← Chapters

ရွာစောင့်နတ်ဒဏ္ဍာရီ (ဒုတိယပိုင်း)

Vol. 10 Ch. 2

ရွာစောင့်နတ်ဒဏ္ဍာရီ (ဒုတိယပိုင်း)

Vol. 10 Ch. 2

“သားရယ်၊ မသေကောင်းမပျောက်ကောင်း ကံကောင်းလို့။”

ကိုခန့်မျက်လုံးဖွင့်လိုက်တော့ အခန်းထဲမှာ သူ့ကိုလူတွေဝိုင်းအုံကြည့်နေမှန်း သတိထားလိုက်မိတယ်။ အမေကတော့ မျက်ရည်လေးတစမ်းစမ်းနဲ့။

“ဘာတေဖြစ်နေတာရဲဟင်...” ခါတိုင်းလိုပဲ စကားမပီဘဲမေးလိုက်တော့ ဖြစ်ကြောင်းကုန်စင်ကို အကုန်သိရတော့တာ။

“သားအပေါ်ထပ်မှာစာကျက်နေတယ်ထင်ပြီး အမေတက်ကြည့်တော့ သားမရှိတော့ဘူး။ အမေနဲ့ ရွာထဲကလူတွေ သားကိုလိုက်ရှာနေတာ သုံးရက်လောက်ကြာတယ်။ တွေ့မယ့်တွေ့တော့လဲ ရွာထိပ်က နတ်ကွန်းရှေ့မှာ အိပ်ပျော်နေတာကို တွေ့တော့တာပဲ။ သားဘယ်တွေသွားနေခဲ့တာလဲ။”

ကိုခန့်ပြန်စဥ်းစားကြည့်တယ်။ ကျတ်တွေကျင်းပတဲ့ စျေးပွဲတော်ဆီ သူရောက်သွားခဲ့ပြီး အစ်မကြီးတစ်ယောက်က သူ့ကိုလာကယ်ခဲ့တာ။ သူမှတ်မိတဲ့ အတိုင်းဆိုရင် ကျတ်ရွာထဲမှာ နာရီပိုင်းပဲကြာခဲ့တာ။ ပထမက အိပ်မက်မက်နေတယ် ထင်ခဲ့မိပေမဲ့ ပခုံးက တစ်ချက်တစ်ချက်နာကျင်နေဆဲ ဖြစ်တဲ့အတွက် အဲဒီလိုမဟုတ်မှန်း သတိထားမိလာတယ်။

“အမေ၊ သားရေ ကျတ်ရွာကို ရောက်တွားတယ် ထင်တာပဲ။”

နောက်တော့ ကိုခန့်တစ်ယောက် စိတ်လှုပ်ရှားနေတဲ့ ပုံစံမျိုးနဲ့ သူ့အတွေ့အကြုံတွေကို သူ့အရွယ် ကလေးတစ်ယောက်တတ်နိုင်တဲ့ပုံစံမျိုးနဲ့ စီကာပတ်ကုံးပြောတော့တာပဲ။ အကြောင်းအရာတွေ ဟိုရောက်လိုက်ဒီရောက်လိုက်ဖြစ်နေပြီး နားလည်ရခက်ပေမဲ့ အခြေခံအချက် တချို့ကိုတော့ လူကြီးတွေ သဘောပေါက်ခဲ့ပါတယ်။

“ကံကောင်းလို့ နတ်ကောင်းနတ်မြတ်တွေ မစတာနေမယ်။ ကလေးကို ပရိတ်ရေလေးဘာလေး တိုက်စမ်းပါဟဲ့။”

လူအုပ်ကလည်း သူပြောတာတွေနားထောင်ရင်း သက်ပြင်းတချချနဲ့။ ရွာထဲက အသက်အကြီးဆုံး အမယ်အိုကြီးဒေါ်ညိုကတော့ လူကြီးထုံးစံအတိုင်း ရေမန်းနဲ့ဖြန်းဖို့ အကြံပေးတော့တာပဲ။

...

