← Chapters

စိတ်ထားလှလှ (ပထမပိုင်း)

Vol. 8 Ch. 1

စိတ်ထားလှလှ (ပထမပိုင်း)

Vol. 8 Ch. 1

ရေးသားသူ - သော်လွင်ကိုကို

“ဟဲ့ဖိုးအေး၊ နင့်မှာလဲလေ။ ခက်တော့တာပဲ။ ညက ဒီလောက်အရက်တွေ သောက်ထားမှတော့ မအန်ဘဲနေမလား။ အန်ဖက်ဆို့မသေတာကံကောင်း။”

မနက်လေးနာရီရှိသေးတယ် ရွာထိပ်လမ်းပိုင်းမှာတော့ အရီးတင့်တင့်ရဲ့အသံကို စကြားနေရပြီ။ အရီးတင့်တင့်က အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်နားကပ်နေပြီ။ ဒါပေမဲ့ ကျန်းမာနေတုန်း။ လယ်ဧကတွေအများကြီးပိုင်ပြီးတော့ ဖိုးအေးနဲ့ဖိုးထွေးဆိုတဲ့ သားနှစ်ယောက်မွေးထားတယ်။

သားနှစ်ယောက်ရှိလို့ အားကိုးရမလားလို့မေးကြည့်ရင်တော့ အားကိုးရတယ်လို့ပြောရမလိုလို၊ အားမကိုးရဘူးပဲ ဆိုရမလိုလို။

“ဝေါ့... ဝေါ့.... ဝေါ့....”

ဖိုးအေးက အိမ်အောက်ထပ်က ဝါးကွပ်ပျစ်ပေါ် ဘေးတစ်စောင်း လှဲနေပြီးတော့ ကွပ်ပျစ်အကျော်ကို ခေါင်းထောင်ရင်း အန်ထုတ် နေပါတယ်။ အန်သမျှက ရေတွေချည်းပဲဖြစ်ပြီး အရက်နံကတော့ တထောင်းထောင်း။ ကြမ်းက တောဓလေ့အတိုင်းမြေသားမလို့ တော်တော့တယ်။ မြေက အန်ဖက်မှန်သမျှကို စုပ်ယူသွားလေတော့ သီးသန့်ရှင်းစရာမလို။ အရီးတင့်တင့်က ရေတစ်ပုံးဆွဲပြီးတော့ မြေပေါ်ဖြန်းလိုက်တာနဲ့ အနံကပျောက်လေရော။

“အဲဒါပြောတာပေါ့အမေရယ်၊ ကိုကြီးအေးကို ကျုပ်ပြောသားပဲ။ သောက်ရင်လည်း အမြည်းနဲ့သောက်ပါလို့။ အခုတော့ လေပူတွေ ဆန်တက်ကုန်ပြီ။”

“ဟဲ့ငထွေး၊ နင်လည်းဘာထူးလို့လဲ။ အရက်နံတထောင်းထောင်းနဲ့ နင်တို့နှစ်ယောက်လုံးက ပုလင်းတူဘူးစို့တွေ။”

ဖြန်း...

အရီးတင့်တင့်က အငယ်ကောင် ဖိုးထွေးကျောပြင်ကို လက်ဝါးနဲ့ ဗြောတင်လိုက်ရော။ နောက်တော့ တိုင်ကပ်နာရီကိုမော့ကြည့်ရင်း သားတော်မောင်နှစ်ယောက်ကို မှာတမ်းခြွေတော့တာပေါ့။

“ဟဲ့အကောင်တွေ၊ အိပ်ရာကနိုးပြီဆိုရင်လည်း မြန်မြန်မျက်နှာသစ် သွားတိုက်ပြီးတော့ လယ်ထဲသွားကြတော့။ သူရင်းငှားတွေက ရောက်နေလောက်ပြီဟဲ့။”

အရီးတင့်တင့်မွေးထားသမျှ သားနှစ်ယောက်လုံးက ငမူးတွေ။ မူးတယ်ဆိုပေမဲ့ အမေ့စကားတော့ နားထောင်ကြသလားမမေးနဲ့။ အမေမှာတမ်းခြွေပြီးတာနဲ့ အရက်နာကျနေတဲ့ ဖိုးအေးတောင်မှ ကုန်းရုန်းထလာတယ်။ ဖိုးအေးလောက်မူးမနေဘဲ ကြိုနိုးနှင့်တဲ့ ဖိုးထွေးကတော့ ရေချိုးခန်းထဲကို ပြေးဝင်နှင့်ပြီးပြီ။ မကြာခင်မှာပဲ သရီးဒီသွားတိုက်ဆေးကို အတောင့်လိုက်ညှစ်ချပြီး သွားတိုက်တဲ့ အသံထွက်လာရော။

...

