← Chapters

ရွာစောင့်နတ်ဒဏ္ဍာရီ (တတိယပိုင်း)

Vol. 10 Ch. 3

ရွာစောင့်နတ်ဒဏ္ဍာရီ (တတိယပိုင်း)

Vol. 10 Ch. 3

အသက်သုံးဆယ်လောက်သာရှိဦးမယ့် အမျိုးသမီး တစ်ယောက်က ရွာအနောက်ဘက် ရေကန်စပ်နားမှာ ရပ်လို့နေတယ်။ သူ့လက်ထဲမှာတော့ တဝဲဝဲငိုနေတဲ့ လသားကလေးလေးကိုပိုက်လို့။

“တောင်းပန်ပါတယ်သမီး၊ အမေဒီထက်ပိုပြီး မခံစားနိုင်တော့ဘူး။ သမီးလေးကိုလည်း ဒီလောကမှာ ထားရစ်ခဲ့ဖို့စိတ်မချဘူး။”

ကလေးအမေက ပြောလိုက်ရင်းနဲ့ ကလေးကို လက်ထဲဆက်ပိုက်ထားရင်း ရေကန်အနက်ထဲ တစ်လှမ်းချင်းစီ ဆင်းသွားခဲ့တယ်။ ကန်ရေသေ မျက်နှာပြင်ကလည်း အမျိုးသမီးရဲ့ခြေဖျားကနေစ တဖြည်းဖြည်းချင်း ခြေသလုံး၊ ပေါင်၊ ခါး၊ ရင်၊ လည်ပင်း စသည်ဖြင့် ဝါးမျိုသွားတော့တာပေါ့။

ပလုံ.. ပလုံ.... ပွက်....

နောက်ဆုံးတော့ လူတစ်ကိုယ်လုံးနစ်သွားပြီး ရေပူဖောင်းတွေ ကန်ရေပြင်ပေါ်ကိုတက်လာလေရဲ့။

....

“ဟဲ့ကောင်မရေ၊ ညည်းဟိုသတင်း ကြားပြီးပြီလား။”

ရွာအပြင်ဘက် လယ်ကွင်းပြင်တွေမှာတော့ ကောက်စိုက်သမတချို့က လယ်စိုက်နေရင်းနဲ့ တစ်

ယောက်နဲ့တစ်ယောက် အတင်းတုပ်လို့ရယ်။

“ဘာသတင်းလဲဟဲ့။”

“ဘာသတင်းရမှာတုန်းအေ့၊ ဟိုရွာတောင်ပိုင်းက ဇာတ်မင်းသမီးတင်ဇာလေ ရေထဲခုန်ချသွားလို့တဲ့။”

“ဟယ်၊ မန္တလေးကနေ ဗိုက်ကြီးနဲ့ ပြန်လာပြီး လင်ကောင်မပေါ်ဘဲ ကလေးမွေးတဲ့ကောင်မ မဟုတ်လား။”

တခြားကောက်စိုက်သမတစ်ယောက်က စကားစတဲ့ ကောက်စိုက်သမကို ပြန်ခွန်းတုံ့ပြန်တယ်။ အဲဒီကနေ တတိယတစ်ယောက်ကပါဝင်ပြောရင်း စကားဝိုင်း တစ်ခုလိုမျိုး ဖြစ်သွားတော့တာပဲ။

“ပြောခါမှ အဲဒီကလေးလေးက ချစ်စရာလေးအေ့။ မျက်လုံးပြာပြာနဲ့ ဘိုမရုပ်လေးကျလို့။”

“မန္တလေးမှာ မျက်နှာဖြူတစ်ကောင်နဲ့ ဖြစ်လာတာဖြစ်မှာပေါ့။”

ကောက်စိုက်သမတွေက တစ်ယောက်နဲ့တစ်ယောက် ပြောကြဆိုကြရင်း ပထမဆုံးစကားစတဲ့သူအလှည့် ပြန်ရောက်လာတယ်။

“အေး၊ အဲဒီကလေးအကြောင်းပဲပြောမလို့။ အဲဒီ ကောင်မက ကလေးကိုပါရေကန်ဆီခေါ်သွားတာ။ ကလေးက ရေကန်စပ်နားမှာတင်ကျန်ရစ်ပြီး ငိုနေရောတဲ့။”

“မပြောကောင်းမဆိုကောင်း၊ ကလေးကိုပါ ရေနှစ်သတ်ဖို့ ကြံတာလားမသိဘူး။”

....

အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်။

ခတ္တာက ဆွမ်းအုပ်ကို ရွာဦးကျောင်းဆရာတော်ရှေ့ ကပ်လိုက်ရင်း ဦးသုံးကြိမ်ချလိုက်တယ်။ သူ့စိတ်ထဲ လူမှန်းမသိတတ်ခင်အချိန်တုန်းက ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆန်းတစ်ခုကို အခုထိခေါင်းထဲမှာ စွဲစွဲမြဲမြဲ မှတ်မိနေဆဲပဲ။

ရုတ်တရက်ရေမွန်းတယ်လို့ ခံစားလိုက်ရပြီး မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ အမျိုးသမီး တစ်ယောက်ရေနစ်နေတာကို သူမြင်ခဲ့ရပြီး ကြာရိုးကြာနွယ်တွေက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ကာ ကန်ရေပြင်ပေါ် ပြန်တွန်းတင်ပေးနေတာကို သတိထားခဲ့မိတယ်။ အထူးဆန်းဆုံးအပိုင်းကတော့ အဲဒီကြာပင်က စကားပြောခဲ့တာပါပဲ။

“ကလေးလေး၊ ဒီအတိုင်းသေဖို့ အပြစ်ကင်းစင် လွန်းတယ်။”

ခတ္တာကြီးမှသိလာရတာက သူငယ်ငယ်ကတစ်ကြိမ် ရေနစ်ဖူးပြီး ငါးလပြည့်ခါစအချိန် ခတ္တာရဲ့မိခင်က သူနဲ့အတူရေကန်ထဲခုန်ချခဲ့တာပါ။ ဒါပေမဲ့ ငယ်လွန်းတာကြောင့် တစ်ယောက်ယောက်က စကားပြောခဲ့ရင်တောင် နားမလည်သင့်တဲ့အရွယ်ပါ။

“အရှင်ဘုရား၊ တပည့်တော်မအသက်ကို ကယ်ခဲ့တဲ့သူက ကန်စောင့်နတ်ဖြစ်နိုင်ပါလား။ လောကမှာ နတ်ဒေဝါတွေ တကယ်ပဲရှိပါသလား။”

“ဘုန်းဘုန်းတို့ဗုဒ္ဓဘာသာမှာ ဗြဟ္မာဘုံ နှစ်ဆယ်၊ နတ်ပြည် ခြောက်ဘုံ၊ လူ့ဘုံ တစ်ဘုံ၊ အပါယ် လေးဘုံ ဆိုပြီး သုံးဆယ့်တစ်ဘုံရှိတယ် ဒကာမ။ ဘုန်းဘုန်းတို့လူသားတွေနဲ့ ကိုယ်စောင့်နတ်၊ ကျောင်းစောင့်နတ် အစရှိတဲ့ စတုမဟာရာဇ်နွယ် နတ်ငယ်တွေဟာ လူ့ဘုံမှာအတူတကွတည်ရှိကြတယ်လို့ တချို့စာတွေမှာတွေ့ဖူးတယ်။ ဒကာမနဲ့ ရေစက်ရှိလို့ ကယ်ခဲ့တာနေမှာပါ။ နောင်ကိုကောင်းမှုကုသိုလ်လုပ်ရင် သူတို့အတွက်လည်း ရည်စူးပြီးအမျှဝေပါ။”

ခတ္တာက ခေါင်းညိတ်လိုက်မိတယ်။ လက်ရှိ အဘိုးအဘွားတွေနဲ့နေပြီး ရွာထဲရပ်ထဲမှာ အဖေမရှိအမေမရှိ လင်ကောင်မပေါ်ဘဲမွေးတဲ့ သမီးတစ်ယောက်အနေနဲ့ မျက်နှာမပြဝံ့လောက်အောင် ရှုတ်ချခံရတဲ့ အကြောင်းကိုတွေးမိတော့ ကျောင်းထိုင် ဆရာတော်ကို ထပ်လျှောက်ဖြစ်ပြန်ပါတယ်။

“အရှင်ဘုရား၊ တပည့်တော်မ အခုလိုမျိုး အလိုလိုနေရင်း သူများအပြောခံရတဲ့ဘဝက ဘယ်တော့မှလွတ်မှာပါလဲဘုရား။”

“အတိတ်က ဖြစ်ခဲ့တဲ့အရာတွေကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး၊ ဒကာမ။ အကောင်းဆုံးကတော့ လက်ရှိပစ္စပ္ပုန်မှာ ကောင်းမှုကိုဆောင်ပါ။ လူတွေရဲ့အမြင်လည်း အချိန်နဲ့အမျှ ပြောင်းလာပါလိမ့်မယ်။”

