← Chapters

စိတ်ထားလှလှ (ဇာတ်သိမ်း)

Vol. 8 Ch. 2-final

စိတ်ထားလှလှ (ဇာတ်သိမ်း)

Vol. 8 Ch. 2-final

မိသဲက အပျင်းကြီးတဲ့ မိန်းမတစ်ယောက်လို့ ပြောချင်ရင် ပြောလို့ရနိုင်တယ်။ လူအနည်းငယ်သာ နေရတဲ့အိမ်ဖြစ်လို့ အိမ်အလုပ်အများကြီးမရှိပေမဲ့ ညီမဖြစ်တဲ့ မိမြဲကိုမကူ။ မိမြဲ တစ်ယောက်တည်းသာ ထမင်းချက်လိုက်၊ အိမ်သန့်ရှင်းရေး လုပ်လိုက်ရှိတယ်။

နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ စုံတွဲနှစ်တွဲလုံးက ကလေး ကိုယ်စီနဲ့ဖြစ်ကုန်ကြပြီ။ မိမြဲက တေဇလို့ခေါ်တဲ့ယောက်ျားလေး တစ်ယောက်မွေးပြီး မိသဲကတော့ ရာဇာလို့ခေါ်တဲ့ယောက်ျားလေး တစ်ယောက်ကိုမွေးဖွားသန့်စင်ပေးတယ်။ နှစ်ယောက်လုံး ကလေးအမေတွေဖြစ်လာပြီးနောက်မှာ ကလေးထိန်းရတဲ့ အတွက်ကြောင့် မိမြဲလည်း အိမ်အလုပ်တွေမလုပ်နိုင်တော့။ ဒီတော့

“အစ်မရေ၊ တို့အိမ်ဖော်တစ်ယောက်လောက် ထားရင် အဆင်မပြေဘူးလား။”

“ထားတော့လည်း ထားပေါ့အေ့။ ဒါပေမဲ့ နင်ထားတာဆိုတော့ နင်တာဝန်ယူရမယ်နော်။”

မိသဲကတော့ မိသဲပါပဲ။ နောက်တစ်လလောက်နေတော့ မိမြဲက ရွာထဲက ဆင်းရဲတဲ့မိသားစုတစ်စုဆီက သီတာဆိုတဲ့ မြီးကောင်ပေါက် ကလေးမလေးကို လခစားခေါ်တင်ထား လိုက်တော့တာပေါ့။ ဒါပေမဲ့ လစာကတော့ ထုံးစံအတိုင်း မိမြဲကပဲ ပေးရတော့တာ။

...

“ယောက်ျားရေ၊ ရှင့်လယ်ခြံစည်းရိုးတွေက ဟောင်းနေပြီတော့။ အသစ်လေးဘာလေး ပြင်ခတ်ပါလား။”

တစ်နေ့တော့ လယ်ထဲလိုက်သွားရင်းနဲ့ မိသဲက သူ့ယောက်ျား ဖိုးအေးနဲ့အတူ လယ်နှစ်ခုအလယ်က ဟောင်းနွမ်းနေလေတဲ့ ခြံစည်းရိုးကြီးကိုကြည့်ရင်း ပြောလိုက်တယ်။

ဖိုးအေးကတော့ “အရေးကြီးကိစ္စမှမဟုတ်တာ မိန်းမရယ်၊ အပိုငွေကုန်လို့ ထားလိုက်စမ်းပါ။”

ဒါပေမဲ့ မိသဲက ဂရုမစိုက်။ “တော်၊ ပြင်မယ်ဆိုရင်ပြင်မယ်ပဲ။ ငွေရေးကြေးရေး ခြေသလုံးမွှေးပဲ။ ရှင်မပြင်ရင် ကျွန်မဘာသာ လူခေါ်ပြင်မယ်။”

