← Chapters

မင်းကောင်းလူရူး

Vol. 9 Ch. 1-final

မင်းကောင်းလူရူး

Vol. 9 Ch. 1-final

ရေးသားသူ - သော်လွင်ကိုကို

ကာလအားဖြင့်တော့ လွတ်လပ်ရေးရကာစ။

ဘိလပ်ပြန် မောင်လူမွန်တစ်ယောက် ဦးလူမွန်လို့ သူ့ကိုယ်သူနာမည် ပြောင်းတပ်ရကာစပေါ့။ အသက်ကတော့ သုံးဆယ်ကျော်ခါစ။ ဗမာ့ တော်လှန်ရေးမှာမပါခဲ့ပေမဲ့ စာတတ်ပေတတ်ဖြစ်လေတော့ စစ်အပြီး ပါလီမန်ဒီမိုကရေစီခေတ်အစပိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖွဲ့ရာမှာ ဘီစီအက်စ်တွေခေါ်နေတာနဲ့ အလုပ်လျှောက်ရာကနေ ပါပြီး နှစ်အနည်းငယ်အကြာမှာ မြို့ပိုင်မင်းပေါက်စ ဖြစ်လာတော့တာပေါ့။

တိုင်းပြည်က မငြိမ်သက်သေးပေမဲ့ ရတဲ့မြို့က ရန်ကုန်မြို့နဲ့ခပ်နီးနီး၊ မြို့ကြီးလားဆိုတော့ မြို့ကြီးလည်းမဟုတ်ပြန်။ အထိုက်အလျောက် လုံခြုံမှုတော့ရှိတယ်ဆိုရမှာပဲ။

ရာထူးခန့်အပ်လွှာရပြီးတာနဲ့တစ်ပြိုင်နက် လူမွန်တစ်ယောက် ချစ်ဇနီးလှလေးနွယ်ကို ရာထူးတိုးကြောင်း အပြေးပြောရတော့တာ။

“ရှင်မရေ၊ ကိုယ်တော့ ရာထူးတိုးပြီကွ။ နယ်မြို့များပို့လေမလားလို့ ရန်ကုန်မြို့ကြီးနဲ့ နီးနီးလေး။ ကံကတော့ ကိုယ်တို့မိသားစုအပေါ် မျက်နှာပေးပြီ ထင်ပါရဲ့ကွာ။”

လှလေးနွယ်က ရုပ်ရည်လေးအသင့်အတင့်ရှိ။ လူမွန်ကလည်း ပညာတတ် လူ့အထက်လွှာအသိုင်းအဝိုင်းကဆိုတော့ ရွှေတိုငွေစ ဆင်နိုင်တာနဲ့ အဝတ်အစားလှလှဝတ် တောက်လို့ပြောင်လို့ပေါ့။

“ဒါဖြင့် ပြောင်းဖို့ရွှေ့ဖို့ လုပ်ရဦးမှာပေါ့။ ရှင့်မိဘတွေရော အကြောင်းကြားပြီးပြီလား။”

“ဒါပေါ့ လှကလေးတင့်နွယ်ရဲ့။ အမိအဖကို ဦးထိပ်ထားမှ သားကောင်း ပီသမှာဆိုလေတော့ မနက်ကပဲ ကြေးနန်းနဲ့ ပုသိမ်ကို စာလှမ်းပို့လိုက်ပါကြောင်း။”

လူမွန်က စာကြီးပေကြီးလေသံနဲ့ပြောရင်း ဇနီးသည်မျက်နှာကို လက်နဲ့လှမ်းညှစ်။ လှလေးနွယ်ကတော့ အကဲပိုလွန်းတဲ့ လူမွန့်လက် ဖြတ်ရိုက်ပြီး “ဒါဖြင့် ရှင်က ဘယ်နေ့အိမ်ပြောင်းဖို့ လုပ်မှာလဲ။ နီးမှ ပြောင်းမယ်တော့ မကြံနဲ့နော်။ ရှင့်ပစ္စည်းတွေက နည်းတာမဟုတ်ဘူး။ အထုပ်အပိုးတွေပြင်ရဦးမယ်ရှင့်။”

“ ရှေ့တစ်ပတ်ပေါ့ ကလေးရယ်။ အာဟန်းကြီးကို ကားသမား ရှာခိုင်းပြီးပါပြီ။”

အာဟန်းကြီးဆိုတာက လူမွန်အိမ်မှာခန့်ထားတဲ့ အိန္ဒိယတိုင်းသား ခြံစောင့်ကြီးပေါ့။ လုပ်စရာမရှိရင် ရပ်ကွက်ထဲ လှည့်သွားနေသူမလို့ လူသိများသား။ မကြာခင်မှာပဲ ထိပ်ပြောင်ပြောင်ပိန်ပိန်ပါးပါးနဲ့ အသားညိုညိုရှိတဲ့ အသက်ငါးဆယ်အရွယ် အိန္ဒိယတိုင်းသားကြီး တစ်ယောက်အိမ်ထဲဝင်လာပါလေရော။

“ဟော... ပြောရင်းဆိုရင်း လာပါပြီ။”

လူမွန်က အာဟန်းကြီးကို ပြုံးပြတယ်။ အာဟန်းဆိုတဲ့နာမည် နောက်မှာ ‘ကြီး’ထည့်ထားတာ မဆန်းလှ။ ကိုအာဟန်းက လူမွန်ထက် ခေါင်းတစ်လုံးစာလောက်မြင့်နေသကိုး။

“ ဆရာလေး၊ ဗိုက်ပူကားတစ်စီး ငှားရတယ်။ စျေးကကိုင်သား။ ဟိုမြို့အရောက် ငွေနှစ်ဆယ်တဲ့။” အာဟန်းကြီးနောက်ကတော့ ပုပုကွကွနဲ့ သွားခေါခေါလူတစ်ယောက်လိုက်လာတယ်။ ကားသမား ဖြစ်မယ့်ပုံ။

“ဟ၊ များတာပေါ့။ ဆယ့်နှစ်ကျပ်လောက်ဆို တော်ရောပေါ့ဟ။”

“ဆရာကလည်းဗျာ၊ ကျုပ်က စျေးတင်တောင်းတာမဟုတ်ပါဘူး။ စစ်ပြီးတာလည်းမကြာသေးဘူး။ လမ်းတွေက ပြင်တုန်းဆင်တုန်း။ ကြားထဲ တောပုန်းတွေကြောက်ရသေးတယ်။ ဒီလောက်တောင်းရမှ တော်ရာကျမှာပေါ့ဗျ။”

