အိုးရန် မျိုးနွယ်၏ နံပါတ်တစ် ပါရမီရှင်
Vol. 116 Ch. 1735
“ဒါဆို မင်းတို့ညီအစ်ကိုနှစ်ယောက်က ငါတို့ အိုးရန်မျိုးနွယ်စုရဲ့ ရန်သူဖြစ်ဖို့ တကယ်ပဲ ဆုံးဖြတ်လိုက်ပြီပေါ့”
အိုးရန်ချန်းက မေးလိုက်သည်။
“အိုးရန် မျိုးနွယ်စု ဟုတ်လား၊ အလကား အမှိုက်တွေပါကွာ”
ဟေးဖုန်းက သူ၏ ညစ်ပတ်ပေရေနေသော သွားဝါကြီးများကို ပေါ်အောင် ဖြဲပြလျက် တဟားဟား ရယ်မော လိုက်သည်။ သူ၏ စဉ်းလဲသော မျက်နှာပေးနှင့် ပေါင်းစပ်လိုက်သောအခါ ကောက်ကျစ်သော မြေခွေး တစ်ကောင်နှင့် ပို၍ပင် တူသွားတော့သည်။
သူက အိုးရန်ချန်းကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
“မင်းတို့ အိုးရန် မျိုးနွယ်စုက မကြာခင် အမြစ်ပြတ် သုတ်သင်ခံရတော့မှာ။ ဒါကိုတောင် ငါတို့ ညီအစ်ကိုရှေ့မှာ လာပြီး မောက်မာရဲသေးတာလား၊ မင်းမှာ အဲ့လိုလုပ်ဖို့ အရည်အချင်းရော ရှိလို့လား”
“မင်း...”
အိုးရန်ချန်းမှာ ဒေါသချောင်းချောင်း ထွက်သွားရသည်။ အတိတ်ကဆိုလျှင် ဤညီအစ်ကိုနှစ်ဦးမှာ သူ့ကို မြင်သည်နှင့် အရိုအသေပေးကာ ဝပ်စင်းနေခဲ့ကြသူများ မဟုတ်ပါလား။ ယခု နတ်ဘုရား မျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ပြီးချိန်တွင်မူ သူတို့၏ မျက်နှာဖုံးမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် အိုးရန်ချန်းက စိတ်ကို ပြန်လည်ထိန်းချုပ်ကာ ဟေးရှန်းညီအစ်ကိုများကို ခြိမ်းခြောက်လိုက်သည်။
“မင်းတို့ ညီအစ်ကိုတွေမှာ အရည်အချင်း နည်းနည်းပါးပါး ရှိတာကို ငါဝန်ခံပါတယ်။ ဒါပေမဲ့ ငါတို့ အိုးရန် မျိုးနွယ်စုကို ယှဉ်ဖို့တော့ မင်းတို့မှာ အရည်အချင်း မရှိသေးဘူး၊ ငါတို့ မိသားစုခေါင်းဆောင်ကြီး ပြန်လာတဲ့အခါ မင်းတို့ ဘယ်လိုသေလို့ သေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး”
“ကိုယ့်အတိုင်းအတာကိုယ် သိတဲ့သူဆိုရင် အခုချက်ချင်း တပ်ပြန်ဆုတ်ကြ။ ငါ အိုးရန်ချန်း အာမခံရဲတယ်၊ မင်းတို့ အခု တပ်ဆုတ်မယ်ဆိုရင် အရင်က လုပ်ခဲ့တဲ့ ကိစ္စတွေကို ခေါင်းဆောင်ကြီးက အပြစ်မယူအောင် ငါ တောင်းပန် ပေးမယ်”
“ခွီး … ဟားဟားဟား”
သို့သော်လည်း အိုးရန်ချန်း ရရှိလိုက်သော တုံ့ပြန်မှုမှာ ဟေးရှန်းညီအစ်ကိုများ၏ ကျယ်လောင်လှသော လှောင်ရယ်သံများသာ ဖြစ်သည်။
ဤမြင်ကွင်းကြောင့် အိုးရန် မျိုးနွယ်စုဝင် အားလုံး၏ မျက်နှာများမှာ မှောင်ကျသွားခဲ့ရသည်။ တစ်ဖက်လူမှာ အလွန်အမင်း ရဲတင်းလွန်းလှသည်။
အိုးရန်ချန်း၏ မျက်နှာမှာလည်း အလွန်ပင် ဆိုးရွားသွားခဲ့သည်။
