ရွာစောင့်နတ် ဒဏ္ဍာရီ (ပထမပိုင်း)
Vol. 10 Ch. 1
“ဟဲ့ကောင်လေး၊ လူ့ကြည့်တော့ လေးတန်းပဲရှိသေးတယ်။ ဘာသာစုံကျအောင် ဖြေရလား။”
ညနေမှောင်ရီဖျိုးစအချိန်။ ကိုခန့်ကျောင်းကနေ အိမ်ပြန်ရောက်တယ်ရှိသေး အမေလုပ်တဲ့သူက ကျောင်းရီပို့ကဒ်ကိုတောင်းပြီး ပူညံ့ပူညံ့လုပ်နေပြီ။
“အမေကရဲဂျာ၊ တစ်မှတ်နှစ်မှတ်လေးကွာလို့ ကျဆာကို။”
ကိုခန့်က ရှေ့သွားနှစ်ကျောင်းကျိုးနေလို့ စကားမပီ။ ဝတ်ထားတဲ့အဖြူအစိမ်းကလည်း အညိုအနက် ဖြစ်လုဖြစ်ခင်။ လက်ထဲမှာလည်း ကျောင်းက အပြန်ကတည်းကလှိမ့်လာတဲ့ စက်ဘီးတာယာခွေ အဟောင်းကြီးကိုပိုက်လို့။
“ဒီလောက်တောင် စကားတတ်လှတာ ကဲဟယ်။”
နောက်တော့အမေလည်း ဆင်ခြေတွေကို နားမထောင်ချင်တော့တာနဲ့ အိမ်နံရံကြားထဲ ညှပ်ထားတဲ့ ရွှေကြိမ်လုံးကိုထုတ် သားတော်မောင်ကို လိုက်ရိုက်တော့တာပဲ။
ဖြန်း... ဖြန်း... ဖြန်း...
“အောင်မလေး၊ ကြောက်ပါပြီဗျ။”
အမေက ကိုခန့်ကိုရိုက်လိုက်တာ တစ်ကိုယ်လုံး ချွေးတွေရွဲပြီး နှစ်ယောက်လုံးမောမှပဲရပ်တော့တယ်။
“ဟဲ့အကောင်၊ ရေချိုးထမင်းစားပြီးရင် စာလုပ်ဖို့ပြင်။ စာမေးလို့မှမရရင် နင်နဲ့ငါနဲ့တွေ့မယ်။”
အမေက ဓားကျိန်းကျိန်းပြီးနောက်တော့ ကိုခန့်က အိမ်ထဲဝင်ပြီး ရေချိုးခန်းဆီဦးတည်သွားဖြစ်တယ်။ အိမ်နံရံမှာချိတ်ထားတဲ့ ပြက္ခဒိန်ကိုကြည့်လိုက်တော့ ခုနစ်နှစ် ၂၀၀၇။ စိုက်ပျိုးရေးဝန်ကြီးဌာနထုတ်မလို့ လယ်သမားကြီးဆေးဖြန်းနေတဲ့ပုံနဲ့။
“ဘယ်တော့များမှ ကျောင်းသားဘဝက လွတ်မှာလဲကွာ။”
ဒါကတော့ လူကြီးဘဝအခက်အခဲတွေကို မသိသေးတဲ့ ကလေးတစ်ယောက်ရဲ့အတွေးပေါ့။ ရိုးရှင်းလှတဲ့ညစာကို စားပြီးတဲ့နောက်မှာတော့ စီဒီခွေပြားနဲ့လုပ်ထားတဲ့ စာကြည့်မီးရောင်အောက်မှာ သန်းဝေစွာနဲ့ သင်္ချာစာအုပ်ကြီးကိုကြည့်လို့။
“ပျင်းဖို့ကောင်းလိုက်တာ။”
စာအုပ်ဖွင့်တာ ငါးမိနစ်မရှိသေးဘူး။ ကိုခန့်ပျင်းလာပြီ။ သူရှိနေတဲ့ အိမ်အပေါ်ထပ် လေသာဆောင်ကနေ လမ်းတစ်ဖက်ကိုကြည့်တော့ လယ်ကွင်းတွေကိုပဲမြင်ရတယ်။ သူ့အိမ်ကလေးက အိမ်ထိပ်မှာကိုး။
