← Chapters

မာန်နတ်၏သမီးတော် Chapter 7 - လျှို့ဝှက်ချက်များ

Vol. 7 Ch. 7

မာန်နတ်၏သမီးတော် Chapter 7 - လျှို့ဝှက်ချက်များ

Vol. 7 Ch. 7

ခြူးတို့ ဘေးလွတ်ရာကို ထွက်ပြေးသွားပြီ။ တခြားသူရဲကောင်းသုံးယောက်ကတော့ ကျွန်တော့်ကိုဝန်းရံထားတယ်။ သူတို့ရဲ့တပ်ဖွဲ့တွေကလည်း ကျွန်တော့်ကို လက်နက်တွေနဲ့ချိန်ထားကြတာပေါ့။

“နက်ပြာရောင်ဆံစကိုမြင်ကတည်းက တစ်ခုခုမှားနေပြီဆိုပြီး တွေးခဲ့မိတာ၊ သေချာစစ်ဆေးကြည့်ပြီးတော့ မိစ္ဆာဆံပင်ဆိုပြီး အဖြေထွက်လာတာပဲ။”

ပိုးနှင်းခြူက ရထားလုံးပေါ်ကနေ ဆင်းလိုက်ပါတယ်။ သူ့ကို နတ်တော်တပည့်တွေက ဝိုင်းရံထားတယ်။ လက်ထဲမှာတော့ ကျွန်တော်နဲ့ဆင်တူကြယ်သံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်ထားလို့ပေါ့။

“အစ်ကိုမျိုးဇင်က အဲဒီလိုလူမျိုးလို့ ထင်မထားခဲ့ဘူး။ မိစ္ဆာတစ်ကောင်ကို လျှို့ဝှက်ပြီးပျိုးထောင်ပေးခဲ့တာလား။”

ညီသုတကလည်း မြင်းပေါ်ကနေပြီး ဆင်းလာပါတယ်။ သူတို့နှစ်ယောက်က ကျွန်တော်ထွက်သွားဖို့ ဖြစ်နိုင်​ခြေရှိတဲ့ လမ်းတွေကိုပိတ်ပြီး ပြောလိုက်ကြတာ။ အောင်ထက်မြက်ကလည်း ကျွန်တော့်နောက်မှာရှိနေပြီး သူ့ရဲ့ဆုံးရှုံးမှုတွေအတွက် လက်စားချေဖို့ အသင့်ဖြစ်နေပါတယ်။

“ကိုမျိုးဇင်၊ ကလေးကို ထုတ်ပေးပါ။ ရှင်လည်း အဲဒီဟောကိန်းအကြောင်းသိနေတာပဲ။ အဲဒီကလေးက ကျွန်မတို့အားလုံးရဲ့ပျက်ကိန်းကို ယူဆောင်လာမယ့်အရာနော်။”

ပိုးနှင်းဖြူက ရှေ့ကိုတက်လာပြီး သူ့ရဲ့မှော်နှင်တံကို လက်ဝါးပေါ်ရိုက်လိုက်တယ်။ ကြယ်တာရာတွေရဲ့စွမ်းအားက ပိုးနှင်းဖြူကိုလွှမ်းခြုံသွားပြီး သန်မာတဲ့လူတစ်ယောက်ရဲ့အငွေ့အသက်က ကျွန်တော့်အပေါ်ကို အုပ်မိုးကျလာတယ်။

“အစ်ကိုမျိုးဇင်၊ ကျွန်တော်က ဟောကိန်းတွေဘာတွေ ဂရုမစိုက်ပေမဲ့ မိစ္ဆာတွေကြောင့် သေခဲ့တဲ့ လူတွေအများကြီးပဲ။ မိစ္ဆာတစ်ကောင် လူ့လောကထဲမှာရှိနေမှာ မလိုလားဘူး။ ဒါကြောင့်မလို့ လုပ်နေတာတွေကိုလက်လျှော့ပြီး ကျွန်တော်တို့နဲ့အတူ ဒီကိစ္စကိုဖြေရှင်းရအောင်။”

ညီသုတက ခါတိုင်းလိုပဲ လေသံအေးအေးနဲ့ပြောပေမဲ့ သူကလည်း သူ့နားသယ်မှာ ဆေးလိပ်တံလိုထိုးထားတဲ့ ​ဒဏ္ဍာရီလာရွှေတုတ်ကို တိုက်ခိုက်လို့ရတဲ့အရွယ် ပြောင်းလဲလိုက်တယ်။ သူ့အရှိန်အဝါကလည်း ကျွန်တော့်အပေါ်မိုးကျလာပြီ။

“ခွေးမသား၊ မင်းလုပ်ထားတာတွေအတွက် ပြန်ပေးဆပ်ရမယ်။” အောက်ထက်မြက်ကလည်း အချုပ်အနှောင်ဂါထာတွေရဲ့စွမ်းအားကို ထုတ်ဖော်ရင်း နောက်ကနေ တိုက်ဖို့စောင့်နေတယ်။