ကျတ်ရွာကိစ္စ ပြီးသွားတာကြာပြီ။

နောက်ထပ်လပတ်စာမေးပွဲကလည်း ဖင်နား ပြန်ရောက်လာပြီ။ ကိုခန့်ကတော့ ပုသိမ်ထီးနဲ့ မှုန်နေအောင်လှတဲ့ အစ်မကြီးအကြောင်းကို မေ့မရဖြစ်နေတုန်းပဲ။ မေ့မရတာက တခြားကိစ္စ တစ်ခုခုကြောင့်မဟုတ်ဘဲ ‘ဘေးမသီရန်မခ ပညာတတ်ကြီးဖြစ်အောင် ဆောင်မဖို့' ဆိုတဲ့ စကားကြောင့်ပါ။

“အဲဒီအစ်မဂျီးက ငါ့ကို ကျတ်ရွာကနေတောင် လွတ်အောင်လုပ်ပေးနိုင်တာ။ သေချာပေါက် စာရအောင် ကူညီပေးနိုင်မှာသေချာတယ်။”

ဘုန်း...

ကိုခန့်တစ်ယောက် သူနားမလည်တဲ့စာတွေကို ပါးစပ်ကနေရွတ်နေတဲ့ သင်္ချာဆရာမအချိန်မှာ တစ်ယောက်တည်းတွေးရင်းတောရင်း စားပွဲခုံကို လက်ဝါးနဲ့ရိုက်လိုက်မိပါလေရော။

“ဟဲ့ကိုခန့်၊ ငါစာသင်နေတုန်း စားပွဲခုံကို လက်နဲ့ဘာလို့ရိုက်တာလဲ။ သိပ်မိုက်နေသလား။”

ဆရာမကတော့ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အသံပြဲကြီးနဲ့ လှမ်းအော်တော့တာ။

...

“ဒါပေမဲ့ အဲဒီအစ်မဂျီးကို ဘယ်မှာသွားရှာရမှာတုန်း။”

အိမ်အပြန်လမ်းမှာ ကိုခန့်တစ်ယောက် ထုံးစံအတိုင်း ခွေလှိမ့်ရင်းတွေးကြည့်တယ်။ ပထမတော့ ဟိုကျွန်းနက်နှစ်ပင်ဆီ ပြန်သွားရင်ကောင်းမလား ဆိုပြီးတော့ တွေးဖြစ်ပေမဲ့ ချက်ချင်းခေါင်းခါမိတယ်။ မတော်လို့ပုသိမ်ထီးနဲ့ အစ်မကြီးကိုမတွေ့ဘဲ အကြော်သည်သရဲနဲ့တွေ့လို့ ထပ်အကြွေးတောင်းခံနေရဦးမယ်။

“သား၊ အဲဒီငါးခြောက်က ရွာစောင့်နတ်အတွက်နော်။ စားလို့မရဘူး။”

ခဏနေတော့ အမှတ်မထင်အမေပြောဖူးတဲ့ စကားတစ်ခွန်းကို သတိရမိသွားပြီး ကိုခန့် ခွေလှိမ့်နေတာကို ရပ်လိုက်တယ်။

“ဟုတ်သားပဲ။” နောက်ဆုံးတော့ ကိုခန့်ရဲ့ မဟုတ်တဲ့နေရာမှာအကုန် ထူးချွန်တဲ့ ကလေးဦးနောက်က အလုပ်လုပ်လာခဲ့ပြီး ပုသိမ်ထီးနဲ့အစ်မကြီးပြောတဲ့စကားတွေနဲ့ အမေပြောတဲ့စကားတွေကို ချိတ်ဆက်မိသွားတယ်။

“ဧကန္တ၊ အဲဒီအစ်မဂျီးက ရွာဂျောင့်နတ်ဘဲ ဖြစ်ရမယ်။ ဒါပေမဲ့ရွာဂျောင့်နတ်က မိန်းကလေးဖြစ်လို့ရလို့လား။”