“များတယ်ကွာ၊ ၁၂ ကျပ်ထား။ ပိုတော့မပေးနိုင်ဘူး။”

“၁၈ ကျပ်လောက်တော့ လုပ်ပါဆရာရယ်။”

နောက်ဆုံး စျေးဆစ်ရင်းဆစ်ရင်း ၁၆ ကျပ်နဲ့တည့်သွား။ ရှေ့အပတ်ရောက်တော့ သူတို့ပစ္စည်းတွေအကုန်လုံးကို ဗိုက်ပူကားပေါ် တင်ပြီးနှင့်ပြီ။

မြို့ပိုင်မင်းကိုပေးတဲ့အိမ်ကိုရောက်တော့ ပစ္စည်းတွေချဖို့ လူက ငှားရသေးတယ်။ အခြေက မကျသေး။ လှလေးနွယ်က ညနေစာ ချက်ဖို့ စျေးထွက်သွားလေပေမဲ့ ဗိုက်က ဆာလှပြီဆိုတော့ ဟိုမေးဒီစမ်းနဲ့ မြို့ထဲက တရုတ်ဆိုင်တစ်ဆိုင်ဆီကို ထွက်လာ တော့တာ။

ဆိုင်ထဲရောက်တော့ လူကများသား။ တရုတ်ဆိုင်ဆိုတဲ့အတိုင်း ဆိုင်ရှင်က ဝဖီးနေပြီး ရွှေသွားကြီးစိုက်ထားတဲ့ တရုတ်ကြီး။ တရုတ်ကြီးဆိုင်မှာ စားပွဲထိုးလုပ်တာကတော့ တရုတ်မဖြူဖြူ ချောချောလေး။ ကာလသားတွေစနောက်နေတာကိုလည်း ထုံးစံအတိုင်းမြင်ရသေးတယ်။ တရုတ်ကြီးက စီးပွားရေး လုပ်ရပြီးရောဆိုပြီး ဟဲဟဲ... ဟဲဟဲနဲ့။

“လူသစ်ပါလား၊ အလည်လာတဲ့ ဧည့်သည်များဖြစ်နေမလား မသိဘူး။ အဖေ့ရှစ်အာလေး ဒီကဆရာလေးကို ဂရုစိုက်ပေး လိုက်ဦး။”

ကျစ်ဆံမြီးနဲ့စားပွဲထိုးမလေးက ဘာစားမလဲဘာသောက်မလဲ မေးလေတော့ လူမွန်လည်း တရုတ်ကြီးလိုပဲ ဟဲဟဲဟဲဟဲ ဖြစ်ရော။ ဘေးက ကာလသားတွေလည်း ဝိုင်းနှုတ်ဆက်ကြတာပေါ့။ လူမွန်လည်း စိတ်ကောင်းဝင်နေလေတော့ ဆိုင်ထဲကလူတွေ အကုန်လုံးအတွက် ခေါက်ဆွဲကြော်ဒကာခံမယ်ဖြစ်လာတယ်။

“ဆရာလေး၊ ဝတ်ပုံစားပုံကြည့်ရတာ ပုံမှန်တော့မဖြစ်နိုင်ဘူး။ သေချာပေါက် အထက်တန်းလွှာပဲ ဖြစ်ရမယ်။”

“ဘီစီအက်စ်ရာထူးတိုးလို့ ဒီမြို့ကို မြို့ပိုင်ကျလာတာပါဗျာ။”

လျှို့ဝှက်ထားဖို့လိုမယ်မထင်လေတော့ လူမွန်က သူ့ကိုယ်သူ မြို့ပိုင်ဖြစ်ကြောင်း ထုတ်ပြောလိုက်တာပေါ့။ ပထမတော့ ဒီလူတွေဆီက အံ့ဩသံများကြားရမလားပေါ့။ ဒါပေမဲ့ အကုန်လုံးက ဝိုင်းရယ်ကြလေရော။

“ဟားဟား... ဒါဖြင့် တစ်နိုင်ငံလုံးပဲ တစ်ယောက်ပဲပေါက်နိုင်တဲ့ မဟာထီကြီးကို ဆွတ်ခူးသွားနိုင်တာ ဒီကဆရာလေး ဖြစ်နေတာကိုး။”

ကာလသားတွေထဲက ခေါင်းဆောင်ဖြစ်ပုံရပြီး ကိုကျားပေါက်လို့ တခြားသူတွေခေါ်ကြတဲ့ ထောင်ထောင်မောင်းမောင်းလူက ပြောလိုက်တယ်။ လူမွန်လည်း မျက်ခုံးပင့်လိုက်တာပေါ့။

“ဘာဖြစ်လို့လဲဗျာ။”

“မကြာခင် ဆရာလေး သိပါလိမ့်မယ်ဗျာ။”

ပြောနေတုန်းရှိသေးတယ်။ တရုတ်ကြီးဆိုင်ထဲကို လူတစ်ယောက် မာန်အပြည့်နဲ့ ဝင်လာပါလေရော။ အဲဒီလူ ဆိုင်ထဲဝင်လာတာနဲ့ ဆိုင်ထဲက လူတွေရဲ့အမူအရာက ပြောင်းသွားတယ်။ ရယ်ချင် သလိုလိုပြုံးချင်သလိုလိုနဲ့။

လူမွန်လည်း ဝင်လာတဲ့သူကို အကဲခတ်ပြီး ပုံမှန်မဟုတ်လို့သာ ပြောနိုင်တော့တယ်။ လူက တိုက်ပုံအင်္ကျီကို သားသားနားနား ဝတ်လို့၊ ပုဆိုးကလည်း တောက်တောက်ပြောင်ပြောင်နဲ့။ အထူးခြားဆုံးကတော့ ရွှေရောင်စလွယ်ကိုသိုင်းထားပြီး ခေါင်းမှာရှေးမြန်မာဘုရင်တွေလို သင်းကျစ်ဆောင်းထားတယ်။ ဖိနပ်ကလည်း ဇာတ်ထဲကလို ခြေနင်းကော့ကော့။ လူပုံကတော့ အသားဖြူဖြူ၊ တည်တည်ကြည်ကြည်မျက်နှာမျိုး။ အသက်က ငါးဆယ်ကျော်ခြောက်ဆယ် ဖြစ်မယ့်ပုံစံမျိုး။

“စားတော်ကဲအတီး၊ ငါကိုယ်တော် ညစာသုံးဆောင်လိုတယ်။”