ဖိုးအေးနဲ့ဖိုးထွေးတို့နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် တစ်နှစ်ခြားမွေးလာတဲ့ ညီအစ်ကိုတွေ။ အငယ်ကောင်ဖိုးထွေးကို မွေးပြီးတဲ့နောက် အရီးတင့်တင့်ယောက်ျား တက်စာတွေစားမိလို့ ဦးနောက်သွေးကြောပျက် ဆုံးသွားတယ်။ ဖတဆိုးလေးဆိုပြီးတော့ အမေရော အကြီးကောင်ဖိုးအေးကပါ အလိုလိုက်ထားတာပေါ့။ ဖိုးထွေးကလည်း လိမ္မာတယ်။ အစ်ကိုရောအမေကိုရောကို ခင်တွယ်တယ်။ ညီအစ်ကိုတွေဆိုပေမဲ့ တစ်ခါမှကတောက်ကစ ရန်မဖြစ်ဖူး။

ရွာထုံးစံအတိုင်း အရက်ကိစ္စကတော့ တော်တော်ဆိုးဝါးသား။ ဒါကလည်း မြို့ပေါ်ကလို အချိန်အားရင်လိုက်စားရမယ့်ဝါသနာ ရှားပါးတာကိုး။ ရုပ်ရှင်ရုံသွားဖို့ အပြင်ထွက်လျှောက်လည်ဖို့ဆိုတာ ဝေးပါ့။ ရွာထိပ်ထွက်လိုက်ရင် အရက်ဆိုင်ပဲရှိတာကိုး။

နှစ်ယောက်လုံးက ငမူးတွေဆိုပေမဲ့ ရွာထဲမှာ ပြဿနာရှာလှတဲ့ သူတွေမဟုတ်။ အလျှူအတန်းရှိသမျှ ကူညီညာလုပ်ကိုင်ပေးသလို နာရေးဟေ့ဆိုရင်လည်း ထိပ်ဆုံးကသွားကူညီနေကျ။ ဒီတော့ လူချစ်လူခင်များသား။

ဒါပေမဲ့ နှစ်ယောက်လုံးသာ အသက်သုံးဆယ်ထဲဝင်လာတယ်။ အခုထိ အိမ်ထောင်မကျကြသေး။ တောသူဌေးတွေဖြစ်ပေမဲ့ အလုပ်အအားမနေဘဲ လယ်ထဲဆင်းနေကျဆိုတော့ အသားက မည်းမည်း။ တစ်နေကုန်မူးရူးနေ။ အနေမသန့်တော့ ရုပ်ကလည်း ခပ်ဆိုးဆိုးလို့ထင်ရလေတော့ ရွာထဲက ဘယ်အပျိုမှ ဒီလူပျိုကြီး နှစ်ယောက်ကိုမကြိုက်ကြ။ ဒီတော့ တဖြည်းဖြည်း လူပျိုဘဝကနေ လူပျိုကြီးဘဝရောက်လာ၊ မကြာခင်မှာ သိုးတော့မယ်။ အခုအထိ ယင်မတောင် အသန်းမခံရသေး။

“အငယ်ကောင်၊ ငါဆိုင်ကယ်မောင်းမယ်။ မင်းကနောက်ကနေ လိုက်။”

ကိုယ်လက်သန့်စင်ပြီးတော့ ဖိုးအေးက ဆိုင်ကယ်ပေါ်တက်ခွပြီး ဆိုင်မယ်မောင်းမယ်ကြံတယ်။ ဖိုးထွေးက သိပ်လက်မခံချင်။

“အစ်ကို၊ ခင်ဗျားဒီလောက်မူးနေတာ။ ဖြစ်ပါ့မလား။”

“ဖြစ်ပါတယ်ကွ။”

“ဒါဖြင့် ဘာလို့ဆိုင်ကယ်ကို အိမ်သော့နဲ့စက်နှိုးဖို့ လုပ်နေရတာတုန်း။”

“.....”