ရုပ်ရှင်ထဲမှာဆိုရင် တောစောင့်နတ်၊ တောင်စောင့်နတ်အပါအဝင် ရုက္ခစိုးတွေကအစ အမျိုးသားတွေလေ။ ဒါကြောင့်ကိုခန့် ခေါင်းကုပ်လိုက်တယ်။

“ထားတော့၊ သူနဲ့တွေ့မှ မေးကြည့်ဂျတာပေါ့ကွာ။ အရေးအဂျီးဆုံးက လူဂျင်းတွေ့ရဖို့။”

နောက်တော့ ကိုခန့်က အိမ်အပြန်လမ်းကနေ ရွာထိပ်က နတ်ကွန်းဆီသွားတဲ့လမ်းဆီ လမ်းကြောင်းပြောင်းလိုက်တယ်။ ရုပ်ကတော့ တစ်ခုခုကို မွှေတော့မယ့်ရုပ်မျိုး။

...

မကြာဘူး၊ ရွာထိပ်နတ်ကွန်းဆီ ကိုခန့်ရောက်လာတယ်။ အချိန်ကတော့ နေဝင်လုပြီဖြစ်ပြီး ကောင်းကင်ကြီးက လိမ္မော်ရောင်သန်းနေပြီ။ တစ်နေကုန်ကစားထားလို့ ရွံတွေနဲ့ပေကျံနေတဲ့ ကျောင်းဝတ်စုံနဲ့ ကိုခန့်က နတ်ကွန်းကို ခါးထောက်ပြီးကြည့်လိုက်ပါတယ်။

ကိုခန့်တို့ရွာရဲ့နတ်ကွန်းက သေးသေးကွေးကွေး မဟုတ်။ လူတစ်ယောက်တကယ်နေနိုင်တဲ့ သစ်သား အိမ်ငယ်လောက်အရွယ်ရှိပြီး အတွင်းထဲမှာတော့ နတ်ရုပ်ဘာညာမရှိဘဲ မီးလောင်လို့တစ်ဝက်မီးကျွမ်း နေခဲ့တဲ့ သစ်သားတိုင်ကြီးကိုထည့်ထားတယ်။

“အစ်မဂျီးရေ၊ သားကိုမှတ်မိရား...” ကိုခန့်က နတ်ကွန်းပတ်လည်က တောအုပ်လိုဖြစ်နေတဲ့ သစ်ပင်တွေကြားထဲမှာ အဲဒီရက်ကတွေ့ခဲ့ရတဲ့ မိန်းကလေးကို တွေ့လို့တွေ့ညားလိုက်ရှာတယ်။

နာရီဝက်လောက်သာကြာသွားတယ်။ အပင်တွေပေါ် အိပ်တန်းတက်ဖို့ပြန်လာတဲ့ စာကလေးငှက်တွေ သူ့ကိုအရူးလိုမျိုး ဝိုင်းကြည့်နေတာကလွဲလို့ ဘယ်သူ့မှရှာမတွေ့။

“တမင်နာ့ကို ရှောင်နေတာများရား” ကိုခန့် စိတ်မရှည်ဖြစ်လာပြီး ကြံမိကြံရာကြံတဲ့အနေနဲ့ မြေပေါ်ကျနေတဲ့ ခဲတစ်လုံးကိုကောက်ပြီးတော့ နတ်ကွန်းကို လှမ်းပစ်ဖို့ကြံတော့တာပဲ။

“အစ်မဂျီးထွက်မလာရင် တားပစ်မှာနော်။”

ဘုတ်....

