← Chapters

ရွာစောင့်နတ်ဒဏ္ဍာရီ (စတုတ္ထပိုင်း)

Vol. 10 Ch. 4

ရွာစောင့်နတ်ဒဏ္ဍာရီ (စတုတ္ထပိုင်း)

Vol. 10 Ch. 4

“မင်းတို့ဂေါင်တွေကရဲကွာ၊ ရွာစောင့်နတ်က ဂျကယ်ရှိတာကွ။ ပြီးတော့ မမလှလှလေး။”

ကောင်စုတ်လေးမင်းခန့်က သူနဲ့အတူပါလာတဲ့

ကောင်လေးနှစ်ယောက်ကိုပြောလိုက်တယ်။ ပေစုတ်စုတ်ကောင်လေးနှစ်ယောက်က ကိုခန့်ကို မယုံသင်္ကာနဲ့ကြည့်လိုက်ပြီး

“ပေါက်ကရတွေကွာ၊ မင်းသရဲမကို နတ်လို့ထင်နေတာရောမဖြစ်နိုင်ဘူးလား။ နဂိုကတည်းက မင်းက ဉာဏ်ထိုင်းနေတာကို။”

ပေစုတ်စုတ်ကောင်လေး နံပါတ်တစ်က ပြောလိုက်တယ်။ ပေစုတ်စုတ်ကောင်လေး နံပါတ်နှစ်ကလည်းထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။

“ငါဘယ်ရုန်းက ဉာဏ်ထိုင်းရို့ရဲကွ။ စာမေးပွဲမှာ ဒုတိယတောင်ရထားဂျာကို။”

“တစ်တန်းလုံးမှာ မင်းပဲစကားမပီတော့တာလေ။ ပြီးတော့ မင်းက ဆရာမတွေက မင့်ကိုဉာဏ်ထိုင်းတယ်လို့ ပြောကြတဲ့ဥစ္စာကို။”

“ သူရို့ပြောတိုင်း ဉာဏ်ထိုင်းစရာရားကွ။ ပြီးတော့ မင်းတို့ သရဲမရို့ပြောတာ မမကြီးကြားရင် စာမေးပွဲ အောင်အောင် မကူဘဲနေမှာနော်။”

စာမေးပွဲဆိုတာလည်းကြားရော ပေစုတ်စုတ် ကောင်လေးနှစ်ကောင် ကြောက်လန့်သွားပြီး သူတို့တွေယူလာတဲ့ ထမင်းချိုင့်တွေကို နတ်စင်ပေါ်တင်ပြီး လက်အုပ်လေးတွေချီလို့

“ပြောမှားဆိုမှားရှိရင် တောင်းပန်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်က ကိုခန့်ပြီးရင် စာအညံ့ဆုံးပါ ရွာစောင့်နတ်မမကြီးခင်ဗျား။ အခုဒီကောင် စာမေးပွဲအောင်သွားလို့ ဘိတ်ဆုံးအဆင့်ကို ပူးတွဲရကုန်ပါပြီခင်ဗျား။ ကျေးဇူးပြုပြီး မစတော်မူပါ။”

ဂလုံး... ဂလွမ်....

မကြာဘူး သူတို့မျက်စိရှေ့မှာတင် ထမင်းချိုင့်တွေ ကိုင်ထားတဲ့သူမရှိဘဲ လေပေါ်ပျံတက်လာပြီးတော့ ကလေးနှစ်ယောက်ခေါင်းကို လိုက်ထုတော့တာပဲ။

“အောင်မလေး သေပါပြီဗျ။”

“သရဲ... သရဲခြောက်တယ်....”

ကလေးနှစ်ယောက်က ကိုခန့်ကိုတောင်မစောင့်ဘဲ တစ်ခါတည်း ထွက်ပြေးသွားတော့တာ။ ကိုခန့်က ကလေးတွေနောက်လိုက်မပြေးဘဲ စပ်ဖြဲဖြဲ မျက်နှာနဲ့ နတ်ကွန်းရှေ့မှာရပ်နေတဲ့ ခတ္တာကို ကြည့်လိုက်တယ်။

ခတ္တာက စိတ်ဆိုးနေတဲ့ပုံစံနဲ့ နှုတ်ခမ်းကိုကိုက်လို့။

“နောက်ဆိုရင် တခြားသူတွေ ခေါ်မလာနဲ့။ ငါ့ကို လူတွေလက်အုပ်ချီတာ မကြိုက်ဘူး။”

ကောင်စုတ်လေးကတော့ နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။ “ဘာလို့ သူတို့တွေက အစ်မကို မမြင်ရတာရဲ။”