“စိတ်မကောင်းပေမဲ့ ငါ့သမီးကို ငါပြေးခိုင်းလိုက်ပြီ။ ပြီးတော့ မင်းတို့သူ့ကို ဘယ်တော့မှ ရှာမတွေ့စေရဘူး။”

ကျွန်တော်ဓားကို ဓားအိမ်ထဲကနေ ထုတ်လိုက်ပြန်ပြီ။ ဒဏ္ဍာရီလာဓားရဲ့အသွားတွေက သွေးဆာမှုကို ဖော်ပြတဲ့အနေနဲ့ ငွေဖြူရောင်မီးတောက်တွေစွဲလောင်နေတယ်။ ရှိသမျှသူရဲကောင်းတွေထက် ပိုသာတဲ့ဖိအားက ထွက်ပေါ်လာပြီး ကျန်တဲ့သူရဲကောင်းတွေရဲ့အရှိန်အဝါကို တွန်းလှန်လိုက်တယ်။

“ကိုမျိုးဇင်၊ ခင်ဗျားက အသန်မာဆုံးဆိုပေမဲ့ အခုက သုံးယောက်တစ်ယောက်နော်။ ခင်ဗျားဘယ်နည်းနဲ့မှ နိုင်မှာမဟုတ်ဘူး။”

“ရှင်က အရင်ငါးနှစ်ကလိုပဲ မိစ္ဆာတစ်ကောင်ရဲ့လှည့်ဖျားခြင်းကို ခံနေရရုံပါ။ ပြန်သတိဝင်လာပါတော့။”

သူတို့တွေက ဒီစကားတွေနဲ့အတူ တိုက်စစ်စဖွင့်ပါတယ်။ စိတ်မရှည်တော့တဲ့ အောင်ထက်မြက်က သူ့ရဲ့ရွှေခွက်နဲ့ ကျွန်တော့်ကိုလှောင်ပိတ်ဖို့ကြိုးစားပေမဲ့ ကျွန်တော်က ဓားနဲ့ပြန်ကာပြီး သူ့ရှေ့ကိုပြေးသွားလိုက်တယ်။ ဒေါသက ငယ်ထိပ်ရောက်နေပြီမလို့ သူ့ရင်ဘတ်ကို စလွယ်သိုင်းခုတ်ချလိုက်ပေမဲ့

“ကိုမျိုးဇင်၊ ခင်ဗျားရူးနေပြီလား။” ညီသုက သူ့ရဲ့တုတ်နဲ့ ကျွန်တော့်ဓားကို ပြန်ပက်ထုတ်လိုက်ပြီး အောင်ထက်မြက်ကို ကယ်လိုက်တယ်။

“ရှင်က တခြားသူရဲကောင်းတစ်ယောက်ကို သတ်ဖို့အထိတောင် စဥ်းစားနေပြီပဲ။” ပိုးနှင်းဖြူက ကြယ်နှင်တံကို မြှောက်လိုက်တယ်။ ကြယ်တာရာစွမ်းအားတွေက လေးကိုင်ထားတဲ့ မြင်းတစ်ပိုင်းလူတစ်ပိုင်းဆင်းတောကို ဆင့်ခေါ်လိုက်ပြီး ဆင်းတောက ကျွန်တော့်ကို မှော်မြားတွေနဲ့စပစ်တယ်။ ပစ်မလွဲ ဓနုရာသီနက္ခတ်စွမ်းအားမလို့ မလွဲနိုင်တာကြောင့် မြားတွေကို ဓားနဲ့ပက်ထုတ်ရုံအပြင် တခြားမရှိဘူး။

“ခြူး... ဝေးနိုင်သမျှ ဝေးဝေးကို ပြေးသွားလိုက်တော့။”

...

“နိုးလာပြီလား...”

တစ်စုံတစ်ယောက်ရဲ့နူးညံ့တဲ့စကားကြောင့် ကျွန်တော်မျက်လုံးကို ဖွင့်ကြည့်လိုက်ပါတယ်။ တစ်ကိုယ်လုံး နာကျင်နေပေမဲ့ နာကျင်မှုက ဖြည်းညှင်းစွာ သက်သာလာနေတယ်။ ပတ်ဝန်းကျင်က မှောင်ပိန်းနေပေမဲ့ မကြာခင်မှာပဲ အမှောင်ထုနဲ့အသားကျလာပြီး သူမရဲ့မျက်နှာကို ကျွန်တော်မြင်လာရပြီ။

ချောမွေ့ပြီး အပြစ်ကင်းစင်တဲ့မျက်နှာ။ သာမန်လူတွေမှာမရှိတဲ့ နက်ပြာရောင်ဆံပင်နဲ့ ခရမ်းရောင်မျက်သူငယ်အိမ်တွေ။ ပြီးတော့ အနက်ရောင်သန်းနေတဲ့ ချိုငယ်လေးတွေ။ ဒီမိန်းကလေးက ကျွန်တော့်ရဲ့တစ်ဦးတည်းသော သူငယ်ချင်း ခြူးပါ။

သူက ကျွန်တော့်ဒဏ်ရာတွေအပေါ်ကို လက်တင်ထားတယ်။ သူ့လက်တွေကို ထူးခြားတဲ့ အလင်းဓာတ်တစ်မျိုးက ဝန်းရံထားပြီး အဲဒီအလင်းက ကျွန်တော့်ရဲ့ဒဏ်ရာတွေကို ပြန်ကောင်းလာစေတာ။

“မှော်ပညာလား....”