ရွာဦးကျောင်းက အထွက်မှာတော့ ခတ္တာက သက်ပြင်းချလိုက်ရင်း ပူပြင်းလှတဲ့နေကို မော့ကြည့်လိုက်မိပါတယ်။ နောက်တော့ အပြာရောင် ပုသိမ်ထီးကိုဖွင့်လိုက်ပြီး လှည်းလမ်းမပေါ်ကို ပြန်တက်လိုက်ပါတယ်။ ရေကန်ထဲက စကားပြောတဲ့ ကြာပန်းအကြောင်း သူ့စိတ်ကိုစိုးမိုးထားခဲ့တာ နှစ်ပေါင်းများစွာရှိခဲ့ပါပြီ။

...

ဒီလိုနဲ့တစ်ရက်မှာ အေးချမ်းသာယာစွာရှိနေခဲ့တဲ့ ရွာလေးတစ်ခုလုံးဟာ တိမ်မည်းကြီးတွေနဲ့ ဖုံးလွှမ်း ခံထားရသလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အိမ်တိုင်းအိမ်တိုင်းလိုလိုရဲ့အရှေ့မှာ ပုဆိုး၊ စောင် စတဲ့အဝတ်တွေနဲ့ဖုံးအုပ်ခံထားရတဲ့ လူသေတွေ ရှိနေခဲ့ပြီး အိမ်တိုင်းလိုလိုမှာ နာရေးရှိနေခဲ့တယ်။

အသက်ရှင်ကျန်သူတွေဟာလည်း ကျန်းမာပုံမရဘဲ တစ်ကိုယ်လုံးဖြူဖျော့လို့ နှုတ်ခမ်းတွေတိုဝင်လို့ ရှိကြပါတယ်။ မကြာခဏအိမ်သာသွားတဲ့သူကသွား၊ ထိုင်ရကမထနိုင်တော့လို့ အိပ်ရာထဲမှာတင် ထမင်းရည်စွန့်တဲ့သူကစွန့်နဲ့ ကာလဝမ်းရောဂါကပ်ကြီး ဖြစ်တဲ့အချိန်ပေါ့။

သေဆုံးသူတွေအတွက် သရဏဂုဏ်တင်ပေးဖို့ ဦဇင်းတွေလည်းမရှိတော့ပါဘူး။ ရွာဦးကျောင်းထိုင် ဆရာတော်တောင်မှ ဝမ်းပျက်ရောဂါနဲ့ပျံလွန်တော် မူသွားခဲ့ပြီမဟုတ်ပါလား။

“ဒုက္ခပါပဲ၊ မောင်နိုင်ပြန်မလာသေးဘူးလား။” ခတ္တာလည်းပဲ အိမ်မှာ နေမကောင်းဖြစ်နေတဲ့ အဖိုးနဲ့အဖွားကို ပြုစုနေရင်းကနေ ဆရာဝန်ခေါ်ဖို့ မြို့တက်သွားတဲ့ ဝမ်းကွဲကို သတိရမိလိုက်ပါတယ်။ ဒီထက် ရက်နည်းနည်းလေးလောက်နောက်ကျရင် တစ်ရွာလုံးကုန်တော့မယ်။

“အဖွား၊ ရေများများသောက်နော်။” ခတ္တာက အိပ်ရာပေါ်မှာလဲနေတဲ့ အမယ်အိုကြီးကို ကျိုချက်ထားတဲ့ရေအိုးထဲက ရေတစ်ခွက် ခပ်ပေးလိုက်ရင်း သက်ပြင်းချလိုက်ပြန်တယ်။ အဖွားအိုကတော့ အသံတိုးတိုးနဲ့ပဲ အခုလိုမျိုး ပြောလိုက်ပါတယ်။

“ငါ့သမီးကတော့ ဘယ်လိုကုသိုလ်ကံ ကောင်းတယ်မသိပါဘူး။ တစ်ရွာလုံး နေမကောင်းဖြစ်နေတာတောင် သမီးဘာမှမဖြစ်ပါလား။”

....

