မာန်နတ်၏သမီးတော် Chapter 6 - ခုနစ်စဥ်ကြယ်စံအိမ်
Vol. 7 Ch. 6
သံလိုက်အိမ်မြှောင်အတိုင်းလိုက်သွားတော့ မမျှော်လင့်ထားတဲ့ နေရာတစ်ခုကို ရောက်လာခဲ့တယ်။ နန်းမြို့တော်ရဲ့အပြင်ဘက်မှာရှိနေတဲ့ ခြံဝင်းကျယ်ကြီးနဲ့စံအိမ်တစ်ခုကိုပါ။ ဒီအိမ်ထက် ကြီးကျယ်ခမ်းနားတဲ့အဆောက်အဦးဆိုလို့ နန်းတော်တစ်ခုပဲရှိတော့တာ။ ပြီးတော့ ဒီအိမ်ရဲ့ဂိတ်အဝင်ဝမှာ ခုနစ်စဥ်ကြယ်ကုမ္ပဏီရဲ့တံဆိပ်ရှိနေတယ်။
“ဖြစ်နိုင်ခြေမရှိတာတော့မဟုတ်ပေမဲ့ ဒီကိစ္စနောက်မှာ အောင်ထက်မြက်ရှိနေတာလား။”
ကျွန်တော်က အတွေးတွေကို ပါးစပ်ကနေ ထုတ်ပြီးပြောခဲ့မိတာကြောင့် သီဟက ကျွန်တော့်ကိုမော့ကြည့်တယ်။
“ဦးလေးက ပြန်ပေးဆွဲသွားတဲ့သူနဲ့ သိတာလား။”
ကျွန်တော်ခေါင်းညိတ်ပြပြီး သူ့ကိုသတိပေးလိုက်ပါတယ်။ “အခုငါတို့သွားတွေ့မယ့်သူက ဒဏ္ဍာရီထဲက ခွက်သူရဲကောင်းပဲ။ ငါတို့ကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့သူမလို့ တစ်ခုခုဖြစ်လာရင် ငါ့ကိုဂရုမစိုက်ဘဲ ခြူးကိုခေါ်ပြီးပြေး။”
“ဟုတ်ကဲ့။”
အဲဒီနောက်တော့ ကျွန်တော်တို့တွေ အိမ်တော်ဂိတ်ကိုဖြတ်ရတယ်။ အစောင့်တွေက ကျွန်တော်တို့ကိုတားပေမဲ့ ဓားပြပြီးတဲ့နောက်တော့ အိမ်တော်ရဲ့ဧည့်ခန်းမဆီကို လိုက်ပို့ပေးကြတယ်။ ဧည့်ခန်းမှာ အကြာကြီးထိုင်စောင့်လိုက်ရပေမဲ့ နောက်ဆုံးတော့ အောင်ထက်မြက် အခန်းထဲဝင်လာတယ်။
“ကြိုဆိုပါတယ် မိတ်ဆွေကြီး၊ မင်းရဲ့စွန့်စားခန်းတွေပြီးသွားပြီလား။ မှတ်တမ်းတွေဘာတွေရေးလာပြီး စာအုပ်ထုတ်ချင်တယ်ဆိုရင် ငါ့ကိုပြောနော်။”
အောင်ထက်မြက်ကို ကျွန်တော်မြင်မြင်ချင်းမှာပဲ မျက်မှောင်ကြုတ်လိုက်မိတယ်။ သူပဲ အခန်းထဲဝင်လာတာမဟုတ်ဘူး။ အမျိုးသမီးငါးယောက်လောက်လည်း အတူလိုက်ဝင်လာကြတာ။ အားလုံးက အပျော်မယ်ဆန်ဆန်ဝတ်ထားကြပြီး လူမျိုးပေါင်းစုံပဲ။
ကသည်း၊ မွန်၊ တရုတ်၊ ခမ်သီ၊ ရွှေရောင်ဆံပင်နဲ့ နိုင်ငံခြားသူ။ ပြီးတော့ ဒီအမျိုးသမီးတွေအားလုံးက အောင်ထက်မြက်ကို တွယ်ကပ်နေကြတယ်။ အောင်ထက်မြက်က ကျွန်တော့်အကြည့်ကို သတိထားမိသွားပြီး ပြုံးလိုက်လေရဲ့။
