မာန်နတ်ရဲ့သမီးတော် Chapter 9 - အဆုံးသတ်
Vol. 7 Ch. 9
ရန်သူက နောက်သူရဲကောင်းတွေကို ဆင့်ခေါ်မှာစိုးရတဲ့အတွက် မိစ္ဆာစစ်တပ်က နန်းမြို့တော်ကို ဖြစ်နိုင်သမျှမြန်မြန် ဝန်းရံလိုက်တယ်။ ခြူးနဲ့ကျွန်တော်က တပ်မကြီးရဲ့အလယ်မှာရှိနေပြီး အခြေအနေကိုစောင့်ကြည့်နေပါတယ်။
အချိန်ကတော့ ညဥ့်ဦးယံဖြစ်နေပြီဖြစ်ပြီး မိစ္ဆာစစ်တပ်က အလင်းရောင်အတွက် မီးတုတ်တွေကို ထွန်းညှိထားကြတယ်။ နန်းမြို့တော်တံတိုင်းတွေပေါ်မှာလည်း လူသားစစ်သည်တွေရှိပေမဲ့ အရေအတွက်က ဆယ်ဆတစ်ဆလောက်ကို ကွာခြားနေပြီးတော့ နန်းမြို့တော်ဟာ မီးတုတ်ပင်လယ်ကြီးရဲ့အလယ်က ကျွန်းတစ်ကျွန်းလိုဖြစ်နေပါတယ်။
ဝုန်း...
ရုတ်တရက် နန်းမြို့တော်ထဲကနေ ရွှေရောင်အလင်းတစ်ခုဖြာတက်လာတယ်။ ထက်ရှပြီး မိုးကောင်းကင်တစ်ခုလုံးကိုတောင် ခွဲခြမ်းပစ်နိုင်တယ်ထင်ရတဲ့ ဓားအလင်းပါပဲ။ အဲဒီဓားအလင်းကို ကျွန်တော်မှတ်မိနေသေးတယ်။ ခွက်သူရဲကောင်းရဲ့စံအိမ်ကနေလည်း ဒီလိုဓားအလင်းမျိုးမြင့်တက်လာဖူးပြီး ဦးလေးမျိုးဇင်ရဲ့စွမ်းအားပါ။
“ဓားသူရဲကောင်းရဲ့စွမ်းအားလား။ နောက်ထပ်သူရဲကောင်းအသစ်တွေကို သူတို့ဆင့်ခေါ်လိုက်ပြီလား။ မြန်လိုက်တာ။”
အာမွန်အပါအဝင်မိစ္ဆာတော်တော်များများ အံ့ဩထိတ်လန့်ကုန်ပါတယ်။ သူရဲကောင်းဆင့်ခေါ်တဲ့ လုပ်ငန်းစဥ်က လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပါဘူး။ အစီအရင်တွေ၊ ဂါထာတွေ၊ စတေးမှုတွေအများကြီး ပေါင်းစပ်ရင်းနှီးပြီးမှ ဖြစ်တည်နိုင်တဲ့အရာပါ။ အခုတော့ မဟာဂီရိနတ်တော်ကျပြီး နေ့တစ်ဝက်တောင်မရှိသေးတဲ့အချိန်မှာပါ။
“အာမွန်၊ သီဟကိုကာကွယ်ထား။” ခြူးက ကျွန်တော့်ကို စိတ်မချတဲ့ပုံစံနဲ့ လှည့်ကြည့်လိုက်ပြီး ပြောတယ်။ ကျွန်တော်လည်း သူ့အတွက်စိုးရိမ်နေဆဲပဲ။ သူ့ကျောက ဒဏ်ရာက အခုထိပြန်မကျက်လာတော့ဘူး။
“လာနေပြီ။” ခြူးက ပြောလိုက်တယ်။ အာမွန်က ကျွန်တော့်ကို ခါးကနေဆွဲကိုင်ပြီး ခုန်ထွက်လိုက်ပါတယ်။ ဘာကြောင့်မှန်းမသိလို့ အစပိုင်းစိတ်ဆိုးမိပေမဲ့ နောက်စက္ကန့်အနည်းငယ်ကြာတော့ ရွှေရောင်တောက်ပနေတဲ့ ချပ်ဝတ်တန်ဆာတွေနဲ့လူတစ်ယောက်က ဓားအလင်းထဲကနေ ထွက်ပေါ်လာပြီးတော့ ခြူးဆီကိုပြေးဝင်တိုက်ခိုက်ပါတယ်။
ခြူးဆီကနေလည်း အနက်ရောင်အခိုးအငွေ့တွေထွက်ပေါ်လာပြီးတော့ အနက်ရောင်အခိုးအငွေ့တွေက တစ္ဆေတွေရဲ့လက်တွေမျက်နှာတွေအဖြစ်ပြောင်းသွားကာ ရွှေရောင်လူကို စတင်တားဆီးပါတယ်။ ရွှေရောင်လူကလည်း တစ္ဆေလက်တွေခြေတွေကို ဓားနဲ့ပိုင်းဖြတ်ပစ်ပြီး သူ့ရဲ့ဓားချက်တိုင်းကနေ အဆုံးမဲ့တဲ့အလင်းစွမ်းအင်တွေက ဖြာထွက်နေတယ်။
ဂျိန်း... ဝေါ... ဝရော...