ရုတ်တရက် သူ့ခေါင်းကနေ နာကျင်မှုကို ခံစားလိုက်ရပြီးနောက်ကို လှည့်ကြည့်တော့ သူ့ခေါင်းကို မိန်းကလေးတစ်ယောက်က ပုသိမ်ထီးနဲ့ ရိုက်လိုက်တာဖြစ်နေတယ်။ မိန်းကလေးက နှာခေါင်းကို လက်နဲ့ပိတ်ထားပြီး ဒေါသတကြီးနဲ့ပြောလိုက်တယ်။

“ဘာကိစ္စ သူများအိမ်ကို ခဲနဲ့ပေါက်ဖို့ ကြံနေရတာလဲ ကလေကချေကောင်ရဲ့။ နံကလည်းနံသေးတယ်။”

“မမဂျီးက တကယ်ရှိတာပဲ။” ကိုခန့်က ကလေးပီပီ မိန်းကလေးဆီကို ပြေးသွားတယ်။ ထီးနဲ့မိန်းကလေးက သူ့ကိုနွားချေးပုံကိုမြင်သလိုမျိုး ရွံရှာစွာကြည့်ရင်း နတ်ကွန်းခေါင်မိုးပေါ်ကို လွှားခနဲ ခုန်တက်လိုက်တယ်။

“ဟဲ့အကောင်၊ ငါနဲ့ဝေးဝေးမှာနေစမ်း။ နင့်ဆီက နံတယ်ဟဲ့။”

ဒီတော့မှ ကိုခန့် ညစ်ပတ်ပေတေနေတဲ့ သူ့ကိုယ်သူ ငုံကြည့်မိတော့တာ။ ဒါပေမဲ့ သူစပ်ဖြီးဖြီးပဲ ပြုံးပြလိုက်တယ်။ နောက်တော့ နောက်ကိုနည်းနည်း ဆုတ်ပေးလိုက်ပါတယ်။ ထီးနဲ့မိန်းကလေးကတော့ မနေ့ညကတွေ့ခဲ့သလိုပဲ မျက်နှာသေနဲ့ ဖြစ်နေပြန်ပြီ။

“အစ်မဂျီး၊ အစ်မဂျီးနာမည်ဘယ်လိုခေါ်လဲ။ တကယ့် ရွာစောင့်နတ်လား။”

“ဒီလောက်သိသာနေတာကို နင်ကငါ့ကို သရဲလို့များ ထင်နေတာလား။ ငါ့နာမည်က ခတ္တာဟဲ့။”

ကောင်းကောင်းမေးလို့တော့ ရသားပဲလို့ ကိုခန့်ခေါင်းညိတ်လိုက်မိတယ်။ နောက်တော့ ကိုခန့်က

“ဒါဆို တားကို စာမေးပွဲအောင်အောင် ကူညီပေးလို့ရမလား။”

ခတ္တာက သူ့ကိုမျက်နှာသေနဲ့စိုက်ကြည့်လိုက်တယ်။ ခေါင်းအစခြေအဆုံးကြည့်ပြီးတဲ့နောက်တော့ အခုလို ပြောလိုက်ပါလေရော။

“ဒါ ရွာစောင့်နတ်ကို တောင်းဆိုတဲ့ပုံစံလား။ လက်ဗလာနဲ့ မရဘူး။”

အဲဒီနောက်တော့ ကိုခန့်ရှေ့မှာတင် ခတ္တာက ဝေဝါး ပျောက်ကွယ်သွားပါလေရော။

...

အိမ်ရောက်တော့ ကိုခန့်တစ်ယောက် သူနားမလည်တဲ့ သင်္ချာစာအုပ်ကြီးကို ရှေ့ဖွင့်ပြီး စဥ်းစားခန်းဝင်လို့။

“လက်ဗလာနဲ့မရဘူးဆိုတော့။ အမေ့လိုပဲ ထမင်းဟင်းဆက်သရမှာလား။”

ကိုခန့်တွေးလိုက်တယ်။ ပြက္ခဒိန်ကိုကြည့်တော့ နောက်နေ့က စနေနေ့ကျောင်းပိတ်ရက်။ ဒါနဲ့ပဲ ကိုခန့်ပြုံးလိုက်မိပါလေရော။

...

