← Chapters

မာန်နတ်၏သမီးတော် Chapter 8 - လက်စားချေခြင်း

Vol. 7 Ch. 8

မာန်နတ်၏သမီးတော် Chapter 8 - လက်စားချေခြင်း

Vol. 7 Ch. 8

နောက်တော့ အာမွန်က ကျွန်တော်တို့ကို လျှို့ဝှက်တဲ့ ကိစ္စရပ်တွေကို​ပါ ဆက်ပြီးပြောပြခဲ့တယ်။ ပုလဲဒေဝီရဲ့ကိစ္စလိုမျိုးပေါ့။

“ငါတို့မိစ္ဆာတွေတောင် သိတာမကြာသေးပေမဲ့ ပုလဲဒေဝီက နှစ်သုံးရာသက်တမ်းရှိတဲ့ စုန်းမတစ်ယောက်ပဲ။ အဘိရာဇာရဲ့မြစ်တော်မင်းကြီးကို မြူဆွယ်ဖျားယောင်းပြီး မိဖုရားဖြစ်လာခဲ့တာ။ ပြီးတဲ့နောက် အဲဒီမင်းကို အဆိပ်ခတ်သတ်ခဲ့တယ်လေ။ နောက်ပိုင်းတော့ မင်းမဲ့တိုင်းပြည်ကြီးကို ယာယီတာဝန်ယူထားသူပါဆိုပြီး သူရဲကောင်းတွေကို မြူဆွယ်၊ မိစ္ဆာတွေရဲ့ရိုးတွင်းချဥ်ဆီကို စားသုံးပြီးတော့ အသက်ရှည်နေတာ။ နိုင်ငံရဲ့အမတ်အများစုကလည်း သူနဲ့ပေါင်းပြီး တားမြစ်ထားတဲ့ အဲဒီအသက်ရှည်ဆေးကို မှီဝဲနေတာလေ။”

ကျွန်တော်သိလိုက်ရတဲ့အချက်က တကယ့်ကိုထိတ်လန့်စရာကောင်းတဲ့ အရာတစ်ခုပဲ။ အာမွန်ကတော့ စကားအရှည်ကြီးပြောလိုက်ရလို့ ပင်ပန်းသွားဟန်နဲ့ သဲရေအိုးထဲကရေကို အုန်းခွက်နဲ့ခပ်ပြီး သောက်ပါတယ်။ အဲဒီနောက်တော့ သူက လက်ရှိအခြေအနေကို ကျွန်တော်နားလည်အောင် ရှင်းပြတယ်။

“ဒါပေမဲ့ ဘယ်လိုအသက်ရှည်ဆေးမှာဖြစ်ဖြစ် အကန့်အသတ်ဆိုတာရှိတယ်လေ။ သာမန်တော်ဝင်မိစ္ဆာတွေရဲ့ရိုးတွင်းချဥ်ဆီက သူ့နုပျိုမှုကို မထိန်းနိုင်တာကြာပြီ။ မိစ္ဆာဘုရင်ရဲ့ရိုးတွင်းချဥ်ဆီကို လွန်ခဲ့တဲ့နှစ်တွေက ရခဲ့တာတောင်မှ ကြာကြာမခံတော့တဲ့ပုံပဲ။ ဒါကြောင့် မင်းသမီးလေးကို လိုချင်နေတာ။”

ဘာကြောင့် ပုလဲဒေဝီက ခြူးကိုရန်ပြုချင်နေတာလဲ ဆိုတာတော့ ဖြည်းဖြည်းချင်းနားလည်လာပြီ။ ပုလဲဒေဝီက သူရဲကောင်းတွေအချင်းချင်းပြဿနာတက်တုန်း ဝင်အခွင့်ကောင်းယူချင်တာ။ ဒါပေမဲ့ ဦးလေးရော ဘာဖြစ်သွားပြီလဲ။ ဦးလေးက အစွမ်းထက်ပေမဲ့သုံးယောက်တစ်ယောက် ရင်ဆိုင်ရင်းကျန်ခဲ့တာလေ။

...

ကာကီရာမြို့တော်ကသတင်းကို နောက်ထပ် ရက်ပေါင်းများစွာ စောင့်ခဲ့ကြပေမဲ့ ကျွန်တော်တို့တွေ ဓားသူရဲကောင်းရဲ့သတင်းကို မကြားရပါဘူး။ ဒါပေမဲ့ ၁၃ ရက်မြောက်နေ့မှာတော့ ထူးခြားတဲ့သတင်းတစ်ခုထွက်လာတယ်။ နန်းမြို့တော်က ဓားသူရဲကောင်းကို လုပ်ကြံခဲ့တဲ့ မိစ္ဆာဘုရင်ရဲ့သမီးကို ဝရမ်းထုတ်တဲ့စာတစ်စောင်ကို ထုတ်ပြန်ခဲ့တယ်။ ဆုကြေးကတော့ ရွှေဒင်္ဂါးငါးရာပါ။