တစ်ခါတော့ အလင်းစွမ်းအင်လှိုင်းတစ်ခုက တိုက်ပွဲကနေပြီး လျှံထွက်ကာ မဟာဂီရိနတ်တောင်အထိကို လွှင့်စင်သွားတယ်။ အဲဒီနောက်တော့ တောင်နံရံတိုက်မိပြီး တောင်ကြီးဟာ စင်းလှီးတုံးပေါ်က အသားလိုပဲ လှီးဖြတ်ခံလိုက်ရပြီး တအိအိပြိုဆင်းသွားတော့တယ်။
“အဲဒီတိုက်ပွဲစက်ကွင်းထဲမှာ ဆက်ရှိနေရင် မင်းရောငါရော သေလိမ့်မယ်။” အာမွန်က ကျွန်တော့်ကိုရှင်းပြပါတယ်။
ကျွန်တော့်ခေါင်းက အတော်ကြာတဲ့အထိ အလုပ်မလုပ်ဘဲ ရပ်ဆိုင်းနေခဲ့ပေမဲ့ အဲဒီရွှေရောင်လူရိပ်ကိုကြည့်နေရင်းကနေ သံသယတွေတိုးပွားလာခဲ့ပါပြီ။ကျွန်တော် အာမွန်ကို မေးလိုက်တယ်။
“အာမွန်၊ သူရဲကောင်းတစ်ယောက်က ဒီလောက်အစွမ်းထက်လို့လား။ သူ့ကိုကြည့်ရတာ နတ်ဒေဝါတစ်ပါးလိုပဲ။”
အာမွန်က ကျွန်တော့်ကိုအဖြေမပေးခင် တိုက်ပွဲကို အကြာကြီးဆက်ပြီးကြည့်နေခဲ့တယ်။ သူ့မှာ ကျွန်တော့်ကို ပြန်အဖြေပေးဖို့အတွက် မသေချာမရေရာမှုတွေများနေတဲ့ပုံပါပဲ။
တိုက်ပွဲကတော့ ပိုပြင်းထန်လာနေပြီဖြစ်ပြီး မိစ္ဆာစစ်တပ်ရော လူသားစစ်တပ်ကပါ ဓားလှိုင်းတွေကြားထဲ ပါမသွားအောင်လို့ ရှောင်ဖယ်နေရပါတယ်။ ပြီးတော့ ဓားသမားက လူသားဖြစ်ဖြစ်မိစ္ဆာဖြစ်ဖြစ်ဂရုမစိုက်ဘဲ မိစ္ဆာဘုရင်မကိုတိုက်ခိုက်နေတာကြောင့် ဘယ်သူမှ သူ့နားမှာအန္တရာယ်မကင်းပါဘူး။
ပြီးတော့ မိစ္ဆာဘုရင်မဖြစ်တဲ့ခြူးက တဖြည်းဖြည်းဖိနှိပ်ခံနေရတယ်။ ပထမတော့ ဓားအလင်းကြောင့် လက်ဖျံမှာ ဖြစ်ရာတစ်ခုထင်သွားပြီး သွေးတွေစီးကျလာရုံပဲ။ နောက်တော့ ဆံစတချို့ပြတ်ပါသွားတယ်။ ပြီးတဲ့နောက် ပါးမှာခြစ်ရာထင်ကျန်ခဲ့ပြီး ချိုတစ်ဖက်ပိုင်းဖြတ်ခံလိုက်ရတယ်။ အဆိုးဆုံးတစ်ခုက ပခုံးကို ဓားနဲ့ထိုးမိတယ်။ ခြူးက ဓားသမားရဲ့ရင်ကိုကန်ပြီး ဓားကိုခန္ဓာကိုယ်ထဲကနေ နှင်ထုတ်လိုက်နိုင်ပေမဲ့ သွေးပမာဏအများကြီးကို ဆုံးရှုံးသွားပြီး မျက်နှာက ပိုဖြူဖျော့လာတယ်။
“သူရဲကောင်းအသစ်ကို ဆင့်ခေါ်ဖို့ဆိုရင် အစီအရင်ကြေးပြားရဲ့စွမ်းအင်အပြင် ဒဏ္ဍာရီလာလက်နက်လေးခုထဲက စွမ်းအင်တွေကိုပါ ကုန်စင်အောင်သုံးဖို့လိုတယ်။ ဒါကြောင့် သူရဲကောင်းအသစ်တွေတိုင်းက သူတို့ရဲ့ခရီးစဥ်ကို အစကနေစပြီး စွမ်းအားကြီးလာအောင် တစ်ဖန်ပြန်လုပ်ဖို့လိုတယ်။ ဒါပေမဲ့ ဒီလူက တစ်ယောက်တည်းဖြစ်နေပြီး မိစ္ဆာဘုရင်မနဲ့ယှဥ်နိုင်နေတယ်။”
အာမွန်က ရုတ်တရက်ထိတ်လန့်နေတဲ့လေသံနဲ့ စပြီးစကားပြောလာတယ်။ သူ့ရဲ့မျက်သူငယ်အိမ်တွေက တုန်လှုပ်နေပြီးတော့ ခန္ဓာကိုယ်လည်း တဆတ်ဆတ် တုန်ယင်လို့နေတယ်။
“ဒါဆိုရင် ဖြစ်နိုင်တဲ့နည်းလမ်းက တစ်မျိုးပဲရှိတယ်။တခြားသူရဲကောင်းတွေရဲ့ဒဏ္ဍာရီလာလက်နက်တွေကို တစ်ယောက်တည်းဆီမှာ မြုပ်နှံထားလိုက်တာပဲ။ ဒါဆိုရင် ရှေးမိစ္ဆာကြီးတွေရဲ့စွမ်းအားကို အလုံးစုံရသွားပြီး မိစ္ဆာဘုရင်မနဲ့ယှဥ်နိုင်လိမ့်မယ်။ ပြီးတော့...”
