ငါ့ဆရာက ပြိုင်ဘက်ကင်းပဲ
Vol. 116 Ch. 1736
“အိုးရန် မျိုးနွယ်စုတော့ ဘေးကင်းပြီ၊ ငါတို့တွေ အသက်ချမ်းသာရာ ရတော့မယ်”
အနားရှိ အမျိုးသမီးများသည် တစ်ဦးကိုတစ်ဦး ဖက်လဲတကင်းဖြင့် ဝမ်းသာအားရ ငိုကြွေးကြတော့သည်။ ပုခုံးပေါ်မှ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ သူတို့ ခံစားလိုက်ရသည်။
အမျိုးသားများမှာလည်း သက်ပြင်းချနိုင်သွားကြပြီး အိုးရန်ယိကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် စိုက်ကြည့် နေကြသည်။ ယခုအခါ အိုးရန်ယိသည် အိုးရန် မျိုးနွယ်စု၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ကြောင်း သူတို့အားလုံး အခိုင်အမာ ယုံကြည်သွားကြပြီ ဖြစ်သည်။
သူ့အသက်က ဘယ်လောက်ရှိသေးလို့လဲ၊ သူက အင်မော်တယ် ဧကရာဇ်အဆင့်ကို ဝင်ရောက်နိုင်နေလေပြီ။
အတိတ်က အိုးရန်ချင်းရွှယ်နှင့် နှိုင်းယှဉ်လျှင်ပင် သူသည် သုံးနှစ်သာ နောက်ကျခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော ပါရမီမျိုးမှာ အဆင့်အတန်းအမြင့်ဆုံး ဖြစ်သည်မှာ ငြင်းစရာမလိုပေ။
အိုးရန်ယိကဲ့သို့သော ပါရမီရှင်ရှိနေခြင်းက အိုးရန်မျိုးနွယ်စုဝင်များအတွက် အသက်ဆက်စရာ မျှော်လင့်ချက် အသစ်ကို ပြန်လည်ရရှိစေခဲ့သည်။
“အင်မော်တယ် ဧကရာဇ် ဖြစ်နေတော့ရော ဘာဖြစ်လဲ၊ ဒါက ဘာများ အဆန်းတကျယ် ရှိလို့လဲ၊ ငါ့ဆရာနဲ့ ယှဉ်လိုက်ရင် မင်းက သူ့ဖိနပ်ကို သယ်ပေးဖို့တောင် မတန်ဘူး”
ထိုစဉ် အိုးရန်ယွင်သော်က မကျေမနပ်အသံဖြင့် ပြောကြားလိုက်ပြီး အိုးရန်ယိကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဟမ်”
အိုးရန်ယိသည် အိုးရန်ယွင်သော်ကို ချက်ချင်းပင် ဒေါသတကြီး စိုက်ကြည့်လိုက်လေတော့သည်။
“ဘာဖြစ်လဲ၊ ငါပြောတာ မှားလို့လား”
အိုးရန်ယွင်သော်က သူမ၏ဆရာအပေါ် ထားရှိသော အိုးရန်ယိ၏ သဘောထားကို လုံးဝမကျေနပ်သဖြင့် မလျှော့သောမာန်ဖြင့် ပြန်လည်စိုက်ကြည့်လိုက်သည်။
“ဆရာ ဟုတ်လား၊ နတ်ဘုရင်တစ်ယောက်ဖြစ်တဲ့ မင်းက သူတော်စင်သခင် အဆင့်ရှိတဲ့သူကို ဆရာလို့ အသိအမှတ် ပြုတယ်ပေါ့၊ မင်း ရူးသွားပြီလား”
အိုးရန်ယိက အိုးရန်ယွင်သော်ကို ငေါက်ငမ်းလိုက်သည်။
အိုးရန်ယွင်သော်သည် မြင့်မြတ်သော အမျိုးသမီးတစ်ဦးဖြစ်သော်လည်း၊ ခွန်အားကသာ အရာရာကို ဆုံးဖြတ်သည့် အိုးရန်မျိုးနွယ်စုတွင် အင်အားကြီးသူကသာ စကားပြောခွင့်ရှိသည်။ ထို့ကြောင့် သူမတွင် လုံလောက်သော အစွမ်း မရှိပါက အိုးရန်ယိ၏အောက်တွင်သာ ရှိနေရမည်ဖြစ်ရာ၊ အိုးရန်ယိအနေဖြင့် သူမကို ယဉ်ယဉ်ကျေးကျေး ပြောဆို နေရန် မလိုအပ်ဟု ယူဆထားသည်။
