနေရာကနေ ရပ်လိုက်တယ်။ နှစ်ယောက်လုံးက စားသောက်ဆိုင်တစ်ဆိုင်ရဲ့အပြင်မှာ ရပ်မိနေကြတာ။ ကျွန်တော် သူနဲ့မျက်နှာချင်းဆိုင်ပြီး မျက်လုံးချင်းဆုံမိအောင် ကြည့်ကာပြောလိုက်ပါတော့တယ်။
“ခြူးက မိစ္ဆာမျိုးနွယ်ကပဲ... မင်းလက်စားချေမယ်ဆိုရင် သူ့ကိုပါ လက်စားချေမှာလား။”
သူက ကျွန်တော့်မျက်လုံးတွေကို သေချာကြည့်နေတယ်။ သူ့မျက်ဝန်းတွေထဲမှာတော့ အံ့ဩမှုက အတိုင်းသား။ ဒါပေမဲ့ ချက်ချင်းတည်ငြိမ်သွားပြီးတော့ သံသယတွေအပြည့်ပါတဲ့ မေးခွန်းကိုသူမေးတယ်။
“ခြူးက အပြစ်ကင်းစင်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ ဘယ်နည်းနဲ့မှ မိစ္ဆာတစ်ကောင်မဖြစ်နိုင်ဘူး။”
သူက ဒီစကားကို အတော်သေချာနေတဲ့လေသံနဲ့ပြောတာ။ ကျွန်တော်က သူ့ကိုနည်းနည်းခြောက်လှန့်ဖို့ ဒဏ္ဍာရီလာဓားကို ဓားအိမ်ထဲကနေ ဆွဲထုတ်လိုက်တယ်။ ဓားရဲ့အရှိန်အဝါတွေက သူ့ခန္ဓာကိုယ်အနှံဖုံးအုပ်သွားပြီး သူ့မျက်လုံးတွေ ပြူးကျယ်လာတယ်။
ဒါပေါ့၊ ဒီခံစားချက်ကို ကျွန်တော်မှတ်မိနေတုန်းပဲ။ သန်မာတဲ့သူတွေမှာ သန်မာတဲ့အရှိန်အဝါရှိတယ်။ ဒီလိုအရှိန်အဝါမျိုးကို ကျွန်တော်ပထမဆုံးခံစားမိတာက အဖွဲ့ဝင်တွေအားလုံးကို သတ်ပစ်ခဲ့တဲ့ မွန်းစတားဝက်ကြီးရှေ့မှာ။ ဒုတိယအကြိမ်ကတော့ စံပယ်ရှေ့မှာ ရှိနေတဲ့အချိန်တိုင်းပဲ။
“ဒဏ္ဍာရီလာ သူရဲကောင်းလေးယောက်ထဲက တစ်ယောက်က မင်းကို လူကိုယ်တိုင်ပြောပြနေတာတောင်မှလား၊ သီဟ။”
ကျွန်တော်က အရှိန်အဝါကိုပိုတိုးပြီး သူ့ကိုဖိနှိပ်ထားလိုက်တယ်။ ပုံမှန်လူတစ်ယောက်ဆိုရင် အသက်ရှုဖို့မဖြစ်နိုင်တော့ဘဲ နှလုံးရပ်သေသွားလုနီးပါပဲ။ ဒါပေမဲ့ သူက ကျွန်တော့်မျက်လုံးတွေကို လုံးဝအကြည့်မလွဲဘဲ အရှိန်အဝါကိုဆန့်ကျင်ပြီး တုံ့ပြန်လာပါတယ်။
“အဲဒီမိန်းကလေးကို ဝင်လုဆဲဆဲနေရောင်အောက်မှာမြင်ပြီးကတည်းက အပြစ်ကင်းစင်မှန်း ကျွန်တော်သိတယ်။ အဲဒီမိန်းကလေးသာ မိစ္ဆာဆိုရင် ကျွန်တော်တို့က ဘာတွေလဲ။”