“အော်... ငါမင်းကို မိတ်ဆက်ပေးဖို့မေ့နေတာပဲ။ သူတို့က ငါ့ရဲ့ကိုယ်လုပ်တော်တွေလေ။ ငါတို့ရောက်နေတဲ့နေရာက တခြားကမ္ဘာက ပဒေသရာဇ်နိုင်ငံမလို့ မိန်းမအများကြီးယူတာက အထူးအဆန်းမဖြစ်သင့်ဘူးထင်တာပဲ။”
“ထားပါတော့လေ၊ ငါ့မှာ မင်းကိုမေးစရာတစ်ခုရှိလို့လာခဲ့တာ။”
ကျွန်တော်က ပြောပြောဆိုဆိုနဲ့သံလိုက်အိမ်မြှောင်ကို စားပွဲပေါ်ပစ်တင်လိုက်တယ်။ အောင်ထက်မြက်ကလည်း အဲဒီသံလိုက်အိမ်မြှောင်ကို ကြည့်လိုက်ပြီး ခွန်းတုံ့ပြန်တယ်။
“ကြယ်ရဲ့ခြေရာခံသံလိုက်အိမ်မြှောင်လား။ မင်းပစ္စည်းတစ်ခုခုပျောက်သွားတာလား။”
ကျွန်တော်က အောင်ထက်မြက်ကို ထပ်ကြည့်တော့ ဒီလူက တမင်သက်သက် ကျုပ်ကိုကစားနေမှန်း သတိထားမိတယ်။ ကျုပ်ဘာမေးမယ်ဆိုတာကို သူသိပြီးသား။ ဒါပေမဲ့ သူက တိုက်ရိုက်မဖြေဘဲ ရန်စနေတယ်။ တော်တော်မျက်နှာထူတဲ့လူပဲ။
“ငါ့ဘေးက ကောင်လေးအရွယ်လောက်ပဲရှိတဲ့ ကောင်မလေးတစ်ယောက် ပျောက်သွားလို့ လိုက်ရှာနေတာ။ မင်းရဲ့လူတွေက သူ့ကိုဖမ်းခေါ်သွားတာ ငါသိတယ်။ သူက ငါ့တပည့်မလို့ ပြန်ပေးပါ။”
ကျွန်တော်လည်း ကွေ့ဝိုက်မနေဘဲ ပြောလိုက်တယ်။ ဒီကောင်ဘာကြံနေမှန်းမသိပေမဲ့ ဓားပေါ်လက်တင်ထားမိပြီ။ အောင်ထက်မြက်ကလည်း သူ့လက်ကိုဖြန့်လိုက်ပြီး ဧည့်ခန်းဗီရိုပေါ်မှာတင်ထားတဲ့ မှော်ဝင်ခွက်က သူ့လက်ထဲ အလိုလိုလက်ထဲရောက်လာတယ်။
“ကလေးတစ်ယောက်ကို ငါ့လူတွေက ဖမ်းခဲ့တယ်။ အဲဒီလိုအဖြစ်မျိုး ရှိတာလား။” သူက မသိကျိုးကျွံပြုရင်း ကျွန်တော့်နောက်ကို ကျော်ကြည့်လိုက်တယ်။
“ဟေး၊ ချီယိုမီ။ အဲဒီလိုအဖြစ်မျိုး ရှိခဲ့တာလား။”
ကျွန်တော်လည်း ထိတ်လန့်သွားပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ အနက်ရောင်အဝတ်အစားတွေဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က နောက်မှာရှိနေပြီး ကျွန်တော့်ကို ဓားနဲ့မိုးထားတာ သတိထားမိလိုက်တယ်။ ပြီးတော့ အဲဒီဓားက မြန်မာပြည်က ဓားမဟုတ်ဘူး။
“နင်ဂျာတိုဓားအမျိုးအစားလား၊ မင်းက ဘယ်လိုလုပ်ပြီး ရှီနိုဘီတစ်ယောက်ကို ရှာတွေ့ခဲ့တာလဲ။”
ကျွန်တော့်လည်မျိုကို နင်ဂျာက မသိမသာဓားနဲ့ထောက်ထားနိုင်တယ်ဆိုတဲ့အသိကြောင့် ကျောချမ်းသွားတယ်။ အောင်ထက်မြက်ကတော့ ရယ်မောလိုက်ပါတယ်။