“ခြူးက ဒဏ်ရာရထားတယ်မဟုတ်လား။”
အာမွန်ရဲ့စကားကို ကျွန်တော်နားလည်သွားပြီ။ ခြူးက တောင်ပေါ်မှာ ကျွန်တော့်ကိုကာကွယ်ဖို့ကြိုးစားရင်းနဲ့ ဒဏ်ရာရထားပြီးအားနည်းနေတာ။ ဒါကြောင့် အခုအောက်စည်းကနေ တိုက်ခိုက်နေရတာ။ ဒီအတိုင်းဆက်သွားနေရင် ခြူးသေလိမ့်မယ်။ ဒါပေမဲ့ အဲဒါသာအမှန်ဆိုရင် ဦးလေးမျိုးဇင်မသေသေးဘူး။ တိုက်ခိုက်နေတဲ့သူက ဦးလေးမျိုးဇင်ပဲ။
“ဦးလေးမျိုးဇင်၊ အဲဒါခြူးပါ။ သူ့ကိုမသတ်ပါနဲ့တော့။”
ကျွန်တော်ပြေးထွက်ပြီး လှမ်းအော်လိုက်ပေမဲ့ အာမွန်က တားဆီးလိုက်တယ်။ ရွှေရောင်ဓားသမားက ကျွန်တော့်စကားသံကြောင့် ခတ္တရပ်တန့်သွားပေမဲ့ မကြာခင်မှာပဲ ဆက်တိုက်ခိုက်တယ်။ ဒဏ်ရာတွေရထားတဲ့ခြူးက ရွှေရောင်ဓားသမားကို ဆက်တိုက်နေမယ့်အစား တိုက်ကွက်တွေကို ရှောင်တိမ်းရင်း ဖြည်းဖြည်းချင်း နောက်ကိုဆုတ်နေပါတယ်။
အာမွန်က ကျွန်တော့်ကို ဖမ်းချုပ်ထားလိုက်ရင်း ပြောတယ်။
“မင်းအဲဒီလိုလုပ်နေလဲအလကားပဲ။ ရှေးခေတ်မိစ္ဆာကြီးတွေရဲ့စွမ်းအားက သူ့ကိုလွှမ်းမိုးထားပြီ။ မိစ္ဆာအစစ်မဟုတ်ရင် မိစ္ဆာတွေရဲ့သွေးဆာတဲ့စွမ်းအားကို ဘယ်သူမှ မဖိနှိပ်နိုင်ဘူး။”
ဒါပေမဲ့ ကျွန်တော်သိနေတယ်။ ဦးလေးမျိုးဇင်သာဆိုရင် ဒီလိုလှည့်ကွက်အတွင်းမှာ ကျဆုံးမယ့်သူမဟုတ်ဘူး။ သူက အလွန်သန်မာတဲ့လူ၊ သူရဲကောင်းတွေထဲမှာ စွမ်းအားအကြီးဆုံးနဲ့ဉာဏ်ပညာအကြီးရင့်ဆုံးသူ။
ကျွန်တော်တိုက်ပွဲကို ဆက်ကြည့်နေတယ်။ ရွှေရောင်ဓားသမားရဲ့ဓားချက်က ခြူးရဲ့ခြေသလုံးနောက်က အကြောကို ဖြတ်မိသွားတယ်။ ခြူးက ဒူးတစ်ဖက်ထောက်ကျသွားပြီး အချိန်တိုအတွင်းမှာ တိုက်ကွက်တွေကို မရှောင်နိုင်တော့ဘူး။ တစ္ဆေလက်တွေက သူ့ကိုကာကွယ်နေသေးပေမဲ့ ဓားသမားက အမြန်ဆုံးရှေ့ကိုတက်လာနေပြီ။
“ကောင်လေး၊ ဘုရင်မက ငါတို့ကိုကာကွယ်ပေးထားတုန်း ပြန်ကြရအောင်။ မိစ္ဆာတပ်ဖွဲ့၊ ပြန်ဆုတ်။”
အာမွန်က ခြူးကိုကယ်တင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ပုံပဲ။ မိစ္ဆာမျိုးနွယ်တစ်ခုလုံး မျိုးဖြုတ်မခံရခင် ပြန်ဆုတ်ဖို့အတွက် သူဆုံးဖြတ်ပြီး တပ်ကိုဆုတ်မိန့်ပေးတယ်။ ဒါပေမဲ့ ကျွန်တော့်ဆန္ဒက အဲဒီလိုမဟုတ်ဘူးလေ။