“....” သူက စကားသံတစ်သံမှမထွက်ဘဲ ခေါင်းကို အသာညိတ်ပြတယ်။ ဟုတ်တယ်ဆိုတဲ့ သဘောပဲ။ ရုတ်တရက် ကျွန်တော်တို့ရှိနေတဲ့နေရာက ငလျင်လှုပ်သလို တုန်ခါသွားပြီး ဖုန်တွေအမှုန်တွေ ပြိုကျလာတယ်။

“ငါတို့က ဥမင်လိုဏ်ခေါင်းထဲမှာလား၊ အပေါ်မှာ ဦးလေးတို့ တိုက်ပွဲဖြစ်နေတယ်ထင်တယ်။”

ခြူးက ကျွန်တော့်လက်ကိုဆွဲတယ်။ ကျွန်တော်ခန္ဓာကိုယ်​က ဒဏ်ရာတွေပျောက်နေပြီမလို့ သူနဲ့အတူလိုက်ပြေးနိုင်ပြီဆိုပေမဲ့ ဒီလိုဏ်ဂူက ဘယ်ကစပြီး ဘယ်ကနေဆုံးမှန်း ကျွန်တော်မသိဘူးလေ။ ဒါပေမဲ့ ခြူးရဲ့သေချာနေတဲ့ပုံစံကိုကြည့်ရင်းနဲ့ ကျွန်တော်မေးချင်စိတ်မရှိတော့ဘူးဖြစ်သွားတယ်။ သူ့ကိုဆိုရင် ကျွန်တော်က ယုံကြည်ပေးဖို့ ဆုံးဖြတ်ထားခဲ့ပြီးသား။

“ဒီလိုဏ်ဂူက ခြံရဲ့ရေတွင်းအောက်ခြေမှာရှိနေတာ၊ ဘာကြောင့်မှန်းမသိပေမဲ့ ငါ့ကိုတစ်စုံတစ်ခုက လမ်းညွန်ပေးနေသလိုပဲ။”

ကျွန်တော်မမေးခဲ့ပေမဲ့ ခြူးက ပြန်ဖြေလိုက်တယ်။ လက်ရှိအခြေအနေက ခက်ထန်ပေမဲ့ သူ့မျက်နှာပေါ်မှာတော့ ပျော့ပြောင်းညင်သာတဲ့ အပြုံးတစ်ခုရှိလို့နေပါတယ်။

“အဲဒီအငွေ့အသက်က ငါငယ်ငယ်တုန်းက ရဖူးတဲ့ အငွေ့အသက်မျိုးပဲ။ ငါနဲ့တူပြီး နူးညံ့ညင်သာတယ်။”

​ပုံမှန်ဆိုရင် ခြူးက ကျွန်တော့်ကို စကားအရှည်ကြီးပြောတာရှားတယ်။ ဒါပေမဲ့ အခုတော့ ခြူးက စကားတွေအများကြီးပြောနေပြီး ကျွန်တော့်လက်ကိုဆွဲကာရှေ့ကနေ ပြေးနေတယ်။ လက်ရှိအခြေအနေကိုတွေးရင်းနဲ့ ကျွန်တော်ငိုမိတဲ့အထိပဲ။

မုဆိုးတစ်ယောက်ရဲ့သားအနေနဲ့ ကျွန်တော်နဲ့ကစားချင်တဲ့ ရွယ်တူဆိုတာ အတော်လေးရှားပါတယ်။ ဒါကြောင့် ခြူးက ကျွန်တော့်ရဲ့သူငယ်ချင်းဖြစ်လာခဲ့တာ။ ပြီးတော့ သူဒုက္ခရောက်ခဲ့တာလည်း ကျွန်တော့်ကြောင့်ဆိုပေမဲ့ ခြူးက ကျွန်တော့်ကို လက်ခံပေးနေတုန်းပဲ။

လိုဏ်ခေါင်းက သိပ်ကိုရှည်တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အဆုံးကိုမြင်လာရပြီး ပြင်ပက လရောင်ကို မြင်ရတယ်။ ကံမကောင်းချင်တော့ လိုဏ်ခေါင်းရဲ့အပြင်မှာ ကျွန်တော်တို့ကိုစောင့်နေတဲ့ သူတွေရှိနေတာပဲ။

“မင်းတို့တွေက ဘယ်သူတွေလဲ။” ကျွန်တော် ခြူးကိုကာကွယ်ပေးဖို့အတွက် သူမရှေ့မှာ ပိတ်ရပ်လိုက်ပြီး အဲဒီလူစိမ်းတွေကို ခြိမ်းခြောက်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