နောက်တစ်နေ့ရောက်တော့ မိသဲငှားထားတဲ့လူတွေက လယ်ထဲ ရောက်လာပြီး ခြံစည်းရိုးဟောင်းကြီးကိုဖြိုကာ ခြံစည်းရိုးအသစ် စခတ်တယ်။ ဒါပေမဲ့ အရင်ကနဲ့မတူဘဲ ဟိုဘက်လယ်ကွက်ထဲမှာ ရှိနေခဲ့တဲ့ ညောင်ပင်ကြီးရဲ့တစ်ဝက်လောက်က ဒီဘက်လယ်ထဲ ရောက်နေပြီ။

“မိန်းမရေ၊ နင့်ခြံစည်းရိုးကြီးက ဟိုဘက်ရောက်မနေဘူးလား။” ဖိုးအေးက မေးပေမဲ့ “တော်စိတ်ထင်လို့ နေမှာပါ။” လို့သာ အဖြေရရှာတယ်။

ဒါပေမဲ့ ဒီကိစ္စက ဒီမှာမှာတင်ပြီးမသွား။ ပေါ်ပေါ်တင်တင်ကြီး ဆိုလေတော့ မိမြဲနဲ့ဖိုးထွေးတို့လည်း သတိထားမိတော့တာပေါ့။ တစ်နေ့တော့ မိမြဲက သူ့အစ်မကို ယဥ်ယဥ်ကျေးကျေးနဲ့ပဲ တောင်းဆိုပါတယ်။

“အစ်မရေ၊ အစ်မတို့ခြံစည်းရိုးကြီးက ကျွန်မတို့ဘက် နည်းနည်းရောက်နေတယ်လို့ မထင်ဘူးလား။”

“အို... ငါတို့က မြေတိုင်းတွေဘာတွေနဲ့သေချာတိုင်းပြီးတော့ ခြံစည်းရိုးခတ်ထားတာဟဲ့၊ လွှဲစရာလား။”

မိသဲကတော့ ဘူးခံငြင်းနေဆဲပါ။ အကြိမ်ကြိမ်ပြောခဲ့ပေမဲ့ မိသဲက ဝန်မခံတာကတစ်ကြောင်း၊ ညီအစ်မအရင်းချင်း ဆက်ဆံရေး ပြတ်တောက်မှာစိုးတာကြောင့်တစ်ကြောင်း မိမြဲကတော့ အလျှော့ ပေးမြဲပေးဆဲပါပဲ။

ဒါပေမဲ့ မိသဲကတော့ သူ့ကိုပြောတဲ့ကိစ္စကိုမှတ်ထားပြီး တေးထား တော့တာပေါ့။ နောက်တော့ စျေးသွားတိုင်း စျေးသည်တွေဆီကို ဖောက်သည်ချ။

“တို့အိမ်က အိမ်ဖော်ကောင်မလေးများ၊ အလှအပကြိုက်လာသလား မမေးနဲ့။ အလှပြင်လွန်းလို့ တို့ဖိုးထွေးကြီးတောင် အိမ်ကိုစောစောပြန်လာတာဟေ့။”

မိသဲက တမင်သက်သက် အထင်လွှဲစရာကောင်းတဲ့စကားတွေ စျေးထဲမှာဖောက်သည်ချပြီးတဲ့နောက်တော့ မိမြဲလည်းမခံနိုင် ဖြစ်ရတော့တာပေါ့။

“တို့တော့၊ ဒီအိမ်မှာနေလို့မဖြစ်တော့ဘူး။” အန္တရာယ် အနံကို ခံမိနေတဲ့ မိမြဲက ယောက်ျားဖြစ်သူကို စည်းရုံးရေးဆင်းတယ်။ ကလေးတွေကြီးလာတာကို အကြောင်းပြပြီး အိမ်ခွဲကြမယ်ပေါ့။ သူတို့က အငယ်မလို့ အိမ်မကြီးပေါ်ကနေဆင်းမယ်။ ရွာရဲ့တခြား တစ်နေရာမှာမြေကွက်ဝယ်ပြီး အိမ်ဆောက်မယ်ပေါ့။ ဒါပေမဲ့ ရပိုင်ခွင့်ရှိတဲ့အတိုင်း အိမ်မကြီးရှိတဲ့မြေကွက်တစ်ဝက်ကို ရောင်းချသွားမယ်ပေါ့။ ဒါပေမဲ့ မိသဲကတော့ လက်မခံပေါင်။

