← Chapters

ရွာစောင့်နတ်ဒဏ္ဍာရီ (အပိုင်း - ၅)

Vol. 10 Ch. 5

ရွာစောင့်နတ်ဒဏ္ဍာရီ (အပိုင်း - ၅)

Vol. 10 Ch. 5

ကိုခန့်တစ်ယောက် ရွာထဲကလူတွေရဲ့မူမမှန်တဲ့ အလေ့အထတချို့ကို သတိထားမိလာပါတယ်။ လူကြီးတွေ ဟိုတစ်စုဒီတစ်စုနဲ့ တိုးတိုးတိတ်တိတ် တစ်ခုခုပြောနေကြပေမဲ့ သူ့အနားကပ်လာပြီဆိုရင် စကားဆက်မပြောကြတော့ဘဲ အလုပ်လုပ်နေသလို ဟန်ဆောင်နေတာ သတိထားမိပြီ။

“မေမေတို့ ဘာပြောနေတာရဲဟင်။” ဆိုပြီးမေးလည်း အလကားပါပဲ။

“ကလေးက ကိုယ့်ဘာသာကိုယ်ဆော့နေ” ဆိုပြီး ကျောပြင်ကို ဗြောတင်လို့တင်။ ဆိုတော့ ကိုခန့်ခင်ဗျာ တစ်ခုခုလွဲနေတယ်ဆိုတာကလွဲလို့ ဘာဆိုဘာမှ မသိရဘူးရယ်။

ပုံမှန်ဆိုရင်တော့ ဂရုမစိုက်ဘဲ နေလိုက်မှာဆိုပေမဲ့ နားစွန်နားဖျားကြားရသလောက် ‘ရွာထိပ်နတ်ကွန်း' ‘သစ်ပင်ကြီးလဲကျ' စတာတွေကြားရတဲ့အတွက် သိချင်စိတ်က တအားဖြစ်နေပြန်ရော။

“ဒါလေးတောင် မင်းမသိဘူးလားကွ။” ပေစုတ်စုတ် နံပါတ်တစ်က ပြောလိုက်တယ်။ လူကြီးတွေကို မေးလို့မရတော့ ကလေးတွေကိုမေးဖို့ ကိုခန့် အကြံရလာပြီးနောက် စကားစပ်မိကြတာပါ။

“ဟိုနေ့က ရွာထိပ်နတ်ကွန်းနားက သစ်ပင်ကြီးတစ်ပင်ကို မြို့က တရုတ်ဝဖီးဖီးကြီးနဲ့အတူပါလာတဲ့ အလုပ်သမားနှစ်ယောက် လှဲဖို့လုပ်တာတဲ့။ ရုတ်တရက် လေပြင်းတွေတိုက်လာပြီး နှစ်ယောက်လုံးသေရောတဲ့။”

“ဟုတ်ရို့ရားကွာ....”

“လူကြီးတွေကတော့ နတ်ကွန်းကို ဖြိုဖို့လုပ်လို့ နတ်ကိုင်တယ် ပြောကြတာပဲ။”

ပေစုတ်စုတ်နံပါတ်တစ်က ကိုခန့်ကိုလိမ်စရာ ဘာအကြောင်းမှမရှိပေမဲ့ ကိုခန့်ကတော့ နည်းနည်းလေးမှနားမယောင်။ နတ်ကိုင်တာ မဖြစ်နိုင်လို့ ကျိန်းသေပေါက်ယူဆထားတဲ့ သူတစ်ယောက်မဟုတ်လား။

“အဲဒီနတ်မမဂျီးက သဘောကောင်းပါဂျယ်ကွ။ အဲဒီလိုဖြစ်စရာရား....”

“အေးပါ၊ မင်းလည်း အဲဒီကို ခဏခဏသွားမနေနဲ့ဦး။ သရဲက ဗိုက်ဖောက်စားသွားလိမ့်မယ်။”

...