“အိုးရန်ချန်း... အိုးရန်ချန်း … မင်းကို နုံအတယ်လို့ပဲ ခေါ်ရမလား၊ ဒါမှမဟုတ် တုံးအတယ်လို့ပဲ ပြောရမလား ငါမသိတော့ဘူး။ ငါတို့ တကယ်ပဲ အဲ့ဒီ အဘိုးကြီး အိုးရန်ကျန်းကို ကြောက်နေမယ်ဆိုရင် ဒီနေရာကို ရောက်နေပါ့မလား”
ဟေးရှန်းက အထင်အမြင်သေးစွာ ပြုံးလျက် အိုးရန်ချန်းကို မကောင်းသော အကြံဖြင့် စိုက်ကြည့်နေသည်။
ဟေးဖုန်းကလည်း ဝင်ပြောသည်။
“အဲ့ဒီ အဖိုးကြီးကတော့ အခုလောက်ဆို ချုံခိုတိုက်ခိုက်ခံနေရလောက်ပြီ။ ဝူတီကျန်းနဲ့ ကောင်းကင်ဘုံ ကိုးလွှာက နောက်ထပ် သူတော်စင် တစ်ယောက်တို့ ပေါင်းပြီး သူ့ကို သတ်နေကြတာ။ သူ့မှာ အနိုင်ရဖို့ အခွင့်အရေး ရှိမယ်လို့ မင်းတကယ် ထင်နေတာလား”
“မင်းတို့ အိုးရန်မျိုးနွယ်ကတော့ သွားပြီသာမှတ်ပေတော့”
“ဝုန်း”
ထိုစကားကို ကြားလိုက်ရသောအခါ အနားရှိ အိုးရန် မျိုးနွယ်စုဝင် အားလုံးမှာ မှင်သက်သွားကြပြီး သူတို့၏ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
*အိုးရန်ကျန်း ချုံခိုတိုက်ခိုက်ခံလိုက်ရတာလား*
*လူတစ်ယောက်တည်းက သူတော်စင်နှစ်ပါးကို အနိုင်တိုက်နိုင်ပါ့မလား*
တစ်ခဏချင်းအတွင်းမှာပင် အိုးရန် လူမျိုးအားလုံး၏ နှလုံးသားမှာ အောက်ခြေသို့ ဆိုက်ဆင်းသွားသလို ခံစားလိုက်ရပြီး အိုးရန် မျိုးနွယ်စုမှာ ယခုအခါ ပို၍ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရပြီဟု ခံစားလိုက် ရသည်။
ဟေးရှန်းညီအစ်ကိုများက အိုးရန် မျိုးနွယ်စုကို အဘယ်ကြောင့် ပြဿနာရှာရဲနေကြသနည်းဆိုသည်ကို ယခုမှပင် အဖြေပေါ်သွားတော့သည်။
အိုးရန်ချန်း၏ မျက်နှာမှာလည်း ချက်ချင်းပင် အလွန်အမင်း ဆိုးရွားသွားခဲ့သည်။
မူလက အိုးရန်ယုနှင့် အိုးရန်ရှန့်ဖုန်းတို့သာ ရှိနေလျှင် ဤဟေးရှန်းညီအစ်ကိုများကို တားဆီးထားရန် လုံလောက် သော်လည်း၊ သူတို့နှစ်ဦးမှာမူ လုံးဝ လှုပ်ရှားပေးခြင်း မရှိကြချေ။
ဟေးရှန်းညီအစ်ကိုများသည် သူတို့နှစ်ယောက်က လှုပ်ရှားမည်မဟုတ်ကြောင်း အစကတည်းက သိရှိထားပုံရသည်။ ထို့ကြောင့်သာ သူတို့သည် အိုးရန် မျိုးနွယ်စုအတွင်းသို့ ယခုကဲ့သို့ ရဲရဲတင်းတင်း ကျူးကျော်ဝင်ရောက်လာဝံ့ခြင်း ဖြစ်သည်။
တစ်ခဏချင်းအတွင်းမှာပင် အိုယန်ချန်းသည် အရာအားလုံးကို သဘောပေါက်သွားပြီး သူ၏မျက်နှာတွင် ခါးသီးလှသော လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဤသည်မှာ တကယ့်ကို 'အတွင်းရန်ရော အပြင်ရန်ပါ' တစ်ပြိုင်နက် ရင်ဆိုင်နေရသည့် အခြေအနေပင်။