“အို... ဒါကတို့ယောက်ျားရဲ့ဘိုးဘွားပိုင်အိမ်လေ။ တစ်ဝက် ခြမ်းချလိုက်လို့ကောင်းမလား။”

ဒီလိုနဲ့တစ်ဝက်ပိုင်နေတဲ့သူက သဘောမတူတော့ မိမြဲလည်း ပိုင်တာဆိုင်တာလေးတွေရောင်းချပြီး ကိုယ့်ဘာသာပဲခြံဝယ် လိုက်ရတော့တာပေါ့။

....

အချိန်တွေက တိုက်လေတွေနဲ့အတူ မျောလွင့်သွားပြန်ပါပြီ။

တေဇနဲ့ရာဇာတို့တောင် လူပျိုအရွယ်ရောက်တော့မယ်။ ဖိုးအေး၊ ဖိုးထွေးတို့ညီအစ်ကို နှစ်ယောက်တောင်မှ ဆံပင်တွေစဖြူကုန်ပြီ။ မိမြဲနဲ့ဖိုးထွေးတို့က စိတ်နှလုံးလည်းကောင်းသလို အဆုံးအမ တော်လေတော့ တေဇတစ်ယောက် ထူးချွန်ထက်မြက်ပြီးတော့ လိမ္မာရေးခြားရှိတဲ့ လူငယ်လေးတစ်ယောက်အဖြစ်နဲ့ ကြီးပြင်း လာတော့တာပေါ့။

တစ်ဖက်မှာတော့ ရာဇာက မိဘအရှိန်အဝါနဲ့မိုက်မိုက်ကန်းကန်း ဖြစ်လာတယ်။ ဆေးလိပ်နံတထောင်းထောင်းနဲ့ ရပ်ထဲရွာထဲ လျှောက်သွား။ လူကြီးကိုလူကြီးမှန်းမသိနဲ့ စနစ်ဟောင်း ၉တန်းကို ငါးဘာသာနဲ့ကျတယ်။ အခုကျတော့ စနစ်သစ်မိပြီး ၁၂ တန်းပညာရေးနဲ့တိုးပြီ။ ဒါကိုပဲ ရာဇာက ပွစိပွစိနဲ့ပြောမနိုင်။ ကျောင်းမတက်ချင်တော့ဘူး၊ လယ်ထဲပဲဆင်းပါတော့မယ်ပေါ့။ တကယ့်တကယ်ကျောင်းမတက်ခိုင်းဘဲ အလုပ်ခိုင်းပြန်တော့ သောက်ပျင်းကတစ်နေတာနဲ့ ကိုးနာရီထိုးတောင်လယ်ထဲ မရောက်။ နောက်တော့ မိသဲတောင် သည်းမခံနိုင်တော့ဘဲ ကျောင်းအတင်းပြန်ထားပါလေရော။

နောက်ထူးခြားတာပြောရရင်တော့ လယ်ကွက်နှစ်ကွက်ကြားက ခြံစည်းရိုးကြီးကို မိသဲက စွဲစွဲလမ်းလမ်းကို ပြင်ဆင်နေတော့တာ။ နှစ်တိုင်းတစ်နှစ်တစ်ခါပြင်တယ်။ ပြင်တဲ့အခါတိုင်း ညောင်ပင်က သူတို့လယ်ကွင်းထဲ လက်မအနည်းငယ်စီ ပိုပိုပြီးတော့ကျွံဝင် လာပါတယ်။ တေဇနဲ့ရာဇာတို့ ဆယ့်ရှစ်နှစ်လည်းပြည့်ရော ညောင်ပင်ကြီးက သူတို့လယ်ထဲ လုံးလုံးရောက်နေပြီ။

....