သူတို့ကိုဦးဆောင်လာတာ မိန်းမတစ်​ယောက်။ လှပနေဆဲဆိုပေမဲ့ မျက်နှာပေါ်မှာ အရေးအကြောင်းတွေထင်လာပြီဖြစ်တဲ့ မိန်းမတစ်ယောက်ပါ။

“အရပ်သားကလေးတစ်ယောက်ကများ မိဖုရားခေါင်ကြီးရဲ့တပ်တွေကို စော်ကားရဲတယ်။”

အစောင့်တွေထဲကတစ်ယောက်က ကျွန်တော့်ကိုဓားနဲ့ရွယ်ပေမဲ့ အဲဒီအမျိုးသမီးက လက်ကာပြလိုက်ပါတယ်။

“သူက ဒီအတိုင်းကလေးတစ်ယောက်မလို့ လွှတ်ထားလိုက်စမ်းပါ။ ပြီးတော့ ငါတို့ဒီကိုခိုးထွက်လာရတဲ့အကြောင်းအရင်းက သူ့နောက်က မင်းသမီးလေးကြောင့်လေ။”

အမျိုးသမီးက ကျွန်တော့်ပခုံးပေါ်ကိုကျော်ပြီး ခြူးကိုကြည့်တယ်။ ခြူးကတော့ အဲဒီအမျိုးသမီးကို သေချာအကဲခတ်နေဆဲပဲ။ နောက်တော့ သူက ပါးစပ်ကိုဟလိုက်ပြီး မေးလာတယ်။

“ကျွန်မနဲ့တူတဲ့ အငွေ့အသက်ကို ရှင့်ဆီကရနေတယ်။ ဘယ်သူလဲ။”

“ငါက ကာကီရာတိုင်းပြည်ရဲ့မိဖုရားခေါင်ကြီး ပုလဲဒေဝီပဲ။ ပြီးတော့ နင်ရနေတဲ့ အငွေ့အသက်က ဒီဟာလေးကြောင့်။” ပုလဲဒေဝီက သူ့ဆွဲထားတဲ့ ဆွဲကြိုးရဲ့ဆွဲသီးကို ထုတ်ပြလိုက်တယ်။ ကျွန်တော်မြင်ရသလောက် အဲဒါက ချိုတစ်ခုပဲ။ ခြူးရဲ့တူညီတဲ့ချို။ ဒါပေမဲ့ အရောင်ပိုရင့်ပြီး လုံးပတ်ကြီးတယ်။

“အရွယ်ရောက်ပြီး အဆင့်မြင့်မိစ္ဆာမရဲ့ချိုပဲ။ တိတိကျကျပြောရရင်တော့ ဗိုလ်ချုပ်လေးယောက်ထဲက အင်ဂရီရဲ့ဟာ။ နင်တို့မိစ္ဆာမျိုးနွယ်တွေက တခြားမိစ္ဆာတွေရဲ့တည်ရှိမှုကို အာရုံခံနိုင်တယ်။ ဒုက္ခရောက်နေတဲ့ ကလေးက အရွယ်ရောက်ပြီးတဲ့ မိစ္ဆာရဲ့အငွေ့အသက်အတိုင်းလိုက်ပြီး အားကိုးရှာတာ ပုံမှန်ပဲ။ ကဲ... ကောင်မလေး၊ မနာချင်ရင် ငါ့နောက်အသာတကြည်လိုက်ခဲ့ပေတော့။”

ကျွန်တော်က ပုလဲဒေဝီရဲ့မျက်နှာကို နောက်တစ်ခါ သေချာအောင်ကြည့်လိုက်တယ်။ သူက ခြူးကိုအဖိုးတန်ပစ္စည်းတစ်ခုလိုမျိုး ကြည့်နေတာ။ လုံးဝ သက်ရှိလို့မမြင်တဲ့ပုံစံပဲ။ ပြီးတော့ သူတို့နောက်လိုက်သွားတာ အန္တရာယ်များတဲ့ပုံပေါ်တယ်။

“ခြူး၊ နင်သူတို့နောက်ကို လိုက်သွားလို့မဖြစ်ဘူး။”

ကျွန်တော် သတိပေးလိုက်ပြီး ခြူးပခုံးကိုဆုပ်ကိုင်လိုက်ပေမဲ့ သူက ကျွန်တော့်လက်ကို ဆွဲဖယ်လိုက်တယ်။

“ငါသိတယ်... ဒါပေမဲ့ ထွက်ပြေးတော့....”