“ကျုပ်ကို လွှတ်ပေးစမ်း။”
“ကောင်လေး၊ ငါက ဘုရင်မကိုမကာကွယ်နိုင်ပေမဲ့ သူ့ရဲ့စတေးမှုကို အလကားမဖြစ်စေချင်ဘူး။ ပြီးတော့ သူ့ရဲ့နောက်ဆုံးအမိန့်က မင်းကိုကာကွယ်ဖို့ပဲ။”
“ခင်ဗျားက ကိုယ့်ဘုရင်မကိုယ် စွန့်ပစ်ဖို့ရွေးချယ်ပြီးသွားပြီ။ လူသားကောင်လေးတစ်ယောက်ရဲ့သေခြင်းရှင်ခြင်းက ခင်ဗျားထည့်စဥ်းစားရမယ့်အရာမဟုတ်ဘူး။ ကျုပ်ကိုလွှတ်တော့။”
ဒီတော့မှ အာမွန်လည်း လက်လျှော့ပြီး ကျွန်တော့်ကိုလွှတ်ပေးလိုက်တယ်။ ကျွန်တော်က သူ့ဆီကနေ ထွက်လို့ရတာနဲ့ ရွှေရောင်ဓားသမားနဲ့မိစ္ဆာဘုရင်မဆီကို ပြေးသွားလိုက်တယ်။ ဓားအလင်းတွေနဲ့တစ္ဆေလက်တွေက ကျွန်တော်နဲ့သိပ်ကိုနီးကပ်နေပါပြီ။
ကျွန်တော့်မှာ သူတို့နှစ်ယောက်ကို တားဆီးနိုင်တဲ့စွမ်းအားမရှိဘူး။ ဒါပေမဲ့ ကျွန်တော်က သူတို့နှစ်ယောက်အကြောင်းသိတယ်။ သူတို့က သိပ်ချစ်ကြတဲ့ သားအဖတွေလေ။ ဘယ်လိုလုပ်ပြီး တစ်ယောက်ကိုတစ်ယောက် သတ်နိုင်မှာလဲ။
“ခြူး၊ မင်းကိုယ်မင်း ငယ်တဲ့ပုံစံပြန်ဖန်ဆင်းလိုက်။”
ကျွန်တော်သိသလောက် မိစ္ဆာတွေမှာ ရုပ်ဖျက်နိုင်တဲ့စွမ်းအားရှိတယ်။ အခုခြူးက နတ်ရေကန်ကြောင့် ကြီးသွားပြီဆိုပေမဲ့ သူ့ရဲ့မူရင်းပုံစံဆိုရင် ဦးလေးမျိုးဇင်ကို အသိစိတ်ပြန်ဝင်အောင် လုပ်နိုင်လောက်တယ်။ ခြူးကလည်း ကျွန်တော့်စကားကို ကြားသွားပြီးတဲ့နောက်တော့....
သူ့ရဲ့တစ္ဆေလက်တွေနဲ့မိစ္ဆာမြူခိုးတွေအားလုံးကို သိမ်းလိုက်ပြီး ပုံမှန်အတိုင်း ရင်ဖုံးအင်္ကျီနဲ့ထမီဝတ်ထားတဲ့ ဆယ်နှစ်အရွယ်ကလေးမလေးအဖြစ် ပြန်ပြောင်းထားလိုက်တယ်။ အဲဒီနောက်တော့ ဓားသမားရဲ့ဓားချက်တွေက ခတ္တရပ်တန့်သွားတယ်။ ဒါပေမဲ့ ရွှေရောင်ဓားသမားပုံစံကတော့ ဒီအတိုင်းပဲ။
အဲဒီအချိန်မှာပဲ ကျွန်တော့်ခေါင်းထဲ ရူးရူးမိုက်မိုက်အကြံတစ်ခု ဝင်လာပြီးတော့ ဦးလေးမျိုးဇင်ဆီကိုပြေးကာ သူ့ရဲ့လက်ထဲကဓားကို အားနဲ့ဝင်လုပြီး လွှင့်ပစ်လိုက်တယ်။
....