“ကြွပါကြွပါ။” တရုတ်ကြီးက ကောင်တာနောက် ထိုင်နေရင်းကနေ ကိုယ်တိုင်ရှေ့ထွက်လာပြီး တလေးတစားနဲ့ မင်းမြှောက်တန်ဆာ အပေါင်းဝတ်ဆင်ထားတဲ့ လူကြီးကို လွတ်နေတဲ့စားပွဲဝိုင်း တစ်ခုဆီ ခေါ်လာတော့တာပဲ။

လူကြီးက ထိုင်ပြီးတာနဲ့ စားသောက်ဆိုင်ထဲက လူတွေကိုလိုက်ပြီး ကြည့်တယ်။ လူတွေစုံလင်နေတာတွေ့တော့ သဘောကျသွားဟန်နဲ့ ပြုံးပြပါတယ်။

“ဒီနေ့ ငါကိုယ်တော်ရဲ့တိုင်းသူပြည်သားတွေ ဝမ်းမြောက်ဝမ်းသာ ရှိကြပုံပဲ။ ကောင်းတယ်ကောင်းတယ်။”

နောက်တော့ ထီးသုံးနန်းသုံးတွေနဲ့ စကားပြောနေတဲ့သူက ဆိုင်ထဲ လူသစ်မှန်းသိသာနေတဲ့ လူမွန်ကိုတွေ့ရော။ ကာလသားခေါင်း ကျားပေါက်ကတော့ အဲဒီလူ ဘာမှမပြောရသေးခင်မှာပဲ အလိုက်တသိနဲ့ အခုလို မိတ်ဆက်ပေးလိုက်လေရဲ့။

“အရှင်မင်းကြီး၊ ဒီပုဂ္ဂိုလ်က အသစ်ခန့်အပ်ခံလိုက်ရတဲ့ အရှင့်နန်းရေးဝန်အသစ်ပါဘုရာ့။”

ကိုလူမွန်လည်း အဲဒီလိုထူးထူးဆန်းဆန်း မိတ်ဆက်ပေးတဲ့ နည်းလမ်းကြောင့် နည်းနည်းကြောင်အသွားတော့တာပေါ့။ ဘုရင်တစ်ပါးလို ပြုမူနေတဲ့သူကတော့ လူမွန်ကိုကြည့်ပြီး...

“လူက လူငယ်ပဲ။ ကောင်းတယ်ကောင်းတယ်။ တို့တိုင်းပြည် လွတ်လပ်ရေးရပြီး နန်းရင်းဝန်က ဗမာလူမျိုးဖြစ်သွားတာ ကောင်းတယ်။ ဟိုးတုန်းက အင်္ဂလိပ်လူမျိုးများခန့်တော့ အဆင့်မပြေလှဘူး။ ကိုယ်ရောက်လာတဲ့တိုင်းပြည်အကြောင်း ကိုယ်နားမလည်တော့ ပြဿနာဖြစ်တော့တာပဲ။”

နန်းရေးဝန်တွေရော၊ အရှင်မင်းကြီးတွေရော။ ဒီအသုံးအနှုန်း ပေါက်ပေါက်ရှာရှာပေါင်းစုံကြောင့် ကိုလူမွန်ခေါင်းရှုပ်နေတဲ့ အချိန်မှာပဲ ဘုရင်ကြီးလိုလုပ်နေတဲ့သူအဖို့ရော သူ့အဖို့ပါ စားစရာတွေရောက်လာတယ်။ ဘုရင်ကြီးကတော့

“ကဲ၊ နန်းရေးဝန်မင်း။ ဒီနေ့မှ ရောက်တာဆိုတော့ စားစရာရှိတာ စားပြီး နားစရာရှိတာ နားလိုက်ဦး။ ကိုယ်တော်တော့ ညစာ သုံးဆောင်ပြီးရင် နန်းတော်ပြန် စက်တော်ခေါ်လိုက်ဦးမယ်။”

နောက်တော့ စားသောက်ဆိုင်တစ်ခုလုံးက မင်းကြီးဆိုတဲ့သူ စားသောက်လို့ပြီးမှ ထွက်သွားတဲ့အထိကို တိတ်ဆိတ်စွာနဲ့ ရှိနေခဲ့တယ်။ လူမွန်ကတော့ ထွက်သွားတဲ့လူကြီးကျောကို ကြည့်ရင်းနဲ့

“ဒီလူက ဘယ်သူလည်းဗျ။ စိတ်ရောနှံရဲ့လား။”

ကျားပေါက်ကတော့ ရယ်ချင်ဇောနဲ့ “စိတ်မနှံလို့ မင်းမြှောက် တန်ဆာတွေဝတ်ထားတာပေါ့ ကိုယ့်ဆရာရယ်။” ဆိုပြီးပြောတော့ စားသောက်ဆိုင်တစ်ဆိုင်လုံး ဗိုက်နှိပ်ရယ်ကုန်ရော။ နောက်မှ ကျားပေါက်က အကြောင်းအရင်းရှင်းပြတယ်။

“ဒီလူကြီးက ဟိုးအရင်တုန်းက မြို့မျက်နှာဖုံးသူဌေးကြီးဗျ။ ဂျပန်တွေဝင်လာတော့ တခြားလူတွေလိုပဲ စစ်ဒဏ်ခံရပြီး ပိုင်ဆိုင်သမျှ မွဲပြာကျသွားတော့တာ။ ဒါပဲလားဆိုတော့ မဟုတ်ပြန်ဘူး၊ မိန်းမလုပ်တဲ့သူလည်း စစ်ထဲမှာ ရောဂါသည်းပြီး ဆုံးတယ်။ သားတွေကလည်း ဘီအန်အေထဲဝင်ပြီး ဂျပန်တွေကို လိုက်တိုက်ရာကနေ ပြန်မလာနိုင်တော့ဘူး။ နောက်တော့ အခုလိုမျိုးဖြစ်သွားတာပဲ။”

မြို့ခံတွေက ဒီလူကြီးအကြောင်းနားထောင်နေရင်း သနားတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ စစ်ထဲကိုယ်တိုင်မပါခဲ့ပေမဲ့ ဖြစ်ခဲ့သမျှ မြင်ခဲ့ကြားခဲ့ရတဲ့ ကိုလူမွန်လည်း အခြေအနေကိုနားလည်ရှာတယ်။ ကိုကျားပေါက်ကတော့ သူ့ဇာတ်လမ်းကို ဆက်ရှာပါတယ်။

“ခင်ဗျားအရင် မြို့ပိုင်ကလည်း အင်္ဂလိပ်ခန့်တာဆိုပေမဲ့ ဗမာပဲဗျ။ သူကလည်း အဖိုးကြီးကိုသနားတော့ ဟုတ်ကဲ့၊ မှန်ပါ့ဘုရားဆိုတာနဲ့ နန်းရေးဝန်လုပ်နေတာ။ ခုတော့ ခင်ဗျားအလှည့်ပေါ့။ ဒါကြောင့် တစ်ပြည်လုံးမှာတစ်ယောက်ပဲပေါက်မယ့် ထီအထူးဆုကြီးကို ခင်ဗျားပေါက်တယ်လို့ပြောတာ။”

အဲဒီမှာ စားသောက်ဆိုင်တစ်ခုလုံး ထပ်ပြီးတော့ ရယ်ပွဲကျ သွားပြန်ရော။

...