သူက ဒီလိုပြောပြီး မိဖုရားခေါင်ကြီးရဲ့တပ်တွေဆီကို တည့်တည့်ကြီးပြေးဝင်သွားတယ်။ သူက ကလေးတစ်ယောက်ဖြစ်ပေမဲ့ ဦးလေးလေ့ကျင့်ပေးထားတဲ့သူပါ။ ပြီးတော့ မိစ္ဆာမျိုးနွယ်ဝင်မလို့ သန်မာတယ်။ ချက်ချင်းဆိုသလိုပဲ ကာကီရာတပ်သား လေးငါးယောက်လောက်ကို မြေပေါ်လှဲသိပ်လိုက်နိုင်တယ်။ ဒါပေမဲ့ မိဖုရားခေါင်ကြီးကတော့ ပျော်ရွှင်နေတဲ့ပုံပဲ။

“နင်က ပိုအစွမ်းထက်လေ၊ ငါ့အတွက် တန်ဖိုးရှိလေပဲ။ ငါ့မှာ ဟိုခွက်နဲ့သူတောင်းစားလို ကျွမ်းကျင်သူတွေမရှိပေမဲ့ လူတွေအများကြီးရှိတယ်။ နင်က မိစ္ဆာဆိုရင်တောင်မှ အင်အားမမျှရင်သေမှာပဲ။”

“အရူးကောင်ရဲ့အမြန်ပြေးတော့...” ခြူးက ကျွန်တော့်ကို ထပ်ပြီးထွက်ပြေးခိုင်းပြန်တယ်။ ဒါပေမဲ့ ကျွန်တော်မပြေးနိုင်ဘူးလေ။ သူ့ကို မထားခဲ့နိုင်ဘူး။ ကျွန်တော်လည်း လဲကျနေတဲ့ တပ်သားတစ်ယောက်ရဲ့ဓားကိုကောက်ပြီး သူ့ကိုကူညီဖို့လုပ်ပေမဲ့ ကျွန်တော့်ထက် ပိုသန်မာတဲ့ တပ်သားတွေက ကျွန်တော်ကိုယ်ကိုသိုင်းဖက်ပြီး လည်မျိုကိုဓားနဲ့ထောက်ထားလိုက်တဲ့အတွက် ခြူးလည်း မတတ်သာဘဲ တိုက်နေတာကို ရပ်လိုက်ရတော့တယ်။

“....” ဒီတော့မှ ကျွန်တော် တော်တော်တုံးမှန်း သိရတော့တာ။ ခြူးက ကျွန်တော့်ကိုထွက်​ပြေးခိုင်းနေတာ ကျွန်တော့်ကိုစိတ်ပူလို့တင်မကဘဲ သူ့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေခဲ့တာကြောင့်ပဲ။

“မင်းသူငယ်ချင်းကို ဖမ်းထားလိုက်တော့ မင်းဘာမှမလုပ်နိုင်တော့ဘူးမဟုတ်လား။ ငါ့လူ​တွေ၊ သူ့ကိုချိန်းကြိုးခတ်ပြီး နန်းတော်ကိုခေါ်လာခဲ့။”

“အမိန့်အတိုင်းပါ။” ကျန်ရှိနေတဲ့ စစ်သူရဲတွေက ခြူးကို လက်ထိပ်စခတ်တယ်။ ကျွန်တော်ရှိနေတဲ့အတွက်သူမခုခံနိုင်ခဲ့ဘူး။

‘ငါက အားနည်းပြီး၊ အသုံးမကျတဲ့ကောင်ပဲ။’ ဒီလို ကျွန်တော်တွေးမိတဲ့အခိုက်မှာပဲ စစ်သူရဲတချို့မြေပေါ်ကို အလိုလိုလဲကျကုန်တယ်။ သူတို့ကိုယ်မှာတော့ အနက်ရောင်အပ်တွေစိုက်နေတာတွေ့ရတယ်။ နောက်တော့ နားနားကို လူတစ်ယောက်ရောက်လာပြီး ကပ်ပြောလိုက်တယ်။

“ခေါင်းငုံနေလိုက်။” ကျွန်တော်လည်း သူပြောတဲ့အတိုင်း ခေါင်းငုံလိုက်တော့ အဲဒီအမည်မသိလူက ကျွန်တော့်ကိုကျော်ပြီး စက္ကူထုတ်တစ်ထုတ်ကို မိဖုရားခေါင်ကြီးရှိနေတဲ့နေရာဆီ ပစ်ထုတ်လိုက်တယ်။ အဲဒီစက္ကူထုတ် မြေပေါ်ကိုကျတာနဲ့ မီးခိုးတွေအူထွက်လာပြီး ဘာမှမမြင်ရတော့ဘူး။

အကုန်လုံးရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း အဲဒီလူက ကျွန်တော်နဲ့ခြူးကို ဒီနေရာကနေ ခေါ်ထုတ်သွားတယ်။

...

ကျွန်တော်သတိပြန်ဝင်လာတော့ မြင်းနောက်ကျောပေါ်မှာ။ ဓားပြတွေလိုမျိုး မျက်နှာကို ပုဝါစည်းထားတဲ့ လူတစ်ယောက်က ကျွန်တော့်ကို မြင်းနောက်မှာတင်ပြိး ခေါ်လာတာ။ ခြူးကလည်း ကျွန်တော့်လိုပဲ တခြားမြင်းတစ်ကောင်နဲ့ လူတစ်ယောက်ပေါ်မှာရှိနေတယ်။ အဲဒီမြင်းကို စီးနေတဲ့သူကလည်း ပုံစံတူဓားပြလို ဝတ်ဆင်ထားတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်ပဲ။ နှစ်ယောက်လုံးက မြို့တော်နဲ့ဝေးရာဆီကို မြင်းဒုန်းစိုင်းစီးပြီးတော့ ထွက်သွားနေတာ။ မြို့တော်ကောင်းကင်ယံမှာတော့ ကျွန်တော်တွေးဖို့ လိုက်မမီနိုင်တဲ့ စွမ်းအားတွေက ဝန်းရံပြီး တစ်ခုနဲ့တစ်ခုစီးချင်းထိုးနေဆဲပါ။