ပုံမှန်ဆိုရင် ဖားတွေအုံးဂွမ်နဲ့မြည်တာ ကြားရမှာဆိုပေမဲ့ ဒီနေ့ကျမှတိတ်ဆိတ်နေသလိုလို။ အမေလာကြည့်ရင် အရိုက်ခံရမှာစိုးတာကြောင့် အပေါ်ထပ်ကြမ်းကြားကနေ အောက်ကိုငုံကြည့်တော့ သူ့အမေက သူ့ကျောင်းအင်္ကျီဟောင်းကလေးက အပေါက်တွေကိုဖာလို့။
“ဟိဟိ၊ ဒီလောက်ဆို လာမစစ်နိုင်လောက်သေးဘူး ထင်တာပဲ။”
ကောင်စုတ်လေးကိုခန့် ဆက်အလေလိုက်ဖို့ စဥ်းစားလိုက်တဲ့အချိန်မှာပဲ ရွာအပြင်ကိုသွားတဲ့ လမ်းမပေါ်ကနေ လှည်းသံတွေ၊ မြင်းဟီသံတွေ၊ လူတွေလှုပ်ရှားသွားလာနေတဲ့ အသံတွေကို ကြားရပါလေရောလား။
ဒါနဲ့၊ ပြတင်းပေါက်ကနေ လှမ်းမျှော်ကြည့်တော့ မီးတုတ်တွေကိုင်ပြီး တစ်နေရာကိုဦးတည်သွားနေတဲ့ လူတွေကို တွေ့ရပါလေရော။
“ပွဲစျေးရှိတယ်လည်း မကြားမိပါဘူး။ ဒီလူတွေ ဘယ်ကိုသွားနေကြတာပါလိမ့်။”
ကိုခန့်စိတ်ထဲက မကောင်းတဲ့ညင်ကလေး အသက်ဝင်လာတယ်။ အမေမအားတာကို အခွင့်ကောင်းယူပြီး ပွဲစျေးခိုးသွားဖို့ပေါ့။ လက်ထဲမှာ စုထားတဲ့ မုန့်ဖိုးလေးနှစ်ရာကိုင်။ သူ့ခန္ဓာကိုယ်သေးတာကို အခွင့်ကောင်းယူပြီး နောက်ဖေး ပြတင်းပေါက်ကနေ လွှားခနဲခုန်ချ။
ဖက်...
တစ်နေကုန်မိုးရွားလို့ နုအိနေတဲ့မြေသားပြင်က သူပြုတ်ကျတဲ့အသံကို ကျွမ်းကျင်စွာဖုံးပေးလို့။ အဲဒီနောက်တော့ ကိုခန့်တစ်ယောက် ရွာပြင်လမ်းမပေါ်သွားနေတဲ့ လူအုပ်ကြီးဆီကို တစ်ခါတည်းဦးတည်ပြီးပြေးတော့တာပဲ။
....
“ထူးဆန်းလိုက်တာ။ ဒီလူတွေကို ရွာထဲမှာ မမြင်ဖူးပါဘူး။ ပြီးတော့အကုန်လုံးက မျက်နှာသေကြီးတွေနဲ့။”
ကိုခန့်တစ်ယောက် လူအုပ်ထဲရောက်တော့ ဟိုကြည့် ဒီကြည့်နဲ့ပေါ့။ လူတွေက ရာဂဏန်းလောက်ရှိပေမဲ့ တစ်ယောက်မှစကားမပြောကြ။ အားလုံးလိုလိုက အဝတ်အစားလှလှပပဝတ်ဆင်ထားပြီး မိန်းကလေး မှန်သမျှ ချောချောလှလှ၊ ယောက်ျားလေးမှန်သမျှ ခန့်ခန့်ညားညား။ အဝတ်အစားတွေ ကောင်းကောင်း မွန်မွန်ဝတ်စားထားပြီး အမွှေးနံသာတွေ လိမ်းကြံလို့။
“ပြီးတော့ သူတို့သွားနေတာက ရွာအနောက်ဘက် တောအုပ်ကြီးထဲကိုလားလို့။”
ကိုခန့်ခေါင်းထဲ သံသယတချို့ရှိနေပေမဲ့ စာမလုပ်ရ ပြီးရောမလို့ တိတ်တိတ်လေးလိုက်သွားခဲ့တယ်။