နောက်တစ်ကြိမ် ကျုပ်နိုးလာတော့ ထက်ပိုင်းပြတ်နေတဲ့ မဟာဂီရိနတ်တောင်ကြီးကို အရင်မြင်လိုက်ရတယ်။ ဒုတိယအနေနဲ့ သတိထားမိတာက ကျုပ်ကို စိုးရိမ်စွာနဲ့ကြည့်နေတဲ့ ခြူးရဲ့မျက်နှာရယ်၊ တိမ်တွေမရှိဘဲ ကြည်လင်သန့်ရှင်းနေတဲ့ နေထွက်ခါစ အနီရောင် မိုးကောင်းကင်ကြီးရယ်ကိုပါ။
“ခြူးလား...” ကျုပ်ရင်ထဲက ဝမ်းသာမှုကို ဘယ်လိုဖော်ပြရမှန်းမသိဘူး။ ခြူးက ကျွန်တော်သတိဝင်လာတာကို သတိပြုမိတာနဲ့ ဖက်ပြီးငိုတော့တာပဲ။
အတော်ကြာတော့မှ အငိုတိတ်ပေမဲ့ ကျုပ်ကိုဖက်ထားဆဲပဲ။ အဲဒီနောက်ပိုင်းမှ ကျုပ်ဘေးပတ်ဝန်းကျင်ကို သတိပြုမိတာ။ ဒီနေရာမှာ မရင်းနှီးတဲ့လူတွေရောရင်းနှီးတဲ့လူတွေပါ ရှိနေပါတယ်။ ရင်းနှီးတဲ့လူဆိုတာက သီဟဆိုတဲ့ မျောက်လောင်းလေးကိုပြောတာ။ မရင်းနှိးတဲ့လူကတော့ ကြောင်နားရွက်နဲ့လူတစ်ယောက်။
အဲဒီလူက ရှေ့ကိုတိုးလာပြီး ကျွန်တော့်ကို ဦးညွှတ်အရိုအသေပေးလိုက်တယ်။
“တွေ့ရတာ ဝမ်းသာပါတယ်၊ သူရဲကောင်းဘုရင်။ ကျွန်တော်က မိစ္ဆာဘုရင်မခြူးရဲ့လက်ထောက် အာမွန်ပါ။ ခင်ဗျားပြန်သတိဝင်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
သူရဲကောင်းဘုရင်ဆိုတဲ့ စကားကိုကြားတော့မှ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြန်ပြီးသတိရလာတယ်။ မနေ့ညက ကျွန်တော်မှတ်မိသလောက် ပုလဲဒေဝီက ဒဏ္ဍာရီလာလက်နက်လေးမျိုးကိုပေါင်းစပ်ပြီး ဓားတစ်လက်အဖြစ်သွန်းလုပ်ကာ ကျွန်တော့်ကိုပေးခဲ့တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ဂုဏ်ပုဒ်က ဓားသူရဲကောင်းကနေ သူရဲကောင်းဘုရင်ဖြစ်သွားပြီ။ တစ်ခုဆိုးတာက အဲဒီဓားကို ဓားအိမ်ထဲကနေ ဆွဲထုတ်ပြီးကတည်းက ဘာမှမသိတော့တာပဲ။
အာမွန်နဲ့သီဟက မနေ့ညက ဖြစ်ခဲ့တာတွေကိုရော မိစ္ဆာတွေဘက်ခြမ်းက ပုံပြင်ကိုပါ ပြောပြပါတယ်။ ရှေးမိစ္ဆာတွေရဲ့အရိုးနဲ့လုပ်ခဲ့တဲ့ ဒဏ္ဍာရီလာလက်နက်တွေ၊ မဟာရာဇာဘုရင်ရဲ့ရာဇဝင်၊ မိစ္ဆာချဥ်ဆီတွေကိုစားသုံးတဲ့ စုန်းမပုလဲဒေဝီနဲ့အမတ်တွေရဲ့သရုပ်မှန် စသည်ဖြင့်ပေါ့။ သတိကြီးကြီးထားနေတဲ့ကြားကနေ ပုလဲဒေဝီရဲ့အသုံးချခံဖြစ်ခဲ့ရလို့ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ခဲ့ဘူး။ အဆိုးဆုံးကတော့ ခြူးကိုသတ်မိတော့မလို ဖြစ်ခဲ့တာပဲ။
“အဲဒီစုန်းမရော...” ပုလဲဒေဝီအကြောင်းကျုပ်မေးတော့ အာမွန်က ခေါင်းခါပြတယ်။
“ခင်ဗျားနဲ့အရှင်မရဲ့တိုက်ပွဲပြီးတော့ ကျုပ်တို့မြို့ထဲဝင်ပြီးရှာပေမဲ့ သူ့ကိုမတွေ့ရတော့ဘူး။ သူ့အမတ်တွေကတော့ အကုန်သေကုန်ပြီ။ တိုက်ပွဲအခြေအနေမဟန်ကတည်းက သူ့အမတ်တွေကိုနှုတ်ပိတ်ပြီး ထွက်ပြေးသွားတဲ့ပုံပဲ။”
“ဒါဆိုလိုက်ရှာရတော့မှာပေါ့။” ကျွန်တော်ပြောလိုက်တော့ အာမွန်က ခေါင်းညိတ်လိုက်ပါတယ်။ ဒါပေမဲ့ အာမွန်က စိတ်မပူဖို့ဆက်ပြောတယ်။