...

ဖိုးထွေးက ဖိုးအေးကို ဆိုင်ကယ်နောက်ကနေလိုက်ဖို့ ပြန်တရားချ ပြီးတဲ့နောက်မှာတော့ ရွာအပြင် သူတို့အပိုင်လယ်တွေရှိရာကို ဆိုင်ကယ်လေး တဘုတ်ဘုတ်နဲ့ထွက်လာကြပြီ။ ရွာထဲက ခွေးတွေကတော့ သူတို့ကိုမြင်တာနဲ့ဝိုင်းဟောင်ကြ။ တစ်ရွာလုံး နာရီအလန်းမလိုဘဲ နိုးကုန်ရော။

လယ်ထဲရောက်တော့ တကယ်လည်း သူရင်းငှားတွေရောက်နေပြီ။ သူတို့ကတော့ အသင့်ကြီးကြပ်ရုံရယ်။

လုပ်စရာရှိတဲ့အလုပ်တွေလုပ်ရင်း နေမြင့်ချိန်လို့ပြောရမယ့် ဆယ်နာရီတောင် ထိုးပါလေရောလား။ ညီအစ်ကိုနှစ်ယောက်နဲ့ သူရင်းငှားတွေကတော့ လုပ်လက်စအလုပ်တွေရပ်တန့်ပြီး အနားယူဖို့ပြင်နေကြပြီ။

အဲဒီအချိန်မှာပဲ လယ်ကန်သင်းရိုးတွေပေါ်ဖြတ်ပြီးလျှောက်လာတဲ့ မိန်းမပျိုနှစ်ယောက်ကို သူတို့မြင်တယ်။ နှစ်ယောက်လုံးက ဖွေးဥ နေပြီးတော့ မြန်မြန်ဆန်ဆန်ယဥ်ဖုံးလှလှလေးတွေ ဝတ်ထားကြ။ တစ်ယောက်နဲ့တစ်ယောက်ကလည်း ခွဲမရအောင်တူလွန်းတယ်။ လက်ထဲမှာတော့ မြင်းကျားထမင်းချိုင့်ကိုယ်စီဆွဲလို့ ရွာဘုန်းကြီးကျောင်းရှိရာဘက်ကို လှမ်းသွားနေကြတာ။

ညီအစ်ကိုနှစ်ယောက်လည်း ဒီမိန်းကလေးတွေဆီကနေပြီး မျက်လုံး အကြည့်မခွာနိုင် တောက်တဲ့ကြီးတွေလို ပြူးကြည့်လို့ နေမိတာပေါ့။ နောက်တော့ ဖိုးအေးက ဖိုးထွေးပခုံးကိုညှစ်ပြီး မေးတော့တာပဲ။

“ညီလေး၊ အဲဒါ ဘယ်သူလေးတွေတုန်းဟ။ တို့ရွာမှာ ဒီလိုနတ်သမီး လေးတွေရှိလို့လားဟ။”

“ဒေါ်လှလေးတို့တူမအမြွှာတွေ မြို့ကနေရောက်နေတယ်လို့ ကြားတာပဲ။ မိဘတွေဆုံးသွားလို့ ခိုကိုးရာမဲ့ဖြစ်ပြီး ရွာပြန်ရောက်လာတာတဲ့။”

ရွာထဲလျှောက်သွားပြီး သတင်းစုံတဲ့ ညီဖြစ်သူကပြောအပြ ဖိုးအေးက တခိခိအူမြူးလို့။

“ဟေ့ကောင်ရေ၊ ငါက အကြီးမကို သဘောကျတယ်ကွာ။ မင်းက အငယ်မလေးယူရင်ယူ။”

“အစ်ကိုက အဲဒီအမြွှာနှစ်ယောက်ထဲ ဘယ်သူက အကြီးလဲ၊ ဘယ်သူက အငယ်လည်းခွဲတတ်လို့လား။”

“ဘယ်က ခွဲတတ်ရမှာလဲ။ ဒါပေမဲ့ အရေးမကြီးဘူး။ ငါကအကြီးမလို့ အကြီးမကိုကြိုက်တယ်ကွာ၊ မင်းက အငယ်မလေးကိုလိုက်။”