တစ်နှစ်ဝါဆိုတော့ ရွာဦးကျောင်းက ကျောင်းတိုင်ဘုန်းကြီးက သီလပေးရော။ သီလအကျိုးနဲ့ကျူးလွန်ရခြင်းအပြစ်တွေလည်း အနက်ကျယ်ကျယ်ဖြန့်အနက်ကျယ်ကျယ်ဖြန့်ပြီး အဒိန္နာဒါနကံအကြောင်းဟော။ ဝေမာနိကပြိတ္တာအကြောင်း အကျယ်လည်းရှင်းပြရော မမိသဲက ရှုးရှုးရှဲရှဲနဲ့...

“အရှင်ဘုရားက မျက်စောင်းကိုထိုးပြနေတော့တာပဲဘုရား။” ဆိုပြီး ဝါဆိုသင်္ကန်းတွေပြန်သိမ်းပြီး မလျှူဘဲပြန်သွားရော။

ရပ်ထဲရွာထဲ ဟိုးလေးတကျော်ကျော်ဖြစ်ကုန်တော့တာပေါ့။ နဂိုကတော့ မမိသဲမြေခိုးတဲ့ကိစ္စ လူသိပ်မသိကျ။ အခုတော့ မမိသဲကိုယ်တိုင်က မလုံမလဲဖြစ်နေလေတော့ လူတိုင်းလိုလို သိကုန်ကြတာပေါ့။

ရွာကိုလာတဲ့ စျေးသည်တွေအလေးခိုးလို့ ရွာသားတွေကပြောတာ ဝန်မခံရင် ရွာသားတွေက အခုလိုပြောကြသတဲ့။ ‘မမိသဲလယ်ထဲက ညောင်ပင်ကြီးသက်သေပါတော်။”

ရာဇာက ရွာရိုးကိုးပေါက်လျှောက်ရက်ဖြစ်၊ မူးရူးနေလေတော့ ရွာထဲကမိဘတွေက လိမ္မာတဲ့တေဇနဲ့နှိုင်းယှဥ်ပြပြီး သူတို့တွေရဲ့ သားသမီးတွေကို ဆုံးမကြတယ်။ မမိသဲက အဲဒီစကားမျိုး နားစွန် နားဖျားကြားတယ်ဆိုရင်ပဲ အိမ်တိုင်ရာရောက် သွားပြီးတော့ ရန်တွေ့တော့တာ။

ဒါပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှ ဘာကြောင့်မှန်းမသိဘဲ မမိသဲ လယ်တွေက အထွက်နှုန်းကျလာတော့တယ်။ တစ်ဖက်မှာတော့ မမိမြဲတို့မိသားစုလယ်တွေက အထွက်နှုန်းကောင်းပြီး တိုက်နယ် အဆင့်ဆုတွေတောင်ရသေး။

လယ်ကတစ်ကြောတည်း၊ ပေါင်းသတ်ဆေးကျဲတော့လည်း တစ်ချိန်တည်း၊ စိုက်တော့လည်းတစ်ချိန်တည်း၊ ရိတ်တော့လည်း တစ်ချိန်တည်း။ ဒါပေမဲ့ ထွက်နှုန်းကတော့ တခြားစီ။ ဒါတောင် ရိတ်ခါနီး မမိသဲက မိမြဲတို့လယ်ထဲကစပါးနှံတွေကို လူလစ်တုန်း သူတို့ထဲပြောင်းစိုက်ဖို့ သူရင်းငှားတွေကို အမိန့်ပေးသေးတာရယ်။