အိုးရန်ကျန်းသည် သူ၏ သားနှစ်ဦးစလုံးမှာ ပါရမီအတော်အတန် ရှိကြပါလျက်နှင့် သူတို့ကို ဘာကြောင့် ဤမျှအထိ အထင်သေးခဲ့သလဲဆိုသည်ကို ယခင်က အိုးရန်ချန်း နားမလည်ခဲ့ချေ။
ယခုမူ အိုးရန်ချန်း နားလည်သွားခဲ့ပြီ။
မျိုးနွယ်စု ခေါင်းဆောင်များအနေဖြင့် အိုးရန် မျိုးနွယ်စု၏ အကျိုးစီးပွားကို ဦးစားပေးသင့်သော်လည်း၊ သူတို့ နှစ်ဦးမှာမူ မျိုးနွယ်စု အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် မိမိတို့၏ ဆွေမျိုးသားချင်းများနှင့် လူမျိုးစုဝင်များ ဒုက္ခရောက်နေသည်ကို ဘေးမှရပ်ကြည့်နေခဲ့ကြသည်။
ဤကဲ့သို့သော လူစားမျိုးသည် မည်မျှပင် ပါရမီထူးချွန်ပါစေ၊ နှလုံးသားမရှိသော၊ ကျေးဇူးကန်း သောသူသာ ဖြစ်သည်။ ထိုသူမျိုးက အိုးရန် မျိုးနွယ်စုအပေါ် မည်သို့သော စိတ်ရင်းမှန်ဖြင့် အနစ်နာခံ ဆောင်ရွက် ပေးနိုင်ပါမည်နည်း။
“မင်းတို့ အိုးရန် မျိုးနွယ်စုဆီကို လာတာ ငွေလိုချင်လို့ပဲ မဟုတ်လား။ မင်းတို့ လိုချင်တဲ့ ဈေးနှုန်းကိုသာ ပြောလိုက်”
အိုးရန်ချန်းက နောက်ဆုံးအကြိမ် ကြိုးစားသည့်အနေဖြင့် ဟေးရှန်းညီအစ်ကိုများကို ပြောလိုက်သည်။ သူတို့၏ လက်ရှိအင်အားနှင့်ဆိုလျှင် ဟေးရှန်းညီအစ်ကိုများကို ယှဉ်ပြိုင်တိုက်ခိုက်ရန် လုံးဝ မလုံလောက်ကြောင်း သူ သိထားသည်။
“ဟားဟားဟား”
ဟေးရှန်းညီအစ်ကိုများက တဟားဟား ရယ်မောလိုက်ကြပြီးနောက် သူတို့၏မျက်လုံးများတွင် ရက်စက် ကြမ်းကြုတ်သော အလင်းတန်းများ ပေါ်လာခဲ့သည်။
“အရူးတွေ! ငါတို့ မင်းတို့ကို သတ်ပစ်လိုက်ရင် အိုးရန် မျိုးနွယ်စု ပိုင်ဆိုင်သမျှ အားလုံးက ငါတို့လက်ထဲ ရောက်မှာပဲ မဟုတ်လား၊ မင်းတို့က ငါတို့ကို ပေးနေဖို့ လိုသေးလို့လား”
“ဒါပေါ့၊ ငါတို့က မင်းတို့ အိုးရန် မျိုးနွယ်စုရဲ့ ပိုင်ဆိုင်မှုအားလုံးကိုတင် မကဘူး၊ နတ်ဘုရား မျိုးနွယ်စုက ပေးမယ့် ဆုလာဘ်တွေကိုလည်း လိုချင်သေးတာ”
*လောဘကြီးလိုက်တာ*
“တော်တော် မျိုချင်တာပဲ”
အိုးရန်ချန်း၏ မျက်နှာမှာ လုံးဝ မှောင်ကျသွားခဲ့ပြီး ရုတ်တရက် အေးစက်စွာ အော်ဟစ်လိုက်သည်။
“ဒါဆို မင်းတို့ညီအစ်ကိုနှစ်ယောက်က တစ်ချိန်က အိုးရန် မျိုးနွယ်စုက မင်းတို့အပေါ် ထားခဲ့တဲ့ ကျေးဇူးတရား တွေကို လုံးဝ လျစ်လျူရှုလိုက်ပြီပေါ့”
“ဘယ်လိုလုပ် အဲ့လိုဖြစ်မှာလဲ၊ အိုးရန် မျိုးနွယ်စုက ငါတို့အပေါ် ဂရုစိုက်ခဲ့တာတွေကို ငါတို့ အမြဲတမ်း မှတ်မိနေမှာပါ၊ အဲ့ဒါကြောင့် ခဏနေလို့ ငါတို့ မင်းတို့ကို သတ်တဲ့အခါကျရင် မရယ်မိအောင် ကြိုးစားပြီး သတ်ပေးပါ့မယ်”