“ဒီကမ္ဘာကြီးက ငါတို့ကမ္ဘာနဲ့ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးတူပြီး မှော်ပညာတည်ရှိနေတာပဲ မူလကမ္ဘာနဲ့ ကွဲပြားတဲ့ကမ္ဘာလေ။ ဒါကြောင့် ငါလိုကုန်သည်တစ်ယောက်အနေနဲ့ ရှီနိုဘီမိန်းကလေးတစ်ယောက်ကို ရှာဖို့မခက်ပါဘူး။ အဲဒီနိုင်ငံကို ဒီမှာတော့ ဆန်ဆိုခုနိလို့ခေါ်ကြတယ်။ အဆက်မပြတ်စစ်ဖြစ်နေတဲ့ ကျွန်းနိုင်ငံပေါ့။”
ကျွန်တော် မျက်မှောင်ကြုတ်လိုက်ပါပြီ။ ဒီကမ္ဘာမှာ အောင်ထက်မြက်ကို နောက်ထပ်ခေါ်တဲ့ နာမည်တစ်ခုရှိသေးတယ်။ ပညာရှိမိစ္ဆာကောင်တဲ့။ စီးပွားရေးလုပ်ရာမှာ ကောက်ကျစ်ပြီး ကြောက်စရာကောင်းတဲ့လှည့်ကွက်တွေ သုံးနိုင်လို့ပဲ။
“ဒီမိန်းကလေးက ငါ့ရဲ့ခြောက်ယောက်မြောက် ကိုယ်လုပ်တော်ပဲ။ ပြီးတော့ ကိုယ်ရံတော်လည်း ဖြစ်တယ်။ ငါ့ရဲ့ကိုယ်လုပ်တော်တိုင်းက ထူးခြားတဲ့အတတ်ပညာတွေကိုတတ်မြောက်ပြီး ငါ့ကိုကာကွယ်ပေးဖို့ အသင့်ဖြစ်နေကြတာ။”
ကျွန်တော် သူ့ကိုယ်လုပ်တော်တွေကို သေချာပြန်ကြည့်လိုက်တယ်။ သူ့စကားက အမှန်ပဲ။ တရုတ်လူမျိုးက ဗျပ်စောင်းပေါ်မှာ လက်တင်ထားပြီး ရွှေရောင်ဆံပင်နဲ့အနောက်တိုင်းသူက မီးခတ်ပစ္စတိုသေနတ်ကိုအင်္ကျီအောက်မှာ ဝှက်ကိုင်ထားတယ်။ မွန်အမျိုးသမီးကတော့ မှော်နှင်တံကိုင်ထားပြီး ခမ်သီနဲ့ကသည်းသူကတော့ ဓားတွေကိုယ်စီနဲ့ပါ။
“ဒါပေမဲ့ ကိုမျိုးဇင်အနေနဲ့ အမြင်မစောင်းလိုက်ပါနဲ့နော်။ ခင်ဗျားလို စစ်နတ်ဘုရားက ကျုပ်ကိုလာတွေ့မှတော့ ကျုပ်ကိုကျုပ်ကာကွယ်ဖို့ ပြင်ဆင်ထားရတာပေါ့။”
ကျွန်တော် ခံပြင်းမိတယ်။ သီဟကတော့ လက်ရှိအခြေအနေတွေကို နားမလည်နိုင်ဖြစ်နေပြီးတော့ တုန်လှုပ်နေပါပြီ။
“ဒီတော့ အဲဒီကိစ္စမျိုး တကယ်ရှိခဲ့လား၊ ချီယိုမီ။” အောင်ထက်မြက်က ထပ်မေးတယ်။ ရှီနိုဘီက အောင်ထက်မြက်ရဲ့နောက်မှာ ဝင်ရပ်ပြီး နားနားကပ်ပြောတယ်။ အောင်ထက်မြက်ကတော့ ခေါင်းညိတ်လိုက်ပြီး
“ဟုတ်သားပဲ၊ ငါမေ့နေတာ။ ခုနစ်ယောက်မြောက် ကိုယ်လုပ်တော်ရှာဖို့အတွက် မင်းတို့ကိုခိုင်းထားတာရှိတာပဲ။ ဘာပဲပြောပြော ခုနစ်ဆိုတဲ့နံပါတ်က လက်ကီးလေ။ မကြာသေးခင်ကပဲ လုံးဝကိုထူးခြားပြီး သာမန်နဲ့မတူတဲ့ ကလေးမလေးကို မင်းတို့ရှာတွေ့လာတယ်ဆိုလား။ မိစ္ဆာမျိုးနွယ်ကဆို...”
“ဒီမအေ-ိုး...”