အာမွန်က မိစ္ဆာတပည့်တစ်ယောက်ယူလာတဲ့ ဖမ်းဝရမ်းကိုကြည့်ရင်း ကောက်ချက်ချလိုက်ပါတယ်။ “ကြည့်ရတာ ဓားသူရဲကောင်းက တိုက်ပွဲမှာအသတ်ခံလိုက်ရပုံပဲ။ သူတို့အပြစ်တွေကို မင်းသမီးလေးပေါ်ပုံချပြီး လူဆိုးဇာတ်သွင်းလိုက်တာ။”

ခြူးက ကျွန်တော်တို့နှစ်ယောက်ရှေ့ကို ရောက်လာပါတယ်။ “အာမွန်၊ ငါတို့မှာ တိုက်ခိုက်နိုင်တဲ့ မိစ္ဆာဘယ်နှစ်ကောင်ရှိလဲ။”

အာမွန်က စဥ်းစားလိုက်ပြီး ပြန်ဖြေတယ်။ “အရွယ်ရောက်ပြီးမိစ္ဆာ ငါးရာပဲရှိပါတယ်။ လူသားစစ်သည်အင်အား ငါးထောင်လောက်ကို ရင်ဆိုင်နိုင်တယ်ဆိုပေမဲ့ ကျန်နေတဲ့ သူရဲကောင်းသုံးယောက်ကိုတော့ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။”

အဲဒီနောက်တော့ အာမွန်က ခြူးကို အချိန်မတန်သေးတဲ့အကြောင်းနဲ့ မိစ္ဆာငယ်တွေအရွယ်ရောက်မှ စစ်ပွဲကိုစသင့်တဲ့အကြောင်း​တွေပြောပေမဲ့ သူနားမဝင်တော့ဘူး။

“ဦးလေးကိုသတ်တဲ့ လူသားတွေကို ဒီအတိုင်းလွှတ်မထားနိုင်ဘူး။” ခြူးရဲ့ဆံပင်တွေက ရှည်ထွက်လာတယ်။ အရင်က ဂရုပြုမိဖို့ခက်ပေမဲ့ သူ့ဆံပင်တွေက သိသာထင်ရှားတဲ့ နက်ပြာရောင်ဖြစ်နေပြီး ချိုတွေကလည်း ပုံမှန်ထက်ကြီးမားလာပါတယ်။ ပြီးတော့ သူ့စွမ်းအားကြောင့် သစ်တောရဲ့ဝေးလံတဲ့နေရာတွေကနေ ဝံပုလွေအူသံတွေ၊ တော်လဲသံတွေ ထွက်ပေါ်လာပါတော့တယ်။

“မင်းသမီးလေးက မွန်းစတားစစ်တပ်ကို ဆင့်ခေါ်နေတာပဲ။ မွန်းစတားတွေက မိစ္ဆာတွေလို အသိဉာဏ်မမြင့်ပေမဲ့ အရေအတွက်က အများကြီးသာတယ်။”

ဒါပေမဲ့ ခြူးလုပ်နေတဲ့အရာတွေကို ကျွန်တော်ကြည့်နေရင်းကနေ ပိုပိုပြီးထိတ်လန့်လာမိတယ်။ သူက ကျွန်တော့်အတွက် မသိတဲ့လူစိမ်းတစ်ယောက် ဖြစ်သွားသလိုမျိုးပါပဲ။

“ခြူး၊ နင်တကယ်ကြီး လူသားတွေနဲ့ စစ်ခင်းတော့မှာလား။”

ကျွန်တော်မေးတော့ ခြူးက ကျွန်တော့်ကို ခေါင်းခါပြတယ်။ သူက လေသံတိုးတိုးနဲ့ “ငါက ကာကီရာကိုပဲ လက်စားချေမှာ။” လို့ပြောတယ်။ လူသားတွေကို စစ်ကြေညာတယ်လို့ မသုံးနှုန်းဘူး။ အဲဒီနောက်တော့ သူက ကျွန်တော့်ကို လက်ညိုးထိုးပြပါတယ်။

“ငါက သီဟနဲ့ဦးလေးကို စစ်ကြေညာလို့မရဘူး။”

အာမွန်ကတော့ ခြူးရှေ့မှာ ဒူးထောက်ချလိုက်ပါတယ်။ “ကြီးမြတ်တဲ့ တော်ဝင်မင်းသမီး၊ မင်းသမီးတစ်ပါးက မိစ္ဆာစစ်တပ်ကို ဒီအတိုင်းဦးဆောင်လို့မရပါဘူး။ ထီးနန်းသိမ်းယူ​၊ ဘိသိက်ခံယူပွဲကျင်းပပြီးမှ ဦးဆောင်သင့်ပါတယ်။ ဒါမှ ဘိုးဘေးတွေရဲ့စွမ်းအားကို အမွေခံပြီး စစ်မှန်တဲ့ မိစ္ဆာဘုရင်မဖြစ်လာမှာပါ။”

ခြူးက ခေါင်းညိတ်လိုက်တယ်။ ဘုရင်မဖြစ်လာဖို့ သူဆုံးဖြတ်ခဲ့ပြီးပြီ။ မိစ္ဆာတွေကတော့ နန်းတက်ပွဲအတွက် စတင်ပြင်ဆင်ကြတယ်။

...