အစ်ကိုကြီးဖြစ်သူရဲ့ရူးတူးတူးမူးကြောင်ကြောင်စကားတွေကို နားထောင်ရင်း ညီငယ်လုပ်တဲ့သူ ကျောချမ်းလာတယ်။ နဂိုကတော့ ဒီအတိုင်းပြောတာဖြစ်မှာပါလို့ထင်မိပေမဲ့ နောက်ရက်တွေမှာ အမြွှာ နှစ်ယောက်ကို လမ်းမှာတွေ့တိုင်းသွားသွားနှုတ်ဆက်ပြီး ရိသဲ့သဲ့ လုပ်နေတဲ့ အစ်ကိုကြီးဖြစ်သူကို တွေ့ရတဲ့အခါမှာတော့ ဖိုးထွေး သွားမကျိန်းဘဲ မနေနိုင်ဖြစ်ရတော့တာပါပဲ။

“ဟ... ဒီကောင်အတည်ကြီး လိုက်နေပြီဟ။”

အဲဒီလိုသဘောပေါက်နားလည်သွားမှုကြီးနဲ့အတူ ဖိုးထွေးလည်း နောက်ကျကျန်ရစ်လို့မဖြစ်ဘူးလို့တွေးပြီး တစ်နေ့သောအခါမှာ ဖိုးအေးနည်းတူ ကောင်မလေးနှစ်ယောက်ထဲကတစ်ယောက်ကို ရည်းစားစကားသွားပြောပါတော့တယ်။

“ကျွန်တော်က မမိမြဲကို မြင်ကတည်းက ချစ်မိနေပါဗျာ။ ဒါပေမဲ့ အစ်ကိုကြီးဖိုးအေးလို သတ္တိမရှိလို့ အခုမှလာဖွင့်ပြောမိတာပါ။”

ဒါပေမဲ့ ဖိုးထွေးတစ်ယောက် ဖိုးအေးလိုမျိုး အေးအေးဆေးဆေး ချစ်စကားကြိုက်စကား ပြောခွင့်မရလိုက်။ လွင့်ပျံလာတဲ့ စတီးချိုင့် ကိုသာနောက်ဆုံးအနေနဲ့ မြင်လိုက်ရပြီး မျက်လုံးထဲ ကြယ်တွေ လတွေမြင်သွားတာသာ အဖက်တင်လိုက်တယ်။

“ဟဲ့၊ ငါက မိမြဲအစ်မ မိသဲဟဲ့။ သေခြင်းဆိုးရဲ့။”

...

ဇာတ်လမ်းကိုဆက်ရမယ်ဆိုရင်တော့ အစပိုင်းအခက်အခဲလေး နည်းနည်းစီရှိခဲ့တယ်ဆိုပေမဲ့ မကြာခင်မှာပဲ ကိုဖိုးအေး၊ ဖိုးထွေးနဲ့ မမိသဲ၊ မမိမြဲတို့လေးယောက်က အခက်အခဲတချို့ကိုကျော်ဖြတ်ပြီး ဆိုင်ရာဆိုင်ရာစုံတွဲတွေအဖြစ်ကို ရောက်သွားကြတယ်ဆိုပါတော့။

တစ်ရွာလုံးလည်း သူတို့တွဲနေတာသိကြပြီ။ အမျိုးကောင်းသား နှစ်ယောက်ကလည်း မူးနေတာကလွဲလို့ လူကြီးလူကောင်းပီသတယ်၊ အမျိုးသမီးနှစ်ယောက်ကလည်း ယဥ်ကျေးသိမ်မွေ့ကြတာမလို့ မကြာခင်မှာပဲ နှစ်ဦးနှစ်ဖက် မိဘတွေတွေ့ပြီးတော့ စေ့စပ် ကြောင်းလမ်းဖို့အတွက် ဖြစ်လာတော့တာပါပဲ။

ဒါပေမဲ့ တစ်နှစ်တည်း နှစ်မင်္ဂလာမပြုရအယူရှိလေတော့ သုံးမင်္ဂလာဖြစ်လေအောင် အရီးတင့်တင့်လည်း မင်္ဂလာပွဲ မတိုင်ခင်မှာ

...