“ကံကောင်းတာက လူသားအမတ်တွေထဲမှာ သူ့ငယ်သားမဟုတ်တဲ့ မျိုးဆက်သစ်အမတ်တချို့လည်းရှိတယ်။ စုန်းမရှိနေတုန်း ဖိနှိပ်ခံခဲ့ရပေမဲ့ ခုတော့ သူတို့က ဒီမင်းမဲ့တိုင်းပြည်ကြီးကို တာဝန်ယူနေပါတယ်။ သူတို့နဲ့ပေါင်းပြီး ဝရမ်းထုတ်ထားတာကြောင့် ပုလဲဒေဝီက လူသားတွေကရော မိစ္ဆာတွေကပါ အလိုရှိတဲ့ရာဇဝတ်သားဖြစ်သွားပါပြီ။”
အဲဒီနောက် ဆက်ဆွေးနွေးတဲ့ကိစ္စတွေကတော့ ငပိန်းတစ်ယောက်ဖြစ်တဲ့ကျုပ်အတွက် နားလည်ရခက်တဲ့ ကိစ္စတွေပါ။ ကာကီရာနိုင်ငံကို ဘယ်သူက ဆက်အုပ်ချုပ်မလဲတို့၊ မိစ္ဆာတွေရဲ့အနာဂတ်တို့ပေါ့။
လူသားအမတ်တစ်သိုက်ကတော့ သူရဲကောင်းဘုရင်ဖြစ်တဲ့ကျုပ်ကိုနန်းတင်ပြီး မင်းဆက်အသစ်စတင်ဖို့ လာအပူကပ်ကြပေမဲ့ ဓားသမားသီးသန့်ဖြစ်တဲ့ကျုပ်က တိုင်းပြည်မအုပ်ချုပ်တတ်ဘူးလေ။ ဒါနဲ့ သူတို့ကို အကြံတစ်ခုပေးလိုက်တာ ကာကီရာသမ္မတနိုင်ငံဖြစ်သွားတယ်။
ညီသုတလက်ထက်ကလိုမျိုး စစ်အင်အားနဲ့လွှမ်းမိုးမှုမရှိတော့သလို အရင်ကလို သူရဲကောင်းတွေကိုအားကိုးမရတော့တဲ့အတွက် ကာကီရာက တောင်ပိုင်းပြည်နယ်ခုနစ်ခုကို ဆက်မလွှမ်းမိုးနိုင်တော့ဘူး။ ဒါပေမဲ့ ခမ်သီအင်ပါယာနဲ့ဥတည်ဖွားတို့ရဲ့အနာဂတ်ကျူးကျော်မှုတွေကို ကာကွယ်ဖို့အတွက်နဲ့ မြစ်ဝှမ်းပြည်ထောင်ဆိုပြီး အဖွဲ့ဝင်တိုင်းက တန်းတူအုပ်ချုပ်ရေးအဆင့်ရှိတဲ့ ကွန်ဖက်ဒရေးရှင်းတစ်ခုဖြစ်လာတယ်။ အနာဂတ်ကိစ္စတွေကတော့ ဒီနိုင်ငံသစ်တွေရဲ့ပူးပေါင်းဆောင်ရွက်မှုအပေါ်မူတည်မှာပဲ။
မိစ္ဆာတွေကတော့ မိစ္ဆာနိုင်ငံကို ပြန်တည်ထောင်ဖို့မလုပ်ခဲ့ကြဘူး။ မွန်းစတားတွေမပါရင် စစ်မှန်တဲ့မိစ္ဆာဦးရေက ငါးရာအောက်မှာပဲရှိတော့တာ။ ကာကီရာနိုင်ငံနဲ့မိစ္ဆာတွေရဲ့ရာစုနှစ်ငါးခုကြာတဲ့စစ်က ပြီးသွားပြီဆိုပေမဲ့ မိစ္ဆာတွေနဲ့လူသားတွေကြားမှာ မုန်းတီးမှုရန်စတချို့ကတော့ ကျန်နေဆဲပါပဲ။ ဒါကြောင့်မလို့ ခြူးက မြစ်ဝှမ်းမြေတွေကနေ တခြားနေရာတစ်ခုဆီကိုသွားဖို့ ဆုံးဖြတ်ခဲ့ပြီး သုံးပင်တိုင် ဧရာမလှေကြီးတွေကို စတင်တည်ဆောက်ခဲ့တယ်။ သူ့အကြံက ကာကီရာကိုလာလာနေတဲ့ အနောက်တိုင်းသားတွေနည်းတူ နယ်မြေသစ်ရှာဖို့ပါ။
အနောက်တိုင်းသားတွေကိုယ်တိုင်ကလည်း တောင်ပိုင်းသမုဒ္ဒရာထဲမှာ လူသားတိုင်းပြည်တွေမရှိတဲ့ အယ်ဒိုရာဒိုကုန်းမြေကြီးကို ရှာတွေ့ခဲ့ပြီးပြီ။ လူသားတွေက ကိုလိုနီတွေထောင်ဖို့လုပ်နေပြီဆိုပေမဲ့ အဲဒီလိုကြမ်းတမ်းတဲ့မြေက မိစ္ဆာတွေအနေနဲ့ တိုင်းပြည်လုပ်ဖို့ ပိုသင့်တော်တယ်။