ကျွန်တော့်ဓားက ဓားအိမ်ထဲကနေ ထွက်လာပြီး ကြီးမားတဲ့ အငွေ့အသက်တွေက အောင်ထက်မြက်ပေါ်ကို ကျဆင်းလာတယ်။ အောက်ထက်မြက်ကလည်း သူ့ခွက်ကို မြှောက်လိုက်တယ်။
“ချုပ်နှောင်ထားစမ်း။”
သူ့လက်ထဲက ရွှေရောင်ခွက်က ရုတ်တရက်ကြီးမားကျယ်ပြန့်လာပြီး မှောက်ခုံလန်သွားကာ ကျွန်တော်တို့ကို အုပ်စောင်းနဲ့အုပ်သလို အုပ်ထားလိုက်ပါပြီ။
“ဦးလေး၊ ဒါက။”
“ခွက်သူရဲကောင်းရဲ့အစွမ်းပဲ။ သူက ရန်သူတွေကို ချုပ်နှောင်တဲ့နေရာမှာ ကျွမ်းကျင်အဆင့်ပဲ။”
“ဒါဆို၊ ကျွန်တော်တို့ ဒုက္ခရောက်ပြီလား။”
“အဲဒီလိုတော့မဟုတ်ဘူး၊ ငါဒါကိုဖောက်ထွက်နိုင်တယ်။ မင်းက ငါဖောက်ထွက်နိုင်တာနဲ့ စံအိမ်ထဲမှာ ခြူးကိုလိုက်ရှာ။ အဲဒီမိန်းမတွေရော ခွက်ကောင်ကိုပါ ငါထိန်းထားလိုက်မယ်။”
ကျွန်တော်က ဓားကိုလက်နှစ်ဖက်နဲ့ကိုင်ကာ ခေါင်းပေါ်အထိမြှောက်လိုက်ပြီး အပေါ်မိုးဓားချက်နဲ့ခွက်ရဲ့ရွှေရောင်နံရံကို အားကုန်ခုတ်ချလိုက်တယ်။ ရွှေခွက်က ချက်ချင်းကွဲအက်သွားပြီး အရွယ်အစားက ပြန့်ကျုံဝင်ကာ ခွက်သူရဲကောင်းလက်ထဲ ပြန်ရောက်သွားတယ်။
“သွားတော့၊ ကောင်လေး။” ကျွန်တော်ပြောလိုက်တယ်။ သီဟက အချိန်ရတုန်းက ဧည့်ခန်းထဲကနေ ပြေးထွက်တယ်။
“အဲဒီကောင်လေးကို မလွတ်စေနဲ့။” အောင်ထက်မြက်က သတိပေးလိုက်တယ်။ ခမ်သီမိန်းမနဲ့ကသည်းမိန်းမက သူတို့ဓားတွေကိုထုတ်ပြီး ကောင်လေးကိုလိုက်ပေမဲ့ ကျွန်တော်က သူတို့ရှေ့မှာပိတ်ရပ်ပြီး တစ်ယောက်ကို ဓားတစ်ချက်နဲ့ အဆုံးသတ်ပေးကာ ဓားသွားပေါ်တင်နေတဲ့ သွေးတွေကို ခါချလိုက်တယ်။
“မင်းက ပိုအစွမ်းထက်လာတာပဲ။” အောင်ထက်မြက်က ချီးကျူးလာတယ်။
“မင်းကတော့ အရင်ကထက်တောင် ပိုအားနည်းလာသေးတာပဲ။ မလေ့ကျင့်ဘဲ အဲဒီမိန်းမတွေအတွက်ပဲ အချိန်ကုန်နေတာမဟုတ်လား။”
ကျွန်တော် သူ့ကိုဓားနဲ့ရွယ်ရင်း ပြောလိုက်တယ်။ သူကတော့ အခုထိ သေသွားတဲ့ ကိုယ်လုပ်တော်နှစ်ယောက်ကြောင့် ဒေါသထွက်နေသေးပုံပဲ။
“မင်းသတ်လိုက်တဲ့နှစ်ယောက်က ငါကိုယ်တိုင်ကျွန်စျေးမှာ တစ်ယောက်ကို ရွှေပြားနှစ်သောင်းကျော်နဲ့ လေလံဆွဲထားတာနော်။”
“နားညည်းတယ်။” ကျွန်တော် သူ့ဆီကို ဓားနဲ့ပြေးဝင်တယ်။ ဗျပ်စောင်းကိုင်ထားတဲ့ တရုတ်အမျိုးသမီးကလည်း သူ့ရဲ့ကြွေရုပ်လိုနုနယ်တဲ့ လက်ချောင်းတွေနဲ့ ဗျပ်စောင်းကိုစတီးပြီး တိုက်စစ်ဆင်တယ်။ အသံလိုင်းတွေက ဓားသွားပမာပြောင်းသွားပြီး ကျွန်တော့်ကို ထက်ပိုင်းဖြတ်ပစ်ဖို့ ကြိုးစားတဲ့အတွက် ဘေးကို ကျွမ်းထိုးပြီး ရှောင်လိုက်ရတယ်။
ဒါပေမဲ့ ကျွန်တော်က တစ်ပြိုင်နက်တည်း တန်ပြန်တိုက်စစ်ဆင်တဲ့အနေနဲ့ဓားကို လက်ကနေ ပစ်လိုက်တယ်။ ဓားက တရုတ်အမျိုးသမီးရဲ့ရင်မှာစိုက်ပြီး ချက်ချင်းအသက်ပျောက်သွားတယ်။ အဲဒီနောက်မှ ဓားကိုပြန်နှုတ်ယူရုံပဲ။
“ဂျက်စမင်နဲ့ခင်နှင်း၊ အဲဒီကောင်ကိုသတ်ဖို့ ငါ့ကိုကူညီပေး။ ချီယိုမီ၊ ဟိုကလေးနောက်ကိုလိုက်။”
“ဟုတ်...”