ကျွန်တော့်ဓားကို ဓားအိမ်ထဲ ပြန်ထည့်ထားလိုက်တယ်။ သူ့ကိုဖိနှိပ်ထားတဲ့အရှိန်အဝါ မရှိတော့ဘူး။ သူက စိတ်သက်သာရာရတဲ့အနေနဲ့ သက်ပြင်းချလိုက်တယ်။ ကျွန်တော် ပြုံးလိုက်မိတယ်။ ငယ်ရွယ်တဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်မြင်နေရသလိုပဲ။
“သီဟ၊ ငါ့ကိုဖြေစမ်းပါ။ မိစ္ဆာတွေကို လူသားတွေကဘာလို့ယုတ်ညံ့တယ်လို့ သတ်မှတ်ထားတာလဲ။”
သီဟက မိနစ်ပေါင်းများစွာကြာတဲ့အထိ နေရာမှာကြောင်ရပ်နေခဲ့တယ်။ ပြီးတဲ့နောက် သူက မသေချာမရေရာတဲ့လေသံနဲ့ ပြန်ဖြေပါတယ်။
“မိစ္ဆာတွေက လူသားတွေကို သတ်ခဲ့လို့။ ကျွန်တော်တို့ရှိနေတဲ့ တောင်ပိုင်းတိုင်းပြည်တွေကို သိမ်းယူခဲ့လို့။ ပြီးတော့ ပြောပြလို့မရတဲ့ အပြစ်မျိုးစုံကိုလုပ်ခဲ့တယ်။”
“ကာကီရာအင်ပါယာက သူတို့ရန်သူနိုင်ငံတွေက လူသားတွေကိုသတ်တယ်။ တောင်ပိုင်းပြည်နယ်အားလုံးကို သိမ်းပိုက်ထားတယ်။ ငါမင်းတို့ရွာကိုမရောက်ခင်က ကာကီရာတွေက အပြစ်မရှိတဲ့ရွာတစ်ရွာကို မြေလှန်ခဲ့တယ်။ ဒီတော့ ကာကီရာတွေကရော...”
သူ့အဖြေမဆုံးခင် ကျွန်တော်ဖြတ်ပြောလိုက်တော့ သူဘာမှမပြောနိုင်တော့ဘူး။ ကျွန်တော်က အခုလိုဆက်ပြောလိုက်တယ်။
“လူသားမျိုးနွယ်စုနဲ့မိစ္ဆာမျိုးနွယ်စုက အခြေခံအားဖြင့်တော့ အတူတူပဲ။ ရန်သူတွေအပေါ် ရက်စက်တယ်။ လူသားမျိုးနွယ်တစ်ခုလုံးက မိစ္ဆာမျိုးနွယ်ကို မုန်းကြတာ ငါတို့က မျိုးနွယ်မတူလို့၊ အချင်းချင်းခွဲခြားလို့ရနေလို့ပဲ။”
“....” သူပြန်ပြီး မဆန့်ကျင်ခဲ့ဘူး။ အဲဒီအစား ငြိမ်ပြီးတော့ နားထောင်နေကြတယ်။
“လူသားတွေကတော့ လူသားတွေပဲလေ။ ဒါပေမဲ့ လူသားတွေကလည်း တစ်ယောက်ကိုတစ်ယောက် ရွံ့မုန်းနေကြဆဲပဲ။ တိုင်းတပါးက ငါတို့ကိုကျူးကျော်လို့၊ စော်ဘွားနယ်တွေက ပုန်ကန်လို့၊ အသားအရောင်က မတူလို့၊ ဆံပင်အရောင်မတူလို့... ဒါပေါ့၊ ငါတို့လူသားတွေအားလုံးက သူတို့နဲ့မတူညီတဲ့ လူတစ်စုအပေါ်မုန်းတီးနိုင်ကြပေမဲ့ လူသားအားလုံးကို မုန်းတီးဖို့ဆိုတာတော့ မလုပ်နိုင်ကြဘူး။ ဘာလို့ဆို ငါတို့က လူသားတွေလေ။”
ကောင်လေးက ကျွန်တော့်စကားတွေကြောင့် သူ့ဒူးပေါ်သူ ကောင်းကောင်းမရပ်နိုင်တော့ဘဲ ဖင်ထိုင်လျက်လဲကျသွားတယ်။ နောက်တော့ သူက တုန်ရီနေတဲ့ လေသံနဲ့ ပြန်မေးလိုက်တယ်။