ဟေးရှန်းက လေးလေးနက်နက် ပြောလိုက်သော်လည်း သူ၏မျက်နှာကမူ အပြုံးကြီး ပြုံးနေလေသည်။
ဟေးဖုန်းကမူ သူ၏ ခြောက်သွေ့နေသော လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်ပြီး ထိတ်လန့်နေကြသော အိုးရန် မျိုးနွယ်စုမှ အမျိုးသမီးများကို ကြည့်လိုက်သည်။
“ဒါပေမဲ့ စိတ်မပူပါနဲ့၊ မင်းတို့ သေသွားပြီးရင် မင်းတို့ရဲ့ ဇနီးမယားတွေနဲ့ သမီးတွေကို ငါတို့ ရှန့်ရွှေတောင်ထိပ်က ကောင်းကောင်းကြီး စောင့်ရှောက်ပေးပါ့မယ်! သူတို့တွေ ညတိုင်း ညတိုင်း သတို့သမီးအသစ်တွေလို သာယာ ကြည်နူး နေစေရမယ်လို့ ငါ အာမခံတယ်”
“ဟားဟားဟား”
ရုတ်တရက်ဆိုသလို ရှန့်ရွှေတောင်ထိပ်မှ ဓားပြများအားလုံးသည် ယုတ်မာရိုင်းစိုင်းစွာ ပြုံးလိုက်ကြပြီး၊ သူတို့၏ မျက်နှာများတွင် ကာမဂုဏ်လိုက်စားလိုသည့် အမူအရာများဖြင့် ပြည့်နှက်လျက် အနားရှိ အမျိုးသမီးများကို မကောင်းသော အကြံဖြင့် စိုက်ကြည့်နေကြသည်။
၎င်းမှာ ထိုအမျိုးသမီးများကို အပိုင်းပိုင်းအစစ ဝါးမြိုပစ်ရန် မစောင့်နိုင်တော့သည့်အလားပင် ဖြစ်နေသည်။
ဆဲရေးတိုင်းထွာသံများနှင့် ရိုင်းစိုင်းသော စကားသံများမှာလည်း ချက်ချင်းပင် ဆူညံထွက်ပေါ်လာခဲ့သည်။
“ငါတို့ ရှန့်ရွှေတောင်ထိပ်မှာ အမျိုးသားတွေ အများကြီး ရှိတယ်၊ သူတို့ရဲ့ ပါးစပ်နှစ်ခုလုံး ဗိုက်ပြည့်နေစေရမယ်လို့ ငါ အာမခံတယ်ဟေ့”
“မဆိုးဘူး၊ မဆိုးဘူး၊ မကြာခင်မှာ သူတို့တွေ အရမ်းပျော်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းတောင် မေ့သွား ကြလိမ့်မယ်၊ ဟားဟားဟား”
“မွေးရာပါ နတ်ဘုရားမလေးတွေက ငါတို့ရဲ့ ကစားစရာ ဖြစ်လာတော့မယ်လို့ တွေးမိတာနဲ့တင် ငါ့မှာ အရမ်းကို စိတ်လှုပ်ရှားလွန်းလို့ တဲတောင် ထိုးနေပြီကွ”
ဤစကားများကို ကြားလိုက်ရသောအခါ အိုးရန် မျိုးနွယ်စုမှ အမျိုးသမီးများသည် အရှက်တကွဲ အကျိုးနည်းဖြစ်ကာ ဒေါသထွက်နေကြသလို တစ်ဖက်တွင်လည်း ထိတ်လန့်တုန်လှုပ်နေကြသည်။ နတ်ဘုရားတို့၏ သမီးပျိုများ ဖြစ်ကြသည့်အတိုင်း ဤကဲ့သို့သော စော်ကားမှုကို မည်သည့်အခါကမှ မခံစားခဲ့ဖူးချေ။
ဤခံစားချက်က အလွန် ထူးဆန်းလွန်းလှသည်။
ဤအခိုက်အတန့်တွင် သူမတို့အားလုံးသည် ထိုအရှက်မရှိသော လူယုတ်မာများ၏ လက်ထဲသို့ ကျရောက်သွားပါက သူမတို့၏ ကံကြမ္မာ မည်သို့ ဖြစ်သွားမည်ကို ကြိုတင် မြင်ယောင်နေကြလေတော့သည်။
ဤလူယုတ်မာများ၏ ကစားစရာအဖြစ် အနိုင်ကျင့် စော်ကားခံရမည့်အတူတူ မိမိကိုယ်ကိုယ် အဆုံးစီရင် လိုက်ခြင်းကမှ ပို၍ မြတ်ဦးမည်ဟု အမျိုးသမီးများ တွေးတောနေကြသည်။