လယ်သူဌေးတွေဆိုတော့ အထွတ်နှုန်းကျလာတာနဲ့အမျှ စီးပွားရေးလည်း ကျလာတာပေါ့။ မိသဲတောင် ရပ်ထဲရွာထဲ ထောင်ထောင် ထောင်ထောင်မလုပ်နိုင်တာ နှစ်နှစ်လောက်ရှိပြီ။ တေဇကတော့ ရန်ကုန်မြို့ကြီးမှာ တက္ကသိုလ်တက်နေပြီ၊ ရာဇာက သူတို့ရွာနားက နယ်မြို့လေးမှာ အခုထိ၁၂တန်းကျူရှင် တက်နေရတုန်း။

...

“ဝေါ့.... ဝေါ့....”

တစ်နေ့တော့ အိမ်မှာအကူအဖြစ်ခေါ်ထားသေးတဲ့ သီတာက အိမ်ရှေ့ရေတွင်းမှာ ရေချိုးနေရင်း အော့အန်နေတာနဲ့ မိသဲနဲ့ တည့်တည့်တိုးရော။ အစကတော့ အစားမှားတယ်ပဲထင်ခဲ့တာ။ ဒါပေမဲ့ နေ့စဥ်ရက်ဆက်ဆိုသလိုဖြစ်လာလေတော့ မသင်္ကာဘူး။

ဒီလိုနဲ့ ချောင်ပိတ်ပြီးမေးခါမှ သီတာက ဓမ္မတာမလာတာ နှစ်လရှိပြီဖြစ်ကြောင်းပြောရော။ ပထမကတော့ ကိုဖိုးအေးကို သံသယဝင်ပြီးမေးမြန်းပေမဲ့ ဖိုးအေးက ငိုကြီးချက်မနဲ့ မဟုတ်တဲ့အကြောင်းရှင်းပြ။

သီတာကိုသေချာမေးခါမှ ဖိုးအေးမဟုတ်ဘဲ အိမ်ကိုခဏခဏ လာနေကျ သူရင်းငှားကောင်လေးနဲ့ဖြစ်မှန်းသိရရော။

“အဲဒီအကောင် ဘယ်ရောက်သွားတာလဲ။” ဆိုပြီးစုံစမ်းတော့ လယ်ပြီးချိန် တခြားမြို့တစ်မြို့တက်ပြီး အုတ်လုပ်လိုက်သွားတာတဲ့။ ပထမကတော့ သတင်းပါးလိုက်ပြီး ပြန်လာလေမလားဆိုပြီး စောင့်ပေမဲ့

မသီတာဗိုက်သာ နှစ်လကနေ၊ သုံးလ။ သုံးလကနေ လေးလ ဖြစ်သာလာတယ်။ အဆက်အသွယ်က ပြန်မရ။ ဗိုက်ကလည်း ရှေ့ပူထွက်လာပြီဆိုတော့ လူကြားသူကြားထဲ လွှတ်ထားလို့မရတဲ့ အခြေအနေ။ ဒါတောင်မှ မသီတာ နည်းနည်းဗိုက်ပူနေတာကို သတိထားမိတဲ့ လူတွေက ဟိုသတင်းဒီသတင်းဖြန့်ပြီးနေကြပြီ။

“ဒီအတိုင်းဆိုရင် မဖြစ်တော့ဘူးအေ့။ ဒီထက်လည်းဖုံးဖိဖို့က မဖြစ်နိုင်တော့ဘူး။ ဖျက်ချမှပဲ ရတော့မယ်။”

မိသဲရဲ့အမိန့်ကျပြီးတဲ့နောက်တော့ မသီတာလည်း အိမ်ထောင့် တစ်ထောင့်မှာကပ်ပြီး ငိုနေမိတော့တာပေါ့။ ရည်းစားလုပ်သူက အပျော်ကြံသွားတာကတစ်ကြောင်း၊ မိသဲရဲ့သားသတ်မိန့်ကို မလွန်ဆန်နိုင်တာကတစ်ကြောင်း။