“ငါမမြင်စေချင်လို့။”

“ဒါဆို တားကျတော့ရော။ မမကြီးကို တခြားသူရေ အများဂျီးမြင်ရင် စားစရာတေ အများဂျီးဆက်သ ကြမှာပေါ့။”

ကောင်လေးက ကလေးအတွေးနဲ့ပြောလိုက်ပေမဲ့ ခတ္တာက ဘာမှရှင်းပြမနေတော့ဘဲ သူ့ရှေ့ကနေပြီး ပျောက်သွားတယ်။

“ဒီနေ့စာရှင်းမပြတော့ဘူးရား....” ကောင်လေး မေးလိုက်ပေမဲ့ ညမှောင်တဲ့အထိ ဘယ်သူမှ ထွက်မလာတော့ဘူး။

...

“ဟဲ့ငမွှေထိုး၊ နင်အခုတလော ရွာထိပ်နတ်ကွန်းဘက် ခြေဦးတည့်နေတယ်ဆို။”

အိမ်ပြန်ရောက်တော့ အမေက ကိုခန့်ကို ကြိမ်လုံးနဲ့ စောင့်ကြိုနှင့်နေပြီ။ သေချာပေါက် ပေစုတ်စုတ် နှစ်ကောင်က သူ့အမေကို ဖြစ်သမျှအကြောင်းစုံ သံတော်ဦးတင်သွားတာနေမှာ။

“အမေကရဲဂျာ... ခါတိုင်းရဲ ရွာထဲပတ်ဆော့နေဂျကို။”

ဖြောင်း...

“သေပါပြီဂျ”

“ ကျောင်းဆင်းရင်း အိမ်ကိုတန်းပြန်လာဟဲ့။ ကလေးသူခိုးတွေသောင်းကျန်းနေတဲ့အကြောင်း လေဒီယိုမှာလာတာ နင်မကြားဘူးလား။” (စာရေးသူ၏မှတ်စု။ ။ စာရေးသူတို့ ပဲခူးအနောက်ဘက်က ရွာတွေမှာ ရေဒီယိုကို လေဒီယိုလို့ပြောကြပါတယ်။)

“ကလေးသူဂိုးကို သားမကြောက်ပါဘူး။ တားမှာ သူဂိုးကိုရိုက်ပေးမယ့်... “

ဖြောင်း....

“တော်တိတ်... စာသွားလုပ်တော့၊ တစ်ခါလေး ဒုတိယရတာနဲ့ ပါမောက္ခကြီးဖြစ်သွားသလို လုပ်မနေနဲ့။”

ကိုခန့်လည်း နီရဲသွားတဲ့တင်ပါးကို လက်နဲ့ပွတ်ရင်း အိမ်အပေါ်ထပ် တက်သွားလေရဲ့။

...

ရွာသူကြီးအိမ်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ ရွာထဲမှာ အခမ်းနားဆုံးအိမ်ကြီး ဖြစ်နေဆဲပါပဲ။ ခေတ်တွေ ပြောင်းလာပြီဖြစ်တာမလို့ အောက်စက်နဲ့တီဗီနဲ့ အင်တာနာတိုင်လေး အမိုးပေါ်တင်ထားတာက လွဲလို့ပေါ့။

“မြို့ကိုရောက်နေတယ်ကြားပေမဲ့ ဒီနေ့ချက်ချင်း ရွာလိုက်လာမယ်မထင်ခဲ့ဘူး။ လာကြပါ၊ ထိုင်ထိုင်။” လက်ရှိရွာသူကြီးက အသက် ငါးဆယ်လောက်ရှိပြီဖြစ်ပြီး အသားမည်းမည်း မျက်နှာနဲ့ လူကပိန်ပိန်၊ ထိပ်ကပြောင်နေသေး။

သူက မြို့ကရောက်လာတဲ့ ဧည့်သည်တွေကို လက်ခံ ဧည့်ခံနေတာဖြစ်ပြီး ဧည့်သည်အရေအတွက်ကတော့ သုံးယောက်ပါ။ ရွှေတွဲလွဲငွေတွဲလွဲတွေနဲ့ လူချမ်းသာ အမျိုးသားသုံးယောက်ဖြစ်ကြောင်းသိနိုင်ပြီး ခုံတန်းရှည်အလယ်မှာ ဝင်ရောက်နေရာယူလိုက်သူက မျက်လုံးမှေးမှေး သွားခေါခေါနဲ့ တရုတ်ကြီးပုံပေါက်နေတဲ့သူပါ။