မိစ္ဆာတွေရဲ့နန်းတက်ပွဲက တကယ့်ကို ထူးခြားတဲ့ အခမ်းအနားတစ်ခုပါ။ မူသာတိဂူရဲ့အဆုံးသတ်မှာ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ရေပူစမ်းတစ်ခုရှိတယ်။ မိစ္ဆာတွေက အဲဒီရေပူစမ်းထဲကို အမျိုးမျိုးသော ဆေးဖက်ဝင်အပင်တွေကို ထည့်ကြပါတယ်။ နောက်တော့ ခြူးကို အဲဲဒီရေပူစမ်းထဲမှာ ရေချိုးသန့်စင်စေပါတယ်။

သူပြန်ထွက်လာချိန်မှာတော့ ခြူးက ကျွန်တော်နဲ့ရွယ်တူမိန်းကလေးတစ်ယောက် ဖြစ်မနေတော့ဘူး။ အဲဒီအစား အရွယ်ယောက်ပြီးသား အမျိုးသမီးအဖြစ်ကို ပြောင်းလဲသွားတယ်။

သူ့အရပ်က ခြောက်ပေနီးပါးရှိနေပြီး နက်ပြာရောင်ဆံနွယ်တွေက ရေလှိုင်းလိုမျိုး ဖြာကျနေပါတယ်။ ခရမ်းရောင်မျက်လုံးတွေက အမှောင်ထုထဲမှာတောင်တောက်ပနေပြီး ချိုအစုံကလည်း ဆိတ်ချိုလိုမျိုးရှည်လျားကောက်ကွေးလျက် တည်ရှိတယ်။ အသားအရည်ဖျော့တော့ပေမဲ့ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင်ကို လှပတယ်။

အာမွန်ကတော့ တခြားမိစ္ဆာတွေရှေ့ကို ထွက်လာပြီး ချီးမြှောက်လိုက်တယ်။ “ဝမ်းမြောက်ကြလော့၊ ၁၅ ဆက်မြောက် မိစ္ဆာတွေရဲ့အရှင်သခင်၊ မိစ္ဆာဘုရင်မ ခြူးကို ဦးတိုက်ကြ။”

“ဧကရီဘုရင်မ သက်တော်ထောင်ချီရှည်ပါစေ။”

...

မိစ္ဆာဘုရင်မအသစ် မွေးဖွားခြင်းနဲ့အတူ ကာကီရာနဲ့မိစ္ဆာတွေရဲ့စစ်ပွဲက စတင်ခဲ့တယ်။ မိစ္ဆာစစ်တပ်က ကာကီရာအင်ပါယာအပေါ်မှာပဲ စစ်ကြေညာခဲ့တာဖြစ်ပေမဲ့ ကာကီရာကတော့ လူသားတွေအားလုံးအဖို့အန္တရာယ်ရှိတယ်ဆိုပြီး ခမ်သီအင်ပါယာမင်းကြီးနဲ့ ဥတည်ဖွားတို့ဆီကိုပါ စာတွေပို့စစ်ကူတောင်းခဲ့တယ်။

ဒါပေမဲ့ ကံကောင်းတယ်လို့ဆိုရမလား၊ အဲဒီနိုင်ငံတွေက ကာကီရာအင်ပါယာအင်အားကြီးလာတာကို မျက်တောင်​မွှေးစူးနေတာကြောင့် ပါးစပ်နဲ့ပဲအားပေးကြတယ်။ သူတို့အချင်းချင်းတော့ မဟာမိတ်ဖွဲ့ထားပြီး ကာကီရာကျရင် မိစ္ဆာဘုရင်တပ်ဖွဲ့ကို တားဆီးဖို့ကြံထားတယ်ဆိုပေမဲ့ပေါ့။

ပြီးတော့ သူရဲကောင်းသုံးယောက်ကို စစ်ပွဲမှာတွေ့ရမယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ အစပိုင်းကာလတွေမှာ ပေါ်မလာခဲ့ဘူး။ ခြူးရဲ့မိစ္ဆာစစ်တပ်ကိုယ်တော့ ခြူးကိုယ်တိုင်ဦးဆောင်ခဲ့ပြီး မြစ်ကမ်းပါးတိုက်ပွဲတစ်ခုမှာ မွန်းစတားနဲ့မိစ္ဆာညွန့်ပေါင်းတပ်က အင်အားသုံးဆလောက်များတဲ့ လူသားစစ်သည်သုံးသောင်းပါတပ်ကို အလုံးစုံဖျက်ဆီးပစ်နိုင်ခဲ့တယ်။