“ဦးလေးက မိစ္ဆာတွေကို မမုန်းဖို့ပြောနေတာလား။”
“မဟုတ်ဘူး၊ မင်းအမေကို သတ်သွားတဲ့ မိစ္ဆာကိုမုန်းတာက သင့်တော်တဲ့အရာပဲ။ ဒါပေမဲ့ အားနည်းပြီး သူ့ကိုယ်သူတောင် မကာကွယ်နိုင်တဲ့ မိစ္တာတစ်ကောင်ကို မုန်းတီးတာကတော့ မှားတယ်။ အလားတူပဲ မင်းအပေါ်အမှားလုပ်ထားတဲ့ လူသားတွေကိုလည်း မုန်းသင့်တယ်။
တစ်နည်းအားဖြင့် အမုန်းတရားမှာ မျိုးနွယ်ဆိုတဲ့ တံတိုင်းမရှိဘူး။ အလားတူပဲ အချစ်မှာလည်း မျိုးနွယ်ဆိုတဲ့တံတိုင်းမရှိဘူး။”
ကျွန်တော်ကောင်လေးကို ကျောခိုင်းလိုက်တယ်။ သူ့ကို ထပ်ပြောစရာမရှိတော့ဘူး။ အတော်အတန် ပြန်တည်ငြိမ်လာပြီးနောက် ပြန်ထရပ်လာနိုင်တဲ့ ကောင်လေးမှာတော့ မေးခွန်းတွေများသား။
“ဘာလို့ ဦးလေးရဲ့မျက်လုံးထဲမှာ လက်စားချေချင်စိတ်အပြည့်ရှိနေရတာလဲ။ ဦးလေးက မျိုးနွယ်နှစ်ခုလုံးကို မမုန်းတီးဘူးမဟုတ်လား။ ဒါဆိုရင်တောင်မှ ဘာကြောင့် လက်စားချေချင်နေရတာလဲ...”
“ကောင်လေး၊ ငါက မျိုးနွယ်နှစ်ခုကို မမုန်းတာမဟုတ်ဘူး။ အဲဒီအစား မုန်းလည်းမုန်းမိသလို ချစ်လည်းချစ်မိနေတာကြောင့်ပဲ။ ပြီးတော့ အဲဒီမျိုးနွယ်နှစ်ခုကို ဘယ်နည်းနဲ့မှ စေ့စပ်ပေးလို့မရမှန်း ငါသိနေတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နက်နက်ရှိုင်းရှိုင်းမုန်းတီးနေတဲ့ မျိုးနွယ်နှစ်ခုကြားမှာ ငါချစ်တဲ့သူတွေ ဒုက္ခရောက်ပေါင်းများလှပြီ။ ဒီတော့ ငါချစ်တဲ့သူကို ငါကာကွယ်မယ်။ ငါချစ်တဲ့သူတွေကို ထိခိုက်စေသူမှန်သမျှကို မျိုးနွယ်မရွေး ငါအဆုံးသတ်မယ်။”
ဟုတ်တယ်၊ လောကကြီးမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာမရှိဘူး။ မျိုးနွယ်တွေအားလုံး တစ်ယောက်ကိုတစ်ယောက် မမုန်းတော့ရင်တောင် နိုင်ငံတွေရဲ့အကျိုးအမြတ်အတွက် စစ်ပွဲတွေကတော့ရှိနေဦးမှာပဲ။ စစ်ပွဲတွေနဲ့အတူ သတ်ဖြတ်မှုတွေနဲ့နစ်နာသူတွေ ရှိနေဦးမှာ။ သူရဲကောင်းတစ်ယောက်အနေနဲ့ အဲဒါတွေကိုတားဖို့ ကျုပ်မှာခွန်အားမရှိဘူး။ ဒါတွေကိုတားဆီးဖို့က ဘုရားသခင်ရဲ့ဝတ္တရားတွေ။ ဒါပေမဲ့ သူကိုယ်တိုင်မှာရော ဒါတွေကို တားဆီးနိုင်တဲ့စွမ်းအားမျိုးရှိပါရဲ့လား။
...