စားသောက်ဆိုင်ကဖြစ်ရပ်ပြီး တစ်ပတ်လောက်ကြာတော့ မြို့ပိုင်မင်းကြီးလူမွန် အလုပ်စဆင်းနေရပြီ။ အရင်မြို့ပိုင်က အင်္ဂလိပ်ပြုတ်ခါနီး အလုပ်ဝင်လာတဲ့သူဆိုတော့ အလုပ်လုပ်တာ အတော်ကပေါက်ကချော်နိုင်တာ။ အစီရင်ခံစာတွေက မပြည့်မစုံ၊ မြို့ပိုင်ရုံးထဲ ဝန်ထမ်းဘယ်နှစ်ယောက်ရှိတယ်ဆိုတဲ့ဇယားတောင် မသေချာ။ ထွက်တဲ့ဝန်ထမ်းကထွက်ပြီး အသစ်ဝင်လာတာတောင် ပြောင်းရေးမထား။ ရိုးကောလ်ခေါ်လိုက်ရင် နာမည်တွေက တလွဲတွေထွက်လာရော။

အမှုအခင်းဖြစ်တယ်ရယ်တော့ သိပ်မကြားရ။ စစချင်းတော့ မြို့မှာရှိတဲ့ ကျောင်းတို့ဆေးရုံတို့ကို အခြေအနေလိုက်ကြည့်ပြီး မြို့နဲ့ရင်းနှီးအောင် လုပ်ရတာပေါ့။

အလုပ်ဆင်းတဲ့အချိန်တော့ တရုတ်ကြီးအတီးဆိုင်ဝင်ပြီး လက်ဖက်ရည်သောက်ဖြစ်တာပေါ့။ သူ့လိုပဲနောက်ထပ် လာတတ်တဲ့သူကတော့ ဘုရင်ရူးရူးနေတဲ့ အဖိုးကြီး။ သူ့ကိုယ်သူတော့ ဒီလူကြီးက ရန်ကုန်မင်းလို့သုံးတယ်။

ကျားပေါက်အဆိုအရ ဒီလူကြီးနာမည်အရင်း ဦးသစ္စာ။ အဝတ်အစားတွေကတော့ ဒီလူကြီးက မင်းဝတ်မင်းစားကလွဲ တခြားမဝတ်လို့ မြို့ထဲက အပ်ချုပ်ဆရာတစ်ယောက် လက်စွမ်းပြထားတာတဲ့။

ဘုရင်ဘယ်လိုဖြစ်လာလဲမေးရင် အင်္ဂလိပ်တွေ မြန်မာပြည်က ထွက်ခါနီးတော့ မထွက်ခင် သူ့ကို ဗမာပြည်ကိုအုပ်ချုပ်ဆိုပြီးတော့ နန်းပေးခဲ့တာလို့ဖြေတာပဲ။ သူ့ကိုယ်သူ နန်းတွင်းသတ်ဖြတ်ပွဲကနေ လွတ်လာတဲ့မင်းသားတစ်ပါးရဲ့သားတော်ဆိုပြီးပြောတယ်။ မဟုတ်တာက အသိသာကြီး။ ဒါပေမဲ့ ဦးသစ္စာ ဒါမှမဟုတ် ရန်ကုန်မင်းကတော့ ဒါကိုသူ့အတွက်အမှန်လို့ ယူဆထားလေတော့ လူမွန်လည်း အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီးအေးချမ်းတယ် ဆိုတဲ့စကားအတိုင်းကျင့်သုံးပြီး ‘ဟုတ်ကဲ့ခင်ဗျ၊ ဟုတ်ကဲ့ခင်ဗျ’နဲ့ နန်းရေးဝန်မင်း ရာထူးကို လက်ခံလိုက်ရတော့တာပါပဲ။

...

လူမွန်တစ်ယောက် ရုံးကအလုပ်တွေနဲ့ အလုပ်ရှုပ်နေတာ ကြာပြီ။ ရုံးပိုင်းဆိုင်ရာ ပြင်ဆင်စရာရှိတာတွေအားလုံး ပြင်ဆင်ပြီးပြီး ဖြစ်တဲ့အတွက်ကြောင့် အခုမှပဲ ဟင်းချနိုင်တော့တယ်။ အိမ်က ထည့်ပေးလိုက်တဲ့ ထမင်းချိုင့်ကိုဖွင့်၊ ရုံးစာရေးလေးတစ်ယောက် ပါဆယ်ဆွဲလာပေးတဲ့ ပေါ့ကျလက်ဖက်ရည်ကို ခွက်ထဲထည့်ပြီး နေ့လယ်စာစားဖို့ ပြင်ရတာပေါ့။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ ခေါင်းတဖျင်းဖျင်းကုပ်နေတဲ့ ရုံးစာရေးနဲ့ အရပ်ပုပုနဲ့ စာတိုက်ရုံးဝန်ထမ်းဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက် ရောက်လာပါလေရော။

“ဆရာရေ၊ ဘုရင်ကြီးတော့ မွှေပြန်ပြီဗျ။”

ဘုရင်ကြီးဆိုတာကြားတော့ လူမွန်တစ်ယောက် ဘုရင်ရူးရူးနေတဲ့ ဦးသစ္စာကို ချက်ချင်းတွေးမိသွားတယ်။ စာတိုက်ရုံးဝန်ထမ်းက စာတိုက်တံဆိပ်ကပ်ထားတဲ့ စာတစ်စောင်ကို လူမွန်ဆီထိုးပေး လိုက်ပါတယ်။