အောင်ထက်မြက်လည်း ဗျူဟာစပြောင်းတယ်။ နင်ဂျာအမျိုးသမီးက အခန်းထဲက ပျောက်သွားပြီး ကျန်တဲ့သူတွေက ကျွန်တော့်ကို စတိုက်တယ်။ ပြီးတော့ ဒီလောက်များတဲ့ပြိုင်ဖက်တွေကို ဘယ်လိုသူရဲကောင်းပဲဖြစ်ဖြစ် အချိန်တိုအတွင်းမှာ အနိုင်ယူဖို့မဖြစ်နိုင်ဘူး။
ဒိန်း....
ကျည်တစ်တောင့် ကျွန်တော့်မျက်နှာနားကနေ ဖြတ်သွားပြီး မကြာခင်မှာပဲ သက်နှုတ်မှော်ဂါထာတစ်ခုက ရင်ဝဆီကို တည့်တည့်ဝင်လာတာကြောင့် ဓားကိုကန့်လန့်ဖြတ် ရင်ဝမှာကာပြီး ကိုယ့်အသက်ကိုယ် ကာကွယ်လိုက်ရတယ်။
“ဟေ့ကောင်၊ မင်းက ငါ့ထက်သန်မာတယ်ဆိုရင်တောင်မှ ငါ့စွန့်စားသူပါတီရဲ့အစွမ်းအောက်မှာ မင်းသေမှာပဲ။ မင်းရဲ့စွန့်စားသူပါတီကို ပြန်ဖွဲ့ခဲ့သင့်တယ်ကွ။ ဝက်နဲ့တိုက်ပြီး အကုန်သေသွားတည်းက မင်းမှာ စွန့်စားသူပါတီမရှိတော့တာမဟုတ်လား။”
အောင်ထက်မြက်ရဲ့ရူးကြောင်ကြောင်စကားတွေကို နားထောင်ရတာ ကျွန်တော်ငြီးငွေ့လာနေပြီ။ ဒီကောင်ကို အစကတည်းက လောဘကြီးတဲ့ကောင်မှန်းသိပေမဲ့ တဏှာရူးမှန်းတော့ မသိခဲ့ဘူး။ နောက်ပြီး သူနဲ့တိုက်ရတာ အတော်အာရုံနောက်ဖို့ကောင်းပါတယ်။ ကိုယ်တိုင်က သိပ်မသန်မာပေမဲ့ ကျန်တဲ့မိန်းမနှစ်ယောက်က သူရဲကောင်းမဟုတ်တဲ့သူတွေထဲ အတော်သန်မာတယ် ပြောလို့ရတယ်။
“ငါ့ရဲ့ရန်သူတော်ကို ချုပ်နှောင်ထားကြလော့။”
ရုတ်တရက် သံကြိုးတွေ အောက်ထက်မြက်ရဲ့ခွက်ကနေ ထွက်ပေါ်လာပြီး ကျွန်တော့်ခြေတွေလက်တွေကို တုပ်နှောင်ထားလိုက်တယ်။ အောင်ထက်မြက်က မှော်ဆရာတစ်ယောက်၊ ဒါပေမဲ့ ပိုးနှင်းဖြူလိုမျိုး ကုသရေးမှော်တွေနဲ့သဘာဝမှော်တွေကို အသုံးပြုတဲ့သူမဟုတ်ဘူး။ ဒီလူက ကျိန်စာတွေကိုအသုံးပြုတဲ့ မှော်ကဝေပါ။ မိန်းမနှစ်ယောက်ကပါ သူ့ကိုအားကူဖြည့်နေတော့ သူ့ကိုရင်ဆိုင်ဖို့ခက်တယ်။
ကျုပ်က ခန္ဓာကိုယ်ကိုအကန့်အသတ်ရောက်တဲ့အထိလှုပ်ရှားပြီး ဓားနဲ့ကြိုးတွေကိုပိုင်းဖို့လုပ်ပေမဲ့ လက်တွေပါ အတုပ်ခံထားရတာလေ။ ကြိုးစားရုန်းကနေတဲ့ကြားကမှ ကျုပ်လက်ထဲကဓား ပြုတ်ကျသွားပြီ။
