← Chapters

ရွာစောင့်နတ်ဒဏ္ဍာရီ (ဇာတ်သိမ်း)

Vol. 10 Ch. 6-final

ရွာစောင့်နတ်ဒဏ္ဍာရီ (ဇာတ်သိမ်း)

Vol. 10 Ch. 6-final

ခတ္တာက ရွာသူကြီးအိမ်ရှေ့မှာရပ်လိုက်ပြီး ထီးကို မြှောက်လိုက်တယ်။ မီးတောက်မီးလျှံတွေက သူ့နောက်မှာတက်လိုက်လာပြီး ရွာထဲက အခမ်းနားဆုံးအိမ်ကြီးကို မီးရှို့ဖို့အတွက် အသင့်ဖြစ်နေခဲ့ပါပြီ။

ဒါပေမဲ့ ထီးကိုမြှောက်လိုက်တဲ့အချိန်မှာပဲ သူ့မျက်လုံးတွေ ထပ်အရောင်ပြောင်းသွားပြီး မျက်ရည်တွေစီးကျလာပြန်တယ်။ ကြောက်လန့်နေတဲ့ ကောင်လေးရဲ့ပုံရိပ်ကို ပြန်မြင်ယောင်လာခဲ့လို့ပါ။

“ငါကာကွယ်ပေးရမယ့်သူတွေကို ထပ်ပြီးတော့ မနာကျင်စေချင်တော့ဘူး။”

ခတ္တာက ထီးကိုပြန်ချလိုက်တယ်။ ဒါပေမဲ့တစ်ခါတစ်ခါတော့ အနက်ရောင်အရိပ်ဆီက ငြင်းဆန်ချင်တဲ့စကားသံမျိုး ထွက်ပေါ်လာတတ် ပါတယ်။

“ သူတို့က နင့်ကိုလောင်မြိုက်စေခဲ့တာ။ ငါတို့ရဲ့အိမ်ကို ဖျက်ဆီးဖို့ကြိုးစားခဲ့တာ။”

“ဒါပေမဲ့ ငါလက်စားချေလိုက်လို့ ဘာပြန်ရမှာ မလို့လဲ။” ခတ္တာက တုန်ယင်နေတဲ့လက်ကို ပြန်ဆုပ်ကိုင်ထားလိုက်တယ်။

“ငါ့ကိုသူတို့က မီးလောင်တိုက်သွင်းတဲ့အတွက် ငါသူတို့ကို မုန်းခဲ့တယ်။ ငါသူတို့ကို မီးလောင်တိုက် သွင်းခဲ့ရင်လည်း သူတို့က ငါ့ကိုမုန်းကြဦးမှာပဲ။”

“ဒီတော့ နင်က သူတို့လုပ်တိုင်း ဆက်ငြိမ်ခံနေဖို့ ဆုံးဖြတ်ထားတာလား။ နင်ရူးနေပြီပဲ။”

ရုတ်တရက် ခတ္တာရဲ့မျက်လုံးတွေက အနီရောင်ဘက် သန်းလာပြန်ပြီး တစ်ယောက်တည်းအော်ဟစ် နေပြန်ပါတယ်။ ရွာထဲကလူတွေကတော့ အသံတွေကြောင့် ပြတင်းပေါက်အပြင်ကို ကဲကြည့်နေကြပြီး ထိတ်လန့်နေကြပုံပေါ်တယ်။

“ရွာသူကြီးအိမ်မှာ ဘာဖြစ်တာလဲမသိဘူးဟေ့။ စုန်းမီးလုံးကြီးတွေလားမသိဘူး၊ နှစ်လုံးတောင် အိမ်ရှေ့မှာမျောနေတာဟ။”

“ရွာသူကြီးက နတ်ကွန်းကိုရောင်းစားဖို့လုပ်လို့ မမြင်အပ်တဲ့အရာတွေ ဒေါသထွက်ကုန်ပြီနဲ့တူတယ်။”

...