ကျောင်းဆင်းချိန်ရောက်တော့ ကိုခန့်က ကျောင်း

က ရေစည်နားသွားပြီး ကိုယ်လက်သန့်ရှင်းရေး လုပ်တယ်။ ညစ်ပတ်ရင် ခတ္တာပြောတာခံရမှာစိုးလို့ ပေတေနေအောင် မဆော့တော့တာလည်းကြာပြီ။ ပလုတ်ကျင်း၊ မျက်နှာသစ်ပြီးနောက် သူက ရေစည်ထဲ ထင်ဟပ်နေတဲ့ ကိုယ့်မျက်နှာပုံကိုယ်ကြည့်ရင်း

“ဒီလောက်ချို ချောပြီရား...” လို့ပြောကာ ရွာနတ်ကွန်းဘက်ကို ပြေးသွားတော့တာပဲ။

...

“မမဂျီးရေ၊ မမဂျီး....”

ကိုခန့်တစ်ယောက် နတ်ကွန်းအနှံ ခတ္တာကိုလိုက်ပြီး ရှာခဲ့ပေမဲ့ ဘယ်သူ့ကိုမှမတွေ့ရ။ အရင်လိုပဲ ယူလာသမျှအကုန်စားမယ်ဆိုပြီး ပြောခဲ့ပေမဲ့လည်း ထွက်မလာတဲ့အဆုံး ပထမဆုံးတစ်ကြိမ်လုပ်ခဲ့တုန်းကလိုပဲ ခဲတစ်လုံးကိုကောက်ပြီး ခတ္တာစိတ်ဆိုးအောင် စဖို့လုပ်တော့တာပဲ။

“မမဂျီးထွက်မလာရင် ခဲနဲ့ပစ်မှာနော်။”

ခဲနဲ့ပစ်ဖို့ရွယ်တာတောင် ထွက်မလာတဲ့အတွက် ကိုခန့်က ပိုအတင့်ရဲလာပြီး သဏ္ဍာန်လုပ် သရုပ်တူအောင် လက်ကိုလွှဲလိုက်တယ်။

“တကယ်ပစ်ပြီနော်....”

ဘုန်း...

ကိုခန့်ထင်မထားခဲ့တာက သူ့လက်ထဲကနေ ခဲကချော်ထွက်သွားပြီး နတ်ကွန်းကိုသွားမှန် ခဲ့တာပါပဲ။

“ဟင်....”

ရုတ်တရက် ကိုခန့်တစ်ကိုယ်လုံး အေးစက်သွားတာ ခံစားလိုက်မိတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ကျသွားပြီး ခန္ဓာကိုယ်က အလိုလိုတုန်ယင် နေတာကို ရပ်လို့မရတော့ဘူး။ နောက်တော့ နတ်ကွန်းတံခါးက အလိုလိုပွင့်သွားပြီး တစ်စုံတစ်ယောက် ထွက်လာခဲ့တယ်။

အနက်ရောင်ထိုင်မသိမ်း၊ အနီရောင်ထီးနဲ့ အမျိုးသမီးတစ်ယောက်။ မျက်လုံးတွေက မီးတောက်မီးလျှံတွေနဲ့ပြည့်နှက်နေပြီးတော့ ကမ္ဘာပေါ်မှာတည်ရှိနေတဲ့ အရာအားလုံးကို မုန်းတီးနေတဲ့သူလိုမျိုး။

“ငါ့အိမ်ကို ခဲနဲ့ပေါက်ရဲတာ မင်းလား....”

ခတ္တာရဲ့ပုံစံက ထူးဆန်းနေခဲ့ပေမဲ့ ခတ္တာကိုမြင်ရရုံနဲ့ ကိုခန့်အရာအားလုံးမေ့သွားပြီး ပြေးသွားပါတယ်။

“မမဂျီးရေ၊ ရှေ့အပတ်ကျရင် စာမေးပွဲရှိတယ်တဲ့”

“သေစမ်း...”

ဒါပေမဲ့ ခတ္တာက သူပြောတာကို နားထောင်မနေဘဲ

လက်ထဲက ထီးကိုကိုင်ပြီး ဝေ့ယမ်းလိုက်ပါပြီ။

“အား....”