ထိုစကားကို ကြားသောအခါ အိုးရန်ယွင်သော်မှာလည်း ဒေါသထွက်သွားပြီး အိုးရန်ယိကို လူအတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
“နင့်လို ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတဲ့ကောင်က ငါ့ဆရာရဲ့ အရည်အချင်းတွေကို ဘယ်နားလည် ပါ့မလဲ? သူပြန်လာတဲ့အခါ မင်းမျက်လုံးတွေ ပြာသွားစေရမယ်”
“သူပြန်လာရင် ငါ သူ့ခြေထောက်တွေကို ရိုက်ကျိုးပစ်မယ်”
အိုးရန်ယိက ဝင့်ကြွားစွာ ပြောလိုက်သည်။
“ပြီးတော့ အဲ့ဒါကို မင်းရှေ့မှာတင် လုပ်ပြမယ်”
သူသည် သူတော်စင်သခင်အဆင့်မျှသာ ရှိသူဖြစ်ရာ သူ့ကို မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ဟု အိုးရန်ယိက ယုံကြည်နေသည်။
ယဲ့ဖန်က သူ့ကို တိုက်ခိုက်နိုင်လိမ့်မည်ဟု အိုးရန်ယွင်သော်က ကလေးဆန်စွာ တွေးတောနေလေသလား။
“နင်...”
အိုးရန်ယိ၏ စကားကြောင့် အိုးရန်ယွင်သော်မှာ ဒေါသထွက်လွန်း၍ စကားပင် မပြောနိုင်တော့ဘဲ အိုးရန်ယိ၏ ထောင်လွှားနေသော မျက်နှာကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ် ပေါက်သွားတော့သည်။
“ငါနဲ့ ငါ့ညီကို သေပြီလို့ မင်းတို့ ထင်နေတာလား”
သူတို့နှစ်ဦးကို လျစ်လျူရှုပြီး စကားများနေကြသည်ကို မြင်သောအခါ ဟေးရှန်းညီအစ်ကိုများသည် ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သော မျက်နှာပေးများဖြင့် သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာခဲ့သည်။
ထိုအခါမှ အိုးရန်ယိသည် ဟေးရှန်းညီအစ်ကိုများဘက်သို့ လှည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အထင်အမြင်သေးသော အပြုံးတစ်ခုကို ဆင်မြန်းလျက် ပြောလိုက်သည်။
“ငါ အင်မော်တယ် ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ခါစမှာ ငါနဲ့ လာတိုးတာ မင်းတို့ ကံဆိုးတာပဲ။ ဒီနေ့တော့ မင်းတို့ကို ငါ့ရဲ့ လက်သွေးဖော်တွေအဖြစ် အသုံးချရမှာပဲ”
အထက်စီးဆန်လှသည်။
ခန့်ညားထည်ဝါလှပေ၏။
အနားရှိ အိုးရန် မျိုးနွယ်စုဝင်များအားလုံး စိတ်လှုပ်ရှားသွားကြသည်။ ဤသည်မှာ သူတို့၏ အိုးရန်မျိုးနွယ်စုမှ အစွမ်းထက်ပြီး မာန်ရှိသော လူငယ်စစ်စစ်ပင် ဖြစ်သည်။
အင်မော်တယ် ဧကရာဇ် နှစ်ယောက်နှင့် တစ်ပြိုင်နက် ရင်ဆိုင်နေရချိန်မှာပင် သူသည် ယုံကြည်မှုအပြည့်နှင့် မကြောက်မရွံ့ ရှိနေဆဲပင်။
“ဟဲဟဲဟဲ ... အိုးရန်ယိ၊ မင်းအကြောင်း ငါကြားဖူးပါတယ်။ အိုးရန် မျိုးနွယ်စုရဲ့ ရှားပါးပါရမီရှင်ပေါ့။ ဒါပေမဲ့ မင်းတစ်ယောက်တည်းနဲ့ ငါတို့ညီအစ်ကိုနှစ်ယောက်ကို တားနိုင်မယ်လို့ ထင်နေတာလား”
ဟေးရှန်းက လှောင်ပြုံးပြုံးလိုက်ပြီးနောက် ကြုံးဝါးလိုက်သည်။