ဒီလိုနဲ့ နန်းမြို့တော်အနီးမှာရှိတဲ့ မဟာဂိရိနတ်တောင်ကို ကျွန်တော်တို့ရောက်လာကြတယ်။ ကိုယ်တိုင်ရှာမယ်ဆိုရင် တော်ရုံနဲ့တွေ့မှာမဟုတ်တဲ့အတွက် ကျွန်တော့်ကို ကူညီပေးနိုင်မယ့် မိတ်ဆွေဟောင်းတစ်ယောက်ကို လာရှာတာ။ ဒါပေမဲ့ နတ်တောင်ပေါ်တက်မယ့်ခရီးက ထင်ထားသလို မဟုတ်ခဲ့ဘူး။
“ဦးလေး၊ ဘာဖြစ်လို့ တောင်အောက်မှာ ဒီလောက်လူတွေအများကြီး စုပြုံနေရတာလဲ။”
သီဟက တောင်ခြေကိုရောက်တာနဲ့ ပတ်ဝန်းကျင်ကမူမမှန်မှုတွေကို သတိထားမိသွားတယ်။ တောင်ရဲ့အောက်ခြေမှာဆောက်ထားတဲ့ ဧည့်ဆောင်ဇရပ်မှာ နာမကျန်းဖြစ်နေတဲ့ လူတွေအများကြီးဖြစ်နေပြီး သူတို့က တစ်စုံတစ်ခုကို စောင့်မျှော်နေကြပုံပဲ။ ဒါပေမဲ့ သူတို့မျက်လုံးထဲက မျှော်လင့်ချက်အလင်းရောင်က သိပ်ကိုအားနည်းတယ်။
“ပိုးနှင်းဖြူဆီကို ဆေးကုရအောင်လာတဲ့ လူနာတွေဖြစ်လိမ့်မယ်။ သူက ကြယ်သူရဲကောင်းမလို့ ရောဂါမှန်သမျှကို ကုသနိုင်တယ်လေ။”
“အဲဒီလိုလား။” သီဟက ပြောလိုက်တယ်။ နောက်တော့ သူက ကျွန်တော့်ကျောပေါ်က ငှက်ကြီးတောင်ဆီ အကြည့်ရောက်သွားပြီး မေးလိုက်လေရဲ့။
“ဒါဆိုဦးလေးက ဓားသူရဲကောင်းပေါ့၊ သူရဲကောင်းလေးယောက်ထဲမှာ အင်အားအကြီးဆုံးလေ။”
“သူရဲကောင်းလေးယောက်က တန်းတူပါပဲ။ ဘယ်သူက ဘယ်သူ့ထက် စွမ်းအားကြီးတယ်ဆိုတာမျိုးမရှိဘူး။”
ကျွန်တော်တို့နှစ်ယောက် စကားတပြောပြောနဲ့ တောင်ပေါ်ကို တက်ဖို့လုပ်ပေမဲ့ တောင်အတက်လှေကားမှာစောင့်နေတဲ့ လှံကိုင်အမျိုးသမီးစစ်သည်နှစ်ယောက်က ကျွန်တော်တို့ကို တားလိုက်ပါတယ်။
“နတ်တောင်ကိုလာတဲ့သူတွေက စီနီယာအစ်မတွေနဲ့တွေ့ပြီးခွင့်ပြုချက်ရမှ အပေါ်ကိုတက်ခွင့်ရှိမယ်။”
ဒီအမျိုးသမီးတွေစကားကြောင့် ကျွန်တော့်မျက်လုံးတွေကတော့ ဝေဒနာကြီးလွန်းလို့ ကြမ်းပေါ်မှာလူးလွန့်နေရတဲ့ လူနာတွေဆီရောက်သွားတယ်။ ဒါနဲ့ပဲ သူတို့ကို ပြန်မေးလိုက်တယ်။
“လူနာ ဘယ်လောက်အရေးကြီးကြီးလား။”
“လူနာတွေကို အရှင်မကိုယ်တိုင်ကုသပေးဖို့ လိုမလိုဆုံးဖြတ်မှာက စီနီယာအစ်မတွေရဲ့အလုပ်ပါ။ ရှင်တို့အလုပ်က ထိုင်စောင့်ဖို့ပဲ။”
ကျွန်တော်က သူတို့စကားကို အထွန့်မတက်ဘဲ ငြိမ်နေပေမဲ့ ခြူးကိုစိတ်ပူနေတဲ့ သီဟက တစ်ခုခုပြောဖို့လုပ်တာကြောင့် သူ့လက်ကိုဆွဲထားပြီး ခေါင်းခါပြလိုက်တယ်။
“ကောင်လေး၊ စောင့်ကြတာပေါ့။”