အာမွန်ကိုယ်တိုင်လည်း ပိုစွမ်းအားကြီးလာပြီး သူ့နာမည်နဲ့လိုက်တဲ့ မိစ္ဆာဗိုလ်ချုပ်တစ်ယောက်ဖြစ်လာပါတယ်။ သူ့အဆိုအရတော့ မိစ္ဆာတွေက ရန်သူတွေကိုသတ်နိုင်လေ ပိုစွမ်းအားကြီးလာလေဆိုလားပဲ။

ပြောရရင် ​ရှေးတော်ဝင်မိစ္ဆာတွေဆီကလုပ်ထားတဲ့ ဒဏ္ဍာရီလာလက်နက်တွေမှာလည်း ဒီလိုစွမ်းအားမျိုးရှိနေတာပဲမဟုတ်လား။

...

စစ်ပွဲစပြီး ခြောက်လလောက်ကြာတော့ သူရဲကောင်းတွေနဲ့ပထမဆုံးအကြိမ် ရင်ဆိုင်မိကြတယ်။ ခြူးက သူရဲကောင်းတွေကို ကိုယ်တိုင်ရင်ဆိုင်ခဲ့ပြီး သေချာအနိုင်ယူနိုင်ခဲ့တယ်။

သူရဲကောင်းတွေ​က အင်အားမကြီးလို့တော့ မဟုတ်ပါဘူး။ သူတို့ရဲ့အဓိကအင်အားကို ဆုံးရှုံးခဲ့လို့ပါ။ အဖျက်စွမ်းအားအကြီးဆုံးဖြစ်တဲ့ ဓားသူရဲကောင်းက စစ်မြေပြင်မှာ ရှိမနေခဲ့ဘူးလေ။

ကြယ်သူရဲကောင်းက စွမ်းအားကြီးတဲ့တိုက်ကွက်တွေကိုသုံးပြီး ရန်သူကိုနောက်ဆုတ်အောင်လုပ်နိုင်သလို မဟာမိတ်တွေကိုလည်း ကုသပေးနိုင်ပါတယ်။ တုတ်သူရဲကောင်းကတော့ တခြားသူရဲကောင်းတွေကို ခြူးလာမတိုက်နိုင်အောင် တားဆီးရင်ဆိုင်ပေးနိုင်တယ်။ ခွက်သူရဲကောင်းက ခြူးကိုချုပ်ပြီး တခြားသူရဲကောင်းတွေ သူ့ကိုတိုက်ဖို့အခွင့်အရေးရအောင် လုပ်ပေးနိုင်တယ်။

ဒါပေမဲ့ တိုက်ပွဲကိုအဆုံးသတ်ပေးနိုင်မယ့် ဓားသူရဲကောင်းက နေရာမှာရှိမနေဘူး။ သူရဲကောင်းသုံးယောက်က ခြူးကိုဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပေမဲ့ အနိုင်မယူနိုင်တာကြောင့် ပြန်ဆုတ်သွားကြရတယ်။

ခြူးပြန်လာတော့ သူ့လက်မောင်းကနေ သွေးတွေစီးကျနေခဲ့တယ်။ ကျွန်တော်က သူ့ကိုပက်တီးစည်းပေးရုံအပြင် တခြားဘာမှအသုံးမဝင်ခဲ့ဘူး။

...

သူရဲကောင်းတွေကို ဒုတိယအကြိမ်ရင်ဆိုင်မိတာက ၈လမြောက်မှာ။ ဒီတစ်ခါတော့ မိစ္ဆာစစ်တပ်က သူတို့ရှိနေတဲ့နေရာကို ဝင်စီးခဲ့တာလေ။ ဒီတစ်ခါတော့ အဲဒီအုပ်စုက ပြန်တိုက်ဖို့နေနေသာသာ ထွက်ပြေးဖို့ကြိုးစားကြတယ်။ သူတို့ခြူးကို မနိုင်နိုင်မှန်းသိကြတယ်။

ခွက်သူရဲကောင်းကတော့ အဆိုးဆုံးပဲ ကုန်လှည်းတစ်ခုနဲ့အစောကြီးထွက်ပြေးသွားခဲ့ပေမဲ့ အာမွန်က သူ့ကိုဖမ်းမိပြီး ခြူးရှေ့ကိုခေါ်လာခဲ့တယ်။ နောက်တော့ ခြူးက အဲဒီတစ်ယောက်ကို မိစ္ဆာတွေရှေ့မှာ တရားစီရင်ပြီး သေမိန့်ပေးခဲ့တယ်။

ဒီတစ်ယောက်ကို ကျွန်တော်မှတ်မိတာပေါ့။ ခြူးကို ပြန်ပေးဆွဲခဲ့တဲ့ အောင်ထက်မြက်ပဲ။ ခြူးက ဒဏ္ဍာရီလာလက်နက်ဖြစ်တဲ့ ရွှေခွက်ကိုပါ ဖျက်ဆီးဖို့လုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ လက်နက်က ပိုင်ရှင်သေတာနဲ့ ကာကီရာမြို့တော်​ဆီ​ကို ပျံသန်းပြီးထွက်ပြေးခဲ့လို့ပါပဲ။

...