“ညီလေး ... ငါပဲ သူ့ကို ကိုင်တွယ်လိုက်မယ်။ မင်းက လူငယ်တွေကို ဦးဆောင်ပြီး ဒီအိုးရန်မျိုးနွယ်တွေကို အရင် သတ်ပစ်လိုက်၊ ပြီးမှ ငါနဲ့ပေါင်းပြီး သူ့ကို အပြတ်ရှင်းကြတာပေါ့”
“ကောင်းပြီ”
ဟေးဖုန်းက သဘောတူလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ ယုတ်မာစွာ ပြုံးလိုက်သည်။
“မိန်းမတွေကလွဲရင် အကုန်သတ်ပစ်ကြစမ်း”
*ဘာ*
ဤစကားကို ကြားလိုက်ရသောအခါ အိုးရန်ချန်းနှင့် အခြားသူများ၏ မျက်နှာမှာ အလွန်အမင်း ဆိုးရွားသွားခဲ့သည်။ တစ်ဖက်လူက ဤမျှအထိ ယုတ်မာလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။
ဤသည်မှာ အိုးရန်ယိ၏ အာရုံကို တမင်တကာလွှဲရန် စီစဉ်ခြင်းဖြစ်သည်။ မိမိ၏ ဆွေမျိုးသားချင်းများနှင့် မိသားစုဝင်များ အသတ်ခံနေရသည်ကို လက်ပိုက်ကြည့်နေစေခြင်းဖြင့် သူ၏ တာအို နှလုံးသားကို ဖျက်ဆီးရန် ကြံစည်ခြင်းပင်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက အိုးရန်ယိသည် ဒေါသအမျက်လွန်ကဲပြီး စိတ်တည်ငြိမ်မှု ပျက်ပြား သွားပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် အိုးရန်ယိ၏ မျက်နှာမှာ အလွန်ပင် တင်းမာနေသည်။ သူတစ်ယောက်တည်း နှစ်ယောက်ကို ယှဉ်တိုက်ရမည်ဆိုပါက သူ လုံးဝ မကြောက်ပေ။ သို့သော် တစ်ဖက်လူက သူ၏ဖခင်ကို သတ်ရန် ကြိုးစားနေပါက သူသည် ရန်သူကို တိုက်ခိုက်ခြင်းအပေါ် မည်သို့ အာရုံစိုက်နိုင်ပါမည်နည်း။
“အစွမ်းကုန် တိုက်ကြမယ်ဟေ့”
အိုးရန်ချန်းက ပြန်လည် ကြွေးကြော်လိုက်သည်။ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းမှလွဲ၍ အခြား နည်းလမ်း မရှိတော့ပေ။
ပြင်းထန်သော တိုက်ပွဲကြီးမှာ ရုတ်ခြည်း ပေါက်ကွဲထွက်လာတော့သည်။
အိုးရန်လင်း၏ စစ်သည်အများအပြားမှာလည်း အော်ဟစ်လျက် ပြေးထွက်လာကြသည်။ ဓားချင်းထိခတ်သံများ ဆူညံသွားပြီး သွေးညှီနံ့များမှာလည်း တစ်ခဏချင်းအတွင်း ပျံ့နှံ့သွားတော့သည်။
“ဘုတ် ဘုတ် ဘုတ်”
ချက်ချင်းဆိုသလိုပင် အလောင်းများမှာ မြေပြင်ပေါ်သို့ တစ်လောင်းပြီးတစ်လောင်း လဲကျသွားလေတော့သည်။
နှစ်ဖက်စလုံးတွင် အထိအခိုက် အကျအဆုံးများ ရှိသော်လည်း အိုးရန်လင်းဘက်မှ အကျအဆုံး ပိုမိုများပြားခဲ့သည်။ အကြောင်းမှာ တစ်ဖက်တွင် အင်မော်တယ် ဧကရာဇ် တစ်ဦး ကိုယ်တိုင် ဦးဆောင်နေသောကြောင့်ပင်။
ထိုအခိုက်အတန့်တွင် မိသားစုဝင်များ၏ အော်ဟစ်ငိုကြွေးသံများမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ် နေတော့သည်။ လဲကျသေဆုံးသွားသူများထဲတွင် သူတို့၏ မောင်နှမသားချင်းများ၊ မိဘများနှင့် သားသမီးများ ပါဝင်နေကြသည်။
ဟေးဖုန်း၏ တိုက်ခိုက်မှုများမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသည်။ ဦးခေါင်းကို ရိုက်ခွဲခြင်း၊ ခေါင်းဖြတ်ခြင်းနှင့် နှလုံးသားကို ဆွဲထုတ်ခြင်းတို့ကို မညှာမတာ ပြုလုပ်နေသည်။