နာရီဝက်လောက်ကြာတော့ လူအုပ်ကြီးက တောအုပ်ကြီးတစ်ခုထဲ တိုးသွားတယ်။ နှစ်ချို့ကျွန်းနက်ပင်ကြီး နှစ်ပင် တစ်ခုပေါ်တစ်ခု ကိုင်းကျနေပြီး မုခ်ဦးတံခါးလိုဖြစ်နေတဲ့ နေရာကိုရောက်တော့ တကယ့်မြို့တံခါးတစ်ချပ်ရှေ့မှာ ရပ်စောင့်သလိုစောင့်ပြီးမှ ဝင်ကြပါတယ်။
ကိုခန့်လည်း ကျွန်းပင်ကြီးနှစ်ပင်ကိုဖြတ်ဝင်တော့ တစ်ဖက်မှာရွာကြီးတစ်ရွာ ရှိနေတာကို မြင်လိုက်ရလေရဲ့။ ရှေးမြန်မာပုံစံအတိုင်း ဆောက်လုပ်ထားတဲ့ ကျွန်းသစ်အိမ်ကြီးအိမ်ကောင်းတွေကိုမြင်နိုင်ပြီး လက်ရန်းပွတ်လုံးတွေကအစ အနုစိတ်ပုံဖော်ထားတယ်။
လမ်းမတွေပေါ်မှာတော့ စျေးဆိုင်တန်းတွေနဲ့ ပြည့်နှက်နေပြီး စားသောက်ဆိုင်တွေ၊ အထည်ဆိုင်တွေ၊ အိုးပုတ်ချိုးရုပ်ဆိုင်တွေ စုံလို့။ လူတွေစည်ကားနေတာမြင်တော့ ကိုခန့်လည်း အလိုလိုပျော်လာတယ်။
တစ်နေရာရောက်တော့ မျက်လှည့်ပြနေတဲ့နေရာနဲ့ တိုးပြီးရပ်ကြည့်တော့ ရုပ်မြင်သံကြားလိုင်းမှာ မြင်နေကျ လူရွှင်တော်တစ်ယောက်လို ဝတ်စားထားတဲ့ အသားမည်းမည်းလူကြီးက သူ့ခေါင်းကို လည်တိုင်ကနေဖြုတ်ပြီး ခြင်းခတ်သလို ခတ်ပြနေတာ မြင်ရတယ်။ ဝိုင်းကြည့်နေတဲ့သူတွေလည်း လက်ခုပ်တီးလို့။ ကိုခန့်လည်း ပါးစပ်အဟောင်းသား။
ရွာလမ်းမကျယ်ကြီးအတိုင်း ဆက်လျှောက်တော့ ခပ်လှမ်းလှမ်းမှာ ကိုးတောင်လောက်ပဲရှိမယ့် ထုံးဖြူဖြူနဲ့စေတီတစ်ဆူကို လှမ်းမြင်ရတယ်။ ဘုရားပွဲဖြစ်မယ့်ပုံပါပဲ။
ရွာလမ်းထောင့်ကနေ ဆိုင်းသံဘုံသံတွေကြားလို့ လှမ်းကဲကြည့်တော့ ရွာအပြင်မြေကွက်လက်ထဲမယ် ရုပ်သေးဇာတ်ပွဲ။ ရုပ်သေးဇာတ်သာပြောတယ်။ အရုပ်တွေက သူ့ဘာသာကနေတာဖြစ်ပြီး ကြိုးဆွဲမယ့်သူမရှိ။ ပွဲကြည့်ပရိသတ်တွေက နယ်စုံကနေ လာပုံရပြီး နွားလှည်းမြင်းလှည်းတွေကို ဇာတ်စင်အပြင်ဘက်မှာ ရပ်ထားတာမြင်ရတယ်။
ကိုခန့်လည်း စိတ်ဝင်တစားနဲ့ဝင်ကြည့်တော့ နဂါးနိုင် မောင်ပေါက်ကျိုင်းဇာတ်။ ဇာတ်ပွဲကြည့်ရင်း ဘယ်လောက်တောင်ကြာသွားတယ်မသိ။ ဗိုက်ထဲ ဆာသလိုလိုရှိတာနဲ့ ဇာတ်ပွဲကြည့်နေရာကနေ ထွက်လာပြီး စားသောက်ဆိုင်တွေဘက်ကို ဦးတည်မိတယ်။