“ခေါင်းဆောင်ကြီးနဲ့ ဒုတိယခေါင်းဆောင်ကြီး ... အမြန်ဆုံး အမိန့်ပေးပါတော့၊ ကျွန်တော်တို့တွေ ဆက်ပြီး စောင့်မနေနိုင်တော့ဘူး”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီအမျိုးသားတွေကို အကုန်သတ်ပြီးရင် အိုးရန် မျိုးနွယ်စုက မိန်းမပျိုတွေကို ငါတို့ စိတ်ကြိုက် ပျော်ပါးကြမယ်ဟေ့၊ ဟားဟားဟား”
ထိုစကားနောက်တွင် နားကွဲမတတ် အော်ဟစ်သံများနှင့် ရယ်သံများ ထွက်ပေါ်လာပြီး၊ အနားရှိ လူမိုက်များ အားလုံးမှာ မစောင့်နိုင်တော့သည့်အလား စိတ်လှုပ်ရှားနေကြသည်။
အိုးရန် မျိုးနွယ်စု၏ ဤမြင့်မြတ်သောတောင်တန်းသည် သူတို့၏ ဇာစ်မြစ်ဖြစ်သလို အထွတ်အမြတ်ထားရာ နယ်မြေလည်း ဖြစ်သည်။ အိုးရန် မျိုးနွယ် အဆက်ဆက်သည် ဤနေရာတွင်ပင် မွေးဖွားကြီးပြင်းလာခဲ့ကြခြင်း ဖြစ်သည်။
လူတိုင်းက ဤတောင်ကို အလေးအမြတ်ထား၍ ကြောက်ရွံ့ရိုသေကြသည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာသည် နတ်ဘုရားမျိုးနွယ်စုတစ်ခု၏ သမိုင်းကြောင်းကို ကိုယ်စားပြုနေသလို၊ ရှည်လျားပြီး ကြွယ်ဝသော ယဉ်ကျေးမှု အမွေအနှစ်တစ်ခုလည်း ဖြစ်သောကြောင့်ပင်။
သို့သော် သူတို့ရှေ့မှ ဤလူယုတ်မာများကမူ ထိုမြင့်မြတ်သော နေရာကို ညစ်ညမ်းစေရန် ကြံစည်နေကြသည်။
ဤသည်ကို ကြားလိုက်ရသောအခါ အိုးရန် မျိုးနွယ်စုဝင် အားလုံးသည် ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်း ထွက်သွားကြသည်။ တစ်ဖက်လူများသည် သူတို့၏ အမျိုးသမီးများကို စော်ကားလိုရုံတင်မကဘဲ သူတို့၏ ဘိုးဘေးဘီဘင်ပိုင် မြင့်မြတ်သော မြေကိုပါ ဖျက်ဆီးညစ်ညမ်းစေရန် ကြံစည်နေသောကြောင့် ဖြစ်သည်။
ခွင့်မလွှတ်နိုင်စရာပင်။
နှစ်ဖက်စလုံးတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းသွားခဲ့သည်။
“ဒီနေ့ဟာ အိုးရန် မျိုးနွယ်စု တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံရမယ့်နေ့ပဲ”
ဟေးရှန်းက အရင်ဆုံး ကြွေးကြော်လိုက်ပြီးနောက် ရုတ်တရက် ခုန်ထွက်လာကာ သူ၏ ရွှေရောင် နောက်ကျောပါသော ဓားမကြီးဖြင့် အိုးရန်ချန်းဆီသို့ တိုက်ရိုက် ဦးတည်တိုက်ခိုက်လိုက်သည်။
အိုးရန်ချန်းမှာ ချက်ချင်းပင် ထိတ်လန့်သွားခဲ့ရသည်။ သူသည် နတ်ဘုရင် အဆင့်မျှသာ ရှိသူဖြစ်ရာ အင်မော်တယ် ဧကရာဇ်အဆင့် ရှိသည့် ဟေးရှန်းညီအစ်ကိုများကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ဓားမကြီးမှာ ပြင်းထန်သော အရှိန်ဖြင့် ကျဆင်းလာခဲ့သည်။ ထိုဓား၏ အားမှာ ပေါင်ချိန် တစ်သောင်းထက်မက လေးလံလှပြီး အတိုင်းအဆမရှိသော ယန်စွမ်းအင်များ စုစည်းနေသည်။