“ရွာမှာ ရွာစောင့်နတ်မရှိတော့လို့ဖြစ်ရတာဟဲ့။ မရှိတော့လို့ဖြစ်ရတာ။”

ရွာရဲ့အခမ်းနားဆုံးနဲ့အကြီးဆုံး အိမ်ကြီးထဲမှာတော့ အကြားအမြင်ဆရာမလိုလိုဘာလိုလို ဝတ်ထားတဲ့ အမျိုးသမီးကြီးတစ်ယောက်က ခေါင်းရင်းခန်းမှာ ထိုင်နေပြီး ရွာလူကြီးဖြစ်ပုံရတဲ့သူကတော့ ကြောက်လန့်နေတဲ့မျက်နှာနဲ့ပဲ။

“ဒါဆိုဘယ်လိုလုပ်ရမလဲ အရီးဒေါ်မြ၊ ကျုပ်ရွာက လူတွေအကုန်လုံး ဒီတိုင်းဆိုရင် သေကုန်တော့မယ်။”

အရီးမြဆိုတာက ဒီရွာတကြောမှာ နာမည်ကြီးတဲ့ အကြားအမြင်လိုလို အောက်လမ်းလိုလို စုန်းလိုလို အဒေါ်ကြီး။ ပုံမှန်လူတွေက ကြောက်ကြပေမဲ့ အခု ရွာသူကြီးလို စည်းစိမ်ဩဇာမက်တဲ့ လူတွေကတော့ အခကြေးငွေအများကြီးပေးပြီး အကြံဉာဏ် တောင်းခံတတ်ကြတာပေါ့။

“နင်တို့က ရွာစောင့်နတ်ကို သေချာမှ ပူဇော်ပသတာမျိုးမရှိတာဟဲ့၊ ပြေးမပေါ့။ ရွာစောင့်နတ်မရှိတော့ ရွာစောင့်နတ်သစ်ခန့်ရမယ်။ ဒါမှ နာနာဘာဝတွေရွာထဲဝင်ပြီး လူတွေကိုမဆွဲနိုင်မှာဟဲ့။”

“ဘယ်လိုလုပ် ရွာစောင့်နတ်ကို အသစ်ခန့်ရလို့မှာလဲ အရီးရဲ့။”

“ဗျတ်ဝိဗျတ္တအကြောင်း နင်မကြားဖူးဘူးလားဟဲ့။ ငါပြောတဲ့အတိုင်းနင်လုပ်ဆိုလုပ်နော်။ တစ်ရွာလုံး ကံနိမ့်နေချိန်မှာ ကံမြင့်နေတဲ့ အမျိုးသမီးကိုရှာ။ ကျွန်းတိုင်မှာချည်ပြီး ရွာအပြင်မှာ တေဇောဓာတ်သွင်း။ ပြီးရင် နင့်အမိန့်ပြန်ပြီး အရိုးပြာကို ရွာလေးထောင့်လေးတန်မှာမြုပ်။ တိုင်ကို နတ်ကွန်းဆောက်ပြီး ပသထားပေတော့။”

“ဟုတ်ကဲ့ပါဗျာ၊ ဟုတ်ကဲ့ပါ ကျွန်တော်လုပ်လိုက်ပါ့မယ်။”

ရွာသူကြီးက ကြောက်ကြောက်နဲ့ ခေါင်းကိုညိတ်ပြီးရင်ညိတ်နေတယ်။ အရီးမြဆိုတဲ့ တစ်ယောက်ကတော့ ကွမ်းတွေကြောင့်နီရဲတွတ်နေတဲ့ သွားတွေကိုဖြဲရယ်လို့။ တစ်ချက်တစ်ချက် ခပ်စိမ်းစိမ်းအလင်းတချို့ သူ့အာခေါင်ထဲက လင်းလတ်သွားတာကိုတော့ ရွာသူကြီးသတိမထားလိုက်မိ။

....

ညဖက်။

ခတ္တာတို့အိမ်ထဲကို မျက်နှာဖုံးစွပ်ထားတဲ့လူတချို့ ဝင်ရောက်လာပြီး ခတ္တာကိုဝိုင်းထားလိုက်ကြတယ်။

“လာကြပါဦးရှင်၊ ရှင်တို့ဘယ်သူတွေလဲ။”

“ကလေးမ၊ ငါတို့ကို ယုတ်မာတယ်လို့တော့ မမြင်ပါနဲ့။ တစ်ရွာလုံးကို ကယ်ဖို့အတွက် တစ်ယောက်စာ စတေးလိုက်ရတယ်လို့ပဲ မြင်ပါ။”

အဲဒီနောက်တော့ လူအုပ်က ခတ္တာကို ဝိုင်းချုပ်နှောင်ပြီး ရွာအပြင်ဆွဲထုတ်သွားကြတယ်။ ခတ္တာလည်းအော်ဟစ် ရုန်းကန်ပြီး အကူအညီ တောင်းနေခဲ့ပေမဲ့ တစ်ရွာလုံးဟာ တိတ်ဆိတ် ခြောက်ကပ်လို့။

....