တစ်ချိန်တည်းမှာပဲ ရွာလမ်းမပေါ်မှာသွားနေတဲ့ အနက်ရောင်ဝတ်ခတ္တာကိုမြင်လိုက်တဲ့ ကောင်လေး မင်းခန့်ကလည်း အိမ်ပေါ်ကပြေးဆင်းလာတယ်။

ရွာသူကြီးအိမ်ကို မီးရှို့ဖို့လုပ်နေတဲ့ သူ့ကိုတွေ့တော့ နောက်ကနေပြီး ထီးကိုပြေးဆွဲတော့တာပဲ။

“မမဂျီး၊ အဲဒီလိုလုပ်လို့မဖြစ်ဘူး။ မေမေပြောတာ ရွာစောင့်နတ်တွေက တားတို့ကိုကာကွယ်ပေးဖို့ ရှိနေတာတဲ့။ အဲဒီလိုလုပ်လိုက်ရင် မမဂျီး မကောင်းတဲ့နတ် ဖြစ်တွားမှာတဲ့။”

ရုတ်တရက်အနားကိုရောက်လာတဲ့ ကလေးကြောင့် ခတ္တာက ကလေးကိုကြည့်လိုက်တယ်။ ညနေက ရိုက်မိထားတဲ့ဒဏ်ရာကြောင့်ဖြစ်နေတဲ့ ခြစ်ရာတွေ အခုထိရှိနေတုန်းပဲ။

“မင်း၊ ငါ့ကိုမကြောက်ဘူးလား။”

“နင်၊ ငါ့ကိုမကြောက်ဘူးလား။”

ခတ္တာရဲ့အသံက နှစ်ထပ်ဖြစ်နေတယ်။ တစ်ခုက ချိုသာပြီး တစ်ခုက အမုန်းတရားတွေနဲ့ပြည့်နှက်လို့။ ကိုခန့်က ခေါင်းခါလိုက်တယ်။

“အစ်မခတ္တာက တားကို စာလည်းကူပြပေးတယ်၊ ဒုက္ခရောက်ရင်လည်း ကူညီပေးတယ်လေ။ အစ်မအိမ်ကို ခဲနဲ့ပစ်မိလို့ တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီလောက်လေးနဲ့တော့ အစ်မက မကောင်းတဲ့အရာတစ်ခု မဖြစ်တွားသင့်ဘူးမဟုတ်ရား။”

“မေမေက တအားဒေါသထွက်ရာရင် တစ်နေရာမှာ ငြိမ်ငြိမ်လေးထိုင်လိုက်လို့ သင်ပေးထားတယ်။ ဒေါသထွက်တာမကောင်းဝူးတဲ့။”

ခတ္တာက ပြုံးလိုက်တယ်။ အနက်ရောင်အရိပ်တွေ သူ့ဆီမှာရှိနေသေးပေမဲ့ လျော့ပါးသွားခဲ့ပြီ။ နောက်တော့...

“တကယ်ပါပဲ၊ ဒီအသက်ရာကျော်နေတဲ့ အမျိုးသမီးကို ကလေးတစ်ယောက်က ပြန်ဆုံးမနေရတယ်လို့။”

ခတ္တာက ခါးကိုကိုင်းညွတ်လိုက်ပြီး ကိုခန့်ကို ပွေ့ဖက်ထားလိုက်တယ်။

“ဒီတစ်ခါတော့ မင်းပြောတာ နားထောင်လိုက်မယ်။”

...

ကိုခန့်မျက်လုံးဖွင့်လိုက်တော့ အိပ်ရာထဲ ပြန်ရောက်နေပြီ။ မနေ့ညက အိမ်စောင့်နတ်အစ်မကြီးကိုတားပြီး ကြောက်လွန်းလို့ သတိမေ့သွားခဲ့တာ။ အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းတောင် မမှတ်မိတော့ဘူး။ နောက်ကျမှ တစ်ခုခုကို ပြန်တွေးလိုက်မိပြီး အိမ်ပေါ်ကနေ အပြေးဆင်းကာ မနက်စာချက်နေတဲ့အမေ့ကို သွားရှုပ်တော့တာပဲ။

“မေမေ၊ ရွာသူကြီးက ရွာထိပ်နတ်ကွန်းကို ပိုင်ရို့လားဟင်။”

“ဘယ်က ပိုင်ရမှာလည်းသားရယ်။ လယ်မြေမှ မဟုတ်တဲ့ဟာကို။ ဒီအတိုင်းရွာအပိုင်ထဲ ပါနေတဲ့ဥစ္စာ။”

“အီးယား... ရွာအပိုင်က ရွာသူကြီးအပိုင် မဟုတ်ဝူးရား....”