ပြင်းထန်လွန်းတဲ့ အားအဟုန်ကြောင့် ကိုခန့် လွင့်ထွက်သွားခဲ့တယ်။ နောက်တော့ ခြံဝင်းထဲမှာ ရှိနေတဲ့ တစ်ပင်တစ်ခုရဲ့အောက်ခြေမှာ ပုံလျက်သား ကျဆင်းသွားပြီး နာနာကျင်ကျင်နဲ့ပြန်ထကာ ခတ္တာကို ကြည့်လိုက်မိပါတယ်။

“နာတယ်ဗျ... အဲဒီလောက်အားဂျီးနဲ့မရိုက်နဲ့ရေ”

ဒါပေမဲ့ ခတ္တာက စကားတစ်ခွန်းမှမပြောဘဲ သူ့အနား ဖြည်းဖြည်းချင်းကပ်လာတဲ့အချိန်မှာတော့ တစ်ခုခု မှားနေခဲ့ပြီမှန်း သတိပြုလိုက်မိပါပြီ။ အရင်တည်းက ခတ္တာက အေးစက်ပေမဲ့ အခုလိုမျိုးအမုန်းတရားတွေ ပြည့်နှက်နေတဲ့ ပုံစံမျိုးမဟုတ်ပါဘူး။

“နောက်ဆို အိမ်ကိုခဲနဲ့မထုတော့ပါဘူးဂျာ... တောင်းပန်ပါဆယ်... တားမှားမှန်းသိပါပြီ၊ စိတ်မချိုးပါနဲ့တော့....”

ဒါပေမဲ့ ကိုခန့်ဘယ်လိုတောင်းပန်တောင်းပန် ခတ္တာက ကြားဟန်မပေါ်ဘဲ အနားမှာရပ်လိုက်တယ်။ သူ့မျက်လုံးတွေက မီးတောက်တွေကင်းစင်သွားတဲ့ တစ်ခဏတာမှာတော့ အမုန်းတရားကြောင့် လှုပ်ခါနေတဲ့ မျက်ဆန်နီနီတွေနဲ့ ခန္ဓာကိုယ်ပေါ်က မီးလောင်ထားတဲ့ ဒဏ်ရာတွေကို သတိထား လာခဲ့မိပါတယ်။

“မမခတ္တာ ဘာတွေဖြစ်သွားရဲဗျာ....” ကိုခန့်က ပြေးလို့မလွတ်နိုင်တော့မှန်း သိတဲ့အတွက်ကြောင့် မျက်လုံးကို မှိတ်ထားလိုက်ပြီး ထမင်းချိုင့်ကို ခေါင်းပေါ်မြှောက်ကာ ကာထားမိလိုက်ပါတယ်။ ခတ္တာကတော့ ထီးကိုနောက်တစ်ကြိမ် ရွယ်လိုက်ပြန်ပါပြီ။

ဘုတ်....

ရုတ်တရက် သူ့ပခုံးပေါ်ကို တစ်ခုခုပြုတ်ကျလာတာ သတိထားမိလိုက်တဲ့အတွက် မျက်လုံးဖွင့်ကြည့်တော့ ခတ္တာရဲ့ပုသိမ်ထီးက သူ့ရှေ့မြေပြင်မှာကျနေပြီး ခတ္တာရဲ့ဘယ်ဘက်လက်က သူ့ရဲ့ညာဘက်လက်ကို အတင်းဆုပ်ကိုင်ထားတာ မြင်လိုက်ရတယ်။ ခတ္တာရဲ့ မျက်နှာပေါ်မှာတော့ ရုန်းကန်နေရတဲ့အမူအရာကို မြင်ရပြီး မျက်လုံးတစ်ဖက်က ပုံမှန်မြင်နေကျ အပြာရောင်အဖြစ်ကို ပြန်ကူးပြောင်းလာတယ်။

“ထွက်သွား.... နင်ဒီကနေ ထွက်သွားတော့...

ဘယ်တော့မှ ပြန်မလာနဲ့တော့....”