“မင်းနိုးနေပြီလား။”

“ခင်ဗျားတို့က ဘယ်သူတွေလဲ။”

“ငါက အာမွန်၊ မိစ္ဆာဘုရင်ရဲ့လက်ထောက်လေးယောက်ထဲက တစ်ယောက်ပဲ။ ဒါပေါ့၊ ငါက နာမည်ကိုဆက်ခံရုံဆက်ခံထားတဲ့ လူသစ်ပါ။ အရင်မျိုးဆက်တွေလောက် စွမ်းအားမရှိသေးဘူး။ ပြီးခဲ့တဲ့နှစ်ကအထိ သာမန်မိစ္ဆာတစ်ကောင်ပဲ။”

အာမွန်ဆိုတဲ့သူက သူ့ခေါင်းစည်းကို ချွတ်ပြလိုက်တယ်။ သူ့မျက်လုံးတွေက ဒေါင်လိုက်ဖြစ်နေပြီး ကြောင်တစ်ကောင်ရဲ့နားရွက်တွေရှိနေတယ်။ သူက အမျိုးသားတစ်ယောက်ပါ၊ ဒါပေမဲ့ မိန်းမချောချောပြီး နက်ပြာရောင်ဆံပင်နဲ့ခရမ်းရောင်မျက်လုံးတွေရှိနေတယ်။

“ခင်ဗျားမှာ ချိုမရှိဘူးပဲ။”

“တော်ဝင်သွေးပါတဲ့ အဆင့်မြင့်မိစ္ဆာတွေမှာမှ ရှိတာလေ။ ငါက သာမန်မိစ္ဆာမလို့မရှိဘူး။ ငါတို့မိစ္ဆာတွေက တော်ဝင်သွေးဆိုလို့ မင်းသမီးလေးပဲကျန်တော့တဲ့အထိ အားနည်းသွားပြီ။”

အာမွန်က ခြူးကို ကြည့်လိုက်ပြီး စိတ်မကောင်းတဲ့ပုံစံနဲ့ ပြောလိုက်တယ်။ ကျွန်တော်က သေချာနားမလည်ပေမဲ့ ဒီလူတွေက ခြူးကိုဒုက္ခပေးမယ့်ပုံတော့မပေါ်ဘူး။

...

သုံးရက်သုံးည ခရီးဆက်ပြီးတဲ့နောက်တော့ သူတို့ရဲ့လျှို့ဝှက်စခန်းချရာကို ကျွန်တော်တို့ရောက်လာကြတယ်။ ဒီနေရာက မြို့တော်ရဲ့အရှေ့မြောက်ဘက်က ဂူကြီးတစ်လုံးထဲမှာပါ။ နေရာအတိအကျမသိပေမဲ့ ရှမ်းစော်ဘွားနယ်မြေတွေထဲမှာရှိပုံပဲ။

ဂူအကြောင်းပြောရမယ်ဆိုရင်တော့ ဂူရဲ့နံရံတွေပေါ်မှာ ​အလွန်ရှေးကျပုံပေါ်တဲ့ နံရံဆေးရေးပန်းချီတွေရှိနေပြီး မျက်စိပဒေသာဖြစ်တယ်။

“ခင်ဗျားက မင်းသမီးလေးရဲ့မိတ်ဆွေဆိုတော့ လွတ်လွတ်လပ်လပ်နေနိုင်ပါတယ်။” ဂူထဲကို မဝင်ခင်က ကျွန်တော့်ကို ဓားစာခံလို ဆက်ဆံမယ်လို့ ထင်ခဲ့ပေမဲ့ အဲဒီလိုမဟုတ်ခဲ့ဘူး။ ကျွန်တော့်ကို ဒီအတိုင်းနေစေတယ်။

ခြူးကိုတော့ ဂူထဲမှာနေတဲ့ မိစ္ဆာတွေက ထွက်လာပြီး မင်းဆွေမင်းမျိုးတစ်ပါးလိုမျိုး လာဦးတိုက်ကြတယ်ဆိုပေမဲ့ပေါ့။

“ဒီဂူက ဒီမြေမှာရှိတဲ့ မိစ္ဆာတွေရော လူသားတွေအတွက်ပါ မူလအစနေရာပဲ။ လူသားတွေကတော့ ဒီအကြောင်းကို မေ့သွားကြပေမဲ့ပေါ့။ မိစ္ဆာတွေက တောင်ပိုင်းမှာနေကြတာဆိုပေမဲ့ တော်ဝင်မြို့တော်ဖျက်ဆီးခံရတဲ့အချိန် အားနည်းတဲ့ ငါတို့လိုသာမန်မိစ္ဆာတွေက လူသားတွေမေ့နေတဲ့ မြောက်ပိုင်းက ဒီဂူမှာ လာနေကြတာလေ။”