မေမေက စိတ်ရှုပ်လာပြီးတော့ အကြံကြီးတစ်ခုကို ကြိုးစားပမ်းစားနဲ့ကြံနေတဲ့ ကိုခန့်ကို ငုံကြည့်တယ်။ သေချာကြည့်မှ ကိုခန့်လည်း သူ့အမေက မမခတ္တာနဲ့ နည်းနည်းဆင်တာသတိထားမိပါတယ်။ နည်းနည်းပို အသက်ကြီးပြီးတော့ လူသားတစ်ယောက်ဖြစ်လို့ ရာသီဥတုဒဏ်နဲ့ပင်ပန်းမှုဒဏ်ခံထားရပုံပဲရှိတာ။

“ဒီစပ်စုတဲ့ကလေးနဲ့တော့၊ ဘယ်လိုရှင်းပြရမလဲ မသိတော့ဘူး။ ဒီလိုသားရေ၊ သားတို့ကျောင်းက ကျောင်းအုပ်ကြီးက ကျောင်းကိုပိုင်လား။”

ကိုခန့် ခေါင်းခါပြလိုက်တယ်။ မပိုင်တာ အသိအသာကြီးကို။

“အဲဒီလိုပဲလေ၊ သားရဲ့....”

“ဒါဖြင့် ဒီလူဂျီးက သူမပိုင်တာကို ရောင်းချားနေတာပေါ့။ မကောင်းလိုက်တာဂျာ။”

“သူကြီးဆိုတော့လည်း အမေတို့က ဘယ်တတ်နိုင်မှာတုန်း....”

မေမေက စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချတယ်။ ရွာနတ်ကွန်းကိုဖယ်မယ့်ကိစ္စကို ကိုခန့်တင်မဟုတ်ဘဲ တစ်ရွာလုံးမကြိုက်ကြ။ ရွာနတ်ကွန်းကို ရွာသားတွေ အဖက်မလုပ်ကြဘူးဆိုပေမဲ့ သူကြီးလွန်တာကိုတော့ သတိထားမိကြတယ်။ ဒီအတိုင်း ဝင်မပြောရဲကြရုံပါ။

“မေမေ၊ တားတို့ရွာမှာ ရွာသူကြီးကို နိုင်မယ့်သူများ ရှိလားဟင်....”

ကိုခန့်အမေက တွေးလိုက်တယ်။ ကိုခန့်က ကလေးမလို့ သိချင်စိတ်ပြင်းပြစွာနဲ့ မေးနေတယ်လို့သာထင်နေပြီး ကိုခန့်ရဲ့တည်ကြည်ပြီး ဆုံးဖြတ်ချက်ခိုင်မာတဲ့ မျက်လုံးတွေကိုတော့ မမြင်ခဲ့ပါဘူး။

“ရွာဦးကျောင်းက ဆရာတော်လို့ ပြောရမလား။ သူကြီးငယ်ငယ်က ဘုန်းကြီးကျောင်းသားလေ။ ဟေ့ကောင်ဆိုပြီး နွားရိုက်တုတ်နဲ့လိုက်ရိုက်ရင် ပြေးရမှာပဲ။”

မေမေက ကလေးဆိုပြီး လွယ်လွယ်နဲ့ရှင်းပြပေမဲ့ ကိုခန့်ခေါင်းထဲမှာတော့ အမေကသူ့ကိုရိုက်တာနဲ့ ဘဘုန်းကြီးက ရွာသူကြီးကိုရိုက်တာ အတူတူပဲလို့ ပြေးမြင်လာပြီး မျက်လုံးတွေအရောင်တောက်လာ ပါလေရော။

“ဂျပေါပေါက်ပြီ၊ ဘုန်းဘုန်းဘုရားကို အခုပဲ သွား

လျှောက်လိုက်ပါမယ်မေမေ။”

အဲဒီနောက်တော့ ကိုခန့်အိမ်ထဲကနေ ပြေးထွက်သွားတော့တာပဲ။

“ဟဲ့ဟဲ့ကောင်လေး၊ တကယ်သွားမပြောနဲ့လေ။ အကုန်လုံးရှုပ်ကုန်တော့မှာပဲ။ ပြီးတော့ဆရာတော်က ကျောင်းမှာတောင် ရှိရဲ့လားသိတာမဟုတ်ဘူး။”

...