တတိယအကြိမ်ရင်ဆိုင်မိတာက မဟာဂိရိတောင်​တော်မှာပါ။ မဟာဂိရိတောင်က ကာကီရာအင်ပါယာရဲ့တောင်ပိုင်း၊မြောက်ပိုင်းနဲ့ဗဟိုဒေသကို ဆက်သွယ်ပေးထားတဲ့နေရာတွေကို စောင့်ကြည့်တဲ့နေရာ။ ဒီနေရာက ဗျူဟာအရ အရေးပါတာမလို့ စစ်တပ်ကြီးတစ်ခုနဲ့ကာကွယ်ထား​ခဲ့ပေမဲ့ လူမစုံတဲ့ သူရဲကောင်းတွေက ခြူးနဲ့အဆင့်တူပြိုင်ဖက်မဟုတ်ပါဘူး။

ရက်ပေါင်းလေးဆယ်ကျော် မဟာဂိရိနတ်တော်ကို ပိတ်ဆို့ဝန်းရံထားပြီးတဲ့နောက်တော့ ကာကီရာစစ်တပ်မှာ တိုက်ခိုက်နိုင်တဲ့ခွန်အား ရှိမနေတော့ပါဘူး။

“သူရဲကောင်းတွေ၊ မသေချင်ရင် လက်နက်ချကြ။”

သူရဲကောင်းတွေသေတာနဲ့ ဒဏ္ဍာရီလာလက်နက်တွေက နန်းမြို့တော်ကို ပြန်သွားမှန်း သိကြပြီဖြစ်တာကြောင့် အာမွန်က သူရဲကောင်းတွေကိုမသတ်ဘဲ အရှင်ဖမ်းဖို့ အကြံပေးလာတယ်။ လက်နက်လေးခုပြန်စုံသွားရင် ရန်သူက သူရဲကောင်းအသစ်တွေကို ထပ်ဆင့်ခေါ်နိုင်တယ်တဲ့လေ။

ဒါကြောင့် ခြူးက ရာဇသံပေးရုံပဲပေးခဲ့ပြီး တစ်ဖက်ကလည်း လက်ခံခဲ့တယ်။

“တောင်ပေါ်ကို အတူတက်ကြမလား။” ကျွန်တော့်ထက် အရပ်နှစ်ဆလောက်မြင့်နေတဲ့ခြူးက ကျွန်တော့်ကို လက်ကမ်းပေးလာတယ်။ ကျွန်တော်လည်း ခေါင်းညိတ်လိုက်ပြီး သူနဲ့အတူ မဟာဂိရိနတ်တောင်ပေါ်ကို နောက်တစ်ကြိမ်တက်ဖြစ်ခဲ့တယ်။

ဒီတစ်ခါတော့ အရင်တစ်ခါကနဲ့မတူဘဲ နတ်တောင်မှာ ငြိမ်းချမ်းတဲ့ရှုခင်းတွေရှိမနေပါဘူး။ နေရာတိုင်းမှာ သေဆုံးနေတဲ့ လူသားတွေနဲ့မိစ္ဆာတွေရဲ့ခန္ဓာကိုယ်တွေ ပြန့်ကျဲနေပြီး ရှင်ကျန်ရစ်တဲ့ လူသားတွေဆိုရင်လည်း အငတ်ငတ်အပြတ်ပြတ်နဲ့ အရိုးပေါ်အရေတင်ဖြစ်နေကြပြီ။

တောင်ထိပ်ပေါ်ကိုရောက်တော့ မြေပြင်မှာ ဝပ်တွားခယနေကြတဲ့ ကြယ်သူရဲကောင်း ပိုးနှင်းဖြူနဲ့ တုတ်သူရဲကောင်း၊ ကာကီရာဧကရာဇ် ညီသုတကိုတွေ့ရပါတယ်။ ညီသုတက ဘုရင်တစ်ပါးနဲ့မတူတော့ဘဲ ရူးသွပ်လုနီးပါးဖြစ်နေပြီး သူ့မျက်လုံးတွေက မူမမှန်တော့ဘူး။ ပိုးနှင်းဖြူကတော့ အများကြီးပိန်ကျသွားပါတယ်။

“နင်တို့လက်နက်ချပြီး ငါ့ကိုဒဏ္ဍာရီလာလက်နက်တွေပေး။ ပြီးရင် တောင်ပေါ်ကဆင်းပြီး လွတ်ရာကျွတ်ရာသွားပေတော့။”