လက်ကနာရီကတော့ ကာစီနိုအကောင်းစား။ ရှပ်အင်္ကျီကလည်း ထိုခေတ်အခါကရှားလှတဲ့ ဂျော်ဒန်းဒိုး။

“ဝကို ခင်ဗျားဟိုတစ်ခါပြောထားတဲ့ ကြက်ခြံဆောက်ဖို့ မြေပိုရှိတယ်ဆိုတာ တကယ်လား။ လိုက်ပြဖို့ ဖြစ်မလား။”

“ဖြစ်တာပေါ့ ဖြစ်တာပေါ့။”

ရွာသူကြီးက ရွာမြေပုံကိုထုတ်ပြပြီး လေးထောင့် နေရာကွက်တစ်ခုကို ညွန်ပြလိုက်တယ်။ ရွာရှေ့မှာ ဖြစ်ပြီးတော့ မြို့ပေါ်တက်တဲ့လမ်းမကြီးနဲ့နီးသလို လူနေအိမ်တွေနဲ့လည်းဝေးတဲ့အတွက် ကြက်ခြံအတွက် အဆင်ပြေမယ့်နေရာမျိုးပါ။

“ စျေးကရော...”

“ကျုပ်သမီးလေး မြို့မှာတက္ကသိုလ်တက်မှာမလို့ တစ်သိန်းပဲပေးပါဗျာ၊ တစ်သိန်းပဲ။”

“အပေးအယူဖြစ်ပြီဗျာ။ ခုချက်ချင်းဆောက်ကြမယ်။” မျက်မှေးသူဌေးက ချက်ချင်းလက်ဖျောက်တီးလိုက်ပြီး အိတ်ထဲကနေ တစ်ထောင်တန်အုပ်လိုက်ကို ထုတ်ပြီးငွေရှင်းမယ် ကြံတယ်။ ဒါပေမဲ့ သူကြီးက လက်ကာပြလိုက်ပြီး

“နေနေပါဦး လော့ပန်ရယ်။ ဒီအတိုင်းတန်းဆောက်လို့ မရဘူးဗျ။”

“ဘာပြုလို့တုန်း...”

“အဲဒီနေရာက ရွာနတ်ကွန်းရှိတဲ့နေရာဗျ။ နတ်ကွန်းကို အရင်ရွှေ့မှရမယ်။”

သူဌေးက နတ်ကွန်းဆိုတာလည်းကြားရော

“နတ်စင်လား၊ ဘာနဲ့ဆောက်ထားတာတုန်း။ သစ်သားနဲ့လား အုတ်နဲ့လား။”

“သစ်သားနဲ့ပါ၊ ကျွန်းတိုင်ကြီးတွေ ကောင်းမှကောင်းဗျာ။”

တရုတ်ကြီးက နောက်ငွေတစ်ထုပ်ထပ်ပေးလိုက်ပြီး

“မင်းရွှေ့စရာမလိုဘူး။ ဝအဲဒီနတ်ကွန်းကိုပါ ဝယ်လိုက်ပြီ။ ကျုပ်ခြံအတွက် အဲဒီတိုင်တွေ ပြန်သုံးမယ်။”

...

ခတ္တာက နတ်ကွန်းရှေ့မှာထိုင်နေရင်း တစ်စုံတစ်ခုကို စဥ်းစားနေပုံရတယ်။ ညဦးယံ လေပြေတွေက သူ့ဆံပင်ကို တိုက်ခတ်သွားတယ်။

“ငါဘာလို့ သူ့ကိုကယ်ခဲ့မိတာပါလိမ့်။”

ဒီလိုတွေးလိုက်ရင်း အလိုလိုပြုံးလိုက်မိပါတယ်။ သူရွာစောင့်နတ်ဖြစ်လာခဲ့ပေမဲ့ ရွာကသူတွေက သူဘယ်လိုရွာစောင့်နတ် ဖြစ်လာလဲဆိုတာကို သိတဲ့အတွက်ကြောင့် အစိမ်းသေ သရဲကြီးတစ်ကောင်ကို ကိုးကွယ်သလိုမျိုး ဖြစ်နေမှာစိုးတဲ့အတွက် သေချာပူဇော်ပသတာမျိုး မလုပ်ခဲ့ပြန်ဘူး။ ရွာစောင့်နတ် နောက်တစ်ခါ ပျောက်သွားမှာ စိုးရိမ်နေတဲ့ ရွာလူကြီးမိသားစုနဲ့ သူ့ကိုယ်ပိုင် မိသားစုကလွဲလို့ပေါ့။