ရွာနတ်ကွန်း။

ခတ္တာရဲ့အခြေအနေက အများကြီးတည်ငြိမ် သွားခဲ့ပါပြီ။ မျက်လုံးတစ်ဖက်က အပြာ၊ တစ်ဖက်က အနီဖြစ်နေသေးပြီး ထိုင်မသိမ်းအပေါ်ကအဖြူ၊ အောက်ကအနက်ဖြစ်နေခဲ့ပေမဲ့ မတူညီတဲ့ခတ္တာ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်မနေတော့ပါဘူး။

“အဲဒီကလေးက ထူးခြားတယ်လို့ မထင်ဘူးလား။ နင့်ရဲ့မကောင်းတဲ့ပုံရိပ်ဖြစ်တဲ့ ငါ့ကိုမကြောက်ဘူး။”

ခတ္တာအနက်ရောင်က ပြောလိုက်တော့ ခတ္တာအဖြူက “အဲဒီလိုမဟုတ်ဘူး၊ ငါက ငါတို့နှစ်ယောက်လုံးကို ခတ္တာလို့လက်ခံထားခဲ့ပြီး ငါတို့နှစ်ယောက်လုံးကို မကောင်းတာမလုပ်စေချင်ရုံပဲ။ ဒီလိုမှမဟုတ်ရင် နင့်ကိုငါ့ကိုယ်ထဲကနေ မောင်းထုတ်ဖို့ ကြိုးစားမှာပဲ။”

သူတို့နှစ်ယောက်က ပုသိမ်ထီးကိုဖွင့်ရင်း ပခုံးပေါ်တင် ချာခနဲလှည့်ကာကစားလိုက်တယ်။

“လူသားတွေရဲ့သက်တမ်းက ငါတို့တွေအတွက် ဖယောင်းတိုင်တစ်တိုင်စာလောက်ပဲရှည်လျားပေမဲ့ သူတို့ရဲ့ လောကကြီးပေါ်အမြင်က ငါတို့တွေကိုတောင် ပြောင်းလဲပစ်နိုင်တာပဲ။”

ခတ္တာက ခပ်ဟဟ ရယ်မောလိုက်တယ်။ အရင်လို အေးစက်နေတဲ့ပုံစံမျိုးမရှိတော့သလို အမုန်းတရားနဲ့ ပြည့်နှက်နေတဲ့ပုံစံလည်း မဟုတ်တော့ဘူး။ အဲဒီအစား အများကြီးပေါ့ပါးသွားသလိုပါပဲ။

“ဒါပေမဲ့... နင်လုပ်လိုက်တဲ့ရွေးချယ်မှုက ငါတို့ကို ဒီကပ်ဘေးကနေ လွတ်မြောက်စေနိုင်ပါ့မလား။”

ခတ္တာက ပြောလိုက်ရင်း နတ်ကွန်းနယ်မြေအဝင်ဝကို ကြည့်လိုက်ပါတယ်။ ထမီကိုဇောက်ထိုးဝတ်ထားတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က မြွေပုံစံ ထွင်းထားတဲ့ တောင်ဝှေးကြီးကိုအားပြုပြီးတော့ နတ်ကွန်းနားကိုကပ်လာနေတယ်။ သူ့နောက်မှာတော့ ကြောက်ရွံ့နေပုံရတဲ့ သူကြီးနဲ့သူဌေး။

“အရီးဒေါ်မြ၊ ဒီနေရာပါပဲခင်ဗျ။ ရွာစောင့်နတ်ကို နှင်ပေးတော်မူပါ။”

ခတ္တာနဲ့အရီးဒေါ်မြ မျက်လုံးချင်းဆုံသွားတယ်။ ခတ္တာရင်ထဲမှာ မကောင်းခံစားလာရတယ်။ သူ့ရှေ့က အဒေါ်ကြီးက အသက်ငါးဆယ်ထက် ပိုကြီးတဲ့ပုံ မရပေမဲ့ ရွာစောင့်နတ်ဖြစ်တဲ့ သူကိုယ်တိုင်ထက် အသက်ကြီးနေသလို ခံစားရပါတယ်။