“ဟုတ်ပြီ၊ သေလိုက်တော့။ ငါ့ရဲ့ရန်သူတော်ကို ငရဲမီးလောင်မြိုက်စေလော့။”
အောက်ထက်မြက်စကားဆုံးတာနဲ့ မှော်စက်ဝန်းတစ်ခုက ကြမ်းပြင်မှာပေါ်လာပြီး ကျုပ်ကို မီးလောင် တိုက်သွင်းဖို့လုပ်တယ်။ ခံပြင်းလိုက်တာ။
“အတည်တိုက်မှရမယ်ထင်တယ်။”
ဓားနှလုံးသား။
ကျွန်တော့်ရဲ့လက်တွေခြေတွေအားလုံး တုပ်နှောင်ခံထားရလို့ လှုပ်မရတဲ့အချိန်မှာ စွမ်းအားတစ်ခုကိုပဲ ကျွန်တော်တွေးမိတယ်။ ဓားသူရဲကောင်းအဖြစ် လေ့ကျင့်စဥ်တုန်းက ကျွန်တော့်ဆရာပြောတာကို သတိရသေးတယ်။ ဓားသမားကောင်းတစ်ယောက်က လက်နက်တိုင်းကို ဓားအဖြစ်ပြောင်းနိုင်တယ်တဲ့။ သူကိုယ်တိုင်ကလည်း သစ်ကိုင်းတစ်ချောင်းတည်းနဲ့ ရန်သူနှစ်ဆယ်လောက်ကို နိုင်ဖူးတဲ့သူပါ။
ဒါပေမဲ့ ကျွန်တော်ကတော့ သူရဲကောင်းလေ။ သူရဲကောင်းတစ်ယောက်က သာမန်လူတွေထက် ပိုလုပ်နိုင်တယ်။ လက်ထဲမှာ ဘာဆိုဘာမှရှိမနေရင်တောင် ကိုယ့်ကိုယ်ကိုယ် လက်နက်အဖြစ်ပြောင်းလဲနိုင်တယ်။
“ဓားသည်လည်း ငါ၊ ငါသည်လည်း ဓား။ ဓားနှင့်လူတစ်သားတည်း။ ငါ၏အရိုးတို့သည်လည်း ဓားဖြစ်သည်။ ငါ၏အသွေးအသားတို့သည်လည်း ဓားဖြစ်သည်။ ငါ၏နှလုံးသားသည်လည်း ဓားဖြစ်သည်။”
တော်တော်လေးရှည်တဲ့ ဂါထာဖြစ်ပေမဲ့ ဒီဂါထာကိုသုံးဖို့ကလွဲလို့ ကျန်တဲ့နည်းမရှိတော့ဘူး။ ဆိုးကျိုးရှိပြီး ခန္ဓာကိုယ်ကို ထိခိုက်နိုင်တယ်ဆိုပေမဲ့မပေါ့။
ဂါထာဆုံးတာနဲ့ ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးမှာ ထက်ရှတဲ့စွမ်းအားတွေ စုစည်းလာနေပြီး မကြာခင်မှာပဲ အောက်ထက်မြက်ရဲ့ကျိန်စာကြိုးတွေကို လက်လှုပ်ရုံနဲ့ဖြတ်နိုင်သွားတယ်။ ကျိန်စာကြိုးတွေကတော့ အပိုင်းပိုင်းအစစဖြစ်ကုန်ပြီး ကြမ်းပြင်ပေါ် ပြန့်ကျဲကျဆင်းကုန်ပြီး ပျောက်ကွယ်ကုန်ပါတယ်။
တစ်ဖက်မှာတော့ကြမ်းပြင်က အောက်ထက်မြက်ရဲ့ဂါထာကြောင့် အရည်ပြိုလုနီးပါးပူနေပြီ။ နောက်စက္ကန့်နည်းနည်းလေးလောက်သာ နောက်ကျရင် မှော်ငရဲမီးနဲ့အတူ ပြာကျနေလောက်ပြီဆိုပေမဲ့ အချိန်မီ ခုန်ထွက်နိုင်ခဲ့တယ်။
ဘုန်း....