စာအိတ်အဖုံးပေါ်မှာရေးထားတဲ့စာကိုဖတ်ကြည့်တော့ [ဘုန်းတော် အလွန်ကြီးမြတ်လှပသော] အစချီလို့ မြန်မာပြည်တွင်းမှာရှိသမျှ တိုင်းတွေရဲ့နာမည်တွေ၊ ပိုင်ဆိုင်တဲ့ရတနာတွင်းတွေနဲ့နာမည်တွေနဲ့ နောက်ဆုံးမှာကျတော့ [မြန်မာပြည်တစ်ဝှမ်းလုံးကို အစိုးရသော ရန်ကုန်မင်း]တဲ့။ စာတဲ့သူရဲ့လိပ်စာကို လိပ်မူထားတာကြတော့ [အဆွေတော် အင်းကရိတ်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ်]ပါ။

“အဲဒါသာ ကြည့်ပေတော့ဆရာရေ၊ ဘုရင်ကြီးက ဒီနေ့မနက် သဝန်လွှာပို့ချင်တယ်ဆိုပြီး ကျွန်တော့်ဆီရောက်လာတာ။ ဖတ်ကြည့်တော့ ဗြိတိသျှဘုရင်မကြီးဆီ လိပ်မူထားတာဖြစ်နေတာပဲ။”

လူမွန်လည်း စိတ်ဝင်စားလာတာနဲ့ ဖတ်ကြည့်လိုက်လေတော့ သာကြောင်းမာကြောင်းအပြင် မင်းနှစ်ပါးအတူပူပေါင်းပြီး နိုင်ငံခြင်းဆက်ဆံရေးမြှင့်တင်ဖို့တို့ ကုန်သွယ်ရေးမြှင့်တင်ဖို့တို့။

“ဘယ်လိုလုပ်ကြမလဲဆရာ၊ ဒီစာကိုသာ တကယ်ပို့လိုက်ရင် တိုင်းသိပြည်သိဖြစ်ပြီး ကျွန်တော်တို့မြို့ အရှက်ကွဲတော့မှာ။”

စာတိုက်စာရေးက စိတ်ညစ်ညစ်နဲ့ပြောတော့ လူမွန်ကလည်း “မင့်ကို ဘယ်သူက တကယ်ပို့ရမယ် ပြောလို့လဲ။”

“အာ... ဆရာကလည်း တကယ်မပို့တဲ့အကြောင်း ဘုရင်ကြီး သိသွားရင် ကျုပ်ကိုနေ့တိုင်းလာပြီး ပြဿနာရှာတော့မှာပေါ့ဗျ။ ကံမကောင်းရင် သတ်စေသေစေအမိန့်ထုတ်ရင် ထုတ်နေမှာ။”

လူမွန်ကလည်း စာတိုက်ဝန်ထမ်းအကျပ်ရိုက်နေတာကိုကြည့်ရင်း ပြုံးစိစိနဲ့ စာရွက်အလွတ်တစ်ရွက်ကိုယူပြီး အင်္ဂလိပ်စာသား တချို့ကို လက်ရေးလှလှနဲ့ရေးလိုက်တယ်။

“ပြန်စာရတယ်ဆိုရင် ဒီလူကြီး မင်းကို ပြဿနာမရှာလောက်ဘူး မဟုတ်လား။ ငါရေးလိုက်တဲ့စာကို သူ့ပြန်ပေးလိုက်။”

လူမွန်က ပြောပြောဆိုဆိုနဲ့ အဲလိဇလတ်ဘုရင်မကြီးဟန်ဆောင် အင်္ဂလိပ်လိုစာရွက်တစ်ရွက်မှာချရေး။ လက်မှတ်အတုထိုး။ ပြီးတော့ ပိုပြီးသဘာဝ ကျစေဖို့အတွက် စာကိုစာအိတ်ထဲထည့် ရုံးမှာသုံးတဲ့ချိပ် နည်းနည်းကိုယူ ဂျော့ခ်ဒင်္ဂါးပြားပန်းမျက်နှာပြင် မှာပါတဲ့မြင်းစီးရုပ်နဲ့ဖိပြီး စာအိတ်ကို ချိပ်ပိတ်ပေးလိုက်တယ်။

“ရော့၊ ပြန်စာရပြီ။ နောက်တစ်ခါ ရန်ကုန်မင်းကြီး နိုင်ငံခြား ဘုရင်တွေသမ္မတတွေဆီ စာပို့မယ်လုပ်ရင် ခေါင်းသာညိတ်ပြီး ဒီယူလာခဲ့။ ငါကြည့်ကြပ်လုပ်ပေးမယ် ဟုတ်ပြီလား။”

“ဟုတ်ဟုတ်...” စာတိုက်ဝန်ထမ်းလည်း စာကိုယူပြီး ရုံးထဲကနေ ပြန်ထွက်သွားတော့တာပေါ့။ လူမွန်တစ်ယောက်ထဲ ရုံးခန်းထဲမှာ တခိခိပြုံးရင်း ကျန်ရစ်ခဲ့တာပေါ့။

“ဒီလူက တကယ့်ကိုမလွယ်ကြောပဲ။”

ရုံးချိန်ပြီးလို့ တရုတ်ကြီးဆိုင်သွားထိုင်တော့ ဘုရင်ကြီးက ရောက်နှင့်နေပြီ။ ပြီးတော့ စာတိုက်စာရေးဆီကနေရလာတဲ့ အဲလိဇလတ်ပြန်စာအတုကြီးကိုဖွင့်ပြီး မြို့ထဲကလူတွေ ကြားအောင်လို့ ဖတ်ပြနေတယ်။ သူ့နန်းရေးဝန်လူမွန် ရောက်လာတာတွေ့တော့ ချက်ချင်းပြေးလာပြီး သံတမန် လွှတ်ဖို့တို့၊ အင်္ဂလိပ်တွေတော်တဲ့ သံမဏိချက်နည်းပညာ အရယူဖို့ ပညာတော်သင်တွေလွှတ်ဖို့တို့ မှာတမ်းချွေတော့တာ။

“ဒါမှ နောင်အနာဂတ်မှာ တို့နိုင်ငံက အာရှကျားဖြစ်မှာကွ။” ဆိုပြီး ဆုံးမလိုက်သေးတယ်။

...

ပထမတော့ ဒီလောက်နဲ့ပဲ ပြီးသွားပြီထင်တာ။ ဒါပေမဲ့ စာတိုက် စာရေးက သောကြာနေ့တိုင်းလိုလို သူ့ရုံးခန်းထဲရောက်ရောက် လာတဲ့နောက်မှာတော့ လူမွန်တစ်ယောက် နဖူးကြောကိုလက်နဲ့ ဖိထားမိတော့တာပဲ။

“ဆရာလူမွန်ရေ၊ ဘုရင်ကြီးက အမေရိကန်သမ္မတဆီ စာပို့ချင်လို့တဲ့။”

“ဆရာလူမွန်၊ ဒီတစ်ခါက ဘရာဇီးကိုတဲ့။”

“နယ်သာလန်....”