“ကဲ၊ သားတို့နှစ်ယောက်။ မင်္ဂလာနေ့လည်း သတ်မှတ်ပြီးပြီဆိုတော့ ခုရက်ထဲ အသွားအလာအသောက်အစားဆင်ခြင်ကြ။ အမေက မင်းတို့ကို ဒီရက်ထဲ မုန့်ဖိုးပေးမှာမဟုတ်ဘူးနော်။ အရက်သောက်ဖို့ ဘာဖို့မစဥ်းစားနဲ့။”

မင်္ဂလာပွဲလည်းနီးလာပြီဆိုတော့ အရီးတင့်တင့်တစ်ယောက် သူ့သားတွေကို တင်းကြပ်ရတော့တာပါပဲ။ ရက်နီးမှတစ်ခုခု ဖြစ်သွားရင် ဒီအမေအိုကြီးပဲ ရင်ကျိုးရမှာမဟုတ်လား။

ဒါပေမဲ့ အရက်သမားဆိုတာက တစ်ညလောက်လေး အရက်မသောက်ရရင်တောင် မနေနိုင်ကြတာခက်သား။ ညနက်ပိုင်း အရီးတင့်တင့်အိပ်မောကျသွားတော့ ခြင်ထောင်ထဲမှာ အိပ်ချင်ယောင်ဆောင်နေတဲ့ ဖိုးထွေးက မျက်လုံးတစ်ဖက် ဖွင့်ကြည့်လိုက်ပြီး လူလစ်မလစ်ချောင်းတယ်။ ဘယ်သူမှ မရှိတာသေချာတော့ သူ့နှုတ်ခမ်းက ကွေးညွှတ်သွားပြီးတော့ အိပ်ရာကနေ ခြေသံလုံလုံနဲ့ထွက်လာရော။

“ဟီးဟီး၊ မာတာမိခင်က ငါ့ကိုအရက်ဖိုးမပေးတော့ ဘာဖြစ်လဲ။ စပါးတွေရိတ်ထားတာ မကြာသေးဘူး။ စပါးကျီထဲက နည်းနည်းခိုးထုတ်ပြီးရောင်းလောက်ရင် နည်းနည်းပါးပါး ရမှာပဲ။”

ဒီအကြံနဲ့အတူ ဖိုးထွေးက အိမ်မကြီးပေါ်ကနေဆင်း၊ အိမ်နောက်ဖေးဂယ်ပေါက်ကို အသာလေးဖွင့်ပြီးတော့ နောက်ဖေးစပါးကျီထဲကိုသွား။ လူတစ်ရပ်လောက်မြင့်တဲ့ စပါးထည့်တဲ့ ပုတ်ကြီးထဲကိုဝင်ဖို့ လှေကားကနေတက်။ အောက်ကိုငုံကြည့်။ မီးကလည်းထွန်းမထားလေတော့ မည်းမည်းကမှောင်။ စပါးက ပုတ်တစ်ဝက်လောက်ပဲရှိတာမလို့ လက်နဲ့လှမ်းယူလို့ကလည်း မမီလေတော့ ပုတ်ထဲကိုခုန်အချ။

“အောင်မလေးဗျာ....”

အထဲကနေ သူ့အစ်ကိုကိုဖိုးအေးနဲ့အော်သံကျယ်ကြီး ထွက်လာပါလေရော။

ဖိုးထွေးလည်း စက္ကန့်ပိုင်းအတွင်းမှာပဲ လက်ရှိအခြေအနေကို သဘောပေါက်သွားတယ်။ “ဟာ၊ အစ်ကိုကြီးက ဒီကြိုရောက်နှင့် နေတာလား။”

“နောက်ကျမှမွေးတဲ့သားလေး၊ မင်းမလို့ အောက်ကိုမကြည့်ဘဲ ခုန်ချရက်တယ်။ ခါးရိုးကျိုးပြီလားမသိဘူး။ ဒီနေ့မင်းကို ပညာမပေးရရင် ငါအစ်ကိိုမလုပ်တော့ဘူး။”

ဒီလိုနဲ့တစ်သက်လုံးရန်မဖြစ်ခဲ့ကြတဲ့ ညီအစ်ကိုနှစ်ယောက် အကြံတူပြီး စပါးခိုးရောင်းဖို့ကြံရာကနေ စပါးကျီထဲမှာ သတ်ကြပုတ်ကြနဲ့ ရန်ဖြစ်တဲ့အဆင့်ထိ ရောက်ကုန်ကြရော။ နှစ်ယောက်သား မင်္ဂလာဆောင်တော့ မျက်နှာမှာ အညိုအမည်းတွေ စွဲနေပြီး မိတ်ကပ်တွေနဲ့ ဖုံးဖိထားရတော့တာပေါ့။

....