ခြူးက အရင်မိစ္ဆာဘုရင်တွေလို လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်ဖို့ စိတ်မဝင်စားခဲ့ဘူး။ သူက ဦးလေးအဖို့လက်စားချေနေတာပါ။ ဒါကြောင့် မိဖုရားခေါင်ကြီးပုလဲဒေဝီကို ကာကွယ်ပေးမယ့် သူရဲကောင်းတွေမရှိတော့ရင်ကို သူ့အတွက်အဆင်ပြေတယ်။

လက်နက်တွေကို သိမ်းယူဖို့အတွက် ခြူးကလက်ကမ်းပေးခဲ့ပေမဲ့ ပိုးနှင်းဖြူရဲ့မျက်နှာပေါ်မှာကောက်ကျစ်တဲ့အပြုံးတစ်စပေါ်လာတယ်။

“ငါတို့လို သူရဲကောင်းတွေက ရာရာစစမိစ္ဆာဘုရင်မရှေ့မှာ လက်နက်ချမယ်ထင်နေတာလား။ ဟန်ဆောင်ရတာနဲ့တင် လွန်လွန်းနေပြီ။ မိဿရာသီနက္ခတ်။”

ပိုးနှင်းဖြူက ရုတ်တရက်အားကုန်သုံးပြီး တိုက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်တယ်။ ဧရာမသိုးထီးကြီးရဲ့ပုံစံက ကျွန်တော်တို့ရှေ့ပေါ်လာပြီး ခြူးကိုဝင်ခွေ့ဖို့လုပ်တယ်။ ကျွန်တော်လည်း တစ်ကိုယ်လုံးထူပူသွားပြီး ခြူးကိုကာကွယ်ဖို့ ရှေ့တက်သွားမိတာပေါ့။

“နင်ရူးနေပြီလား။” ခြူးက ကျွန်တော့်ကို ဖမ်းဆွဲလိုက်ပြီး သူ့ရင်ထဲပွေ့ကာ သိုးထီးပုံရိပ်ကို ကျောနဲ့ခံယူလိုက်တယ်။ ကြီးမားတဲ့တွန်းဆောင့်အားကြောင့် ခြူးက သွေးအန်လိုက်ရပေမဲ့ သူက ပိုးနှင်းဖြူကို လက်သည်းနဲ့ကုတ်ချပစ်ခဲ့တယ်။

“အား....” ပိုးနှင်းဖြူရဲ့လည်ပင်းမှာ လက်သည်းရာသုံးခုထင်ကျန်ရစ်ပြီး သွေးတွေစိမ့်ထွက်လာကာ သေဆုံးသွားပါတော့တယ်။

တုတ်သူရဲကောင်း ညီသုတကလည်း တောင်ပေါ်က ဆင်းပြေးဖို့ကြိုးစားတာကြောင့် အာမွန်က ဓားတိုနဲ့ပစ်ပြီး ဖြေရှင်းလိုက်တယ်။

မကြာခင်မှာပဲ လက်ကျန်သူရဲကောင်းနှစ်ယောက်စလုံး သေဆုံးကုန်ပြီး သူတို့လက်နက်တွေက နန်းမြို့တော်ကို ပျံသန်းထွက်ခွာကုန်တယ်။

“နင့်မှာ ကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ပဲရှိတာလေ၊ ငါ့ကိုဘယ်လိုကာကွယ်မှာတုန်း။”

ခြူးက ကျွန်တော့်ကို ပြန်လွှတ်ပေးလိုက်တယ်။ ကျွန်တော်လည်း နည်းနည်းရှက်သွားခဲ့တာပေါ့။ အစကနေအဆုံးထိ ခြူးက ကျွန်တော့်ကိုပဲ ကာကွယ်ပေးနေခဲ့တာပါ။ ကြည့်ရတာ ကျွန်တော့်ရဲ့ကာကွယ်ပေးချင်တဲ့စိတ်က သူ(မ)အပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်စေခဲ့ပုံပဲ။

“အရှင်မ၊ အခုရထားတဲ့ဒဏ်ရာတွေက များလွန်းတယ်။ တော်ဝင်မိစ္ဆာအတွက်ဆိုရင်တောင်မှ ပြန်ကောင်းလာဖို့အချိန်လိုလိမ့်မယ်။”

အာမွန်က ခြူးရဲ့ကျောပြင်က မီးလောင်ဒဏ်ရာတွေကို စစ်ဆေးပြီး သတိပေးလိုက်ပေမဲ့ ခြူးကတော့ ခေါင်းကိုခါယမ်းလိုက်ပါတယ်။ “ငါတို့ရပ်လို့မရဘူး။ နန်းမြို့တော်ကို ခုချက်ချင်းတိုက်မှဖြစ်မယ်။ ဒဏ္ဍာရီလာလက်နက်လေးခုလုံး သူတို့ဆီပြန်ရောက်သွားပြီမဟုတ်လား။ နောက်ထပ်ဆင့်ခေါ်မယ့်အစီအရင်မလုပ်ရသေးခင် မြို့တော်ကိုသိမ်းရမယ်။”

ခြူးပြောတာ မှန်တော့မှန်တယ်။ နောက်ထပ်ပေါ်လာမယ့် သူရဲကောင်းလေးယောက်က ခြူးရဲ့ဘဝကို အဆုံးသတ်ပေးနိုင်တယ်လေ။

...