“မေမေ၊ ဒီနေ့ဘာချက်ရဲ။”

နောက်တစ်နေ့ မနက်မိုးလင်းတာနဲ့ ကောင်စုတ်လေးက ဟင်းချက်နေတဲ့အမေကို သွားရှုပ်တော့တာပဲ။

“ဘူးသီးဟင်းချိုနဲ့မြေပဲကြော်နဲ့။ ဘုန်းဘုန်းတွေ ဆွမ်းခံကြွလာရင်လောင်းဖို့ ဦးထားဦးနော်။”

“ဟုတ်....” ကိုခန့်က အလိုက်သင့်လေးပြောလိုက်ရင်း ဦးဇင်းတွေအတွက် သက်သက်ထမင်းဟင်းဖယ်ထားပြီး ထမင်းခူးစားတယ်။ နောက်တော့ အမေလစ်တာနဲဲ့ ကျောင်းသွားရင်ယူနေကျ ထမင်းချိုင့်ထဲ ထမင်းနဲ့ဟင်းကိုထည့်လိုက်ပြီး ပြုံးလိုက်ပါတယ်။

“ဒါနဲ့၊ နတ်တွေက အသန့်ကြိုက်တာရားဟင်”

“ဒါပေါ့သားရဲ့၊ ဘုန်းဘုန်းဟောတာ မကြားဘူးလား။”

“ဂျလိုကိုး...” ကောင်စုတ်လေး သဘောပေါက်သွားပြီးနောက် ထမင်းချိုင့်ကို တစ်နေရာမှာဝှက်ထားခဲ့ပြီး ရေချိုးခန်းထဲဝင် ကာဘော်လစ်ဆပ်ပြာနဲ့အသေအချာရေးချိုးပြီးမှ အမေအလစ်ကိုချောင်းပြီး ရွာထိပ်ထွက်လာခဲ့တယ်။ လက်ထဲမှာတော့ ထမင်းချိုင့်လေးနဲ့။

...

“ဒီရောက်ဆို စာမေးပွဲအောင်အောင် ကူညီပေးလို့ ရပြီရား။”

ခတ္တာကိုတွေ့တော့ ကိုခန့်က ထမင်းချိုင့်ကို ရှေ့ထုတ်ပေးလိုက်တယ်။ ခတ္တာက အေးစက်စက် ပုံစံနဲ့ပဲ ထမင်းချိုင့်ကိုယူပြီး သူ့ရှေ့ကနေ ပျောက်သွားတယ်။ ခဏနေတော့ ဆေးပြီးသား ထမင်းချိုင့်အလွတ်နဲ့ ပြန်ရောက်လာပြီး ကိုခန့်လက်ထဲ ပြန်ထည့်ပေးလိုက်လေရဲ့။

“စာအုပ်တွေမပါဘူးလား၊ နောက်နေ့ကျရင် ကျောင်းဖတ်စာအုပ်တို့ ခဲတံတို့အကုန်ထည့်လာခဲ့။”

ခတ္တာက အပြစ်တင်တဲ့လေသံနဲ့ပြောလိုက်ပေမဲ့ ကိုခန့်က နောက်လပတ် စာမေးပွဲအောင်တော့မယ်ဆိုပြီး အားခဲလို့ရယ်။ နောက်နေ့ကျတော့ ခတ္တာပြောတဲ့အတိုင်း ထမင်းချိုင့်ရောစာအုပ်တွေပါ ယူလာတာပေါ့။ ဒါပေမဲ့...

...

“အောင်မလေးဂျာ... မတာလား အကိုင်ခံရတာလား မသိတော့ဘူး အီးဟီးဟီး။”

နတ်ကွန်းရှေ့ကွပ်ပျစ်ပေါ်မှာ ကောင်စုတ်လေးက အာလူးဘူးသီးတွေထနေတဲ့ သူ့ခေါင်းသူကိုင်ရင်း ငိုမဲ့မဲ့နဲ့ခတ္တာကို ကြည့်လိုက်တယ်။ သူတို့နှစ်ယောက် ကြားထဲမှာတော့ ကျောင်းစာအုပ်တွေပြန့်ကျဲနေပြီး ခတ္တာက ပုသိမ်ထီးကို ကြိမ်လုံးလိုကိုင်ရင်း ကိုခန့်ကို စာရှင်းပြနေလေရဲ့...