ဆုံးဖြတ်ချက် ချပြီးပြီးချင်းမှာပဲ မိသဲက သီတာကို ရွာကနေ ခေါ်ထုတ်သွားတယ်။ ပဲခူးရိုးမတောင်ခြေမှာရှိတဲ့ ရွာတစ်ရွာက လက်သည်ဆီကိုခေါ်သွားတာ။ ခေါ်သွားတုန်းက တိတ်တိတ်ပုန်း ကလေးဖျက်ချမယ်ပေါ့။

ပြန်လာတော့ မသီတာပါမလာတော့။ ဖိုးအေးမေးတော့ မိသဲက အခုလိုဖြေလေရဲ့။ “ရှက်လို့ဆိုပြီး မြို့ပေါ်တက်သွားလေရဲ့။ ခုလောက်ဆို ဇာတ်မြုပ်နေလောက်ရောပေါ့။”

...

မသီတာပျောက်သွားပြီးနောက်မှာတော့ အရာရာက အေးအေး ဆေးဆေးလို့ထင်ရတာပါပဲ။ ရာဇာတစ်ယောက် မြို့ပေါ်မှာ ဆိုင်ကယ်ပြိုင်မောင်းရင်း ထော်လာကျီကို ဝင်တိုက်မိလို့ ဆုံးပြီဆိုတဲ့ သတင်းမကြားရသေးခင်အထိပေါ့။

တစ်ဦးတည်းသောသားလေး အဖြစ်ဆိုးနဲ့ဆုံးပြီဆိုတာကြားတော့ မမိသဲတစ်ယောက် အရူးအမူး။ အသုဘမှာ ခဏခဏဆိုသလို တက်တက်သွားလို့ ဆရာဝန်အနားခေါ်ထားရတဲ့အထိ။

...

အသုဘပြီးတော့ မမိသဲတစ်ယောက် တမှိုင်မှိုင်နဲ့ပေါ့။ ဖိုးအေး ကိုယ်တိုင်ကလည်း မမိသဲကို အိမ်မှာနေပြီးဝမ်းမနည်းစေလိုတဲ့ အတွက်ကြောင့် လယ်ထဲခေါ်လာခဲ့ပေမဲ့ သူတို့လယ်ထဲကို ရောက်နေပြီဖြစ်တဲ့ ညောင်ပင်ကြီးကိုတွေ့တော့ ဒေါသတွေ အလိုလိုနေရင်း အလိပ်လိုက်ထွက်လာရော။ နောက်တော့ ဖိုးအေးကိုရှာပြီး ပြောတော့တာ။

“ကိုဖိုးအေးရေ၊ အဲဒီသစ်ပင်ကြီးကို ခုတ်ပစ်လိုက်ရင် ကျုပ်တို့တွေ စိုက်ဖို့မြေပိုမရဘူးလားတော့။”

ကိုဖိုးအေးကတော့ ကန့်ကွက်ရှာပါတယ်။ “မိန်းမကလဲ၊ ဒီအပင်ကြီးက တို့ရွာမှာ အဖိုးတွေအဖွားတွေလက်ထက်တည်းက ရှိတာ။ ပြီးတော့ တို့လယ်ကွက်တွေရှိတဲ့နေရာက အရင်တုန်းက တောအုပ်ကြီးတဲ့။ ကလေးတွေတောထဲပျောက်ပျောက်သွားရင် အဖိုးတို့က ဒီညောင်ပင်ကြီးမှာပဲ နတ်ပွဲပေးပြီးရှာကြတာ။ ချက်ချင်း ပြန်တွေ့တယ်ဆိုလားပဲ။ နတ်ကြီးတဲ့သစ်ပင်မလို့ တောပြုန်းသွားတာတောင် ဒီအတိုင်း ဆက်ထားထားတာဆိုလားပဲ။”