နှစ်နည်းနည်းလောက်ကြာတော့ အရီးတင့်တင့်လည်း လူကြီးရောဂါနဲ့ ဆုံးသွားခဲ့တယ်။ ဖိုးအေးနဲ့ဖိုးထွေးတို့ နှစ်ယောက်ကတော့ အိမ်ထောင်ကျသွားပြီဆိုပေမဲ့ တစ်အိမ်တည်းမှာ နေနေကြဆဲပါပဲ။

အမွေခွဲပြီးသွားပြီဆိုပေမဲ့ လယ်တွေကို သူပိုင်တဲ့လယ်၊ ငါပိုင်တဲ့ လယ်ဆိုပြီး ခွဲခြားခြင်းမရှိဘဲ တစ်ယောက်လယ်ကိုတစ်ယောက် အားရင်အားတဲ့လူက ကြည့်ကြည့်ပေးရင်း ကြိုးစားရုန်းကန် နေကြရင်းကနေ စီးပွားဆက်ဖြစ်နေခဲ့တာပေါ့။

ဒါပေမဲ့ မကျေနပ်တဲ့သူကတော့ အမြဲရှိစမြဲလို့ ဆိုရမှာပါပဲ။ တစ်နေ့တော့ ဖိုးထွေးက သူစုထားဆောင်းထားတဲ့ငွေတွေနဲ့ မိန်းမဖြစ်တဲ့ မမိမြဲအတွက် စိန်နားကပ်တစ်စုံဆင်ပေးတယ်။ မမိသဲကတော့ ဒီနှစ်ထဲ အဝတ်ကောင်းအစားကောင်းတွေဝယ်၊ အစားကောင်းအသောက်ကောင်းတွေစားမလို့ ဖိုးအေးကြီးခင်ဗျာ သိပ်မစုနိုင်လှ။

ညီမဖြစ်သူ စ်ိန်နားကပ်အရောင်နဲ့ပြောင်တောင်ပြောင်တောင် ဖြစ်နေတာကို မနာလိုစိတ်မွေးပြီး အမြဲဆူပုတ်နေလေရဲ့။ တစ်နေ့ ဖိုးအေးလယ်ထဲကနေ ပြန်လာတော့ အခုလိုသွေးထိုးပါလေရော။

“ယောက်ျားရေ၊ ရှင်နည်းနည်းပါးပါး စဥ်းစားပါဦး။ နေ့တိုင်း ပြန်လာရင် ပင်ပန်းနေတော့တာပဲ။”

“လယ်အလုပ်က ပင်ပန်းတာကိုး မိန်းမရဲ့။”

ဒါပေမဲ့ မမိသဲက ခေါင်းခါတယ်။ “မဟုတ်သေးပါဘူး။ ဖိုးအေးရယ်။ ရှင်က နှစ်ယောက်လုပ်ရမယ့်အလုပ်ကို တစ်ယောက်တည်း လုပ်နေတာကိုး။”

“ဘယ်လိုဘယ်လို....”

“ရှင်က လယ်ထဲသွားတိုင်း ရှင့်ညီလယ်တွေကိုပါ ကြည့်ပေးနေတာ မဟုတ်လား။”

“ငါ့ညီလယ်ပဲဟ၊ သူမရှိရင် ငါကြည့်ပေးရမှာပေါ့။” ဖိုးအေးက အရိုးရှင်းဆုံးကိစ္စတစ်ခုကို ရှင်းပြနေတဲ့အလား ပြောပြတယ်။ ဒါပေမဲ့ မိသဲက ဆူပုတ်လို့ ခေါင်းကိုတသိမ့်သိမ့်ယမ်းရင်း...