နောက်တော့ ခတ္တာက အက်ကွဲနေတဲ့လေသံနဲ့ ကိုခန့်ကို အော်ဟစ်လိုက်တယ်။ ကိုခန့်လည်း ထိတ်လန့်ပြီးတော့ ထမင်းချိုင့်ကိုတောင် ပြန်မကောက်နိုင်တော့ဘဲ အိမ်ကိုတန်းပြေး ရတော့တာပေါ့။

...

ကြက်ခြံဆောက်မယ့်သူဌေးကြီးက အခုအခါမှာ နယ်မြို့လေးတစ်မြို့ပေါ်မှာရောက်နေပြီဖြစ်ပြီးတော့ သူ့တပည့်တွေနဲ့အတူ အိမ်တစ်လုံးထဲကို ဝင်လိုက် ပါတော့တယ်။ အိမ်ရဲ့ခေါင်းရင်းမှာ အဖြူရောင် ဝတ်စုံနဲ့ ပတီးစိပ်နေတဲ့ အထက်လမ်းဆရာလိုလို လူတစ်ယောက်ရှိနေပြီး သူဌေးကို ကြည့်လိုက်တယ်။ သူဌေးနဲ့အတူကပ်ပါလာတဲ့ ရွာသူကြီးကတော့ မျက်စိပျက်မျက်နှာပျက်နဲ့။

“ဘာကိစ္စရှိလို့လဲ။”

သူဌေးနဲ့သူကြီးက အသေးစိတ်ရှင်းပြီးနောက်မှာ သူဌေးက ဆရာကို ခပ်မာမာလေသံနဲ့ပြောလိုက် ပါပြီ။

“ပိုက်ဆံကြိုက်သလောက် ကုန်ပါစေဗျာ။ ဝရဲ့လူတွေကို သေအောင်လုပ်တဲ့ အဲဒီနတ်ဆိုတဲ့ အရာကိုနှင်ပေး။”

ဆရာလုပ်တဲ့သူကတော့ ခေါင်းခါပြလိုက်တယ်။

“ရွာစောင့်နတ်ဆိုတာ နှင်ကောင်းတဲ့အရာမဟုတ်ဘူး။ အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်။”

သူဌေးကတော့ ဆရာကိုဘုကြည့် ကြည့်လိုက်ပြီး အိမ်ထဲကနေ ထွက်သွားပါတယ်။ သူကြီးကတော့ နောက်ကနေလိုက်ရင်း....

“လော့ပန်၊ ခင်ဗျားပိုက်ဆံတွေ ကျုပ်ပြန်ပေးဆိုရင် ပေးပါ့မယ်ဗျာ။ အဲဒီမြေကို မသုံးပါနဲ့တော့လား။ ကျုပ်မှာ တခြားမြေပိုမြေလျှံမရှိပေမဲ့ တခြားရွာမှာ လိုက်ရှာပေးဆိုလည်း ရှာပေးကြမယ်။”

သူဌေးကတော့ သူကြီးစကားကြားတာနဲ့ ရှုးရှုးရှားရှားဖြစ်သွားပြီး သူကြီးကို မျက်စောင်း ထိုးလိုက်ပါပြီ။

“ဒီမယ်သူကြီး၊ အခုက ပိုက်ဆံကိစ္စမဟုတ်တော့ဘူး။ ဝဂုဏ်သိက္ခာကွ၊ ဝဂုဏ်သိက္ခာ။ တခြားလောပန်တွေ ဟောဒီဝ မြေဝယ်ပြီး ခြံမဆောက်နိုင်ဘဲ ပြန်လာရရင် ဘာပြောမလဲ။ ဝကိုမင်းတို့ တောသားတွေ နှပ်ချသွားတယ်ပဲ ထင်မှာပေါ့ကွ။ ဒီမြေပေါ်မှာ ရအောင် ခြံဆောက်မယ်။ ဒီဆရာမကူနိုင်ရင် ကူနိုင်တဲ့တခြားသူရှာပေး၊ ဒါပဲ။”