အာမွန်က ဒီနေရာအကြောင်းကို ရှင်းပြပါတယ်။ သူက ကျွန်တော့်အတွက် တောဝက်သားရဲ့ဂုတ်ကင်ကို ကမ်းပေးလိုက်ရင်း ဂူရဲ့နာမည်ကို ထုတ်ဖော်ပြောလာတယ်။

“ဒီနေရာကို မူသာတိဂူလို့ခေါ်တယ်။ ပြီးတော့ မင်းက ဒီနေရာရဲ့လျှို့ဝှက်ချက်ကို သိခွင့်ရတဲ့ ရွေးချယ်ခံလူသား ဖြစ်လာလိမ့်မယ်။”

သူပြောတာကို ကျွန်တော့်ရဲ့ဦးနောက်သေးသေးလေးနဲ့ အပြည်ံ့အဝနားမလည်ဘူး။ ဒါပေမဲ့ သူက ကျွန်တော်နဲ့ခြူးကို သူနဲ့အတူခေါ်ပြီး နံရံဆေးရေးပန်းချီတွေကို စရှင်းပြတယ်။

“မူလအစကတော့ မိစ္ဆာတွေနဲ့လူသားတွေက တစ်စုတစ်စည်းတည်း နေထိုင်ကြတယ်။ ငါတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေက တစ်ပုံစံတည်းပဲ။ ချိုနဲ့နက်ပြာရောင်ဆံပင်တွေရှိတဲ့ မိစ္ဆာတွေက ပိုအစွမ်းထက်ပြီး ငါတို့လိုအဆင့်နိမ့်မိစ္ဆာတွေက အားနည်းတယ်။ ဒါပေမဲ့ တော်ဝင်မိစ္ဆာတွေက လူသားတွေကိုပဲဖြစ်ဖြစ် မိစ္ဆာငယ်တွေကိုပဲဖြစ်ဖြစ် ကူညီပေးပြီး ဘုံမြေခေတ်မှာ အတူရှိနေခဲ့ကြတယ်။”

ကျွန်တော် နံရံဆေးရေးပန်းချီတွေကို လိုက်ကြည့်တော့ ချိုပါတဲ့ လူရုပ်တွေနဲ့ မပါတဲ့လူရုပ်တွေက အမဲအတူလိုက်တာ၊ ပျော်ပွဲရွှင်ပွဲတွေ အတူကျင်းပတာကိုကျွန်တော်တို့တွေ့ရတယ်။

“အဲဒီခေတ်မှာ လူသားတွေက မိစ္ဆာတွေရဲ့ငယ်သားတွေဖြစ်ပြီး မိစ္ဆာတွေကတော့ ဘုရင်တွေလို၊ နတ်ဘုရားတွေလို ဆက်ဆံခံရတယ်။ တဖြည်းဖြည်းနဲ့ ဒီမြေက လူ့အဖွဲ့အစည်းလည်း တိုးတက်လာခဲ့တာပေါ့။”

အာမွန်က နောက်တစ်ဆင့်ကို ရှင်းပြတဲ့အခါမှာတော့နံရံဆေးရေးပန်းချီတွေကို အားမကိုးတော့ဘူး။ အဲဒီအစား ဂူရဲ့နံရံဘေးမှာစီထားတဲ့ ပေမူတွေကိုထုတ်လာပြီးသက်သေအဖြစ် ပြပါတယ်။

“ငါတို့တွေအသုံးပြုတဲ့ လက်နက်တွေက ကျောက်ကနေ ကြေး၊ ကြေးကနေ သံအဖြစ် ပြောင်းလဲလာကြတယ်။ လူသားနဲ့မိစ္ဆာတွေ အတူထူထောင်ခဲ့တဲ့မြို့တွေက မိခင်မြစ်ကြီးတစ်လျှောက် ပြန့်နှံလာတယ်။ မြို့ပြနိုင်ငံတွေနဲ့ ပိုကြီးတဲ့နိုင်ငံတွေလည်း ဖြစ်တည်လာတယ်။ ဒါပေမဲ့ အဲဒါက မီးပွားရဲ့အစပဲ။”

“လူသားတွေက သန်မာလာပြီ။ သူတို့ကိုကာကွယ်ပေးနေတဲ့ ငါတို့ကို မလိုအပ်တော့ဘူး။ သားရဲတွေကို အမဲလိုက်ဖို့ ငါတို့ကိုမလိုအပ်တော့သလို သူတို့ကိုယ်သူတို့လည်း စောင့်ရှောက်လာနိုင်ကြတယ်။ ဒီတော့ ငါတို့ကို တဖြည်းဖြည်းနဲ့ သူကောင်းမျိုးတွေလို့မြင်မယ့်အစား ဖိနှိပ်သူတွေအဖြစ် မြင်လာကြတယ်။ ဒါပေမဲ့ လူသားတွေက ငါတို့ကို တွန်းလှန်ဖို့အားနည်းနေသေးတယ်။ ဖြစ်ချင်တော့ လူသားတွေထဲမှာ ထက်မြက်တဲ့ ဘုရင်တစ်ပါးပေါ်ထွန်းလာပြီး သူ့ကို မဟာရာဇာလို့ခေါ်တယ်။”