နောက်တော့ ကျွန်တော်တို့နှစ်ယောက်က တခြားသူတွေအနဲ့အတူ တောင်ခြေမှာစောင့်ရင်း တခြားလူနာတွေနဲ့ စကားပြောဖြစ်ကြတယ်။ လည်ပင်းမှာအကျိတ်တည်နေလို့ အစာစားဖို့အခက်တွေ့နေတဲ့ အဖွားတစ်ယောက်ဆိုရင် တောင်အောက်မှာစောင့်နေတာ ခြောက်လလောက်ရှိပြီတဲ့။ အသည်းရောဂါနဲ့လူးလှိမ့်နေရတဲ့ သက်လတ်ပိုင်းလူကြီးက ကျွန်တော်တို့ ဇရပ်ထဲမှာ စောင့်နေစဥ်မှာပဲ အသက်ဆုံးပါးသွားပြီး သူ့ကိုဖျာနဲ့လိပ် အပြင်ခေါ်ထုတ်သွားရတယ်။
နေ့မွန်းလွဲချိန်ရောက်မှ ဝတ်ကောင်းစားလှတွေနဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်စုက တောင်ပေါ်ကနေ ဆင်းလာပါတယ်။ စောင့်နေတဲ့သူတွေထဲက ရောဂါသည်းတဲ့သူတချို့ရဲ့မိသားစုဝင်တွေက သူတို့ကိုအရဲစွန့်သွားစကားပြောပေမဲ့ မတူသလိုမတန်သလိုပါပဲ။ တောက်တောက်ပြောင်ပြောင်ဝတ်ထားတဲ့ လူတချို့ကတော့ သူတို့လက်ထဲ ရွှေစတွေထည့်ပေးပြီး အပေါ်တက်ခွင့်ရကုန်တယ်။
“သီဟ၊ အချိန်ကျပြီ။” ကျွန်တော် အချက်ပြလိုက်တယ်။ အဝတ်ထုတ်တွေကို ခေါင်းအုံးမှိန်းနေတဲ့ သီဟလည်း ထလာပြီး နှစ်ယောက်လုံး အမျိုးသမီးအုပ်စီကို သွားလိုက်တယ်။
“ငါ တောင်ပေါ်တက်လို့ရမလား။” ကျွန်တော်မေးတော့ အမျိုးသမီးတွေထဲက ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့ ခရမ်းရောင်ဝမ်းဆက်နဲ့မိန်းမကြီးက ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ လက်ဖြန့်လိုက်တယ်။ကျွန်တော်က တစ်ပြားမှမပေးတော့ ဒေါနဲ့မောနဲ့ရန်စတွေ့ပါလေရော။
“ဒီမယ်၊ ရှင်အလိုက်မသိတာလား။ တောင်ပေါ်တက်ချင်ရင် ကျွန်မတို့ကို စေတနာကြေးလေးပေးမှပေါ့။”
ကျွန်တော်လည်း စလွယ်သိုင်းထားတဲ့ဓားကို ဆွဲဖြုတ်လိုက်တယ်။ အစောင့်အမျိုးသမီးတွေက ကျွန်တော့်ကို လှံတွေနဲ့စရွယ်ပေမဲ့ ရုတ်တရက်ထွက်လာတဲ့ ဖိအားက တောင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ရန်မူသူတွေအကုန်လုံး အလဲလဲအပြိုပြိုဖြစ်ကုန်တယ်။
“ဓား... ဓားသူရဲကောင်း...” အမျိုးသမီးအုပ်စုလည်း ကျွန်တော့်ဓားကို သတိထားမိကုန်ပြီး ထိတ်လန့်ကုန်ပါတယ်။
“ဒီနေ့အတွက် လူစာရင်းစစ်တဲ့စနစ်မရှိတော့ဘူး။ လမ်းလျှောက်နိုင်တဲ့သူတွေက လမ်းမလျှောက်နိုင်တဲ့သူတွေကို ကူတွဲ။ ငါတို့အတူတောင်ပေါ်တက်မယ်။”
ကျွန်တော်လည်း ခပ်တည်တည်နဲ့ စောင့်နေတဲ့ လူနာတွေကိုပြောပြီး တောင်ပေါ်ကို စတက်တာပေါ့။
....