သူတို့အားလုံးမှာ တစ်ချက်တည်းဖြင့်ပင် အသတ်ခံလိုက်ရသည်။
“ဟဲဟဲ ... အိုးရန်ချန်း၊ ငါ မင်းနဲ့ ကစားပေးရတာပေါ့”
ဟေးဖုန်းက ရက်စက်စွာ ပြုံးလိုက်ပြီးနောက် ခုန်ထွက်လာခဲ့သည်။ သူ၏ လက်ဝါးများမှ ပြင်းထန်သော ယန်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အိုးရန်ချန်း၏ အပေါ်သို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျဆင်းလာခဲ့သည်။
“အဖေ”
ဤသည်ကို မြင်လိုက်ရသောအခါ အိုးရန်ယိမှာ ချက်ချင်းပင် စိုးရိမ်တကြီးဖြစ်သွားပြီး ရန်သူ့လက်မှ ရုန်းထွက်ကာ သွားရောက် ကယ်တင်လိုသော်လည်း၊ ထိုအခိုက်အတန့်တွင်ပင် သူ၏နောက်ကျောဘက်မှ ထက်ရှသော သတ်ဖြတ် လိုစိတ် တစ်ခုက တိုက်ခိုက်လာခဲ့သည်။
*ချီးပဲ*
အိုးရန်ယိ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။ သူသည် အမြန်လှည့်ကာ သူ၏လှံကို မြှောက်၍ ခုခံလိုက်ရသည်။
“မျိုးမစစ်ကောင်၊ ငါနဲ့ ရင်ဆိုင်နေရတာတောင် မင်းက အာရုံလွတ်နေရဲသေးတယ်ပေါ့၊ မင်း အသက် မရှင်ချင်တော့ဘူး ထင်တယ်”
ဟေးရှန်းက အောင်နိုင်သူအမူအရာဖြင့် စဉ်းလဲစွာ ရယ်မောလိုက်လေသည်။
“မင်း … လူယုတ်မာ”
အိုးရန်ယိက သွားကြိတ်လျက် ဟေးရှန်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ် ပေါက်နေတော့သည်။
“ရွှစ်”
ထိုအခိုက်အတန့်၌ အိုးရန်ချန်း၏ ပုခုံးမှ သွေးများ ရုတ်တရက် ပန်းထွက်လာခဲ့သည်။
သေရေးရှင်ရေး အခြေအနေ၌ အိုးရန်ယွင်သော်သာ ကြားဖြတ် ဝင်ရောက်၍ ဟေးဖုန်း၏ တိုက်ကွက်ကို တားဆီးမပေးခဲ့လျှင် ဤတိုက်ခိုက်မှုသည် အိုးရန်ချန်းကို အသက်ပျောက်စေခဲ့ပြီ ဖြစ်သည်။
ဤသည်ကို ၎င်းကို မြင်လိုက်ရသောအခါ အိုးရန်ယိ၏ မျက်နှာမှာ ပို၍ပင် ဆိုးရွားသွားခဲ့သည်။ သူ၏ဖခင်မှာ နေရာတင် အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည် မဟုတ်ပါလား။
ဟေးဖုန်းက အိုးရန်ယွင်သော်ကို တအံ့တဩ စိုက်ကြည့်လိုက်သည်။
“အိုး ... မင်းက အိုးရန်လင်းရဲ့ မင်းသမီးလေးပဲ။ ငါ့ရဲ့ တိုက်ကွက်ကို တားနိုင်တယ်ပေါ့။ မဆိုးဘူး၊ တကယ်မဆိုးဘူး”
အိုးရန်ယွင်သော်က ဟေးဖုန်းကို သုန်မှုန်သော အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး အိုးရန်ချန်းကို ပြောလိုက်သည်။
“ဦးလေးချန်း... ဒီလူကို ကျွန်မ တာဝန် ထားလိုက်”
“မြေးမလေး ... မင်း တကယ်အဆင်ပြေရဲ့လား”
အိုးရန်ချန်းက သွေးများစိုရွှဲနေသော သူ၏ပုခုံးကို ဆုပ်ကိုင်ထားရင်း မေးလိုက်သည်။
လက်ရှိအခြေအနေတွင် သူ သံသယ များနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အိုးရန်ယွင်သော်သည် နတ်ဘုရင် အဆင့်မျှသာ ရှိသေးသောကြောင့် ဖြစ်သည်။