“မကောင်းတဲ့ကဝေမ၊ ဒီရွာက ငါစောင့်ရှောက်ရတဲ့ ရွာပဲ။ ငရဲအိုးထဲ ဇောက်ထိုးမဆင်းချင်ရင် ခုချက်ချင်း ထွက်သွားလိုက်။”

ရုတ်တရက် ခတ္တာရဲ့အသံက ဟိန်းထွက်လာတယ်။ သူဌေးနဲသူကြီးက ခတ္တာကိုမမြင်ဘဲ အသံကိုသာ ကြားနိုင်ပုံရပြီး တဆတ်ဆတ်တုန်ယင်နေကြတယ်။

အရီးမြကတော့ ရယ်မောလိုက်ရင်း “ဟီးဟီးဟီး... ကောင်မရယ်၊ နင်က ဒီရွာကို ငါပေးခဲ့တဲ့ အစီအရင်ကြောင့် ရွာစောင့်နတ်ဖြစ်လာတဲ့ ဟာမပါ။ နင်က ငါ့ကိုနိုင်မယ်ထင်နေတာလား။ ဟဲ့အကောင့်၊ သူ့ပြာနဲ့အမိန့်စာ ငါ့ကိုပေးစမ်း။”

အရီးမြက သူကြီးကို လက်ဖြန့်ပြတော့ သူကြီးက လွယ်အိတ်ထဲကနေပြီး အရိုးပြာအိုးလေးအိုးနဲ့ သတ္တုကျုတ်လေးတစ်ခုကို ကမ်းပေးလိုက်တယ်။

“နင့်ခန္ဓာကိုယ်အစစ်က ငါ့ဆီမှာရှိနေမှတော့ နင်ငါ့ကို ဘယ်လိုအာခံမလဲ။” အရီးမြက ပြောပြောဆိုဆိုနဲ့ ဂါထာမန္တန်တွေရွတ်ပြီး အရိုးအိုးတွေကိုပစ်ချကာ တောင်ဝှေးနဲ့ထောက်ထားလိုက်တယ်။

ခတ္တာက သူ့ခန္ဓာကိုယ်ကိုတစ်ခုခုနဲ့ ဖိထားသလို ခံစားလိုက်ရပြီး ဒူးထောက်ကျသွားတယ်။

“ငါက ဟိုးနှစ်ပေါင်းများစွာကတည်းက နင့်ကို ပညာစဥ်တက်ရင်သုံးဖို့ စီစဥ်ထားခဲ့တာဟဲ့။”

နောက်တော့ အရီးမြက ပါးစပ်ကိုဟလိုက်ပြီး စိမ်းရွှေရွှေအငွေ့အသက်ထွက်က အာခေါင်ထဲက ထွက်လာကာ ခတ္တာကိုဝါးမျိုဖို့လုပ်တယ်။

“စိတ်မချိပါနဲ့....”

ဝှီး...

အဲဒီအချိန်မှာပဲ လက်သီးတစ်ဆုပ်စာ ခဲလုံးတစ်လုံးက အရီးမြခေါင်းကို သွားမှန်တယ်။

“သေပါပြီဟဲ့....” အရီးမြလည်း ခဲကြောင့်ခေါင်းပေါက်သွားပြီး အခြေယိုင်သွားတော့တာပေါ့။ ခြုံထဲမှာ ပုန်းနေတဲ့ ကောင်စုတ်လေးကိုခန့်ကတော့ ပြေးပြီးတော့ အရိုးပြာအိုးတွေကို ဝင်လုတော့တာပဲ။

“သောက်ကလေးကများ....” အရီးမြက တောင်ဝှေးကိုမြှောက်ပြီး အရိုးအိုးတွေကို မနိုင့်တနိုင့်မပြေးနေတဲ့ ကိုခန့်ကိုရိုက်ဖို့ လုပ်လိုက်ပေမဲ့ ခတ္တာက ထီးကိုဖွင့်ပြီး ဝင်ကာလိုက်တယ်။

“ရှင်ရောက်နေတာ ကျွန်မနယ်မြေထဲမှာနော်။”