အဖိုးနဲ့အဖွားက မျက်ရည်လေးတစမ်းစမ်းနဲ့ သူကြိုက်တတ်တဲ့ ငါးခြောက်ဖုတ်နဲ့ထမင်းပူပူကို ယူလာတတ်တယ်။ နောက်တော့ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားပြီး မူရင်းလူတွေ မရှိတော့သလို မှတ်တမ်းတင်မထားတဲ့ ဒီအကြောင်းတွေကို ရွာသားတွေ မမှတ်မိတော့ပေမဲ့ အဖိုးနဲ့အဖွားရဲ့မျိုးဆက်၊ ဝမ်းကွဲမိသားစုရဲ့ အဆက်အနွယ်တွေကတော့ ပညာရေး၊ ကျန်းမာရေး အကြောင်းမျိုးစုံပြပြီး ရောက်လာတတ်ကြတယ်။

အခုတော့ အဲဒီအဆွေအမျိုးတွေလည်း ရွာထဲမှာ တိမ်ကောသလောက်ဖြစ်နေပြီ။ ဒါပေမဲ့တစ်ယောက် ရှိနေသေးပြီး အဲဒါက အဲဒီကောင်လေးနဲ့အမေပါပဲ။

“ရေစက်ကြောင့်ပဲ ဆိုပါတော့....”

ခတ္တာက ကောင်းကင်ပေါ်မှာ ထွက်စပြုနေပြီဖြစ်တဲ့ ကြယ်တွေကို လက်ညိုးနဲ့ညွန်ပြလိုက်မိတယ်။

...

ရက်အနည်းငယ်ကြာတဲ့အချိန်မှာတော့ နတ်ကွန်းနားက တောအုပ်လေးထဲကို လူစိမ်းတချို့ရောက်လာပြီး မြေလာတိုင်းတယ်။ တချို့ကတော့ သစ်ပင်တွေကို ခုတ်ပိုင်းပစ်ဖို့ အမှတ်တွေ လိုက်မှတ်ကြတယ်။

“လွန်လွန်းတယ်လို့ နင်မထင်ဘူးလား။ ဒီနေရာက ငါတို့ရဲ့အိမ်ပဲ။ သင်းတို့တွေက ငါတို့အိမ်ကို ဖျက်ဆီးဖို့ ကြိုးစားနေကြပြန်ပြီ။”

ခတ္တာက အဲဒီမြင်ကွင်းကို ကြည့်နေတဲ့အချိန်မှာ အမှောင်ထုထဲမှာရှိနေတဲ့ အနက်ရောင်အရိပ်က ဒေါသနဲ့ပြောလိုက်တယ်။

“ရွာစောင့်နတ်အရှင်မ၊ ကျွန်တော်တို့ကို ကူညီပါဦး။ လူတွေက နတ်ကွန်းကိုရော တောအုပ်ကိုပါ မြေလှန်ပစ်မယ်လို့ ပြောနေတာကြားတယ်။”

အထွတ်အမြတ်မြေမလို့ အနီးအနားသစ်ပင်တွေမှာ ခိုကပ်နေရတဲ့ အင်အားနည်းတဲ့ ရုက္ခစိုး၊ တစ္ဆေသရဲ နာနာဘာဝအစရှိသူတို့လည်း လူစိမ်းတွေသစ်ပင် ခုတ်နေတာကိုမြင်ကြပြီး ကြောက်လန့်တကြားနဲ့ လာတိုင်တောတော့တာပေါ့။

“ငါဒီလောက်ထိ သူတို့ကို ကူညီပေးခဲ့တာတောင်မှလား။” ခတ္တာရဲ့ ညာဘက်ပါးပြင်ပေါ်ကို မျက်ရည်တစ်စက် စီးကျလာတယ်။ သူရွာကို စောင့်ရှောက်ခဲ့တဲ့ နှစ်မနည်းတော့ပါဘူး။

“ နင်အသက်ရှင်နေတုန်းကလည်း ဒီရွာသားတွေက နင့်ကိုအပယ်ခံဖြစ်အောင် လုပ်ခဲ့တယ်။ နင်သေအောင်လည်း ဒီရွာသားတွေကပဲ လုပ်ခဲ့တယ်။ နင်သေပြီးလို့ နတ်ဖြစ်တော့လည်း နတ်စဥ်မမီတဲ့နတ် ဖြစ်အောင်လုပ်ခဲ့တယ်။ အခုလည်း ငါတို့အိမ်ကိုဖျက်ဆီးနေပြန်ပြီ။”

ခတ္တာက မျက်လုံးကိုမှိတ်ထားလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပေမဲ့ ဘာမှပြန်မပြော ခဲ့ပါဘူး။ ဒါပေမဲ့...

