ချစ်စရာလေး
Vol. 38 Ch. 520
ဖီးနစ်အော်သံနယ်မြေ၏ အနောက်ဘက် ပင်လယ်ထဲတွင် လူငယ်တစ်ဦးက ပင်လယ်ပေါ် ဖြတ်ကျော်လျက် ခရီးနှင်နေ၏။ သူက သားရဲတိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်တစ်ဝက်ကို လှစ်ဟပြထားလျက် အမာရွတ်များ ရှိနေသည့် သန်မာသော ကြွက်သားများကို ပြသနေ၏။ သူက ကတုံးပြောင်နေအောင် ရိတ်ထားကာ ဘယ်ဘက်နား၌ ဘဲဥသဏ္ဌာန်နားဆွဲကို ဝတ်ဆင်ထားသည်။ သူ့၌ ရှည်လျားကျဉ်းမြောင်းသည့် ကောင်းကင်အဆင့် တိုက်ပွဲဝင် ဓားမော့တစ်လက် ရှိနေသည်။ သူ့တွင် မည်သည့် အရှိန်အဝါမှ ရှိမနေ၊ သို့သော် ရက်စက်သော မျက်ဝန်းက ရောင်ခြည်များဖြင့် ဖြာထွက်နေရာ သူတို့ သူ့ကို အထင်မသေးမိကြောင်း လူအများကို ခံစားမိစေ၏။
ကျန်းရီက ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးခဲ့ရာ ဖီးနစ်အော်သံတောင်တန်းနှင့် ပတ်သတ်သည့် အချက်အလက် တစ်စွန်းတစ်စမှ ရှိမနေခဲ့ချေ။ ဤနယ်မြေသည် လူသားမျိုးနွယ်စု နတ်ဆိုးမျိုးနွယ်စု သို့မဟုတ် ထူးခြားသော မျိုးနွယ်စု အုပ်စိုးသည်လား ဟူသည်ကို မည်သည်ကိုမျှ မသိပေ။ သို့သော် ခရမ်းရောင်ဆံနွယ် မိန်းမပျိုလေးက ဘာကိုမှ မပြောခဲ့ပေ။ ဆိုလိုသည်က ဤနယ်မြေသည် ရက်စက်သော နယ်မြေ မဟုတ်တာပဲ ဖြစ်၏။ သူက နယ်မြေအတွင်း ရှေးဦးစွာ ဝင်ရောက်ပြီး အချက်အလက်အချို့ ရှာဖွေရမှာပဲ ဖြစ်သည်။ သူက ပြီးပြည့်စုံသည့် မြေပုံတစ်ချပ် ရနိုင်လျှင် အကောင်းဆုံး ဖြစ်၏။ သူက လမ်းတစ်လျှောက်ကို သတိအနေအထားဖြင့် ထောက်လှမ်းနေ၏။ လူသားတစ်ယောက် သို့မဟုတ် စစ်သည်တော်များ ရှိနေခဲ့လျှင် သူက သူတို့ကို ချက်ချင်း ရှောင်တိမ်းမှာပဲ ဖြစ်သည်။ သူ ခိုးဝင်နိုင်ခဲ့လျှင် အကောင်းဆုံးဖြစ်သည်။ သို့သော် ရေအောက်ကနေ မသွားရဲပေ။ ပိုတောင်ဆိုးသည့် ကန့်သတ်ချက် အချို့ကို တွေ့မှာ စိုးရိမ်သောကြောင့် ဖြစ်သည်။
နယ်မြေနှင့် နီးကပ်လာသည်နှင့် ကျန်းရီက ကျယ်ပြောသော မြေကို မြင်နိုင်သည်။ ပတ်ဝန်းကျင်တွင် လူသားများ သို့မဟုတ် ပင်လယ်နတ်ဆိုးများ ရှိမနေရာ ကျန်းရီက အနည်းငယ် ရပ်တန့်ပြီးနောက် ပင်လယ်ကနေ ကြည့်လိုက်၏။ သူက နယ်မြေနှင့် နီးကပ်လာပြီး အနီးတွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးသည်နှင့် နယ်မြေပေါ်သို့ လျင်မြန်စွာ ဆင်းသက်လိုက်တော့သည်။