“နင်ရောက်နေတာ ငါ့နယ်မြေထဲမှာနော်။”

မိန်းကလေးနှစ်ယောက်ရဲ့အသံက တစ်ပြိုင်တည်း ထွက်ပေါ်လာပြီးနောက် နတ်ကွန်းတောအုပ်ရဲ့ သစ်ပင်တွေက လှုပ်ခါလာကာ ရုက္ခစိုးတွေ နာနာဘာဝတွေရဲ့အော်သံတွေနဲ့ပြည့်နှက်လာတယ်။

“ လူဆိုးတွေကို မောင်းထုတ်”

“ လူဆိုးတွေကို မောင်းထုတ်”

ကူးကူးကားကားကား....

ဘုတ်... ဘုတ်....

မည်းမည်းအကောင်ကြီးတွေ တောအုပ်ထဲကနေ ထွက်လာချိန်မှာတော့ သူဌေးနဲ့သူကြီးတို့လည်း မဟန်နိုင်တော့ဘဲ ရွာလယ်လမ်းမပေါ်ကို တက်ပြေးကြတော့တာပဲ။ ဒါပေမဲ့ ရွာလယ်လမ်းမပေါ်မှာ သူတို့ကိုစောင့်နေတဲ့သူ တစ်ယောက်ရှိနေပြီးတော့ နွားရိုက်ကြိမ်လုံးကြီးနဲ့ ဘုန်းတော်ကြီးတစ်ပါးပါပဲ။

“ဟေ့ဒကာ၊ ဝေလင်း။ ကိုယ်တော် မြို့ကနေ ဆေးကုပြီး ပြန်လာရုံပဲရှိသေးတယ်။ ဒကာက လောဘတက်ပြီး မလုပ်သင့်တာတွေ လုပ်နေတယ် သတင်းရတာပဲ။ ကြည့်ရတာ ရွှေကြိမ်နဲ့နာနာဆော်မှ မှတ်မယ်ထင်တယ်။”

“ဆ... ဆရာတော်ဘုရား.....”

....

အနိုင်ဖဲကို ဆုံးရှုံးသွားပြီးချိန်မှာတော့ အရီးမြလည်း ပညာစဥ်ဘယ်လောက်မြင့်မြင့် ရွာစောင့်နတ်ကို မနိုင်တော့ပါဘူး။ ထမိန်ကို ခေါင်းမြီးခြုံပြီးတော့ လင်းတကြီးအဖြစ်ပြောင်းကာ ကောင်းကင်ပေါ် တက်ပြေးတော့တာပါပဲ။

“အကောင်နဲ့ကောင်မနှစ်ကောင် နင်တို့ကို ငါမှတ်ထားမယ်။ ထပ်တွေ့လို့ကတော့ မလွယ်ဘူးမှတ်။”

လင်းတရုပ်ဆိုးဆိုးကြီးက မနိုင်ဘဲ အသက်လုပြေးရတဲ့အချိန်မှာတောင် လေသံမာနေသေးတဲ့အတွက် ခတ္တာနဲ့ကိုခန့် နှစ်ယောက်လုံး ရယ်မောလိုက်ကြပါတော့တယ်။

....

ရက်အနည်းငယ်ကြာပြီးနောက်။

ရွာသူကြီးကို ရွာဦးကျောင်းဆရာတော်ဘုရား ဆုံးမပြီးတဲ့နောက်မှာတော့ မြေရောင်းမယ့်အသံ တိတ်သွားခဲ့ပါပြီ။ လောပန်ဆိုတဲ့သူဌေးကလည်း ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကို မြင်ရပြီးနောက်မှာ ရွာမှာတစ်ရက်တောင်မနေရဲဘဲ ပြန်သွားလေရဲ့။ ပြန်တဲ့အချိန်အထိတောင် ‘မည်းမည်းအကောင်ကြီးတွေ' ‘မည်းမည်း အကောင်ကြီးတွေ'ဆိုပြီး ပြောနေတာတဲ့။

ညနေခင်းအချိန်မှာ ကောင်လေးကိုခန့်က နတ်ကွန်းကိုအပြေးရောက်လာပြီး ရီပို့ကတ်ကို ပြလိုက်တယ်။