အကြော်ဆိုင်တစ်ဆိုင်ကိုရောက်တော့ ကိုခန့်ရပ်လိုက်ပြီး ဝင်ထိုင်။ ဘူးသီးကြော်တွေကို ဗန်းထဲကနေ ခပ်တည်တည်နဲ့ကောက်စား။ နောက်တော့ ကြက်သွန်ကြော်တွေ၊ ဘယာကြော်တွေပါထည့်စားတယ်။ ဆိုင်ရှင်ဝဝအဒေါ်ကြီးကတော့ မျက်နှာတည်တည်နဲ့ပဲ အကြော်တွေဆက်ကြော်လို့။
စားလို့ဝသွားတော့ ကိုခန့်က စပ်ဖြီးဖြီးနဲ့ပဲ ဆိုင်ကနေ ထသွားဖို့လုပ်တယ်။ ဒါပေမဲ့သူ့ပခုံးကို အဒေါ်ကြီးက ဖမ်းချုပ်လိုက်ပြီး ခပ်လေးလေးနဲ့ ပြောလိုက်ပါလေရော။
“ကောင်လေး၊ ပိုက်ဆံရှင်းခဲ့ဦးလေ။”
ကိုခန့်လည်း ပြောင်စပ်စပ်နဲ့ပိုက်ဆံနှစ်ရာ ထုတ်ပေးလိုက်ပေမဲ့ အဒေါ်ကြီးက လက်ကိုမလွှတ်။
“ပိုက်ဆံမရှိဘူးလား၊ စက္ကူစကို ငါကဘာလုပ်ရမှာတုန်း။”
ဒီတော့မှ ကိုခန့်လည်း သတိထားမိလိုက်တယ်။ တခြားသူတွေက ငွေရောင်တောက်တောက်နဲ့ သရဖူပုံလေးတွေပါတဲ့ ဒင်္ဂါးပြားတွေကို ငွေကြေးအဖြစ် ပေးချေနေကြတာ။
“အမေ့...” အဒေါ်ကြီးက အားပိုထည့်ပြီး ပခုံးကို ညှစ်လိုက်တဲ့အတွက် လက်သည်းတွေကောင်လေး ပခုံးထဲစိုက်ဝင်ပြီး သွေးစတချို့စီးကျလာတယ်။ နောက်တော့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားတာကို ကိုခန့်သတိပြုမိလိုက်လေရဲ့။
“လူနံ... လူနံရတယ်....”
ပတ်ဝန်းကျင်တစ်ခုလုံး တဒင်္ဂအတွင်းမှာပဲ ပြောင်းပြန်လှန်လိုက်သလို ပြောင်းလဲသွားခဲ့ပြီ။ ချောမောလှပတဲ့ စျေးပွဲလာသူတွေရဲ့မျက်နှာတွေက ရွံတွေလိုမျိုးကွာကျနေပြီး သူတို့စီးတော်ယာဥ် နွားလှည်းမြင်းလှည်းတွေက ခေါင်းတလားပျံတွေ အဖြစ်ကိုပြောင်းလဲ။ ရွှေငွေလက်ဝတ်ရတနာတွေက မြွေတွေအဖြစ်။ မီးတုတ်တွေကတော့ စုန်းမီးတွေ တောက်လောင်နေတဲ့ လက်ဖျံရိုးတွေ။
“အမေရေ၊ သားကြောက်ပါပြီဗျ....”ဒီတော့မှ ကိုခန့်လည်း လူကြီးတွေပြောလေ့ရှိတဲ့ နာနာဘာဝတွေကျင်းပတဲ့ ကျတ်စျေးထဲ ရောက်နေတာသတိထားမိပြီး အော်ကာငိုရင်း ထိုင်ချမိလိုက်တော့တာပေါ့။
“ရပ်ကြစမ်း” ရုတ်တရက် မိန်းကလေးတစ်ယောက်ရဲ့ခပ်မာမာအော်သံကို ကြားလိုက်ရတယ်။ ချိုလွင်ပေမဲ့ ဩဇာသံပါပြီး ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက်လင်းထိန်သွားသလိုပဲ။
ဝှစ်...