နေရာကို စစ်ဆေးပြီးနောက် ကျန်းရီက ဤနေရာတွင် ဘာမှမရှိဘဲ တောရိုင်းနယ်မြေ ဖြစ်နေတာကို သဘောပေါက်လိုက်၏။ သူက ကုန်းမြေပေါ်၌ လှည့်လှည် သွားလာပြီးနောက် အနားပတ်ဝန်းကျင်ရှိ အခြေအနေကို ထောက်လှမ်းစစ်ဆေးလိုက်၏။
သူ့၏ ဒန်တျန်ထဲရှိ အတွင်းအားကို လှည့်ပတ်တာ ရပ်တန့်လိုက်ပြီး သူကိုယ်တိုင် လမ်းမလျှောက်တော့ပေ။ ထိုနည်းဖြင့် အရှိန်အဝါ တည်ရှိမှုကို အပြည့်အဝ ဖုံးကွယ်နိုင်မည် ဖြစ်ကာ တစ်စုံတစ်ယောက် သူ့ကို ရှာတွေ့ခဲ့လျှင်တောင် သူ၏ခွန်အား အစစ်အမှန်ကို အာရုံခံနိုင်တော့မှာ မဟုတ်ပေ။
“လူသားတွေ..”
တစ်နာရီခန့် ခရီးဆက်ပြီးနောက် ကျန်းရီသည် မလှမ်းမကမ်းမှ မြို့တစ်မြို့ကို တွေ့လိုက်ရသည်။ သူက စစ်ဆေးလိုက်ရာ မြို့၌ လူသားစစ်သည်တော်တစ်ခု ရှိနေကြောင်း သတိပြုမိချိန်၌ သူ ချက်ချင်း ပျော်ရွှင်သွားသည်။
ဖီးနစ်အော်သံနယ်မြေက လူသားများ အုပ်စိုးတာ ဖြစ်သည်။ သူတို့က သာမန်လူသားများ ဖြစ်ပြီး ထူးခြားသော မျိုးနွယ်စု မဟုတ်ပေ။ ကျန်းရီက စိတ်သက်သာရာရသွားပြီးနောက် သူသည် ထိုနယ်မြေထဲ ပြောင်ပြောင်တင်းတင်း ဝင်နိုင်မည် ဖြစ်ကာ နောက်ထပ် ပြုလုပ်ရမည့် အရာများကို အေးအေးဆေးဆေး အစီအစဉ် ချနိုင်မှာပဲ ဖြစ်၏။
သူက ကောင်းကင်စိတ်အာရုံကို အသုံးပြုလိုက်ရာ မြို့ရိုးပေါ်ရှိ စစ်သည်တော်များက ကြောက်စရာမကောင်းဟု သတ်မှတ်နိုင်ပြီး သူတို့ထဲတွင် အသန်မာဆုံးက စိတ်ဝိညာဉ်မျောလွင့် ခရီးသွားအဆင့်တွင် ရှိပြီး ကျန်သူများက ခရမ်းရောင်နန်းတော်ရှင် အဆင့်တွင်သာ ရှိသေးတာကို တွေ့လိုက်ရသည်။ ဤမြို့လေးက သိုင်းပညာရှင်များ ရှိပုံမပေါ်ပေ။ သူက ခိုက်ရန်ဖြစ်ပွားခဲ့လျှင်တောင် လူတိုင်းကို အလွယ်တကူ သတ်ဖြတ်ပြီး တစ်ချက်မှ မတွေးဘဲ ထွက်သွားနိုင်ပေ၏။
သူက သတ်ဖြတ်ဖို့ ဤနေရာကို ရောက်လာတာ မဟုတ်ဘဲ အချက်အလက် စုဆောင်းရန် ဖြစ်သည်။ သူ လူတစ်ယောက်ကို သတ်လိုက်သည်နှင့် သူ မည်သူ မည်ဝါ ဆိုသည်က ပေါ်ထွက်လာနိုင်ချေ မြင့်သွားမှာပဲ ဖြစ်၏။ ခရမ်းရောင်ဆံနွယ် မိန်းမပျိုလေးက သူ အပြင်လောကထဲတွင် သိုသိုသိပ်သိပ် နေရမည် ဖြစ်ကြောင်း ပြောခဲ့သည်။ မဟုတ်လျှင် သူ အကြောင်းအရင်းတောင် မသိဘဲ သေသွားနိုင်၏။ ထို့ကြောင့် သူက ဘာမှမလှုပ်ရှားဘဲ သူ့ကိုယ်သူ ဖုံးကွယ်ထားရပေမည်။
“အမ်..”