“အို၊ ရှုပ်နေတော့တာပဲ။ အပင်က အပင်ပေါ့။ ဘယ်နတ်က နေရမှာလဲ။ ကျွန်မခုတ်ဆိုရင် ခုတ်ပစ်လိုက်။ ရှင်မခုတ်ရင် ကျွန်မလူငှားရှာခုတ်ခိုင်းမယ်။”

သားဖြစ်သူက ဆုံးထားတာမကြာသေး။ မမိသဲစိတ်ကလည်း ပုံမှန်သိပ်မဖြစ်တာကို သတိထားမိလေတော့ ဖိုးအေးလည်း မငြင်းရက်။ နောက်တစ်နေ့ရောက်တော့ ကိုယ်တိုင်ပုဆိန်ဆွဲပြီး ညောင်ပင်ကြီးကိုလှဲဖို့ လုပ်တော့တာပေါ့။

ဒါပေမဲ့....

“ဒေါ်လေးမိသဲရေ၊ ကိုဖိုးအေး ပိုးထိသွားတယ်ဗျ။” အဲဒီနေ့က ကိုဖိုးအေးကို ညောင်ပင်အောက်က မြွေတွင်းမှာပုန်းနေတဲ့ အဆိပ်ရှိမြွေတစ်ကောင် ကိုက်လိုက်တဲ့အတွက် ဆေးရုံတင်ဖို့ လုပ်ရရော။ ဒါပေမဲ့ ဆေးရုံရောက်တော့ ကိုဖိုးအေးအသက် မရှိတော့။

လပိုင်းအတွင်းမှာပဲ သားရောယောက်ျားပါ ဆုံးလိုက်ရတဲ့ မမိသဲကတော့ အရူးတစ်ပိုင်းပေါ့။ နေဝင်တာကြည့်ပြီးတော့ ငိုရင်လည်းငို။ လေတိုက်တာကြည့်ပြီးတော့ ရယ်ရင်လည်း ရယ်နဲ့။

ရွာထဲကလူတွေကတော့ မမိသဲတစ်ယောက် စိတ်ထားပုပ်လို့ ဝဠ်ခံရတယ်ချည်း ပြောတော့တာ။ ဒီလိုနဲ့ တစ်နေ့အိမ်မှာပဲ တစ်ယောက်တည်းမှိုင်ပြီး ထမင်းစားဟင်းစားဖို့မေ့နေတုန်း ညီမဖြစ်သူ မမိမြဲရောက်လာပြီး စိတ်မပါလို့မပြီးဘဲ ပစ်ထားခဲ့တဲ့ မမိသဲရဲ့အိမ်အလုပ်တွေကို ကူလုပ်ပေးရင်း နှစ်သိမ့်ရတာပေါ့။

“အစ်မရယ်၊ ထမင်းလေးဘာလေးတော့ စားပါဦးလား။ အိမ်မှာ တစ်ယောက်တည်းမနေချင်ဘူးဆိုလည်း ကျွန်မတို့နဲ့လာနေလို့ ရပါတယ်နော်။” လို့ပြောပေမဲ့ မမိသဲက ဘာမှပြန်မဖြေဘဲ ရွာလမ်းမကြီးကိုသာ လှမ်းပြီးကြည့်နေမိတယ်။

တိုက်ဆိုင်တယ်လို့ဆိုရမလား၊ ရဲဝန်ထမ်းဝတ်စုံဝတ်ထားတဲ့ လူတချို့က ရွာလယ်လမ်းမကြီးကို ဖြတ်လာတာမြင်တော့ မမိသဲတစ်ယောက် သူ့စိတ်သူမနိုင်ဖြစ်ပြီး ထခုန်တော့တာပဲ။

“ငါ့ကို လာဖမ်းကြပြီ၊ ငါ့ကိုလာဖမ်းကြပြီ။”