အနားကနေ လေတိုးသံကြားသလိုရှိတာနဲ့ နောက်ကို လှည့်ကြည့်လိုက်တော့ အကြော်ဆိုင်ရှင်အဒေါ်ကြီး လွင့်ပျံထွက်သွားပြီး အိမ်တံခါးတစ်ခုနားမှာ ခွေလျက်သားပုံကျနေပြီ။ ကိုခန့်နောက်မှာတော့ ထိုင်မသိမ်းအင်္ကျီအဖြူ၊ ဗမာဆံထုံးနဲ့ လိပ်ပြာသစ်ခွဖြူကို ပန်ဆင်ထားတဲ့ အသက်နှစ်ဆယ် အရွယ်အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရတယ်။ လက်ထဲမှာတော့ ရိုးရာပုသိမ်ထီးကိုကိုင်ထားပြီး ကိုခန့်ကို မိုးစိုမှာစိုးတဲ့အလား စောင်းပေးထားလို့။
‘ဒီအစ်မကြီးက လှလိုက်တာ၊ ဒါပေမဲ့ မိုးမရွာနေမပူ ဘာလို့ငါ့ကို ထီးလာစောင်းပေးနေရတာတုန်း။’ ကိုခန့် တွေးလိုက်မိလေရဲ့။
“ဒီကလေးက ငါ့အပိုင်ပဲ။ နင်တို့တွေထိရဲရင် ချက်ချင်းပြာဖြစ်သွားစေရမယ်။”
ဒီတော့မှ နာနာဘာဝတွေနောက်ဆုတ်သွားပြီး အမျိုးသမီးက ကိုခန့်လက်ကိုဆွဲ တစ်နေရာကို ပြေးထွက်သွားတယ်။
ဘေးပတ်ဝန်းကျင်က မြင်ကွင်းတွေက သဘာဝ မဆန်စွာ မြန်မြန်ဆန်ဆန်ပြောင်းလဲသွားပြီး ကျွန်းပင်နှစ်ပင်က မုခ်ဦးဖြစ်နေတဲ့နေရာကို ရောက်တဲ့အခါမှာတော့ ကိုခန့်မောလာပြီး ပြောလိုက်မိတယ်။
“နေ... နေပါဦး၊ မောလို့ သေတော့မယ်ဂျ။”
ဒီတော့မှ အမျိုးသမီးက ကိုခန့်လက်ကို ပြုတ်တူလိုတင်းကျပ်စွာ ကိုင်ထားရာကနေ လွှတ်ပေးလိုက်တယ်။ ကိုခန့်လည်း မဟန်နိုင်တော့ဘဲ စားထားသမျှတွေ ထိုးအန်တော့တာပဲ။
“ဝေါ့... ဝေါ့...” အန်ရာကနေ ထွက်လာတာတွေကို မြင်တဲ့အခါမှာတော့ ကိုခန့်မူးဝေလာပြီး သတိမေ့ တော့မလိုကိုခံစားရတော့တာ။ သစ်ရွက်တွေ၊ အိမ်မြှောင်တွေ၊ ကြွက်အသေတွေ။
အန်လို့ပြီးသွားတော့ လူကယိုင်နဲ့နဲ့ပဲ ကျန်ခဲ့ပြီး ကိုခန့် သူ့ကိုကယ်ခဲ့တဲ့အစ်မကြီးကို မော့ကြည့်မိတယ်။ သနပ်ခါးမှုန်မှုန်လိမ်းထားပြီး ပြစ်ချက်မရှိတဲ့မျက်နှာရှည်ရှည်၊ မျက်လုံးတေွက ထူးစမ်းစွာနဲ့ အပြာရောင်ဖြစ်နေပြီး မြန်မာမဆန်။ ဆံပင်တွေကတော့ ပိုးပိတုန်းတစ်ကောင်လို နက်မှောင်လို့။ ခန္ဓာကိုယ်တည်ဆောက်ပုံက ကျော့ရှင်းပေမဲ့ ရွယ်တူမိန်းကလေးတွေထက် ပိုအရပ်အမောင်းမြင့်မားပေမဲ့ လှပတယ်။
“အစ်မဂျီးလည်း နာနာဘာဝပဲလား။” ကိုခန့် ဒီမိန်းကလေးပြောခဲ့တာကို မှတ်မိနေတုန်းပဲ။ ‘ဒီကလေးက ငါ့အပိုင်ပဲ'တဲ့။ အန္တရာယ်တောထဲက ထွက်ခဲ့ပေမဲ့ ပိုဆိုးတဲ့အရာတစ်ခုခုဆီရောက်နေပြီလို့ ကိုခန့်ခံစားမိလိုက်တယ်။
“အေး၊ နင့်အမေက ငါ့ကို နေ့တိုင်း ငါးခြောက်ဖုတ်နဲ့ ထမင်းတစ်ထုပ်တင်မြှောက်ပြီး ဘေးမသီရန်မခ၊ ပညာတတ်ကြီးဖြစ်အောင် ဆောင်မပေးဖို့ လာလာအပ်နေကျလေ။”
ဒါပေမဲ့ ကိုခန့်တစ်ယောက် သူ့စကားကို ဆုံးအောင် မကြားလိုက်။ လူကနုံးချိလာပြီး မြေပြင်ပေါ် မှောက်လျက် လဲကျသွားတော့တယ်။