“အို၊ ကိုဖိုးအေးရယ်။ ရှင့်မလဲ ရိုးအလိုက်တာ။ ရှင့်မှာတော့ မနက်အစောကြီးထ၊ နှစ်ယောက်လုံးလယ်တွေကိုကြည့်ရ ရှုရနဲ့။ ရှင့်ညီကျတော့ အလုပ်မလုပ်ဘဲ အလေလိုက်နေတာမဟုတ်လား။ ကြည့်ပါဦး၊ အိမ်ကိုအမြဲတမ်းစောစောပြန်လာပြီး မိန်းမနဲ့ကလူ ကျီစယ်နေလိုက်တာများ။ ရှင်များကျတော့ နောက်ကျမှပြန်လာ ရတယ်တဲ့တော်။”

“မဟုတ်လောက်ပါဘူး မိန်းမရယ်။ သူလည်း ငါ့ကိုကူညီပြီး လုပ်ကိုင်ပေးပါတယ်။” တစ်သက်လုံး သံယောဇဥ်ရှိလာတဲ့ ညီဖြစ်သူမလို့ ဖိုးအေးက စကားနည်းနည်းလောက်နဲ့ သူ့ညီကို သံသယမဝင်။ ဒီလိုပဲ ငြင်းလွှတ်လိုက်တယ်။

ဒါပေမဲ့ ဖိုးအေးကိုယ်တိုင်က ရိုးရိုးအေးအေး။ မိသဲက အိမ်ပြန်လာတိုင်း သူ့ညီအလုပ်မလုပ်ကြောင်း၊ ခိုကပ်ပြီး အကျိုးအမြတ်ကိုသာ ရယူနေကြောင်း နေ့တိုင်းပြောချိန်မှာတော့ ကျောက်တောင်များတောင် တိုက်ဖန်များပွန်းသလိုမျိုး ယုံကြည်ချက်တွေ ယိုယွင်းလာတော့တယ်။

ဒီလိုနဲ့ ကိုဖိုးအေးသူ့မိန်းမစကားတွေကို လုံးဝယုံသွားတဲ့တစ်နေ့ကျ အခုလိုမျိုး အကြံပေးတယ်။

“ကိုဖိုးအေး၊ တို့လယ်နှစ်ခုကို သေချာသတ်သတ်မှတ်မှတ်နဲ့ နယ်နိမိတ် ခြားလိုက်မယ်ဆိုရင်ရော။ အလယ်မှာခြံစည်းရိုး ခတ်လိုက်ပြီးတော့ ရှင်က ရှင့်လယ်ပဲကြည့်တော့လေ။ သူက သူ့လယ်သူကြည့်ပေါ့။ ရှင်လည်းသက်သာမယ်၊ သူ့အတွက်လည်း ကောင်းမယ်။ အနာဂတ်မှာ မြေအငြင်းပွားစရာလည်းမရှိတော့ဘူး။”

“အေး၊ ကောင်းသားပဲ။”

ဒီလိုနဲ့နောက်တစ်နေ့မှာတော့ ကိုဖိုးအေးက မြို့က မြေတိုင်းသမားတွေခေါ်။ အမွေရထားတဲ့အတိုင်း လယ်ကို အလယ်တည့်တည့်ကနေခြမ်းပြီး ဝါးစည်းရိုးလေးတစ်ခုကာတယ်။ စည်းရိုးရဲ့တစ်ဖက်၊ သူ့ညီရဲ့ပိုင်နက်ထဲမှာတော့ ညီအစ်ကိုတွေ အတူဝိုင်းဖွဲ့ထိုင်နေကျ ညောင်ပင်အိုကြီးက ထီးထီးကြီးရှိလို့ နေပါတယ်။

လူနှစ်ဖက်စာရှိပြီး နှစ်ရာချီအပင်ကြီးဖြစ်လို့ ရွာထဲမှာ သစ်ပင်စောင့် နတ်မင်းကြီးနေသလိုလို အယူရှိကြပြီး လယ်ကွင်းတွေအလယ်မှာ ရောက်နေခဲ့ပေမဲ့ ခုတ်မပစ်ရဲကြဘဲ ရှောင်ကွင်းပြီးထားထားတဲ့ အပင်အိုကြီးပါ။ ခုတော့ ခြံစည်းရိုးကြောင့် သူတို့နှစ်ယောက် အရင်လို ဝိုင်းဖွဲ့စားသောက်လို့မရတော့။

“အင်း... ဒီလိုလုပ်လိုက်တာ ပိုကောင်းရင်လည်း ပိုကောင်းမှာပါလေ။” ကိုဖိုးအေးက သက်ပြင်းချရင်း အခုလို ရေရွတ်လိုက်မိလေရဲ့။

All Chapters