ကျန်းရီက ကောင်းကင်စိတ်အာရုံဖြင့် ထပ်မံ စစ်ဆေးကြည့်ပြီး စိတ်ရှုပ်ထွေးသွားသည်။ မြို့ရိုးပေါ်ရှိ စစ်သည်တော်များ အားလုံးက အမျိုးသမီးများ ဖြစ်နေကြသည်။
အမျိုးသားတစ်ဦးတောင် မရှိဘူးတဲ့လား။
ကောင်းကင်ကြယ်တာရာနယ်မြေ၌ အမျိုးသမီးစစ်သည်တော် များစွာ ရှိပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသွား အမြင့်ဆုံးအဆင့် အမျိုးသမီးသိုင်းပညာရှင်များလည်း ရှိပေ၏။ ငွေပန်းပွင့် အဘွားအိုနှင့် ပန်းပွင့်မိန်းမပျိုတို့က ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ပြီး ရွှေယို့လန်က နယ်မြေ၏ နံပါတ်တစ် စစ်သည်တော်တောင် ဖြစ်ပေ၏။
နယ်မြေ၏ သိုင်းပညာရှင်ထဲတွင် အမျိုးသားများသာ အမြဲတမ်း စိုးမိုးနေကျ ဆိုတာ မည်သူမျှ မငြင်းနိုင်ပေ။ စစ်တပ်ထဲတွင် အမျိုးသမီးက အလွန်ရှားပါးပြီး အမျိုးသမီးစစ်သူကြီး အရေအတွက်က လက်တစ်ဖက်ဖြင့် ရေတွက်၍ ရနိုင်သည်။ အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသည့် တပ်မရှိတာ များပေ၏။ အဓိက မျိုးနွယ်စုကြီးများ၏ မိန်းမပျိုလေးများ အပျော်ရှာရန် ဝင်သည်မှ အပ အမျိုးသမီးများ သီးသန့်ဖြင့် ဖွဲ့စည်းထားတာမျိုး မတွေ့ဖူးပေ။
ဒီမြို့ရဲ့အရှင်ကလည်း အမျိုးသမီး ဖြစ်လောက်လား။ စစ်သည်တွေအားလုံးက အမျိုးသမီးလား။
ကျန်းရီက အတန်ငယ် တွေးတောနေပြီးနောက် ထပ်မနှောင့်ယှက်တော့ပေ။ သူက မြေအောက်သို့ သွားပြီးနောက် မြို့ကို ထိုးဖောက်ဝင်ရောက်ရန် ပြင်ဆင်လိုက်၏။ ပြီးနောက် အချက်အလက် စုဆောင်းရန် အခွင့်အရေး ရှာလိုက်တော့သည်။
မြို့က အလွန်သေးပြီး မြို့အောက်တွင် မည်သည့် အရံအတားမှ ရှိမနေပေ။ ကျန်းရီက မြေအောက်မှ မြို့ထဲသို့ အေးအေးဆေးဆေး ဖောက်ဝင်နိုင်ခဲ့ပြီး သူက ကောင်းကင်စိတ်အာရုံဖြင့် အခြေအနေကို ထောက်လှမ်းလိုက်၏။ အပေါ်ယံက ဈေးကြီးတစ်ခု ဖြစ်ပြီး ဆူညံသံများဖြင့် ပြည့်နှက်နေပေ၏။ ကျန်းရီက တစ်ချက် ကြည့်လိုက်ရာ အလွန်အံ့ဩသွား၏။ လူသားများ ပြောနေသည့် စကားကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ပြီး ကောင်းကင်ကြယ်တာရာနှင့် တစ်ထပ်တည်း တူညီသည့် ဘာသာစကားကိုပြောနေကြတာပဲ ဖြစ်သည်။