“ပိုးနှင်းဖြူ၊ မင်းတပည့်တွေ အကျင့်ပျက်ခြစားနေတာကို မင်းမသိတာလား ဒါမှမဟုတ် မင်းကိုယ်တိုင်က ကြံရာပါလား။”
ရှိသမျှလူနာတွေကို ကြယ်သူရဲကောင်း (ဝါ) မဟာဂိရိသူတော်စင်က ဆေးကုသပေးပြီးတဲ့နောက်မှာတော့ကျွန်တော်မေးလိုက်တယ်။ ပိုးနှင်းဖြူက အရင်ငါးနှစ်က ကျွန်တော်မှတ်မိနေတဲ့ ခပ်လှလှအမျိုးသမီးမဟုတ်တော့ဘူး။ အဲဒီအစား စည်ပိုင်းလောက်ဝနေပြီ။ မျက်နှာလောက်ပဲ မှတ်မိစရာကျန်တော့တယ်။
“သူတို့လာဘ်ယူနေတာကို ကျွန်မမသိတာတော့အမှန်ပါ။ ဒါပေမဲ့ လူရွေးတဲ့စနစ်ကတော့ ကျွန်မလုပ်ထားတာလေ။ နေ့တိုင်းထောင်ချီနေတဲ့လူတွေကို ရောဂါကုပေးရမယ်ဆိုရင် ထိပ်တန်းနတ်ဆရာဖြစ်တဲ့ ကျွန်မတောင်မှ ပင်ပန်းပြီးသေမှာပဲ။ ဒါကြောင့် တစ်နေ့လူနှစ်ဆယ်ပဲကုဖို့ ဆုံးဖြတ်လိုက်တာ။ ရောဂါပြင်းတဲ့သူတွေကို အရင်ကုသပေးမှာမလို့ ရောဂါပြင်းမပြင်း ကျွန်မတပည့်တွေကို အရင်စစ်ခိုင်းလိုက်တာလေ။”
ကျွန်တော်က ခုနက သက်လတ်ပိုင်းအမျိုးသမီးကို ကြည့်လိုက်တယ်။ အဲဒီနောက် ပိုးနှင်းဖြူကို ပြန်ကြည့်ပြီး “ဒါပေမဲ့ ဒီစနစ်က အကျင့်ပျက်ခြစားမှုကိုဖြစ်စေနိုင်တယ်ဆိုတာ မင်းသိရမှာပေါ့။ အနည်းဆုံးတော့ ရောက်လာတဲ့ လူချမ်းသာလူနာတွေရဲ့ရောဂါက ထင်သလောက်မပြင်းထန်တာကို မင်းသတိထားမိမှာပါ။”
“ဒီမယ် ဓားသူရဲကောင်း၊ ကျွန်မတို့ နတ်တောင်တော်က ပရဟိတအဖွဲ့အစည်းတစ်ခုမဟုတ်ဘူး။ ကျောင်းတော်လည်ပတ်ဖို့ အလှူငွေဆိုတာ လိုသေးတယ်ရှင့်။ အလှူငွေပေးတဲ့သူကို ဦးစားပေးတာ ဘာဆန်းလို့တုန်း။”
ကျွန်တော်နဲ့တောင်ခြေမှာ ရန်ဖြစ်တဲ့ တပည့်မကြီးကကျွန်တော့်ကို ထပ်ရန်တွေ့ပါလေရော။ ကျွန်တော်ကလည်း သူ့ကိုဒေါသဖြစ်ဖြစ်နဲ့ ပြန်ပြောမိတယ်။
“အေး၊ ငါသိတယ်။ ဒါပေမဲ့ မင်းတို့နတ်တောင်က တခြားနည်းလမ်းတွေနဲ့လည်း ပိုက်ဆံရနေတာမဟုတ်ဘူးလား။ ရိုးနာနတ်ပွဲတွေ၊ ဆေးဝါးထုတ်လုပ်ရောင်းချမှုတွေ၊ ဘုရင့်တပ်နဲ့အတူလိုက်ပါနေတဲ့ နတ်ဆရာတပည့်တွေဆီကနေလည်း ထောက်ပံကြေးတွေ အများကြီးရနေတာလေ။ ကြယ်သူရဲကောင်းရဲ့ကုသမှုတစ်ခုတည်းပဲ ပရဟိတမဟုတ်လား။ အဲဒါတောင် မင်းတို့က အကျင့်ပျက်ခြစားချင်သေးတယ်။”