“သူ့ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့... အချိန်ဆွဲထားဖို့ဆိုရင်တော့ ပြဿနာမရှိပါဘူး”
အိုးရန်ယွင်သော်က တည်ငြိမ်စွာ ပြောလိုက်သည်။ ယဲ့ဖန်၏ လေ့ကျင့်ပေးမှုကြောင့် သူမ၏ ခန္ဓာကိုယ်မှာ အကြိမ်ကြိမ် သန့်စင်ထားပြီးဖြစ်ရာ ဤကဲ့သို့ ယုံကြည်မှု ရှိနေခြင်းဖြစ်သည်။
အိုးရန်ချန်းသည် တစ်ခဏမျှလဝေခွဲမရဖြစ်နေပြီးနောက် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ အိုးရန်ယွင်သော်သည် ထူးခြားဆန်းပြားလှသော မျိုးနွယ်စုခေါင်းဆောင်ငယ်နှင့်အတူ အချိန်အတော်ကြာ လေ့ကျင့်ခဲ့သည် ဖြစ်ရာ အခြေခံစွမ်းရည်အချို့တော့ ရှိမည်ဟု သူ ယူဆလိုက်သည်။
၎င်းကို မြင်သောအခါ ဟေးဖုန်းက တဟားဟား ရယ်မောလိုက်သည်။
“မိန်းကလေး ... မင်း တကယ်ပဲ ကိုယ့်နေရာကိုယ် မသိတာပဲ၊ ငါ့ကို တားနိုင်မယ်လို့တောင် ပြောရဲတယ်ပေါ့လေ”
*နတ်ဘုရင်တစ်ယောက်က အင်မော်တယ် ဧကရာဇ် တစ်ယောက်ကို တားဆီးဖို့ ကြိုးစားနေတာလား*
“ဟဲဟဲ ... မင်းကို ငါဖမ်းမိတာနဲ့ အဝတ်အစားတွေ အကုန်ချွတ်ပြီး တဖြည်းဖြည်းချင်း နှိပ်စက်ပစ်မယ်”
ထိုသို့ပြောပြီးနောက် ဟေးဖုန်းသည် ရှေ့သို့ အရှိန်ဖြင့် ခုန်ဝင်လာတော့သည်။
ထိုအခိုက်အတန့်တွင် သူသည် အိုးရန်ယွင်သော်၏ ခေါင်းပေါ်သို့ ရောက်ရှိလာခဲ့သည်။ သူ၏ လက်ဝါး နှစ်ဖက်လုံးကို အသုံးပြု၍ ပြင်းထန်စွာ ပြန်လည်ဖိနှိပ်လိုက်သည်။
“ဂျွတ် ဂျွတ်”
ပြင်းထန်လှသော လေဖိအားကြောင့် အောက်ခြေမှ ကြမ်းပြင်များမှာ ရုတ်တရက် အက်ကွဲသွားရသည်။ ဤမြင်ကွင်းမှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။
သို့သော်လည်း အိုးရန်ယွင်သော်သည် နောက်ဆုတ်ရန် ငြင်းဆန်ပြီး သူမ၏ လက်သီးနှစ်ဖက်လုံးကို အစွမ်းကုန် ထုတ်ကာ ဝင်ရောက်လာသော ဟေးဖုန်းကို ဒေါသတကြီး ပြန်လည်ထိုးနှက်လိုက်သည်။
*ဘာ*
ဤမြင်ကွင်းကြောင့် အနားရှိလူတိုင်း ချက်ချင်း ထိတ်လန့်သွားကြသည်။ နတ်ဘုရင်အဆင့် အစွမ်းဖြင့် အင်မော်တယ် ဧကရာဇ်ကို မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။
*ဒါက ကိုယ့်ဘာသာကိုယ် သေတွင်းတူးနေတာ မဟုတ်ဘူးလား*
*အိုးရန်ယွင်သော် ရူးသွားပြီလား*
အိုးရန်မျိုးနွယ်စုဝင်များ အားလုံးမှာ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် မှင်တက်နေကြသည်။
“အရူးပဲ”
ဟေးဖုန်း၏ နှုတ်ခမ်းများတွင် အထင်အမြင်သေးသော အမူအရာတစ်ခု ချက်ချင်း ပေါ်လာသည်။ ‘နွားပိန် ကန်သော်လည်း မွဲရုံရှိသည်’ ဟူသော စကားအတိုင်းပင် သူမသည် မည်သို့များ ဤမျှ ရဲတင်းနေရသနည်း။ ၎င်းမှာ သေလမ်းရှာနေခြင်းပင်။