တော်ဝင်နန်းတော်အောက်က မှောင်မိုက်နေတဲ့ အကျဥ်းခန်းထဲမှာ ကျုပ်ရှိနေတာ ကြာပြီ။ နေထွက်တာရောနေဝင်တာကိုပါ မမြင်နိုင်တဲ့အတွက်ကြောင့် အချိန်တွေ ဘယ်လောက်ထိကုန်ဆုံးသွားပြီလဲဆိုတာ ကျုပ်မသိဘူး။

သိပ်မကြာသေးခင်က အပြင်ဘက်ကနေ တိုက်ခိုက်သံတွေကြားနေရလို့ ကာကီရာမှာ စစ်ပွဲတစ်ခုဖြစ်နေတာကို ကျုပ်သတိထားမိပေမဲ့ပေါ့။

ကျုပ်ရဲ့ရှေ့မှာ ကျောက်တုံးထဲစိုက်ထူခံထားရတဲ့ ဒဏ္ဍာရီလာဓားကို ကြည့်လိုက်မိတယ်။ ဓားကိုကျုပ်ကလွဲပြီး တခြားသူတွေအသုံးမပြုနိုင်တာကြောင့် သူရဲကောင်းတွေက ကျုပ်လည်းဓားသုံးမရအောင်လို့ အထူးစီရင်ထားတဲ့ ကျောက်တုံးထဲ ထည့်ပိတ်ခဲ့တာ။ လူကိုတော့ သံချိန်းကြိုးတွေနဲ့ချည်ပြီး သာမန်အကျဥ်းသားတစ်ယောက်လို ချည်နှောင်ထားခဲ့ပေမဲ့ပေါ့။

“ခြူးရော ဘေးလွတ်ရာရောက်သွားပြီလား၊ ဟိုကောင်လေးရော။” နေ့စဥ် မသေရုံတမယ် အကျဥ်းသားထမင်းကိုစားနေရတဲ့ ကျုပ်အတွက်တော့ အကြီးမားဆုံးဆန္ဒက အဲဒီအရာပါပဲ။

ရုတ်တရက် အပေါ်ထပ်က အကျဥ်းခန်းတံခါးပွင့်လာပြီး မိန်းမလှတစ်ယောက်နဲ့အခြွေအရံတွေ ဆင်းလာတဲ့အတွက် ကျုပ်အံ့ဩမိသွားတယ်။

“ပုလဲဒေဝီ...” ဒီမိန်းမကို ဒီကမ္ဘာစရောက်ကတည်းကကျုပ်သိတာကြာလှပြီ။ နန်းမြို့တော်ထဲကနေ တော်ရုံမထွက်တတ်ပေမဲ့ တိုင်းပြည်ရဲ့အလှဆုံးအမျိုးသမီးပါ။

ဒါပေမဲ့ အခုတော့ သူ့မျက်နှာမှာ အရေးအကြောင်းတွေထင်နေပြီး ဆံပင်တချို့လည်း ဖြူစပြုနေပြီ။ လက်မောင်းက ကြွက်သားတွေကလည်း လျော့ရဲစပြုနေပြီဆိုပေမဲ့ ကျက်သရေရှိစွာ လှပနေဆဲပဲ။

“သူရဲကောင်းကြီး၊ ကျွန်မတို့ တိုင်းပြည်ကိုကယ်တင်ပေးပါဦး။” ပုလဲဒေဝီက ကျွန်တော့်ရှေ့ကိုရောက်လာပြီး ဝပ်တွားခယတောင်းပန်တယ်။ သူ့မျက်လုံးတွေထဲမှာ ကြောက်ရွံတဲ့အရိပ်အယောင်ကို မြင်နိုင်တယ်။

“မကြာသေးခင်ကမှ မင်းငါ့ကို အကျဥ်းသားတစ်ယောက်လို ဆက်ဆံခဲ့တာမဟုတ်လား။ အခုကျတော့ ဘယ်လိုဖြစ်ပြန်တာတုန်း။”

သူရဲကောင်းသုံးယောက်က ကျုပ်ကိုသတ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ ဖမ်းဆီးဖို့တော့ လုပ်နိုင်ခဲ့ကြတယ်။ ကာကီရာမှာ သူရဲကောင်းတွေကို သာမန်လူတွေကသတ်ရင် ဒဏ္ဍာရီလာလက်နက်တွေရဲ့ကျိန်စာကိုသင့်မှာမလို့ မြေတိုက်ခန်းထဲမှာ အခုလိုပိတ်ခံထားရတာ။