ထိုအခိုက်အတန့်တွင် ဟေးရှန်း၏ မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်ပေါက်နေသည်။
၎င်းကို မြင်လိုက်ရသောအခါ အိုးရန် မျိုးနွယ်စုဝင် အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သတ္တိနည်းသူ အချို့မှာမူ အိုးရန်ချန်း၏ သွေးများ နေရာတင် ပန်းထွက်လာမည့် မြင်ကွင်းကို မကြည့်ရက်သဖြင့် မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။
“ချလွမ်”
ရုတ်တရက်ဆိုသလို ပုံမှန်မဟုတ်သည့် ကျယ်လောင်လှသော အသံကြီး တစ်ချက် ထွက်ပေါ်လာခဲ့သည်။
ဟေးရှန်း၏ ရှေ့မှောက်တွင် ပုံရိပ်တစ်ခု ရုတ်ခြည်း ပေါ်လာခဲ့သည်။ သူ၏ လှံရှည်ကို ကောင်းကင်ယံသို့ ဝှေ့ယမ်းကာ လမ်းကို ပိတ်ဆို့ထားပြီး ဟေးရှန်း၏ ဓားမကြီးကို တိုက်ရိုက်ပင် လွှင့်ထွက်သွားအောင် ခုခံလိုက်ခြင်း ဖြစ်သည်။
တစ်ခဏချင်းအတွင်းမှာပင် မီးပွားများ နေရာအနှံ့ လွင့်စင်သွားပြီး ပြင်းထန်သော စွမ်းအင်လှိုင်းများမှာလည်း အပြင်ဘက်သို့ ရိုက်ခတ်သွားတော့သည်။
*ဘာ*
ဟေးရှန်း၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ မိမိ၏ တိုက်ကွက်ကို တစ်စုံတစ်ယောက်က တားဆီးနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ထို့နောက် သူ၏ရှေ့တွင် ရပ်နေသော လူငယ်တစ်ဦးကို သူ မြင်လိုက်ရသည်။ ထိုလူငယ်မှာ မျက်ခုံးထူထူနှင့် မျက်လုံး အစုံမှာ အရောင်တောက်လျက် ရှိပြီး သန်မာထွားကြိုင်းသော ကိုယ်ခန္ဓာနှင့် ထက်သန်သော ဇွဲသတ္တိတို့ ရှိနေကာ သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
“ယိအာ”
ထိုသူကို မြင်လိုက်ရသောအခါ အိုးရန်ချန်းသည် ချက်ချင်းပင် အံ့အားသင့်သွားခဲ့ရသည်။
ထိုလူငယ်မှာ အခြားသူမဟုတ်၊ သူ၏သားဖြစ်သူ အိုးရန်ယိပင် ဖြစ်တော့သည်။
“အိုးရန်ယိ... ပြေးတော့၊ မင်း သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
လူအုပ်ကြီးကလည်း အော်ဟစ်တားဆီးကြသည်။
“အိုးရန်ယိက ထူးကဲတဲ့ ပါရမီရှင် ဖြစ်ပေမဲ့၊ ဟေးရှန်းညီအစ်ကိုတွေလို အင်မော်တယ် ဧကရာဇ် တစ်ယောက်နဲ့ ရင်ဆိုင်ရရင် သေဖို့ပဲ ရှိတယ်”
“ယိအာ... ပြေးတော့၊ အိုးရန် မျိုးနွယ်စုကနေ အမြန်ထွက်သွားတော့၊ မိသားစု ခေါင်းဆောင်ငယ်ကို သွားရှာချေ”
