မာန်နတ်၏သမီးတော် Chapter 10 - ပြန်စာတစ်စောင်
Vol. 7 Ch. 10-final
သို့/
ချစ်ရတဲ့အဖေ
သမီးတို့ ကုန်းမြေတိုက်သစ်မှာ အခြေကျနေပါပြီ။ သမုဒ္ဒရာထဲ ခရီးသွားတုန်းမုန်တိုင်းမိလို့ ရွက်လွှင့် လမ်းကြောင်းပြောင်းခဲ့ရပေမဲ့ အောင်အောင်မြင်မြင်ပဲ ကုန်းမြေတိုက်ရဲ့အရှေ့ဘက်ကမ်းရိုးတန်းကို ကမ်းကပ်နိုင်ခဲ့ပါတယ်။
ပထမတော့ မိစ္ဆာကျီးကန်းက လမ်းကြောင်းပြောင်းသွားတဲ့ ကျွန်မတို့ကိုရှာနိုင်ပါ့မလားစိုးရိမ်မိပေမဲ့ ခုတော့ စိုးရိမ်စရာမလိုတော့ပုံပါပဲ။ ကျီးကန်းသယ်လာတဲ့ အဖေ့ရဲ့မှတ်တမ်းတွေကို ကျွန်မဖတ်ပြီးပါပြီ။ အဲဒီက နိုင်ငံတွေက သိပ်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲ။
ကျွန်မတို့လည်း ဒီနေရာမှာ နယူးကာကီရာဆိုပြီးတော့ တိုင်းပြည်တစ်ခုထောင်ထားတယ်။ ကုန်းမြေတိုက်သစ်က ကမ်းရိုးတန်းဒေသတွေမှာပဲ စိုက်လို့ပျိုးလို့ရပေမဲ့ ရာသီဥတုက အများအားဖြင့်နွေးထွေးပြီး အိမ်နဲ့ဆင်တူတယ်။ အတွင်းပိုင်းမှာတော့ သဲကန္တာရနဲ့ခြောက်သွေ့တောတွေချည်းပဲရှိတယ်။ အိမ်နီးချင်းတွေအနေနဲ့က လူရိုင်းတွေပဲရှိတယ်။ အနောက်တိုင်းသားတွေပြောသလို လူမနေတာတော့မဟုတ်ဘူး။ လူရိုင်းတွေနဲ့စစ်ဖြစ်မလိုဖြစ်ခဲ့ပေမဲ့ သီဟက သံတမန်အနေနဲ့ကူညီလို့ အဆင်ပြေသွားပြီ။ လူရိုင်းတချို့တောင် ကျွန်မတို့ရဲ့ပြည်သူတွေဖြစ်လာတယ်။
သီဟက ဝန်ကြီးချုပ်ဖြစ်ချင်တယ်ဆိုပြီး ခဏခဏပြောနေပေမဲ့ အာမွန်ကတော့ သူ့ကိုအရည်အချင်းမပြည့်ဝသေးဘူးဆိုပြီး ဆက်တိုက်ပညာတွေသင်ပေးနေတုန်းပဲ။ တိုင်းပြည်သစ်က ပြဿနာတွေမရှိတာတော့မဟုတ်ပေမဲ့ အေးအေးချမ်းချမ်းပါပဲ။ မိစ္ဆာတွေ စိတ်အေးလက်အေးနေလို့ရတယ်။
နောက်ဆုံးအနေနဲ့ကတော့ အဖေအဆင်ပြေနေတာကို သိရလို့ဝမ်းသာပါတယ်။ ဒါပေမဲ့ ထပ်တွေ့ရရင် သိပ်ကောင်းမှာပဲ။ အဖေလည်ပတ်ချင်တဲ့ နိုင်ငံတွေကိုလည်ပတ်ပြီးသွားရင် နယူးကာကီရာကိုလည်း လာလည်ပတ်ဖို့မမေ့ပါနဲ့။ ဒီနိုင်ငံက သမီးရဲ့အိမ်အသစ်မလို့ အဖေ့လို ကြီးမြတ်တဲ့ ခရီးသည်တစ်ယောက်ကို ကြိုဆိုဖို့အမြဲအဆင်သင့်ပါပဲ။
အမြန်ဆုံးလာလည်လှည့်ပါ
ချစ်တဲ့
ခြူး...