အဲဒီလိုပြောရင်းနဲ့ အိမ်ပေါ်ကနေပြေးဆင်းသွားလိုက်တာများ လှစ်ခနဲပဲ။ မမိမြဲလည်း အစ်မဖြစ်သူစိတ်လွတ်သွားပြီဆိုပြီး ရွာထဲကလူတွေကို လှမ်းအော်အကူအညီတောင်းတော့တာပေါ့။ မမိသဲကတော့ ရွာအပြင်ကိုရောက်နှင့်နေပြီ။

ရွာသားတွေ မမိသဲထွက်ပြေးသွားတဲ့လမ်းအတိုင်းလိုက်လေတော့ ရွာအပြင် လယ်ကွင်းကြီးနှစ်ကွင်းကြားက ညောင်ပင်အိုကြီးမှာ ထမီကို ကွင်းသိုင်းပြီး ကြိုးဆွဲချသေနေတဲ့ မမိသဲကိုတွေ့ရ တော့တာပါပဲ။

....

မမိသဲဆုံးသွားပြီးနောက်တော့ နာရေးကိစ္စအရာရာကို အမျိုးတွေ ဖြစ်တဲ့ မမိမြဲတို့က တာဝန်ယူကြရတော့တာပေါ့။ ရဲတွေလာရတဲ့ ကိစ္စကလည်း ရွာထဲပြန့်လာတယ်။ ပဲခူးရိုးမ သစ်ခုတ်စခန်း တစ်ခုနားက ချောင်းတစ်ချောင်းမှာ အမျိုးသမီးအလောင်းတစ်ခု လာသောင်တင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းနေကြတာ။ စုံစမ်းရင်း တောင်ခြေရွာတစ်ရွာက လက်သည်ကို မသင်္ကာဖြစ်ဖမ်းမိရာကနေ ကလေးဖျက်ချရာက လူသေမှုဖြစ်ပြီး အလောင်းဖျောက်ဖို့လုပ်တဲ့ အမှုကိုဖော်မိတော့တာ။ အဲဒီကနေ မမိသဲနောက်ကို ရဲတွေက စုံစမ်း လိုက်လာကြ။ ဒါပေမဲ့ တရားမစီရင်နိုင်ခင်မှာပဲ တရားခံက သတ်သေသွားတယ်။

ကိစ္စအားလုံးရှင်းလို့ပြီးတော့ ရေစက်ချအမျှဝေရမယ့်အချိန် ရောက်လာတော့တာပေါ့။ ရွာထဲကလူတွေ စိတ်မကောင်း ဖြစ်ကြပေမဲ့ ငိုပေးမယ့်သူတော့မပါ။ ဖိုးထွေးနဲ့မိမြဲပဲ မိသဲဖို့ ငိုပေးကြတာရယ်။ တရားချလို့အပြီး ပရိသတ်အားလုံး ပြန်သွားကြပေမဲ့ မမိမြဲကတော့ မပြန်သေး။ ရွာဦးကျောင်း ဆရာတော်ကို အခုလိုလျှောက်သတဲ့။

“အရှင်ဘုရား၊ ကျွန်တော်မျိုးမ အစ်မကို ညတိုင်းအိပ်မက် မက်မက်နေပါတယ်ဘုရား။ အစ်မက တောင်းကြီးတစ်တောင်းထဲ မြေတွေအပြည့်ထည့်ပြီး ကျွန်မလယ်ထဲကို လာလောင်းလောင်း ချနေရတယ်လို့ နေ့တိုင်းမက်နေတာပါဘုရား။”

ရွာဦးကျောင်းဆရာတော်လည်း သက်ပြင်းတချချနဲ့ အခုလိုပဲ ပြန်ဖြေနိုင်တော့တာပေါ့။ “ကံကံ၏အကျိုးပေါ့ ဒကာမကြီးရယ်။”

All Chapters