“အရှင်သူရဲကောင်း၊ မိစ္ဆာဘုရင်က နိုးထလာပြီးတော့ကျွန်မတို့လူသားတွေကို ဒုက္ခပေးနေပြန်ပါပြီ။ ပြီးတော့ နိမိတ်ထဲကအတိုင်း ဖြစ်လာခဲ့ပြီ။”

ပုလဲဒေဝီက တုတ်၊ ခွက်၊ ကြယ် ဒဏ္ဍာရီလာလက်နက်တွေကို ကျွန်တော့်ရှေ့မှာ ဖြန့်ခင်းပြလိုက်တယ်။ သူ့ပုံစံက တော်တော်စိတ်ဖိစီးနေပုံပဲ။ သူက အသံတုန်တုန်ရင်ရင်နဲ့ ကျုပ်ကို အပြင်မှာဖြစ်သွားတဲ့ကိစ္စတွေ ရှင်းပြနေပါတယ်။

“သူရဲကောင်းသုံးယောက်ကို မိစ္ဆာဘုရင်အသစ်က သတ်ပစ်ခဲ့ပြီးပြီ။ ဒီတိုင်းပြည်မှာ မျှော်လင့်ချက်ဆိုလို့ ရှင်ပဲကျန်တော့တာပါ။ ကျွန်မရဲ့ခန္ဓာကိုယ်ကို ပေးရမယ်ဆိုရင်တောင်မှ အဆင်ပြေပါတယ်၊ ရှင်က မိစ္ဆာဘုရင်ကို တိုက်ထုတ်ပေးပါ။”

ကျုပ်ပုလဲဒေဝီကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်တယ်။ သူက လိမ်ပြောနေပုံမရဘူး။ သူက ကျွန်တော့်အကြည့်ကို သတိထားမိတော့ နောက်ကိုဆုတ်သွားပြီး သူ့မျက်​နှာပေါ်က အရေးအကြောင်းတွေကို လက်နဲ့သုံးသပ်လိုက်တယ်။

“အသက်အရွယ်ကြောင့် ရှင်နဲ့စတွေ့တုန်းကလောက် ကျွန်မက မလှတော့ဘူးဆိုပေမဲ့ပေါ့။”

ကျုပ်ခေါင်းခါလိုက်မိတယ်။ ဒီအမျိုးသမီးခေါင်းထဲမှာ ဘာတွေနဲ့ပြည့်နေမှန်း ကျုပ်မသိဘူး။ ဒါပေမဲ့ သူရဲကောင်းဆိုတဲ့ တာဝန်ရှိလေတော့...

“ကျုပ်ကို လွှတ်ပေးရင် မိစ္ဆာဘုရင်အသစ်နဲ့ရင်ဆိုင်ပေးနိုင်တယ်။ ဒါပေမဲ့ ထီးနန်းကိုလည်းအလိုမရှိသလို ခင်ဗျားကိုလည်း မလိုချင်ပါဘူး။ အထူးသဖြင့် ခင်ဗျားက ခင်ဗျားရဲ့သေသွားတဲ့ယောက်ျားအတွက် ပူဆွေးပေးရမှာလေ။ ပြီးတော့ သူရဲကောင်းတစ်ယောက်ရဲ့အလုပ်က မိစ္ဆာဘုရင်ကို အနိုင်ယူဖို့မဟုတ်လား။”

“အရှင်သူရဲကောင်းက စတွေ့တုန်းကလိုပဲ သိက္ခာပုဒ်တွေနဲ့ ပြည့်စုံပါပေတယ်။” သူက ကျုပ်ကိုချီးကျူးတယ်။ ဒါပေမဲ့ ကျုပ်က ပြန့်ကျဲနေတဲ့ ဒဏ္ဍာရီလာလက်နက်တွေကို ကြည့်လိုက်ပြီး

“ဒါပေမဲ့ သူရဲကောင်းလေးယောက်မစုံရင် မိစ္ဆာဘုရင်ကိုသွားတိုက်တာ ကိုယ့်သေသွင်းကိုယ်တူးတာနဲ့အတူတူပဲ။”

ပုလဲဒေဝီက ခေါင်းညိတ်လိုက်ပြီး ကျွန်တော့်ရဲ့ဓားကိုကြည့်လိုက်ပါတယ်။ “စိတ်မပူပါနဲ့၊ ရှင့်ရဲဓားကသာ တခြားဒဏ္ဍာရီလာလက်နက်တွေကို စုပ်ယူလိုက်မယ်ဆိုရင် မိစ္ဆာဘုရင်ကိုတစ်ကိုယ်တော်အနိုင်ယူနိုင်တဲ့ သူရဲကောင်းတွေရဲ့ဘုရင်ဖြစ်လာမှာပါ။”

All Chapters