“မမဂျီးရေ၊ ဒီတစ်ခေါက် တားပထမရတယ်။”

“အင်း....” ခတ္တာက ပြုံးပြလိုက်ပေမဲ့ သူ့ပုံစံက ဝမ်းနည်းနေသလိုပါပဲ။

“ဘာဖြစ်လို့လဲ၊ မမခတ္တာ။” ကောင်လေးက အကဲခတ်ရင်းနဲ့ မေးလိုက်တယ်။

“ငါဒီရွာကနေ ထွက်သွားရတော့မယ်။” လေပြေတစ်ချက် တိုက်ခတ်သွားပြီးနောက် ခတ္တာရဲ့ဆံပင်တွေက လေနဲ့အတူပြန့်လွင့်လို့။

“ငါ စိတ်ရိုင်းဝင်နေတုန်းက လူနှစ်ယောက်ကို သတ်လိုက်မိတယ်လေ။” ခတ္တာက နောင်တကနေဟန်နဲ့ ပြောလိုက်ပါတယ်။

“ဒါပေမဲ့ အဲဒီတုန်းက မမက...” ကိုခန့်က တစ်ခုခု ပြောဖို့ကြိုးစားပေမဲ့ ခတ္တာက ကောင်လေးနှုတ်ခမ်းကို လက်ညိုးနဲ့ပိတ်ထားလိုက်တယ်။

“အဲဒီတုန်းက ငါကလည်းငါပဲ၊ အခုငါကလည်း ငါပဲလေ။”

ကိုခန့် ခတ္တာရဲ့မျက်နှာကိုသေချာကြည့်လိုက်တော့ အနီနဲ့အပြာမျက်လုံးတွေက သူ့ကိုစိုက်ကြည့်နေပြီး နှစ်ခုလုံးက တူညီတဲ့အဓိပ္ပါယ်ကိုပဲ ဖော်ဆောင်လို့။

နောင်တ...

“နတ်မင်းကြီးတွေက ငါ့ကိုတခြားနေရာပြောင်းဖို့ အမိန့်ချလိုက်ပြီ။ လူတွေနဲ့အဝေးဆုံးမှာရှိနေတဲ့ ကျောက်တုံးတစ်တုံးမှာ နေရတော့မှာ။”

ခတ္တာရဲ့စကားကြောင့် ကိုခန့်ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်။ နောက်တော့ ငိုချင်နေတဲ့ မျက်လုံးတွေကို လက်နဲ့ပွတ်သပ်ရင်း....

“ဒါဆို မမက ဘယ်တော့မှပြန်မလာတော့ဘူးလား။”

“နတ်မင်းကြီးတွေက ခဏတာပြစ်ဒဏ်လို့ ပြောတာမလို့ တစ်ချိန်ကျရင် ပြန်လာနိုင်မှာပါ။ ဒါပေမဲ့ အဲဲဒီအချိန်ကျရင် မင်းလည်း....”

ဒီတစ်ခါတော့ မင်းခန့်က ခတ္တာစကားကို အဆုံးထိ နားမထောင်နေဘဲ ဖြတ်ပြောလိုက်တယ်။

“ကျွန်တော် အစ်မပြန်လာတဲ့အထိ ဒီမှာပဲ သေချာပေါက် စောင့်နေမယ်။”

ခတ္တာရဲ့မျက်နှာပေါ်က အပြုံးပျောက်သွားပြီး ကောင်လေးခေါင်းကိုသာ ညင်သာစွာ ပုတ်ပေးလိုက်လေရဲ့။

...

လူသားတွေရဲ့သက်တမ်းဟာ နတ်ဒေဝါတွေနဲ့ယှဥ်ရင် ပန်းတစ်ပွင့်ပွင့်လန်းလာပြီး ကြွေကျတဲ့ဖြစ်စဥ်၊ ဖယောင်းတိုင်တစ်တိုင် လောင်ကျွမ်းသွားတဲ့ကြာချိန်လောက်သာ ရှိသတဲ့။ ဒီလောက်သာသက်တမ်းရှိပေမဲ့ လူသားတွေရဲ့စိတ်အစဥ်ဟာ တစ်စက္ကန့်အတွင်း အတွေးအစဥ်များစွာကို ပြောင်းလဲနိုင်စွမ်း ရှိလေသတဲ့။