“.....” ဇာတ်လမ်းက စပြီးသွားပြီမလို့ လူမွန်လည်းမတတ်နိုင်။ ပြန်စာအတုတွေကိုသာ အားတဲ့အချိန်တိုင်း ရေးပြီးပြန်ပြန်ပို့ရ။ အလုပ်တစ်ခုကပိုလာတော့ အချိန်လုရင်းကနေ အိမ်မှာပါ ပြန်စာအတုတွေရေးရတော့ လှလေးနွယ်က ခုလိုပြောတော့တာ။

“ရှင့်မလဲ ဘုရင်ရူးနဲ့ပေါင်းပြီး ဝန်ကြီးချုပ်ရူး ဖြစ်တော့မယ်နဲ့ တူပါရဲ့။”

...

ဒီလိုနဲ့ နယ်မြို့လေးမှာ မြို့ပိုင်လုပ်ရတာ လအနည်းငယ်လောက် ရှိလာပြီ။ အခြေလည်းကျလာပြီဆိုတော့ အခက်အခဲနည်းနည်း ရှိတယ်ဆိုပေမဲ့ ကိစ္စတော်တော်များများကို လူမွန်ကိုင်တွယ် တက်နေပါပြီ။

လူကလည်းငယ်၊ လုပ်ရည်ကိုင်ရည်ကလည်းရှိတဲ့အတွက် မြို့သားတွေနဲ့သူနဲ့က ခင်မင်နေပြီး မြို့ထဲကလူတွေက ဟင်း ကောင်းကောင်းချက်တိုင်း လူမွန်အတွက်မမေ့ကြ။ လှလေးနွယ် ဆိုရင်လည်း ဟင်းကောင်းချက်ရင် အိမ်နီးနားချင်းတွေဆီကို ဝေပေးနေကျမလို့ ဘီစီအက်စ်ဝန်ထမ်းလို့တောင်မထင်ရဘဲ ကိုယ်တိုင်မြို့ခံ ဖြစ်နေသလိုပါပဲ။

ဒါပေမဲ့ တစ်နေ့တော့ ဘုရင်ကြီးသစ္စာက သူ့ရုံးဆီကို ရှုးရှုး ရှဲရှဲနဲ့ရောက်လာရော။ ရုံးစာရေးလေးကိုမြင်တော့ “ဟိုနန်းရေးဝန် ဆိုတဲ့ကောင် ဘယ်မှာလဲ။” ဆိုပဲ။

အဲဒါနဲ့ဘာဖြစ်တာလဲဆိုပြီး ထွက်လာမေးတော့ ဘုရင်ရူးကြီးက လူမွန်ကို ကြိမ်းမောင်းနေတော့တာ။ “နန်းရင်းဝန်တဲ့ ဘာနန်းရေးဝန်လဲ။ ကိုယ့်ရုံးစိုက်တဲ့ မြို့သေးသေးလေးထဲ ဘာလိုအပ်လဲဆိုတာတောင်မသိတာ တစ်နိုင်ငံလုံးဆိုရင် ဘယ်လိုများနေမယ်မသိဘူး။”

လူမွန်လည်း ကြောင်တောင်တောင်လေးနဲ့ ဦးသစ္စာကို ကြည့်နေမိတာပေါ့။ ဒီလူကြီး ခါတိုင်းအကောင်းပါ။ ဘယ်ကနေဘယ်လို သူ့ကိုဒေါသထွက်နေတာပါလိမ့်။ ဆူလို့ ဝသွားတဲ့နောက်တော့ ဘုရင်ကြီးက သူ့လက်ကိုဆွဲပြီး ရုံးထဲကနေ ဆွဲထုတ်တော့တာ။

“မင်းငါနဲ့လိုက်ခဲ့စမ်း။ နန်းရေးဝန်ဖြစ်ဖြစ် ဘုရင်ဖြစ်ဖြစ် တိုင်းခန်းလှည့်လည်ရတယ်ကွ။ ရုံးခန်းထဲမှာပဲ အမြဲထိုင်နေရင် လူတွေ ဘာလိုအပ်လဲဆိုတာ မင်းဘယ်တော့မှသိမှာ မဟုတ်ဘူး။”

လူမွန်လည်း အရူးကြီးသူ့ကို တစ်ခုခုလုပ်တော့မှာပဲလို့တွေးပြီး ကြောက်နေတော့တာပေါ့။ ဒါပေမဲ့ အရူးကြီးဦးသစ္စာက သူ့ကို ဘာဆိုဘာမှမလုပ်။ အဲဒီအစား မြို့ပြင်ကားလမ်းက ထုံးဖြူ သုတ်ထားတဲ့ တံတားလေးဆီကိုသာ ခေါ်လာတော့တယ်။

ရာသီဥတုက မိုးတွင်းဆိုတော့ တံတားအောက်က ချောင်းရေ လျှံတော့ တံတားမျက်နှာပြင်ပေါ်ကို ရေကကျော်နေရော။ မြို့ပြင် ရွာတွေဘက်ကနေ မြို့ပေါ်က အထက်တန်းကျောင်းကိုလာတဲ့ ကျောင်းသားလေးတွေက တံတားနားမှာစက်ဘီးစီးမရတဲ့ အတွက်ကြောင့် စက်ဘီးပေါ်ကဆင်းပြီး စက်ဘီးကိုတွန်း တံတားကိုဖြတ်ကြရတယ်။

“ဒီတံတားကိုကြည့်စမ်း၊ ဘယ်သူမှမပြင်တာ နှစ်တွေအများကြီး ကြာခဲ့ပြီ။ ငါ့ခမည်းတော်လက်ထက်ကတည်းကပဲ။ ပြီးတော့ လမ်းပိုင်းက နိမ့်နေသေးတော့ မိုးကောင်းရင်ရေကျော်ရော။ မင်းဒီကိုရောက်တာ နှစ်ဝက်လောက်ရှိပြီ။ ဒါကိုပြင်ဖို့မလုပ်ဘူး။ တော်တော်ညံ့တဲ့ကောင်။ ငါ့လိုမျိုး ညနေတိုင်းမြို့တစ်ပတ်ပတ်ပြီး တိုင်းခန်းလှည့်လည်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူးကွ။”