အိုးရန်ချန်းက အိုးရန်ယိကို အမိန့်ပေးလိုက်သည်။ အိုးရန်မျိုးနွယ်စုမှာ ပျက်စီးတော့မည်ဖြစ်ရာ သူသည် မျိုးနွယ်စု၏ မျိုးဆက်သစ် အသက်သွေးကြောကို ထိန်းသိမ်းရမည်ဖြစ်သည်။
အိုးရန်ယိကို ယဲ့ဖန်နောက်သို့ လိုက်ခိုင်းရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အိုးရန်ယိ၏ အရည်အချင်းနှင့်ဆိုလျှင် အနာဂတ်တွင် ယဲ့ဖန်အတွက် ကြီးမားသော အထောက်အပံ့ ဖြစ်လာမည်မှာ အသေအချာပင်။
ဤနေရာတွင် အလဟဿ အသက်ပေးသွားမည့်အစား နောင်တစ်ချိန်မှ သူတို့အတွက် လက်စားချေပေးခြင်းက ပို၍ ကောင်းပေလိမ့်မည်။
“မိသားစု ခေါင်းဆောင်ငယ်၊ ငါတို့မျိုးနွယ်စုမှာ ဘယ်တုန်းက ခေါင်းဆောင်ငယ် ရှိသွားတာလဲ”
အိုးရန်ယိက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ သူသည် တံခါးပိတ် ကျင့်ကြံနေခဲ့သဖြင့် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မသိရှိခဲ့ပေ။
အိုးရန်ချန်းက သက်ပြင်းချလိုက်ပြီးနောက် လတ်တလော ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
“သူတော်စင်သခင် အဆင့်ရှိတဲ့သူတစ်ယောက်ကို မိသားစု ခေါင်းဆောင်အဖြစ် ခန့်အပ်တယ် ဟုတ်လား၊ ရယ်စရာကြီးဗျာ”
အိုးရန်ယိ၏ မျက်နှာမှာ အေးစက်သွားပြီး ၎င်းမှာ အလွန်ကြီးမားသော ပြက်လုံးတစ်ခုဟု ခံစားလိုက်ရသည်။
ပါရမီရှင်တစ်ဦးဖြစ်သည့်အတိုင်း သူသည် သဘာဝအလျောက်ပင် မာနကြီးပြီး ဝင့်ကြွားသူဖြစ်သည်။ ဤကဲ့သို့သော ပါရမီရှင်တစ်ဦးက သူတော်စင်သခင် အဆင့်ရှိသူတစ်ဦးကို နာခံရန် မျှော်လင့်ခြင်းမှာ အဓိပ္ပာယ်မရှိပေ။
သူကဲ့သို့ ပါရမီရှင်တစ်ဦးအတွက်မူ သူ့ထက် သာလွန်အစွမ်းထက်သူများကသာ သူ့ကို ဦးဆောင်ရန် အရည်အချင်း ရှိသည်ဟု မှတ်ယူထားသည်။
သန်မာသူများသည် သန်မာသူအချင်းချင်းကိုသာ အသိအမှတ်ပြုကြပြီး၊ ပါရမီရှင်များသည် ပါရမီရှင် အချင်းချင်း ကိုသာ အလေးထားကြသည် မဟုတ်ပါလား။
“ယိအာ... စကားကို လျှောက်မပြောနဲ့။ မိသားစု ခေါင်းဆောင်ငယ်က ထူးခြားဆန်းပြားတဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့ ထူးကဲတဲ့ အရည်အချင်းတွေက မင်းရဲ့ စိတ်ကူးထဲကထက်တောင် ကျော်လွန်နေသေးတယ်”
အိုးရန်ချန်းက အိုးရန်ယိ၏ အထင်အမြင်သေးသော အမူအရာကို မြင်သောအခါ စိုက်ကြည့်၍ ငေါက်ငမ်း လိုက်လေသည်။
“သူ ဘယ်လောက်ပဲ ထူးခြားနေပါစေ၊ သူတော်စင်သခင် အဆင့်ပဲ ရှိသေးတာပဲ။ ကျွန်တော် အိုးရန်ယိကတော့ အမှိုက်လို လူမျိုးရှေ့မှာ ဘယ်တော့မှ ခေါင်းငုံ့မှာ မဟုတ်ဘူး။ အဖေ... ဘာမှ ထပ်မပြောနဲ့တော့”