ကျွန်တော့်ဒေါသကြောင့် အဲဒီတပည့်မ လန့်သွားပြီး နောက်ကိုဆုတ်သွားတယ်။ ဒီတော့မှ ပိုးနှင်းဖြူက အဲဒီတပည့်ကို မျက်စောင်းထိုးကြည့်တယ်။
“သူဇာ၊ နင်သွားတော့။ အပြစ်ပေးခန်းမမှာ ခုနစ်ရက်နေပြီး ကိုယ့်အပြစ်ကိုယ်ဆင်ခြင်။” တပည့်မက ပိုးနှင်းဖြူကို ဦးညွှတ်ပြီးထွက်သွားတယ်။
“ကိုမျိုးဇင်၊ ရှင်ကျွန်မကို ဒေါသထွက်နေတာလဲ သိပါတယ်။ အစကတော့ ဒီအစီအစဥ်ကို စေတနာနဲ့စခဲ့တာဆိုပေမဲ့ နှစ်တွေကြာလာတော့ ငြီးငွေ့လာတယ်လေ။ နေ့တိုင်း ကိစ္စတစ်ခုကိုပဲ ထပ်ခါထပ်ခါလုပ်နေရတော့ အာရုံမစိုက်နိုင်တော့ဘူး။ အခုဖြစ်လာတာတွေက ကျွန်မဂရုမစိုက်နိုင်လို့ဖြစ်လာတာတွေပါပဲ။”
ကျွန်တော် သက်ပြင်းချလိုက်တယ်။ ဒီကိစ္စက ပိုးနှင်းဖြူ တမင်သက်သက်စီစဥ်ထားတာမဟုတ်လို့ သူ့ကိုအပြစ်ပုံချဖို့ခက်ပေမဲ့ ပေါ့ဆမှုကတော့ ပေါ့ဆမှုပဲလေ။ တစ်ချိန်တည်းမှာပဲ ပြုံးလိုက်မိတယ်။ သူက အတော်လေးပြောင်းသွားပေမဲ့ အသိတရားတော့ ရှိနေသေးတယ်။
“ဒီကိစ္စက ဖြေရှင်းမရတာတော့ မဟုတ်ပါဘူး။ မင်းတစ်ယောက်တည်းလုပ်ဖို့ ခက်ခဲတယ်ဆိုရင်လည်း မင်းရဲ့နတ်တောင်မှာ ဆေးပညာသင်တပည့်တွေရှိတာပဲမဟုတ်လား။ ဒီကိုရောက်လာတဲ့ ဆင်းရဲသားတွေကို သူတို့ကိုစမ်းကုသစေပါလား။ သူတို့လည်း လေ့ကျင့်ဖြစ်ပြီး လူနာတွေလည်းအဆင်ပြေတာပေါ့။ မင်းကတော့ သူတို့ကုတာအဆင်ပြေမပြေ စစ်ဆေးရုံပဲလုပ်ပေါ့။ သူတို့ကုလို့မနိုင်တာပဲ မင်းကုလေ။”
“ဒါလည်းဟုတ်တာပဲ၊ ကျွန်မ ဒါကိုမတွေးခဲ့မိဘူး။ အခုကနေစပြီး အကောင်အထည်ဖော်လိုက်မယ်။” ပိုးနှင်းဖြူက သူစားလက်စ အုန်းထမင်းပန်းကန်ကို ချထားလိုက်ပြီးပြောတယ်။ သူက ကျွန်တော်နဲ့စတွေ့ကတည်းက တစ်ခုမဟုတ်တစ်ခု စားသောက်နေတာပဲ။ ဒါကြောင့်လည်း ဝလာတာနေမယ်။ နောက်တော့ သူက တပည့်တစ်ယောက်ကိုခေါ်ပြီး ကျွန်တော့်အကြံကို အမိန့်အဖြစ်ပြောင်းလဲလိုက်တယ်။ ပြီးခါမှ ကျွန်တော့်ဘက်လှည့်လာပြီး...