လူသားတွေဟာ အရွယ်ရောက်လာတာနဲ့အမျှ၊ ပူပန်စရာတွေများလာမယ်။ အရင်လိုဖြူစင်တဲ့ စိတ်တွေမရှိကြတော့ဘူး။ များပြားလာတဲ့ မှတ်စရာတွေကြားထဲမှာ အရင်ကအမှတ်တရဟောင်းတွေဟာ မြုပ်နှံခံလိုက်ရတတ်တယ်။

ဒါကြောင့် တစ်စုံတစ်ယောက်ကို ထာဝရစောင့်နေဖို့ ဖြစ်နိုင်ပါရဲ့လား။ တကယ်လို့ စောင့်နိုင်ခဲ့ရင်တောင် အဲဒီပုဂ္ဂိုလ်အတွက် ပေးဆပ်လိုက်ရမယ့် လူသားတစ်ယောက်ရဲ့အချိန်က တန်ပါရဲ့လား။

ထိုက်တန်တယ်လို့ ဆုံးဖြတ်ခဲ့ရင်တောင်မှ.... လူသားတွေရဲ့အားနည်းလှတဲ့မှတ်ဉာဏ်ကြောင့် ကိုယ်စောင့်နေတဲ့သူကိုရော မေ့သွားတာမျိုး မဖြစ်နိုင်ဘူးလား။

ပထမတော့ ကိုယ်စောင့်နေတဲ့သူရဲ့မျက်နှာဟာ ကိုယ့်မှတ်ဉာဏ်တွေထဲမှာ ဝေဝါးလာလိမ့်မယ်။ အဲဒီလူရဲ့ရနံနဲ့နွေးထွေးမှုကို မကြာခင်မှာ မေ့သွားလိမ့်မယ်။ သူ့ရဲ့ဆံပင်ပုံစံဘယ်လိုရှိလဲ မေ့သွားလိမ့်မယ်။ ဝတ်ဆင်နေကျအဝတ်အစားရဲ့ အရောင်ကိုမေ့သွားလိမ့်မယ်။ နောက်ဆုံးတော့ မင်းရဲ့မှတ်ဉာဏ်ထဲမှာ သူဟာအဖြူအမည်းပုံရိပ် တစ်ခုထပ်ပိုတော့မှာမဟုတ်ဘူး။

အတူဖြတ်ကျော်ခဲ့ရတဲ့ အမှတ်တရတွေဟာ ပျောက်ကွယ်သွားတော့မယ့် ပိုးစုန်းကြူးလေးတွေလိုမျိုး မှေးမှိန်လာလိမ့်မယ်။

ဒီလိုနဲ့အချိန်တွေကြာလာတဲ့အခါ အဲဒီနာမည်ကို နေ့တိုင်းလိုလို သတိရနိုင်ပါဦးမလား။ အတူဆုံနေကျ နေရာလေးမှာ သူ့အကြောင်းအမြဲ စဥ်းစားနိုင်ပါဦးမလား။

တဖြည်းဖြည်းနဲ့ သူရှိနေဖူးတယ်ဆိုတဲ့ ခံစားချက်ဟာ ကိုယ့်စိတ်ထဲမှာ ကွက်လပ်တစ်ခုလို ဖြစ်လာလိမ့်မယ်။ အဲဒီကွက်လပ်ကို လက်နဲ့ထိတွေ့လိုက်တိုင်း ‘ငါမေ့နေခဲ့တာ ဘာပါလိမ့်'ဆိုပြီး တွေးနိုင်ရုံပဲ ရှိတော့မယ်။

တကယ်လို့... အဲဒီသူကို နောက်ဆုံးအချိန်ထိ မမေ့နိုင်ခဲ့ဘူးဆိုရင်ရော။ တကယ်လို့ သင့်ရဲ့နောက်ဆုံးအချိန်ထိ သူ့ကိုစောင့်မျှော်နေမယ် ဆိုရင်ရော။ သင့်ရဲ့အသက်မီးအိမ်ငြိမ်းမသွားခင် သူပြန်လာမယ်ဆိုတဲ့ အာမခံချက်လည်း ရှိမှရှိမနေခဲ့တာပဲ။

All Chapters