“နင့်ကို ဘယ်နှစ်ခါပြောရမှာလဲ။ သံက အသံ။ သန်က သန်မာတာ။ ဘယ်လိုလုပ်ပြီး ‘စိန်ဗေဒါ၏လက်သန်ကို အများကကြိုက်ကြသည်' လို့ ရေးထားတာတုန်း”

...

ခတ္တာရဲ့စာမေးပွဲအောင်အောင်မစတဲ့နည်းလမ်းက စာကူကျက်ပေးတာ ဖြစ်နေတဲ့အတွက် ကိုခန့်စိတ်ဓာတ်ကျသွားခဲ့ပေမဲ့ အဲဒီနေ့ကစပြီး နောက်ဆုတ်လို့မရတော့တာကို သိလိုက်ရပါတော့တယ်။ ခတ္တာက သူ့ကိုနေ့တိုင်း စာလာကျက်ခိုင်းပြီး မလာတဲ့နေ့ဆိုရင် အိမ်မှာ အလိုလိုနေရင်းယားယံနေအောင် အစွမ်းပြတဲ့အတွက် အမေရိုက်တာထက်တောင်ကြောက်ပြီး စာကြိုးစားရပါတော့တယ်။ သွားလည်း မသွားချင်၊ မသွားလို့ကလည်းမရ၊ နေ့တိုင်းထမင်းတစ်ယောက်စာ ပိုယူပြီး ရွာစောင့်နတ်ဆီမှာ စာသွားကျက်ရတော့တာပဲ။

...

ရက်အနည်းငယ်ကြာပြီးနောက်....

“အမယ်၊ ငါ့သားက ဒီတစ်ခါတယ်ဟုတ်ပါ့လား။ တစ်ကျောင်းလုံးမှာ ဒုတိယရတယ်။”

အမေက ဒီလရီပို့ကတ်ယူကြည့်တော့ မယုံနိုင်အောင် ဖြစ်လို့နေလေရဲ့။ ကိုခန့်ကတော့ စာမေးပွဲမဖြေခင် နေ့က ပထမမရရင် ခြောက်ချက်ရိုက်မယ်လို့ ခတ္တာပြောထားတာကို ပြန်မှတ်မိလာပြီး ငိုမဲ့မဲ့နဲ့။

....

ညအချိန်။

ရွာထိပ်နတ်ကွန်း။

ခတ္တာက နတ်ကွန်းကွပ်ပျစ်ရှေ့မှာထိုင်ရင်း ကောင်းကင်က ကြယ်တွေကိုကြည့်လို့။ ရုတ်တရက် ကောင်းကင်ကြီးမှောင်ကျသွားပြီး နတ်ကွန်းဧရိယာတစ်ခုလုံးကို အမိုက်မှောင်ကြီးတစ်ခုက ဖုံးလွှမ်းသွားလေရဲ့။

ခတ္တာရဲ့နောက်မှာတော့ တခြားအမျိုးသမီးပုံရိပ် ထွက်ပေါ်လာပြီး ခတ္တာရဲ့နားနားကိုကပ်ကာ ပြောလိုက်ပါပြီ။

“နင်ဘယ်အချိန်အထိ ဒီရွာသားတွေအပေါ် ကောင်းပေးနေဦးမှာလဲ။ ဘာမှပြန်မရနိုင်မှန်း နင်သိထားပြီးသားမဟုတ်လား။”

ခတ္တာက ပုသိမ်ထီးကို ကောက်ကိုင်ပြီး အဲဒီအရိပ်ကို ရိုက်လိုက်တော့မှ လောကကြီးပုံမှန် ပြန်ဖြစ်သွားတော့တယ်။

All Chapters