ဘုရင်ကြီးက နာရီဝက်လောက်ကြာတဲ့အထိ လူမွန်ကို ဆူပူနေတာ။ ပြောရရင် လူမွန်ဒီအကြောင်းကိုမသိခဲ့။ ဒီတံခါးကို သူလာတုန်းက တစ်ခါပဲဖြတ်ဖူးတဲ့အပြင် အဲဒီတုန်းက ပွင့်လင်းရာသီဖြစ်လို့ ရေကျော်မှန်းမသိ။ မြို့ထဲက ဘယ်သူမှလည်း ဒီအကြောင်း လာပြီးမပြောတော့ သူမသိခဲ့တာ။ အခု ဘုရင်ရူးကြီး ပြောမှသိရတော့တာ။ သူ့ကိုယ်သူ မှားမှန်းသိထားလေတော့ အရူးက သူ့ကိုဆူနေတယ်ဆိုတာတောင်မေ့သွားပြီး တကယ် အထက်လူကြီးဆူတာ ခံရသလိုမျိုး ငြိမ်ငြိမ်ကုပ်ကုပ်လေး ဖြစ်နေတော့တာ။

ရုံးပြန်ရောက်လာတော့ ထိုင်ခုံပေါ် ပစ်ထိုင်လိုက်ပြီး နဖူးပေါ် လက်တင်စဥ်းစားမိတော့တာပဲ။ နောက်တော့ ရုံးစာရေး ကောင်လေးကိုကြည့်လိုက်ပြီး

“အောင်ထွေး၊ လမ်းပိုင်းကို ဆက်သွယ်စမ်းကွာ။ တံတားပြင်ဖို့ အစီအစဥ်ရှိမရှိမေး။ မရှိရင် ငါတို့မြို့က ရန်ပုံငွေစုပေးမယ်လို့၊ သူတို့ကို အင်ဂျင်နီယာတွေသာ လွှတ်ပေးခိုင်းလိုက်။”

တံတားမြင်ဖို့ကိစ္စနဲ့ပတ်သက်ပြီး လူမွန်တစ်ယောက် စာရွက် စာတမ်းကိစ္စတွေနဲ့ အလုပ်ရှုပ်သွားခဲ့တယ်။ မြို့ရပ်မိရပ်ဖတွေ ခေါ်ပြီးတော့ ရန်ပုံငွေအတွက် အလှူခံရတာနဲ့၊ အထက်စာတင် ခွင့်ပြုချက်တောင်းရတာနဲ့၊ ဆောက်လုပ်ရေးလမ်းပိုင်းက လူကြီးတွေနဲ့ စကားပြောရတာနဲ့။ တံတားက အကြီးကြီး မဟုတ်လို့သာ တော်တော့တယ်။

တံတားကိစ္စနဲ့အလုပ်ရှုပ်နေတာမလို့ လနဲ့ချီပြီး တရုတ်ကြီးဆိုင် သူမသွားဖြစ်ခဲ့။ တံတားကိစ္စခွင့်ပြုချက်ကျပြီဆိုတဲ့နေ့ကျမှ ရုံးဆင်းချိန် တရုတ်ကြီးဆိုင်ကို သူလာဖြစ်တော့တာ။

“ဟိုလူကြီးကို တံတားပြင်ဖို့ကိစ္စ အဆင်ပြေတဲ့အကြောင်း ပြောလိုက်ရင် ထကနေမလားမသိဘူး။”

ဘုရင်ရူးကြီးအကြောင်းတွေးမိတော့ သူအလိုလိုပြုံးလိုက်မိတယ်။ ဆိုင်ကိုရောက်တော့ ကျားပေါက်နဲ့ကာလသားတစ်သိုက်က ခါတိုင်းလိုပဲ ဆိုင်ရှင်ကြီးသမီးကို ဆိုင်ရှင်ထမရိုက်အောင် သတိထားရင်း ငမ်းနေကြတာတွေ့ရတယ်။ ဒါပေမဲ့ဘုရင်ကြီးကို မတွေ့ရ။

“ငါပဲ စောလာမိတာလား။” ဒီအတွေးနဲ့အတူ ဆိုင်ဝင်ထိုင်ပြီး ကျားပေါက်တို့အဖွဲ့နဲ့ စကားဝိုင်းကျသွားပေမဲ့ မှောင်တဲ့အထိ ဘုရင်ကြီးရောက်မလာတာကြောင့် ကျားပေါက်ကိုမေးမိတော့။

“အခုတလော ကျန်းမာရေးသိပ်မကောင်းဘူး ကြားတာပဲ။ စစ်ကြီးတုန်းက ရာသီဥတုဒဏ် အတော်ခံထားရတာဆိုတော့ အခုလိုမိုးတွင်းပိုင်းဆိုရင် သူ့အိမ်ပျက်ကြီးထဲမှာပဲ ကွေးနေ တတ်တာရယ်။”

ဒါနဲ့ပဲ လူမွန်လည်း ကျားပေါက်ဆီကနေ ဘုရင်ကြီးအိမ်ရှိရာ လမ်းမေးပြီး ထွက်လာခဲ့လိုက်တယ်။ လာရာလမ်းမှာ မိုးခပ်ဖွဲဖွဲ ရွာခဲ့ပေမဲ့ မိုးသည်းမလာလို့ တော်သေးတယ်ပြောရမှာ။ မဟုတ်ရင် သူ့ခိုထီးနဲ့ တောင့်ခံနိုင်မယ်မထင်။

ဘုရင်ကြီးအိမ်က နှစ်ထပ်အုတ်တိုက်၊ အတော်လေးခမ်းနား ခဲ့တယ်ဆိုရမှာပဲ။ အခုတော့ ပြင်ဆင်ထိန်းသိမ်းမယ့်သူတွေ မရှိတဲ့အတွက်ကြောင့် ပြတင်းပေါက်မှန်တွေကွဲပြီး ခြံထဲမှာ ခြုံပင်တွေနဲ့ ရှုပ်ပွနေပြီ။

“မိုးတွင်းဆိုတော့ ဒီခြုံတွေနဲ့ ခြင်တွေတော်တော်ကိုက်မှာပဲ။ နောက်မှ လူလွှတ်ပြီး ရှင်းခိုင်းရမယ်။”

အရူးကြီးတစ်ယောက်ဆိုပေမဲ့ လူကောင်းတစ်ယောက်မလို့ လူမွန်တစ်ယောက် လစ်လျူမရှုရက်။ အိမ်ထဲမဝင်ခင် အိမ်ရှင်ကို လှမ်းအော်ကြည့်ပေမဲ့

“မင်းကြီး... မင်းကြီးအထဲမှာရှိလား၊ ကျုပ်ဝင်ခဲ့လို့ရမလား။ ကျုပ်က လူမွန်ပါ။” ဘာတုံ့ပြန်သံမှ မကြားရတဲ့အတွက်ကြောင့် အိမ်ထဲကိုဝင်လိုက်တော့