သူကြီးကလည်း တုန်တုန်ယင်ယင်နဲ့ဖြစ်နေပေမဲ့ “လော့ပန်၊ အဲဒီနတ်က ကျုပ်တို့တွေကိုလာသတ်ရင် မခက်ဘူးလား။”

“သူကြီး၊ ခင်ဗျားအခြေအနေကိုခင်ဗျား နားမလည်သေးဘူးထင်တယ်။ ဝအတွက် လူရှာပေး၊ မပေးနိုင်ရင် ယူထားတဲ့ငွေကို ဆယ်ဆပေါင်းပြီး ပြန်လျှော်ရမယ်။ ဒီလိုမဟုတ်ရင် မြို့ပေါ်က ခင်ဗျားသမီးလေး ဘာဖြစ်သွားမယ်ထင်လဲ။ ဝအဆက်အသွယ်တွေက နေရာတိုင်းမှာရှိတာနော်။”

“ဟုတ်... ဟုတ်ကဲ့ပါဗျာ၊ နောက်တစ်ယောက်တော့ ရှိပါသေးတယ်။ ဒါပေမဲ့ သူက အောက်လမ်း ကဝေမကြီးဗျ။ အဖိုးအခက သေးမှာမဟုတ်ဘူး။”

....

“ဟဲ့သား၊ ဘာဖြစ်လာတာလဲ။”

“စက်ဘီးနဲ့တိုက်မိတာပါဂျ ဟဲဟဲ။”

ကိုခန့်က အမေကိုဗြောင်လိမ်လိုက်ရင်း ရေချိုးဖို့ ရေချိုးခန်းထဲဝင်လိုက်တယ်။ နောက်တော့ ရေချိုးခန်းထောင့်မှာထိုင်ရင်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဥ်းစားပါတယ်။

‘မမခတ္တာက ဘယ်တုန်းကမှ အဲဒီလောက် စိတ်ဆိုးဖူးတာမဟုတ်ဘူး။ ဘာတွေဖြစ်ခဲ့တာလဲ။' နောက်တော့ တခြားကောင်လေးတွေပြောတဲ့ နတ်ကွန်းကို ဖြိုချပစ်မယ်ဆိုတဲ့အကြောင်းကို ပြန်စဥ်းစားမိပြီးနောက်မှာတော့....

“ သူတို့က မမဂျီးရဲ့အိမ်ကို ဖျက်ဆီးဖို့လုပ်နေတာကိုး။ ငါတစ်ဂုဂု ကူညီမှဖြစ်တော့မယ်။”

ကောင်လေးက ရေချိုးနေရာက ထထိုင်လိုက်တယ်။ ရုတ်တရက် စိတ်လောသွားပြီး အသံအကျယ်ကြီးနဲ့ အော်လိုက်မိတာကြောင့် အပြင်က အမေဆီကနေပြီး အော်သံကျယ်ကြီး ထွက်လာပါလေရော။

“ဟဲ့ကောင်လေး၊ နင်ဘာအရူးထပြန်တာတုန်း။”

....

တစ်ချိန်တည်းမှာလည်း ခတ္တာကလည်း နတ်ကွန်းရှေ့မှာထိုင်နေရင်း သူ့လက်ကိုသူ ဆုပ်ကိုင်ထားလိုက်မိတယ်။ သူ့တစ်ကိုယ်လုံးမှာ မီးလောင်ဒဏ်ရာတွေရှိနေပြီး အနက်ရောင်အရိပ်ကို သူကိုယ်ထဲဝင်ခွင့်ပေးမိတဲ့အတွက် ဖြစ်လာရတဲ့ ဆိုးကျိုးတွေပါ။

“နင်ဘာလို့ သူ့ကိုနာကျင်အောင် လုပ်လိုက်တာလဲ။”

“ငါကလည်းနင်ပဲ၊ နင်ကလည်းငါပဲ။ ငါလုပ်တာက နင်လုပ်တာပဲ။ နင်ဒီလိုပြောတာ မှားတယ်လို့ မထင်ဘူးလား။ အဆုံးသတ်မှာတော့ သူကနင့်ကို နာကျင်စေတဲ့ အဲဒီရွာသားတွေနဲ့ အတူတူဖြစ်နေတုန်းပဲ။ သူက နင့်အိမ်ကို ထိခိုက်စေခဲ့တာပဲ။”

“သူက ငါ့ကိုထွက်လာစေချင်ရုံလေးပဲ။ ငါ့ကို မနာကျင်စေချင်ဘူးလေ။”

“နင်အဲဒီလို အတတ်ပြောနိုင်လို့လား...”