အိုးရန်ယိက သူ၏ မာနထောင်လွှားမှုကို အပြည့်အဝ ပြသလျက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူသည် အိုးရန်မျိုးနွယ်စုမှ ထွက်ခွာသွားရမည် ဆိုလျှင်တောင်မှ သူတော်စင် သခင်အဆင့်မျှသာ ရှိသူတစ်ဦးကို သူ၏ အရှင်သခင်အဖြစ် ဘယ်သောအခါမှ အသိအမှတ်ပြုမည်မဟုတ်ပေ။
၎င်းမှာ လုံးဝကို အဓိပ္ပာယ်မရှိသော ကိစ္စပင်။
ဤကဲ့သို့ အသုံးမကျသော လူတစ်ယောက်၏ လက်ထဲသို့ အိုးရန် မျိုးနွယ်စုကို အပ်နှံလိုက်မည်ဆိုလျှင် မျိုးနွယ်စုအတွက် ဘယ်လို အနာဂတ်မျိုး ရှိနိုင်ပါမည်နည်း။
အိုးရန် မျိုးဆက်သစ်လူငယ်များထဲတွင် ဝူရို့ဟုန်မှလွဲ၍ အခြားမည်သူ့ကိုမျှ အိုးရန်ယိက အဖက်လုပ်၍ပင် မကြည့်ခဲ့ချေ။
အကယ်၍ သူ့ကို လေးစားလာအောင် လုပ်လိုလျှင် စစ်မှန်သော စွမ်းရည်များကိုသာ ပြသရမည်ဖြစ်သည်။
“ဟင်း... ထားလိုက်ပါတော့၊ အခုက ဒါတွေ ပြောနေရမယ့် အချိန်မဟုတ်ဘူး။ မင်း အမြန်ပြေးတော့”
အိုးရန်ယိကို အချိန်တိုအတွင်း နားဝင်အောင် ပြော၍မရနိုင်မှန်း အိုးရန်ချန်း သိလိုက်သည်။ ထို့ပြင် ယခုမှာ ထိုအကြောင်းများကို ငြင်းခုံနေရမည့် အချိန်လည်း မဟုတ်ပေ။
သို့သော်လည်း အိုးရန်ယိက မာနတခွဲသားဖြင့် နှာခေါင်းရှုံ့လိုက်ပြန်သည်။
“အဖေ... ကျွန်တော် ဒီတစ်ခါ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတာက အဖေ့ကို သတင်းကောင်းတစ်ခု ပြောဖို့ပါပဲ။ ကျွန်တော် တရားဝင် အင်မော်တယ် ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ”
*ဘာ*
တစ်ခဏချင်းအတွင်းမှာပင် အိုးရန် မျိုးနွယ်စုဝင် အားလုံးမှာ အတိုင်းမသိ ဝမ်းသာသွားကြပြီး အိုးရန်ယိကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေတော့သည်။
*အိုးရန်ယိက အင်မော်တယ် ဧကရာဇ်အဆင့်ကို ရောက်သွားပြီ ဟုတ်လား*
*ဒါဆိုရင် ငါတို့အားလုံး ကယ်တင်ခြင်း ခံရတော့မယ်လို့ ဆိုလိုတာလား*
“မင်း တကယ်ပြောနေတာလား”
အိုးရန်ချန်းက အိုးရန်ယိ၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ အသံမှာလည်း တုန်ရင်နေသည်။
အိုးရန် မျိုးနွယ်စု အတွက် အလွန်အရေးကြီးလှသော ဤအခိုက်အတန့်တွင် အိုးရန်ယိက ဤကဲ့သို့ တက်လှမ်း နိုင်ခဲ့သည်ကို သူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။
“သေချာတာပေါ့”
အိုးရန်ယိက မာနတခွဲသားဖြင့် ပြောလိုက်သည်။ ဤသို့ဖြင့် သူသည် ဝူရို့ဟုန်ကိုပင် အဝေးကြီးမှာ အပြတ်အသတ် ချန်ထားခဲ့နိုင်ပြီ ဖြစ်သည်။
ယခုအခါ သူသည် အိုးရန် မျိုးနွယ်စု၏ နံပါတ်တစ် ပါရမီရှင် ဖြစ်လာခဲ့လေပြီ။