သူက ထိုအကြောင်းကို တွေးမိသည့် အချိန်၌ ရီဖျောင်ဖျောင်နှင့် ခရမ်းရောင်ဆံနွယ် မိန်းမပျိုတော့က ကျန်သည့် နယ်မြေမှ ဖြစ်သည်။ သူတို့အားလုံးက ကောင်းကင်ကြယ်တာရာနယ်မြေရှိ လူများနှင့် တူညီသော စကားကို ပြောဆိုကြ၏။ ဤဘာသာစကားသည် ကောင်းကင်ကြယ်တာရာ နယ်နိမိတ်တစ်ခုလုံး၌ လောကသုံးစကားဆိုတာ ချက်ချင်း သိလိုက်သည်။ ကျန်းရီက အပေါ်ရှိ လူများကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူတို့၏ သွင်ပြင်က သူနှင့် မကွဲပြားပေ။ အချို့က သားမွေးများကို ဝတ်ဆင်ထား၏။ သူသည် ရုပ်မဖျက်ခင်၌ များများစားစား မတွေးခဲ့မိပေ။ ယခု သူက လူသားများ၏ မြို့တစ်မြို့ကို ပြန်ရောက်လာခဲ့ပြီဖြစ်ကာ ထုံးကျောက်များဖြင့် တည်ဆောက်ထားသည့် ရင်းနှီးနေသော သွင်ပြင်မျိုးဖြင့် အိမ်များကို လှည့်ပတ်ကြည့်လိုက်၏။ သမုဒ္ဒရာထဲတွင် တစ်လကျော် ခရီးနှင်ခဲ့ပြီးနောက် နောက်ဆုံးတော့ လူ့လောကထဲ ပြန်ရောက်လာခဲ့ပြီ ဖြစ်ကာ သူ စိတ်ခံစားချက်များ ရှုပ်ထွေးနေသည်။
မြို့ထဲသို့ ရောက်သည့် အချိန်၌ သူက ကောင်းကင်စိတ်အာရုံကို ထပ်မံမထုတ်ဖော်ရဲတော့ချေ။ သူက သူ့အောက်ရှိ ဥမင်ထဲတွင်သာ အပြည့်အဝ ဖုံးကွယ်နိုင်တာ ဖြစ်နိုင်သည်။ သူက စွန့်ပစ်ထားသော ခြံဝန်းတစ်ခုထဲမှ ခုန်ထွက်လာပြီးနောက် လမ်းမပေါ် လျှောက်လိုက်၏။ သူက လှည့်ပတ်ကြည့်လိုက်၏။ ဖီးနစ်အော်သံနယ်မြေအကြောင်း အချက်အလက်ကို စုံစမ်းရန်အတွက် တည်းခိုဆောင်ထဲ ဝင်ရန် ပြင်ဆင်လိုက်သည်။
“အမ်”
သူ လမ်းပေါ်သို့ လျှောက်လာသည်နှင့် တစ်စုံတစ်ခု မှားယွင်းနေတာကို သတိပြုမိလိုက်သည်။ လူများစွာက သူ့ကို ကြည့်နေတာ သတိပြုမိလိုက်၏။ အချို့ကဆို သူ့ကို ကြည့်ပြီး ဆွေးနွေးနေကြ၏။ ကျန်းရီက မျက်တောင်ခတ်လျက် နှာခေါင်းကို ပွတ်လိုက်သည်။ သူ၌ မည်သည့်ဟာကွက်မှ ထုတ်ဖော်မိသည်ဟု မထင်ပေ။ စကားတစ်ခွန်းတောင် မပြောရသေးချေ။ ထိုသူများအားလုံးက သူ့ကို အဘယ်ကြောင့် ကြည့်နေရသနည်း။
သူ အင်မတန်ချောမောခံ့ညားနေတာကြောင့်လား။ ဒါမှမဟုတ် သူ့ပုံစံက ထူးဆန်းနေလို့လား။ သူ့ကိုယ်ပေါ်က ဧကရာဇ်အရှိန်အဝါက သိသာနေလို့လား။
ထန်း ထန်း..