“ဒါနဲ့ကိုမျိုးဇင်က ကျွန်မကိုအလွမ်းပြေတွေ့ဖို့သက်သက်နဲ့ တောင်ပေါ်ကို လာတာမဟုတ်ဘူးထင်တယ်။ ကိစ္စတစ်ခုခုရှိလို့လား။ ပြီးတော့ အဲဒီကောင်လေးကရော ရှင့်တပည့်လား။” သူက သီဟကို ကြည့်ပြီးမေးလိုက်တယ်။ ကျွန်တော်လည်း အနေရခက်လာတာနဲ့ ခေါင်းကိုကုပ်လိုက်ပြီး
“တကယ်က ငါ့တပည့်ဆိုတာထပ် ငါ့တပည့်ရဲ့သူငယ်ချင်းပါ။ အခုလာတာလည်း ငါ့တပည့်ကိစ္စပါပဲ။ အမည်မသိလူတစ်စုက သူ့ကိုပြန်ပေးဆွဲထားလို့လေ။”
ပိုးနှင်းဖြူက ခေါင်းကိုတဆတ်ဆတ်ညိတ်ပြီးတော့ နားထောင်တယ်။ နောက်တော့ အချက်အလက်တွေကို ပြန်စုစည်းလိုက်ပြီးတော့ ကျွန်တော်ပြောချင်တဲ့စကားရဲ့အဓိပ္ပါယ်ကို ဖော်ထုတ်လိုက်တယ်။
“နားလည်ပြီ၊ ရှင်က ရှင့်တပည့်ကို ကူညီပြီးခြေရာခံစေပေးစေချင်တာလား။ ခုနကပေးတဲ့အကြံအတွက် ပြန်ပေးဆပ်တဲ့အနေနဲ့ အလကားကူညီပေးလိုက်ပါမယ်လေ။”
အဲဒီနောက် သူက ဘေးမှာချထားတဲ့ မှော်ပုရပိုက်ကိုထုတ်ပြီး အသုံးလိုမယ့်ဂါထာတွေကို လှန်ရှာတယ်။ နောက်တော့ စာမျက်နှာတစ်ခုမှာရပ်ထားလိုက်ပြီး ခေါင်းညိတ်ကာ ကျွန်တော့်ကိုပြောတယ်။
“လိုတဲ့ဂါထာတော့တွေ့ပြီ။ ဒါပေမဲ့ ရှင့်မှာ ရှင့်တပည့်ခန္ဓာကိုယ်က ပစ္စည်းတစ်ခုခုရှိလား။ အဲဒါတွေပါမှ ခြေရာခံလို့ရမယ်။”
ကျွန်တော်လည်း ဘေးသိုင်းလွယ်အိတ်ထဲ ထည့်ယူလာတဲ့ ခြူးရဲ့ဘီးပေါ်တင်နေတဲ့ ဆံနွယ်တစ်ပင်ကို ဖြုတ်ပေးလိုက်ပါတယ်။ ပိုးနှင်းဖြူကတော့ ဆံပင်ကို လှမ်းယူလိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားပါလေရော။
“ဒီဆံပင်တွေက...”
“ဘာဖြစ်လို့လဲ...”
“ဘာမှမဖြစ်ပါဘူး။ ဒီလောက်ဆိုရင် ခြေရာခံလို့ရပါပြီ။” သူက မှော်အသုံးအဆောင်တစ်ခုဖြစ်ပုံရတဲ့ ရွှေရောင်သံလိုက်အိမ်မြှောင်တစ်ခုကိုထုတ်ပြီး ခြူးရဲ့ဆံပင်ကို အိမ်မြှောင်ပေါ်တင်လိုက်တယ်။ အဲဲဒီနောက် သူ့ရဲ့ကြယ်ပုံပါမှော်နှင်တံနဲ့ ဂါထာရွက်ပြီး ထိလိုက်တယ်။
“မြောက်အရပ်က ဓူဝံကြယ်၊ ပျောက်သောသူထံ လမ်းပြပေးပါ။” အဲဒီနောက်တော့ အလင်းတစ်ချက်နဲ့အတူ ဆံစက ပျောက်သွားပြီး သံလိုက်အိမ်မြှောင်က မြောက်အရပ်အစား တခြားအရပ်မျက်နှာတစ်ခုကို စတင်ပြသပါတော့တယ်။