မီးတာငါးဆယ်လောက်ရှိတဲ့ မီးတောက်မီးလျှံကြီးကအောက်ထက်မြက်ရဲ့အိမ်တော်ခေါင်မိုးကို ဖြိုချပစ်လိုက်ပြီ။ အခုသူ့တစ်အိမ်လုံး မီးလောင်နေတယ်။ကျွန်တော့်ခန္ဓာကိုယ်ကတော့ ဓားနှလုံးသားဂါထာကြောင့် လက်နက်တစ်ခုလိုဖြစ်နေဆဲဖြစ်ပြီး ထက်ရှတဲ့ အငွေ့အသက်တွေက တစ်ကိုယ်လုံးကို ရစ်ပတ်ထားတယ်။
“သေလိုက်တော့...” အောင်ထက်မြက်ဘက်ကို ကျွန်တော်လက်သီးနဲ့ထိုးလိုက်တယ်။
“ပေါ... ပေါကြွယ်ဝခြင်း...” သူကလည်း ရွှေခွက်ကိုအကြီးကြီးဖန်ဆင်းပြီးကာပေမဲ့ သူ့မိန်းမနှစ်ယောက်ဖို့တော့မပါဘူး။ ဓားနှလုံးသားကြောင့် ဓားသွားလိုဖြစ်နေတဲ့ လက်သီးချက်က လေထုကိုဖောက်ခွဲပစ်လိုက်ပြိး အောင်ထက်မြက်ရဲ့နောက်ဆုံးလက်ကျန် ကိုယ်လုပ်တော်နှစ်ယောက်ဟာ လေထုပေါက်ကွဲမှုအတွင်း ကျဆင်းကာ အသက်ပျောက်ကုန်ကြတယ်။ ဘယ်လိုပုံစံလည်းတော့ မပြောပါရစေနဲ့တော့။ ရုပ်ပျက်ဆင်းပျက်ပါပဲ။
ရွှေခွက်ကြီးနောက်မှာပုန်းနေတဲ့ အောင်ထက်မြက်ကတော့ ကံကောင်းသွားတယ်။ သူ့ကိုထပ်ပြီး ပညာပေးချင်ပေမဲ့ ကောင်လေးနောက်ကိုလိုက်သွားတဲ့ ရှီနိုဘီအကြောင်းတွေးမိတော့ ဆန့်ကျက်ဘက်နေရာကို ပြေးသွားမိတယ်။
....
“ကောင်လေး။” ကျွန်တော် ကောင်လေးကိုရှာတွေ့တော့ သွေးအလိမ်းလိမ်းနဲ့ မြေပေါ်မှာလဲကျနေတာ တွေ့ရတယ်။ ဒီနေရာက ရှာဖို့သိပ်ခက်ဘူး။ ခြံဝင်းရဲ့အဆုံးမှာ အကျဥ်းခန်းလိုနေရာမျိုးရှိနေတာ။ အကျဥ်းခန်းတစ်ခုမှာ သံကြိုးတွေနဲ့တုပ်နှောင်ခံထားရတဲ့ ခြူးရှိနေပြီး “ဦးလေး...ကြီး...” လို့ မပီမသရေရွတ်လိုက်တယ်။ သီဟက သူ့ရှေ့မှာလဲကျပြီး သတိလစ်နေတာ။
ရှီနိုဘီကတော့ ကျွန်တော့်ကို လှည့်ကြည့်တယ်။ သူ့မျက်လုံးထဲမှာ ထိတ်လန့်အံ့ဩမှုက အထင်းသားပါ။
“မဖြစ်နိုင်တာ၊ အခုမှ မိနစ်ပိုင်းပဲ ရှိသေးတာလေ။”
ဟုတ်တယ်၊ ကျွန်တော့်အတွက် ခွက်ကောင်နဲ့သူ့မိန်းမတွေကို အနိုင်ယူဖို့က အဲဒီလောက်ပဲ ကြာခဲ့တာ။ ကျွန်တော်က ကောင်လေးကို ကြည့်လိုက်ပါတယ်။ သူ့ကိုယ်မှာ ဒဏ်ရာတွေရှိနေပေမဲ့ သေကွင်းသေကွက်ကိုမဟုတ်ဘူး။ ပြီးတော့ ကောင်လေးက မတိုက်ခိုက်တတ်ဘူးဆိုတော့...