ဧည့်ခန်းအလယ်မှာ ပေါက်ပြဲနေတဲ့ စောင်အဟောင်းကြီးကိုခြုံ ပါးစပ်ကြီးဟလျက် မျက်နှာကျက်ကြီးကိုမော့ပြီး ထိုင်ခုံပေါ်မှာ ဆန့်ဆန့်ကြီးဖြစ်နေတဲ့ ဦးသစ္စာကို တွေ့ရတော့တာ။

“ဒုက္ခပါပဲ....” လူမွန်အနားကိုကပ်သွားပြီး စမ်းသပ်ကြည့်တော့ အသက်မရှုတော့ဘူး။ ခန္ဓာကိုယ်ကတော့ နွေးနေဆဲဖြစ်ပြီး အသက်ထွက်သွားတာ မကြာသေးတဲ့ပုံပါပဲ။ မကြာခင်မှာပဲ ရပ်ကွက်ထဲကသူတွေကို လူလှမ်းအကူအညီတောင်းတဲ့ အတွက်ကြောင့် လူတွေရောက်လာကြပြီ။ ဆရာဝန်လည်း ပါလာပြီးတော့ ခေါင်းခါပြကာ သေဆုံးကြောင်းကိုသာ အတည်ပြုလိုက်နိုင်တယ်။

အသုဘကိစ္စအတွက် ဦးသစ္စာရဲ့သက်မဲ့ရုပ်ခန္ဓာကို အိမ်ထဲက သယ်ထုတ်သွားပြီးချိန်မှာတော့ လူမွန်က ဧည့်ခန်းထဲမှာ တွေတွေကြီး ကျန်နေရစ်တယ်။

ဦးသစ္စာ ထိုင်နေခဲ့တဲ့ ထိုင်ခုံရှေ့က စားပွဲခုံပေါ်မှာတော့ ခဲတံတစ်ချောင်းနဲ့စာတွေ ပြန့်ကျဲနေပြီး ဖတ်လိုက်တော့ ‘အမိန့်တော်’လို့ ရေးထားတာ တွေ့လိုက်ရတယ်။ တံတားကိစ္စနဲ့ ရေးထားတာပဲဖြစ်ပြီး နန်းရေးဝန်လူမွန်က တံတားကိစ္စကို တုံ့ပြန်ရာမှာ နှောင့်နှေးနေတဲ့အတွက် ဒေါသဖြစ်မိကြောင်းနဲ့ နန်းရင်းဝန်ကိုအပြစ်ပေးတဲ့အနေနဲ့ လစာသုံးလဖြတ်ဖို့အမိန့် ထုတ်ပြန်လိုက်တဲ့အကြောင်း ရေးထားတဲ့အတွက် သူ့စိတ်ထဲ မကောင်းဖြစ်မိသွားတာပေါ့။

“ဒီလူကြီးက နေမကောင်းတာတောင် တံတားကိစ္စကို စိတ်ပူနေနိုင်သေးတယ်။”

...

ဦးသစ္စာဆိုတဲ့ ဘုရင်ရူးကြီးရဲ့နောက်ဆုံးခရီးကို ပို့ဆောင်တဲ့ အချိန်မှာတော့ တစ်မြို့လုံးကလူတိုင်းလိုလို ရောက်လာကြတယ်။ ရပ်ကွက်ထဲ ရန်ဖြစ်လည်း ဖျန်ဖြေပေးတဲ့သူက ဒီလူ၊ အခက်အခဲ တစ်ခုခုရှိရင်လည်း ကူညီပေးတတ်တဲ့သူက ဒီလူဆိုတော့ လူက ရူးနေပေမဲ့ သူ့ကိုခင်မင်လေးစားတဲ့သူတွေက များသားရယ်။

လူမွန်ကိုယ်တိုင်လည်း လူအုပ်ထဲမှာရှိနေခဲ့ပြီး ခေါင်းတလား တင်တဲ့ကားပြတင်းပေါက်ကနေ ထိုးထွက်နေတဲ့ ထီးဖြူကို မြင်တဲ့အခါမှာတော့ သူသက်ပြင်းချလိုက်မိတယ်။ ဦးသစ္စာက စီးပွားမပျက်ခင် ကျောင်းဒကာ၊ ရဟန်းဒကာကြီးဆိုတော့ ကွယ်လွန်တဲ့အခါမှာလည်း ဓလေ့ထုံးတမ်းအရ ထီးဖြူ စောင်းခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ဒီလူကြီးရဲ့အသုဘက တကယ့် ဘုရင်တစ်ပါး နတ်ရွာစံသလိုဖြစ်နေခဲ့တာကိုး။

“ဦးသစ္စာ၊ ဦးသစ္စာ။ ခင်ဗျားက စိတ်နောက်နေပေမဲ့ လူကတော့ တကယ့်မင်းမြတ်တစ်ပါးလိုပါပဲဗျာ။” လူမွန် ကောက်ချက် ချလိုက်မိတယ်။

လအနည်းငယ်ကြာရင် ပြင်ဆင်လို့ပြီးတော့မယ့် မြို့အဝင်ဝက တံတားကိုလည်း ‘ဦးသစ္စာတံတား’လို့ နာမည်ပေးဖို့အတွက် သူစိတ်ကူးရလိုက်လေရဲ့။

ပြီးပါပြီ။

[မှတ်ချက်။ ။ ယခုဖော်ပြပါ အကြောင်းအရာများမှာ ၁၉ရာစု နှောင်းပိုင်းကာလက အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမြို့တွင် မိမိကိုယ်ကိုယ် ဘုရင်အဖြစ်ကြေညာထားသူ အထည်ကြီးပျက် သူဌေးကြီး ဧကရာဇ်နော်တန်၏ ဘဝဖြစ်စဥ်များအပေါ်အခြေခံပြီး စာရေးသူမှ ဉာဏ်ကွန့်မြူး ရေးသားထားခြင်းသာဖြစ်ပါကြောင်း။ တိုက်ဆိုင်မှုတစ်စုံတစ်ရာ ရှိခဲ့ပါက စာရေးသူ၏စိတ်ကူးယဥ်မှုသာဖြစ်သည်ဟု ယူဆကာ ခွင့်လွှတ်ပေးစေလိုပါကြောင်း။]

ဧကရာဇ်ရူးကြီးနော်တန်အကြောင်း ဆောင်းပါးပါ ပူးတွဲတင်ပြခြင်း - https://www.facebook.com/share/p/16eWcdCKyX/

All Chapters