“နင်ပါးစပ်ပိတ်ထား....” ခတ္တာက တစ်ယောက်တည်း စကားပြောနေရင်း အော်ဟစ်လို့နေပါတယ်။ တစ်ခါတရံ သူ့မျက်နှာသူဖြတ်ရိုက်လိုက်တာမျိုး ရှိတယ်။

“သွားပြီ... သွားပြီ... သူငါ့ကို အမြဲတမ်းကြောက် နေတော့မှာ...”

“နင်ကအမြဲတမ်း တစ်ယောက်တည်း ဖြစ်နေခဲ့တာလေ။”

“မဟုတ်ဘူး... မဟုတ်ဘူး.... ငါထပ်ပြီး အထီးမကျန်ချင်တော့ဘူး....”

“နင့်မှာအစကတည်းက ဘယ်သူမှရှိတာမဟုတ်ဘူး။ နင့်မှာလည်း ငါပဲရှိတယ်။ ငါ့မှာလည်းနင်ပဲရှိတယ်။”

ခတ္တာက ခေါင်းကိုသွင်သွင်ခါအောင်ယမ်းရင်း သူ့ဆံပင်တွေကို ဆုပ်ကိုင်ထားလိုက်ပါတယ်။

“တော်တော့... ငါ့ကိုယ်ထဲကနေ ထွက်သွားစမ်း၊ မကောင်းဆိုးဝါးမရဲ့။”

အား.... ဟားဟားဟား....

ရုတ်တရက် ခတ္တာရဲ့မျက်လုံးတွေက အနီရောင် ပြောင်းလဲသွားပြီး ရယ်မောလိုက်တယ်။ အရင်က မျက်လုံးတစ်ဖက်အပြာရောင်ဖြစ်နေခဲ့ပေမဲ့ အဲဒါက လုံးဝပျောက်သွားခဲ့ပြီ။

“ငါက နင်သေခါနီးအချိန် ဒီရွာသားတွေအပေါ် ထားရှိခဲ့တဲ့ အမုန်းတရားတွေနဲ့ကျိန်စာတွေကြောင့် ဖြစ်တည်လာတာ။ ငါက နင်အစစ်အမှန်ပဲလေ ခတ္တာရဲ့။”

ခတ္တာက သူ့မျက်နှာကိုသူ လက်ဖဝါးနဲ့ထောက်ရင်း

“နင်ကတော့ မသေခင်က ထားရှိခဲ့တဲ့ ကောင်းမွန်တဲ့ စိတ်ထားကြောင့် ဖြစ်တည်လာတာဆိုပေမဲ့ မျှော်လင့်ချက်ကင်းမဲ့တဲ့ ဒီလိုအခြေအနေမျိုးမှာ နင့်စိတ်ကိုယ်နင် ဖြူဖြူစင်စင် ထားနိုင်သေးလို့လား။ နင်သီးသန့်ခွဲထုတ်ထားခဲ့တဲ့ ငါ့ကိုပြန်ဝင်ခွင့် ပေးခဲ့တာလဲ နင်ပဲလေ။ ဟုတ်တယ်မဟုတ်လား။”

ခတ္တာက ထီးကိုကောက်ယူလိုက်ပြီး ရွာလမ်းမပေါ် တက်လိုက်တယ်။ သူ့မျက်လုံးတွေက မီးတွေနဲ့ တောက်လောင်နေပြီး အေးစက်စွာနဲ့ပြောလိုက်ပါပြီ။

“ကဲ... ဒီနေ့ည၊ ငါတို့တွေ လက်စားချေကြရင် မကောင်းဘူးလား။”

All Chapters