“မဟာရာဇာက မိစ္ဆာတွေမပါဘဲ လူသားတွေပဲအုပ်ချုပ်တဲ့ ပထမဆုံးတိုင်းပြည်ဖြစ်တဲ့ ကာကီရာပြည်ကို ထူထောင်တဲ့အပြင် မှော်ဆန်တဲ့ လက်နက်လေးပါးကို ဖန်တီးခဲ့တယ်။ မိစ္ဆာတွေကို ဆန့်ကျင်မယ့်လက်နက်တွေဖြစ်တဲ့ တုတ်၊ ခွက်၊ ဓား၊ ကြယ်ပဲ။ လက်နက်ကုန်ကြမ်းတွေကတော့ သူ့ကိုယုံစားမိလို့ လှည့်စားခံရတဲ့ ရှေးတော်ဝင်မိစ္ဆာတွေဆီက အရိုးတွေကနေ လုပ်ခဲ့တာ။ အဲဒီကနေ ပထမဆုံး လူသားနဲ့မိစ္ဆာတွေ စစ်ဖြစ်ခဲ့တာပဲ။ အဲဒီလက်နက်တွေကြောင့် ငါတို့ရှုံးသွားတယ်။”

“မိစ္ဆာတစ်ကောင်ကိုသတ်တိုင်း အဲဒီလက်နက်တွေက ပိုအစွမ်းထက်လာတယ်။ မဟာရာဇာက သူ့လက်နက်တွေကို သာမန်လူသုံးလို့မရမှန်းသိတာကြောင့် သူသေရင်ဆက်ခံသူရှာဖို့ စကြဝဠာကိုဖြတ်သန်းပြီး ကိုက်ညီတဲ့ ဝိညာဥ်တွေကိုဆင့်ခေါ်နိုင်တဲ့ မှော်အစီအရင်ကိုလည်း ဖန်တီးခဲ့တယ်။ မိစ္ဆာတွေက မဟာရာဇာကို မျိုးဆက်များစွာ လက်စားချေဖို့ကြိုးစားရင်း မိစ္ဆာတွေနဲ့လူသားတွေရဲ့စစ်ပွဲက မရပ်မနားတမ်းဖြစ်နေခဲ့တာ အခုဆိုရင် နှစ်ငါးရာကြာခဲ့ပြီ။ ပြီးတော့ မင်းသမီးလေးက ဆယ့်ငါးဆက်မြောက် မိစ္ဆာဘုရင်မဖြစ်လာမယ့်သူပဲ။”

ကျွန်တော်သူပြောတာတွေကို စဥ်းစားကြည့်လိုက်တယ်။ အခြေအနေက တကယ့်ကိုခေါင်းကိုက်စရာကောင်းပေမဲ့ ယေဘုယျအခြေအနေကိုတော့ နားလည်လာပြီ။

“တဖြည်းအားဖြင့် သူရဲကောင်းတွေက မိစ္ဆာဘုရင်ကိုသတ်လိုက်၊ မိစ္ဆာတွေက လူသားတွေကိုသတ်လိုက်နဲ့ အမုန်းသံသရာလည်နေတာ ရာစုနှစ်ငါးခုရှိပြီပေါ့။”

ကျွန်တော်က အဲဒီစကားကို အသက်ရှုသံအောက်မှာပဲ ပြောလိုက်တာ။ နောက်တော့ ပုလဲ​​ဒေဝီရဲ့ရွံစရာမျက်နှာကို မြင်ယောင်လာပြီး ကျွန်တော်အာမွန်ကို မေးလိုက်တယ်။

“ဒါနဲ့၊ အဲဒီမိဖုရားက ဘာလို့ခြူးကို လိုချင်နေတာလဲ။ သူ့ကြည့်ရတာ မိစ္ဆာဖြစ်လို့ နှိမ်နင်းမယ်ဆိုတာထက် ပိုပြီးရည်ရွယ်ချက်ရှိနေသလိုပဲ။”

အာမွန်က ခေါင်းညိတ်လိုက်တယ်။ ပြီးမှ ဖြေလာပါတယ်။ “တော်ဝင်မိစ္ဆာတွေရဲ့ရိုးတွင်းချဥ်ဆီကိုစားရင် အသက်ရှည်စေတယ်လေ။ ပုလဲဒေဝီက အလှတွေယုတ်လျော့ချိန်ရောက်နေပြန်ပြီဆိုတော့ မင်းသမီးလေးရဲ့ရိုးတွင်းချဥ်ဆီကို လိုချင်နေတာပဲ။”

“ရောက်နေပြန်ပြီ၊ အရင်ကလည်း ဒီလိုဖြစ်ဖူးတာလား။”

All Chapters