“ဟေး၊ ကောင်မ။ အဲဒီကောင်လေးကို နင်မသတ်ဘဲ ကစားနေခဲ့တာမဟုတ်လား။”
ချီရိုမီလို ရှီနိုဘီအနေနဲ့ ကောင်လေးကို စက္ကန့်မခြားဘဲ သတ်နိုင်တယ်။ လိုက်မီသွားပြီး ခုထိအသက်ရှိနေကတည်းကိုက ဒီဟာမက ဦးနောက်မမှန်ဘဲ နှိပ်စက်နေခဲ့တာကြောင့်ပဲဖြစ်မှာ။ ချီရိုမီက ကျွန်တော့်ကိုလှည့်ကြည့်လိုက်ပြီး သွေးစွန်းနေတဲ့ ဓားဖျားကို လျာနဲ့လျက်လိုက်တယ်။
“ရှင်ကြည့်ရတာ သောက်ကျိုးနည်း သန်မာမယ့်ပုံပဲ။ ကျွန်မကို ခွင့်ပြုပါဦး။” ရှီနိုဘီအမျိုးသမီးက ပြေးဖို့လုပ်ပေမဲ့ ကျွန်တော်က ဓားချက်ကို ထုတ်ဖော်နှင့်ပြီးနေပြီ။ သူက နင်ဂျာတိုဓားနဲ့ခုခံဖို့လုပ်ပေမဲ့ ဒဏ္ဍာရီလာ ငှက်ကြီးတောင်ဓားက သူ့ဓားကို ထက်ပိုင်းဖြတ်ပစ်ပြီး လည်ချောင်းကိုပါ ပိုင်းဖြတ်ပစ်လိုက်တယ်။
ရှီနိုဘီအမျိုးသမီး ဒူးထောက်ကျသွားပြီး အသက်မရှိတော့တဲ့နောက်တော့ ကျွန်တော်လည်း ခြူးတို့ဘက်ကို အာရုံစိုက်လိုက်ပြီးခြူးရဲ့သံကြိုးတွေနဲ့ ဓားနဲ့ပိုင်းဖြတ်ပေးလိုက်တယ်။ ခြူးက ကျွန်တော့်ကို ကြည့်လိုက်ပြီး ဝမ်းသာအားရ ဖက်လိုက်တယ်။
“ခြူး၊ လမ်းလျှောက်နိုင်လား။” ကျွန်တော်က ပြန့်စပြုလာပြီဖြစ်တဲ့ မီးအခြေအနေကို ကြည့်ရင်းမေးလိုက်တယ်။ ခြူးက ခေါင်းညိတ်လိုက်ပြီး ထလိုက်တယ်။ သူ့တစ်ကိုယ်လုံးမှာ ညိုမည်းစွဲရာတွေနဲ့ သံကွင်းရာတွေရှိနေပေမဲ့ သူက ကျွန်တော့်ကို ယောင်ယောင်လေး ပြုံးပြလိုက်ပါတယ်။
“ဦးလေးသေချာပေါက် လိုက်လာမယ်ဆိုတာ သမီးသိသားပဲ။”
ခြူးအဆင်ပြေမှန်း သိပြီးတဲ့နောက်တော့ ကျွန်တော်က ကောင်စုတ်လေးသီဟဘက်ကို ကြည့်လိုက်ပါတယ်။ သူက သတိလစ်ပြီး ဒဏ်ရာတွေက အသက်အန္တရာယ်မရှိသေးပေမဲ့ သွေးထွက်လွန်ပြီး သေနိုင်သေးတယ်။ ဒါကြောင့် သူ့ကိုဆွဲခေါ်ပြီး မီးလောင်နေတဲ့ စံအိမ်ထဲကနေ ထွက်လာခဲ့ပါတယ်။
စံအိမ်အပြင်ရောက်မှပဲ သူ့ဒဏ်ရာတွေကို သွေးတိတ်အောင် ပက်တီးစည်းပေးလိုက်ပါတယ်။ စံအိမ်ကတော့ တစ်ခဏအတွင်းမှာပဲ မီးလောင်ပြီးရစရာမရှိတော့ဘူး။
“မင်းတို့တွေ... ငါ့စည်းစိမ်တွေကို မီးရှို့ပစ်ရဲတယ်ပေါ့။” ပြီးတော့ ဖုတ်ကောင်တစ်ကောင်လိုဖြစ်နေတဲ့ အောင်ထက်မြက်လည်း မီးလောင်နေတဲ့ စံအိမ်ထဲကနေ ဒယိမ်းဒယိုင်ထွက်လာကာ ကျွန်တော်တို့ကိုလက်ညိုးထိုး ပြောလိုက်တယ်။
“မင်းမသေသေးဘူးပဲ။” ဒီကောင်က အသက်ပြင်းသားလို့ ကျွန်တော်တွေးမိလိုက်တယ်။ နောက်တော့ ကျွန်တော်က ခပ်လှမ်းလှမ်းမှာရှိနေတဲ့ လမ်းမကြီးပေါ်ကို ကြည့်လိုက်ပါတယ်။ မြင်းစီးစစ်သည်တစ်ဒါဇင်လောက်က မြင်းကိုဒုန်းစိုင်းစီးလာနေပြီး တော်ဝင်အလံနဲ့မဟာဂီရိနတ်တောင်အလံတွေကို မြင်းတွေပေါ်မှာတင်လာတယ်။
“ခြူး၊ ကောင်လေးကိုခေါ်ပြီး ဝေးရာပြေးတော့။ အဲဒါ ရန်သူတွေပဲ။”