ရွာအပြင်ရောက်ချိန်မှာတော့ လူအုပ်က ခတ္တာကို ကွင်းပြင်ထဲ စိုက်ထူထားတဲ့ လူတစ်ဖက်စာကျွန်းတိုင်ကြီးမှာ ကြိုးနဲ့တုပ် ချည်နှောင်လိုက်တယ်။ ကျွန်းတိုင်အောက်ခြေမှာတော့ အုန်းဆံခွံတွေနဲ့ မီးသွေးတွေအပုံလိုက်။ သူတို့ထဲကတစ်ယောက်က ရေနံဆီတွေ မီးစာထဲလောင်းထည့်လိုက်ပြီးချိန်မှာတော့ ခတ္တာတစ်ယောက် မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ မေးလိုက်ပါပြီ။

“ရှင်တို့ ဘာလုပ်ကြမလို့လဲ။”

ဒါပေမဲ့ သူတို့ကမဖြေ။ ခေါင်းဆောင်ဖြစ်ပုံရတဲ့သူက ရှေ့ကိုတက်လာပြီး ခပ်စုတ်စုတ်စာရွက်ညိုပေါ် ရေးထားတဲ့စာတွေကို ခတ္တာကိုဖတ်ပြတယ်။

“ကြာကန်ရွာသူခတ္တာ နာခံစွာနားထောင်လော့၊ အသင့်အားယနေ့မှစ၍ ကြာကန်ရွာကို စောင့်ရှောက်ရသော ရွာစောင့်နတ်အဖြစ် ကျွနုပ်ခန့်အပ်လိုက်သည်။ ရွာ၏ဘေးရန်မှန်သမျှကို အသင်တားဆီး၍ ရွာသူရွာသားတို့ကိုကာကွယ်လော့။ အမိန့်တော်....”

“ရှင်တို့ရူးနေကြပြီ။ ကျွန်မကိုလွှတ်...” ခတ္တာလည်း ဘာဖြစ်နေလဲ တဖြည်းဖြည်းရပ်မိလာပြီး ရုန်းကန်ဖို့ ကြိုးစားပေမဲ့ ကြိုးတွေကခိုင်လွန်းတယ်။ မျက်နှာဖုံးစွပ်နဲ့ အဖွဲ့သားတစ်ယောက်က မီးခြစ်ဆံကိုထုတ်ပြီး မီးခြစ်လိုက်ချိန်မှာတော့ အရာအားလုံးနောက်ကျသွားခဲ့ပါပြီ။

“အား...” ခတ္တာရဲ့လည်ချောင်းကွဲလုမတတ် အော်သံနဲ့အတူ မီးတောက်တွေဟာ မြင့်တက်လာခဲ့တော့တယ်။

....

“မမဂျီးရေ... မမဂျီး... ဒီနေ့ဒီမှာမရှိဘူးရား။ မရှိရင် ငါးကြော်တွေ ချားပစ်ရိုက်တော့မယ်နော်။”

ရုတ်တရက် အပြင်ဘက်ကနေ လှမ်းခေါ်တဲ့ အသံကြောင့် ခတ္တာမျက်လုံးကို ဖွင့်လိုက်မိတယ်။ သူ့အနားမှာရစ်သိုင်းနေတဲ့ အနက်ရောင် အခိုးအငွေ့တွေ တဖြည်းဖြည်းနောက်ပြန် ဆုတ်သွားပြီး အခန်းထောင့်မှာ သူနဲ့တစ်ပုံစံတည်း တူတဲ့ အရိပ်နက်ကြီးတစ်ခုအဖြစ် ဖွဲ့တည်လာတယ်။

“ နောက်ထပ်တစ်ခါ စိတ်ကောင်းရှိသလို ပြုမူဦးမယ်ပေါ့၊ ငါ့ရဲ့တခြားတစ်ဖက်ခြမ်း။ ဘယ်တော့မှ ဒီရွာသားတွေကို သူတို့နဲ့ထိုက်တန်တဲ့ အပြစ်မျိုးပေးမှာလဲ။” အရိပ်နက်က ပြောလိုက်တယ်။

“တိတ်တိတ်နေစမ်း....” ခတ္တာက ခံစားချက်မဲ့စွာ ပြောလိုက်ရင်း အခန်းထဲကနေ ရုတ်ချည်း ပျောက်ကွယ်သွားလေရဲ့။

All Chapters