လမ်းပေါ်ရှိ အမျိုးသမီး သိုင်းပညာရှင်များအားလုံးက လက်နက်များ ချက်ချင်း ဆွဲထုတ်ပြီး ကျန်းရီကို ဝိုင်းလိုက်ကြသည်။ အမျိုးသားများက အမျိုးသမီးများနောက် လျင်မြန်စွာပုန်းကွယ်ပြီးနောက် သူ့ကို ကြောက်လန့်တကြား ကြည့်နေကြ၏။ ကျန်းရီက ဤနေရာရှိ ထူးဆန်းသော အခြေအနေကို သတိပြုမိလိုက်သည်။ လမ်းပေါ်ရှိ အမျိုးသားများအားလုံးက ကျင့်ကြံနိုင်ပုံမပေါ်၊ သို့သော် အမျိုးသမီးများအားလုံးက သိုင်းပညာရှင်များ ဖြစ်သည်။ ထို့အပြင် အမျိုးသမီးအများစုက ခရမ်းရောင်နန်တော်ရှင်အဆင့်တွင် ရှိနေကြ၏။ ပိုတောင် ထူးဆန်းသည့် အရာတစ်ခု ရှိပေသည်။ လမ်းမပေါ်ရှိ အမျိုးသမီးများ၌ ဝင့်ကြွားသည့် အရှိန်အဝါ ရှိပြီး အလွန်မှန်ကန်ဖြောင့်မတ်ပုံပေါ်၏။ အမျိုးသားများကမူ ရှက်ရွံ့သည့် အမူအရာမျိုး ရှိနေပြီး အချို့ကမူ မျက်နှာချေများ လိမ်းထားကာ ရှက်သွေးဖြာနေသည့် သွင်ပြင်ရှိသည်။
ဘန်း..
အမျိုးသမီးများထဲမှ တစ်ဦး၏ အချက်ပြမီးက ကောင်းကင်ထဲသို့ တက်သွားပြီး စစ်သည်တော်တစ်စုက မြန်မြန် ရောက်လာကြတော့သည်။ အမျိုးသမီးစစ်သည်တော်များသည် အဆင့်နိမ့် နတ်ဆိုးသားရဲအနီရောင်ကျားများကို စီးလျက် ရောက်လာကြသည်။ ဦးဆောင်လာသူက စစ်သူကြီး၏ တိုက်ပွဲဝင် သံချပ်ကာ ဝတ်ဆင်ထားပြီး ဖြုံလောက်သည့် အရှိန်အဝါ တည်ရှိနေပေသည်။ သူမက ဝိညာဉ်မျောလွင့် စစ်သည်တော်တစ်ဦးဆိုတာ သိသာနေပေသည်။
“သူလျှို မြန်မြန် အညံ့ခံပြီး မြို့အရှင် နင့်ကို ဖြေရှင်းမှာ စောင့်နေလိုက် အဆင်အခြင်မဲ့ လှုပ်ရှားရဲရင် သက်ညှာမှု မရှိ အသတ်ခံရမယ်”
ဝိုင်းလာသည့် အမျိုးသမီး စစ်သူကြီးက အသက်သုံးဆယ် ဝန်းကျင်ရှိပြီး သူမ၏ လှံက ကျန်းရီကို မလှမ်းမကမ်းကနေ ချိန်ရွယ်နေသည်။ သူမက အော်ပြောလိုက်ပြီး သတ်ဖြတ်လိုသည့် အရှိန်အဝါတို့က ကျန်းရီဆီသို့ ရောက်လာလျက် သူမက အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။
“သူလျှိုလား..”