ကျုပ်ကတော့လား၊ ခါတိုင်းလိုပဲ ခရီးသွားချင်စိတ် ပြင်းပြနေဆဲပဲ။ ဒါပေမဲ့ ဟိုစုန်းမကို ဖမ်းမမိသေးတာကြောင့်ရယ် သူ့မှာဘာအကြံတွေရှိနေသေးလဲဆိုတာ မသိရတာကြောင့်ရယ် ကာကီရာမှာ ဆက်နေနေရတာ။ နေ့ရက်တိုင်းကို ခြူးနဲ့အတူဖြတ်သန်းချင်ပေမဲ့ ဘုရင်မဖြစ်လာတဲ့ခြူးက မိစ္ဆာတွေကိုအုပ်ချုပ်နေရလို့ မအားတော့ဘူး။ ဟိုကောင်လေးသီဟကတော့ မကြာခဏလာလည်တတ်ပြီး သူ့ကိုဓားရေးသင်ပေးဖြစ်တယ်။ သူက ဓားရေးပါရမီတော့မပါပေမဲ့ ကြိုးတော့ကြိုးစားတယ်။ သူ့ရဲ့ပါရမီအစစ်အမှန်က စာပေမှာ။ ကာကီရာနိုင်ငံတော်စာကြည့်တိုက်ထဲကို မိစ္ဆာဘုရင်မမျက်နှာနဲ့ဝင်ခွင့်ရပြီးတဲ့နောက် စစ်ဗျူဟာကျမ်းအားလုံးကို သူအလွတ်ကျက်ပြီးသွားပြီ။
“အာမွန်ဆိုတဲ့ငနှဲက အားမကိုးရလို့ ကျုပ်ကြီးလာရင် ခြူးအတွက် ဝန်ကြီးချုပ်လုပ်ပေးမှာ။” ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေပြောတတ်သား။
ကာကီရာမှာနေရင်း နောက်နှစ်နှစ်လောက်နေတော့ ဂူတစ်ဂူထဲ ပုန်းအောင်းနေတဲ့ ပုလဲဒေဝီကို နယ်စပ်တစ်နေရာမှာ ရှာတွေ့ကြတယ်။ နှစ်နှစ်ပဲဆိုပေမဲ့ သူ့ရုပ်ရည်က မမှတ်မိလောက်အောင်ပြောင်းလဲသွားပြီး ရှစ်ဆယ်ကျော်အဖွားကြီးရုပ်ပေါက်နေပြီ။ အာမွန်အဆိုအရ ကျုပ်တို့မဖမ်းမိရင်လည်း နောက်လအနည်းငယ်ကြာရင် သက်တမ်းကုန်ပြီးသေတော့မှာတဲ့။ နောက်ဆက်ဖြစ်တာကတော့ ပုလဲဒေဝီကိုထောင်ထဲထည့်တာပဲ။ ခြောက်လလောက်နေတော့ အာမွန်ပြောတဲ့အတိုင်း သူ့တစ်ကိုယ်လုံးဖုန်မှုန့်တွေလိုမျိုး ကြွေကျပြီး သေဆုံးသွားတယ်။
ကျုပ်လည်း တခြားလုပ်စရာတွေမရှိတော့တာကြောင့် မြောက်ပိုင်းနယ်စပ်တွေကိုဖြတ်ပြီး ဥတည်ဖွားရဲ့နိုင်ငံဆီ သွားခဲ့တယ်။ အဲဒီက ထုံးတမ်းဓလေ့တွေနဲ့ ဝတ်စားဆင်ယင်ပုံတွေကို ပန်းချီဆွဲပြီး ကာကီရာဆီပြန်ပို့ခဲ့ပေမဲ့ ရောက်ဖို့လအတော်ကြာတယ်။ ဒါနဲ့ စိတ်မရှည်တဲ့ခြူးက ကျုပ်သုံးဖို့အတွက် မိစ္ဆာကျီးတစ်ကောင်ကို လေ့ကျင့်ပေးခဲ့တယ်။ မိစ္ဆာကျီးတွေက ကုန်းမြေတိုက်တွေကိုတောင် ဖြတ်ပြီးခရီးနှင်နိုင်တယ်ဆိုလား။ သခင်ရဲ့ဝိညာဥ်ကိုလည်း မိုင်ထောင်ချီဝေးတဲ့နေရာကနေ အာရုံခံနိုင်တယ်တဲ့။
သုံးနှစ်မြောက်တဲ့နေ့မှာတော့ ခြူးစေလွှတ်လိုက်တဲ့ ရှေ့ပြေးတပ်တွေပြန်လာပြီ။ အယ်ဒိုရာဒိုကို သူတို့ရှာတွေ့ပြီး မြေပုံအပြည့်အစုံရေးဆွဲခဲ့ကြတယ်။ နောက်တော့ မိစ္ဆာတွေအကုန်လုံး ခရီးနှင်ကြတယ်။ ခြူးနဲ့အတူ သီဟလည်းလိုက်သွားတယ်တော့ကြားပေမဲ့ မိစ္ဆာတွေဆီကနေ နှစ်ပေါက်တဲ့အထိ ဘာသတင်းမှမကြားရတော့ဘူး။ စာတွေလှမ်းပို့ပေမဲ့ မိစ္ဆာကျီးတောင်မှ သူတို့ရှိတဲ့နေရာကို ရှာဖို့ခက်နေတဲ့ပုံပဲ။
ကျုပ် မဟာမြက်ခင်းပြင်ဒေသမှာရောက်နေတုန်း အဲဒီက အမြဲလှည့်လည်သွားလာနေတဲ့ မြင်းစီးမျိုးနွယ်တွေအကြောင်း စာထည့်ပေးလိုက်တယ်ဆိုပေမဲ့ မိစ္ဆာကျီးကန်းက စာတွေနဲ့အတူပြန်ရောက်လာပြီး ကျုပ်ကိုစိတ်ပျက်ပျက်နဲ့အာပြတယ်ဗျ။
“သမုဒ္ဒရာထဲမှာရွက်လွှင့်နေလို့ ကျီးကန်းက သူတို့ကိုရှာမတွေ့တာများလား။” ကျုပ်သူ့ကို သေမတတ်ချမ်းတဲ့ မြက်ခင်းလွင်ပြင်က ဆောင်းရာသီအကြောင်းကို ပြောပြခဲ့ချင်ပေမဲ့ မပြောပြနိုင်ခဲ့ဘူး။
....