“နင်ဘာမှမလုပ်ရဲရင် ငါလုပ်ရလိမ့်မယ်။” အနက်ရောင်အရိပ်က ခတ္တာဆီကို ချဥ်းကပ်လာပြန်တယ်။ ဒီတစ်ခါတော့ခတ္တာက အရိပ်ကို မတားဆီးခဲ့ဘူး။ အရိပ်ဟာ ခတ္တာရဲ့ကိုယ်ထဲ ဝင်ပူးကပ်သွားပြီးနောက် ခတ္တာရဲ့အဖြူရောင်ထိုင်မသိမ်းဝတ်စုံဟာ အနက်ရောင်အဖြစ်ပြောင်းသွားပြီး ထီးဟာလည်း အနီရောင်အဖြစ်ကိုပြောင်းသွားတယ်။ အထူးခြားဆုံးကတော့ သူ့မျက်လုံးတွေဟာ မီးတောက်မီးလျံတွေအဖြစ် ပြောင်းလဲသွားခဲ့တာပါပဲ။

...

“ဆွဲထားဆရာ... ဆွဲထား....”

သစ်ခုတ်သမားနှစ်ယောက်က နှစ်ယောက်ဆွဲ သစ်ခုတ်လွှကြီးကိုသုံးပြီး သက်တမ်းရင့်သစ်ပင် တစ်ပင်ကိုခုတ်ဖြတ်ဖို့ ကြိုးစားနေကြပါတယ်။ လွှသွားက ဟိုဘက်ဒီဘက်ထုတ်ချင်းဖောက်တဲ့ အချိန်အထိအောင် သစ်ပင်က လဲမကျတဲ့အတွက် သူတို့က သစ်ပင်ကိုစူးစမ်းကြည့်တယ်။

“ထူးဆန်းလိုက်တာ...” သစ်လုံးက ပင်စည်ကနေ ပြတ်ထွက်နေပြီ။ ဘာလို့မလဲသွားသေးတာလဲ။ အခြေမှာ လက်သန်းတစ်လုံးလောက် လွတ်နေတာကို။”

သူတို့နှစ်ယောက်က တစ်ယောက်ကိုယ်တစ်ယောက် ပြောလိုက်ရင်း သစ်လုံးကြီးကို သတိနဲ့တစ်ဖက်ကို တွန်းလှဲကြည့်ပေမဲ့ နည်းနည်းလေးမှ မရွေ့ဘူး။

သာမန်လူတွေမမြင်နိုင်တဲ့ အရာတွေကိုမြင်နိုင်တဲ့ မျက်လုံးရှိရင် မြင်တွေ့ရမှာက အနက်ဝတ်နဲ့ခတ္တာက ခြေတံရှည် အိမ်တစ်လုံးနီးပါးလောက် အရပ်အမြင့် ရှိနေပြီဖြစ်ပြီးတော့ သစ်လုံးကြီးကို လက်နဲ့ ကိုင်ထားတာပါပဲ။

“ငါ့နယ်ထဲက ထွက်သွားကြစမ်း၊ ငမိုက်သားတွေ။”

ဝုန်း...

ရုတ်တရက် လေနီကြမ်းကြီးတိုက်ခတ်လာပြီး သစ်ခုတ်သမားနှစ်ယောက်လုံး လေပေါ်မြောက်တက် သွားခဲ့ပါပြီ။ နောက်တော့ သူတို့နှစ်ယောက်လုံး ရွာလယ်လမ်းမပေါ်ပြုတ်ကျတယ်။ နှစ်ယောက်လုံး ခေါင်းနဲ့မြေပြင်နဲ့ရိုက်မိတဲ့အတွက်ကြောင့် ဇက်တစ်ခုလုံး ကျိုးကြေသွားပြီး ကွဲနေတဲ့ နဖူးကနေ သွေးတွေစီးကျလာတော့တာပေါ့။

ခတ္တာအနက်က သစ်ပင်ကို လက်လွှတ်လိုက်တယ်။ သစ်ပင်ပင်စည်က ဘာမှမဖြစ်ခဲ့တဲ့အလား အလိုလို ပြန်ဆက်သွားချိန်မှာတော့ ခန္ဓာကိုယ်အရွယ်အစားက သာမန်အတိုင်းပြန်ဖြစ်သွားပြီး နတ်ကွန်းထဲကို ပြန်ဝင်သွားတယ်။

“ငါ့အိမ်ကို ထိတဲ့သူတိုင်း သေရမယ်။”

All Chapters