ကျန်းရီက စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် မျက်တောင်ခတ်လိုက်သည်။ မည်သည့်အရာက သူ့ကို ပေါ်သွားစေမှန်း မသိပေ။ သူက ချက်ချင်းပင် ပေါ်သွားပြီ ဖြစ်သည်။ သူက အကြပ်ရိုက်သွားသည်။
သူက တိုက်ခိုက်သင့်လား၊ ဒါမှမဟုတ် သည်းခံရမလား။ တိုက်ခိုက်မယ် ဆိုရင် ဒီနေရာက လူအားလုံးကို အလွယ်တကူ သတ်နိုင်ပေမဲ့ ဖီးနစ်အော်သံနယ်မြေရဲ့ သိုင်းပညာရှင်တွေ သူ့နောက်ကို လိုက်လာနိုင်ခြေရှိတယ်။
သည်းခံရမယ်။ ကျန်းရီက မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်သည်။ ဤမြို့ထဲရှိ အသန်မာဆုံး သိုင်းပညာရှင်က စိတ်ဝိညာဉ်မျောလွင့် ခရီးသွား အမြင့်ဆုံးအဆင့်တွင် ရှိရာ သူတို့ကို သူ အချိန်မရွေး သတ်ဖြတ်နိုင်ပေသည်။ သူ့ကို မြို့ကို မြို့အရှင် မည်သို့ ဖြေရှင်းမည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူက ပြုံးပြီးနောက် ခုခံရန် မကြိုးစားခဲ့ပေ။ သူက လက်နှစ်ဖက်ဖြင့် အရိုအသေပေးလျက် ပြောလိုက်သည်။
“ကျုပ်က တစ်ကိုယ်တော် ဝံပုလွေပါ၊ လောကကြီးအနှံ့ ခရီးထွက်ရတာကို နှစ်သက်ပြီး ဖီးနစ်အော်သံတောင်တန်းကို ဖြတ်သန်းသွားလာမိတာပါ။ ကျုပ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိတာ သေချာပါတယ်၊ ဒီစစ်သူကြီးက ကျုပ်ကို မြို့အရှင်နဲ့တွေ့ဖို့ ခေါ်သွားမှာလား”
“ဟမ့် သူ့ကို ခေါ်လာခဲ့”
အမျိုးသမီး စစ်သူကြီးက အော်လိုက်သည်နှင့် စစ်သည်တော်အချို့ကလည်း အနီရောင်ကျားပေါ်မှ ခုန်ဆင်းပြီးနောက် ကျန်းရီကို ဆွဲချလိုက်ကြသည်။ သူတို့က ခါးကြားမှ အနက်ရောင် ရှေးဟောင်းနွယ်ပင်အချို့ကို ထုတ်ပြီး ကျန်းရီကို လူသားဖက်ထုပ်နှယ် ချည်နှောင်လိုက်ကြ၏။ သူတို့က သူ၏ ကောင်းကင်အဆင့် ဓားမော့ကိုတောင် သိမ်းယူချင်ကြသည်။ သို့သော် သူ၏ အင်္ကျီလက်ထဲတွင် ဖွက်ထားသည့် မီးဝိညာဉ်ပုလဲကိုမူ မယူသွားကြချေ။
“သူ့ကို ခေါ်သွားလိုက်”