လေးနှစ်မြောက်တဲ့နေ့၊ မြက်ခင်းပြင်တွေကိုကျော်လွန်ပြီး ကီယက်ဗန်လို့ခေါ်တဲ့ နိုင်ငံတစ်ခုကိုရောက်ပြီ။ ဒီဒေသကလူတွေက ရဲတိုက်ကြီးတွေဆောက်ပြီးတော့ မြက်ခင်းပြင်က မြင်းစီးမျိုးနွယ်တွေကို ခုခံနေကြတယ်။ ဒီကလူတွေက မိစ္ဆာဘုရင်ထက် မြင်းစီးမျိုးနွယ်တွေရဲ့မဟာခန်ကို ပိုကြောက်ကြတဲ့ပုံပဲ။ ကပ်ရောဂါတွေလည်းဖြစ်နေပေမဲ့ လူတစ်ပိုင်းနတ်တစ်ပိုင်းလိုဖြစ်နေတဲ့ သူရဲကောင်းဘုရင်ကိုတော့ ကူးစက်တဲ့ပုံမပေါ်ဘူး။ မင်းသမီးကြီးအော့ဂါဆိုတဲ့ မိန်းမနဲ့တောင် စကားပြောခဲ့သေးတယ်။ ကျုပ်ဓားရေးကိုသဘောကျလို့ သူ့တပ်ထဲဝင်ခိုင်းခဲ့ပေမဲ့ ငြင်းလိုက်တယ်လေ။
ဒီအကြောင်းတွေကိုလည်း စာထဲထည့်ပြီး ကျီးကန်းခြေမှာ ချည်ပေးလိုက်ပေမဲ့ အဲဒီကတည်းက မိစ္ဆာကျီးကန်းကို မမြင်ရတော့တာ လနဲ့ချီကြာခဲ့ပါပြီ။ ကျီးကန်းသွားနေရတဲ့နေရာက သိပ်ဝေးလို့လား၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကပဲ မကောင်းဆိုးဝါးဆိုပြီး လေးနဲ့ပစ်ချလိုက်သလားပဲ။ အသက်ရှင်နေရင်တော့ အမြန်ဆုံးခြူးရဲ့စာကို ပြန်သယ်လာပါစေ။
အခုတော့ ဝါ့ဇ်စတန်းလို့ခေါ်တဲ့ ကုန်းမြေတိုက်ကိုရောက်နေပြီ။ နေရာတိုင်းမှာ အော်ဒါအင်ပါယာလို့ခေါ်တဲ့ မဟာအင်ပါယာကြီးတစ်ခုထားခဲ့တဲ့ အပျက်အစီးတွေရှိတယ်။ အဲဒီအင်ပါယာက ဒီကုန်းမြေတိုက်တစ်ခုလုံးကို အုပ်စိုးခဲ့တဲ့ပုံပဲ။ ဒီကလူတွေက ငါတို့ကာကီရာကို ရွက်လွှင့်ရင်းရောက်လာတဲ့လူတွေပဲ။ သူတို့က ရွက်လွှင့်တဲ့နေရာမှာ ထူးချွန်ကြတဲ့သူတွေ။ ဘာသာရေးခေါင်းဆောင်နဲ့ဧကရာဇ်တန်းတူအာဏာခွဲအုပ်ချုပ်တဲ့ မွန်မြတ်သော အော်ဒါနိုင်ငံကိုရောက်ခဲ့ပေမဲ့ အဲဒါက မူရင်းအော်ဒါအင်ပါယာမဟုတ်ဘူးတဲ့ဗျ။ အရှေ့အော်ဒါအင်ပါယာဆိုတဲ့ မြို့လေးတစ်မြို့နဲ့ပြည်နယ်လေးတစ်ခုပဲရှိတဲ့နိုင်ငံကမှ မူရင်းဆိုလား။ အဲဒါကလည်း ကျုပ်ရောက်မလာခင် နှစ်နှစ်ဆယ်လောက်ကတည်းက တာ့ခ်တွေဖျက်ဆီးခံလိုက်ရပြီတဲ့။
ခြောက်နှစ်မြောက်၊ မွန်မြတ်သော အော်ဒါနိုင်ငံမြို့တော်မှာ နားနေတုန်း မိစ္ဆာကျီးကန်းပြန်လာတယ်။ တော်တော်ပင်ပန်းနေတဲ့ပုံပဲ။ ကျုပ်ရောက်နေတဲ့နေရာက သူစာပို့ရတဲ့နေရာနဲ့ သိပ်ကိုဝေးလွန်းနေပြီလေ။ ကံကောင်းတာက သူနဲ့အတူ ပြန်စာတစ်စောင်ပါလာတယ်။ ခြူးရဲ့ဘုရင်မအမှတ်အသားပါလို့ ကျုပ်ဝမ်းသာမိတယ်။
နောက်ဆုံးတော့ သူနဲ့အဆက်အသွယ်ရပြီ။ သူ့မှာရော ကျုပ်ကိုပြောပြဖို့ ဘယ်လိုအကြောင်းအရာတွေများ ရှိနေမလဲမသိဘူး။