အမျိုးသမီး စစ်သူကြီးက ကျန်းရီ မခုခံတာကို မြင်သည့် အချိန်၌ သူမက စိတ်သက်သာရာရသွားသည်။ ကျန်းရီက သူ၏ ကြယ်စက်လုံးထဲရှိ အတွင်းအားကို မလှည့်ပတ်ခဲ့သောကြောင့် သိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါမျိုး ရှိမနေပေ။ သို့သော် သူ ထုတ်ဖော်ပြသခဲ့သည့် သဘာဝတည်ရှိမှုကပင် ထိုအမျိုးသမီးစစ်သူကြီး၏ စိတ်နှလုံးကို ကြောက်လန့်စေခဲ့ပြီး ဖြစ်သည်။
ရှေးဟောင်းနွယ်ပင်က ထူးဆန်းလိုက်တာ။
ရှေးဟောင်းနွယ်ပင် သူ့ကို ချည်နှောင်သည့် အချိန်တွင် တစ်ခုခု မှားယွင်းနေတာကို သတိပြုမိလိုက်၏။
နွယ်ပင်က သူ့ကို ရစ်ပတ်သွားသည်နှင့် အမည်မသိစွမ်းအားက သူ့ကိုယ်ထဲ ဝင်ရောက်လာကာ အတွင်းအား မလှည့်ပတ်နိုင်အောင် ဟန့်တားထား၏။ ဤနွယ်ပင်က လူများကို ချုပ်နှောင်ရန် အသုံးပြုတာ သိသာနေသာကြောင့် ကျန်းရီ စိတ်မရှိပေ။ သူ၏ သတ်ဖြတ်ခြင်း ဆန္ဒကို ထုတ်ဖော်ခဲ့လျှင် တစ်မြို့လုံး သူ့ကြောင့် ဖိနှိပ်ခံရမည်ကို ကြောက်ရွံ့သင့်ပြီ မလား။
သူက အနီရောင်ကျားပေါ်သို့ အမျိုးသမီး ပွေ့တင်တာ ခံလိုက်ရသည်။ သူတို့က မြို့အလယ်ရှိ ဧရာမခြံဝန်းဆီသို့ တစ်ဟုန်ထိုး သွားလိုက်၏။ ကျန်းရီကို သယ်ဆောင်လာသည့် အမျိုးသမီးက ကြည့်ကောင်းပြီး သူတို့ လှုပ်ရှားနေစဉ်၌ သူမက ကျန်းရီ၏ သန်မာသော ခန္ဓာကိုယ်ကို တိတ်တဆိတ် ခံစားကြည့်နေသည်။ သူမက သူ့ခန္ဓာကိုယ်အောက်ပိုင်းကိုတောင် ထိတွေ့ချင်နေရာ ကျန်းရီကို တုန်ယင်သွားစေတော့၏။
“မလှုပ်နဲ့”
အမျိုးသမီးက ကျန်းရီ ထူးဆန်းသည့် တုံ့ပြန်မှု ရှိနေတာ သတိပြုမိချိန်၌ သူမက ပြုံးကာ ကျန်းရီ၏ နောက်ကျောကို မှီလိုက်သည်။ ပြီးနောက် ကျန်းရီကို အင်မတန်အံ့ဩသွားစေမည့် တစ်စုံတစ်ခုကို တီးတိုးပြောလိုက်တော့သည်။
“ချစ်စရာလေး လိမ်လိမ်မာမာနေ မြို့အရှင်က မင်းလို သန်မာတဲ့သူတွေကို ချစ်မြတ်နိုးတယ် သူက မင်းကို တန်ဖိုးထားမှာ သေချာတယ် မြို့အရှင် လုံလုံလောက်လောက် ပျော်ပါးပြီးရင် ငါတို့ ညီအစ်မတွေကလည်း မင်းကို ချစ်ပေးမှာပါ မင်းသာ နာခံမယ် ဆိုရင် မင်းကို ဘယ်တော့မှ သတ်မှ မဟုတ်ဘူး”
***