သို့သော်လည်း ဆက်လက်ဖြစ်ပျက်လာသော အရာက လူတိုင်းကို စကားမပြောနိုင်အောင် မှင်တက် သွားစေခဲ့သည်။
“ဝုန်း”
လက်သီးနှင့် လက်ဝါး ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ ထို့နောက် ကြီးမားသော စွမ်းအားလှိုင်းတစ်ခုမှာ ရုတ်တရက် အပြင်သို့ ကန်ထွက်လာသည်။
“ဝုန်း”
ဟေးဖုန်းသည် အိုးရန်ယွင်သော်၏ ထိုးနှက်ချက်ကြောင့် အဝေးသို့ လွင့်ထွက်သွားခဲ့ရပြီး ကြမ်းပြင်ပေါ်တွင် ခြေလှမ်း အတော်များများ နောက်ဆုတ်သွားပြီးမှသာ အရှိန်သတ်နိုင်ခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဟေးဖုန်း၏ မျက်နှာပေါ်တွင် လုံးဝ မယုံကြည်နိုင်သော အမူအရာတစ်ခု ပေါ်လာတော့သည်။
နတ်ဘုရားဘုရင်တစ်ယောက်၏ လက်ချက်ဖြင့် သူ လွင့်ထွက်သွားရသည်တဲ့လား။
သူတင်မကဘဲ အနားရှိ အိုးရန်မျိုးနွယ်စုဝင် အားလုံးလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြကာ မဖြစ်နိုင်ဟုပင် ထင်မှတ်နေကြသည်။ ဤအရာမှာ အလွန်ပင် ဆန်းကြယ်လှပေသည်။
နတ်ဘုရားဘုရင်တစ်ယောက်က သူ၏ ခန္ဓာကိုယ်အစွမ်းသက်သက်ဖြင့် အင်မော်တယ် ဧကရာဇ်ကို အနိုင်ယူနိုင် လေသလား။
အိုးရန်ယိပင်လျှင် ဤမြင်ကွင်းကြောင့် ကြောင်အသွားခဲ့ရသည်။ နတ်ဘုရားဘုရင်က အင်မော်တယ်ဧကရာဇ်ကို တားဆီးနိုင်သည်လား။ သူကိုယ်တိုင်ပင် ထိုသို့ မလုပ်နိုင်ခဲ့ချေ။
*ဒီကောင်မလေး ဘယ်တုန်းက ဒီလောက်အစွမ်းထက်သွားတာလဲ*
သူသည် မိမိကိုယ်ကိုယ် အိုးရန်မျိုးနွယ်စု၏ နံပါတ်တစ် ပါရမီရှင်ဟု တွေးခဲ့ခါစရှိသေးသော်လည်း၊ ယခု အိုးရန်ယွင်သော်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်ဓာတ်များ အတော်လေး ကျဆင်းသွားခဲ့ရလေတော့သည်။
ဘေးလူများအားလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။
ဤသည်မှာ အံ့ဩစရာကောင်းလှပေသည်။
အိုးရန်ယွင်သော်က တကယ့်ကို ပါရမီထူးသူပင်။ သူမ၏ နည်းလမ်းများမှာ အံ့အားသင့်စရာ ကောင်းပေ၏။
ထိုအခိုက်အတန့်တွင် အိုးရန်ယွင်သော်မှာလည်း အတိုင်းမသိ ဝမ်းသာသွားပြီး ချက်ချင်းပင် အော်ဟစ်လိုက်သည်။
“ငါ့ရဲ့ ဆရာက ပြိုင်ဘက်ကင်းပဲ”
ထိုအချိန်တွင် သူမ မည်မျှအထိ စိတ်လှုပ်ရှားနေမည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
ဤအရာအားလုံးမှာ ယဲ့ဖန်ကြောင့်သာ ဖြစ်သည်။
အိုးရန်ချန်းမှာမူ လုံးဝ မှင်တက်သွားခဲ့ရသည်။ မိသားစု ခေါင်းဆောင်ငယ်နောက်ကို လိုက်ပြီး ကျင့်ကြံရာ၌ ဤသို့သော ရလဒ် ရလာသည်တဲ့လား။
သို့သော် အိုးရန်ယွင်သော်သည် ယဲ့ဖန်နှင့်အတူ လေ့ကျင့်ခဲ့သည်မှာ တစ်လသာ ရှိသေးသော်လည်း သူမတွင် ဤမျှအထိ ပြင်းထန်သော စွမ်းအားများ ရှိနေလေပြီလား။
အကယ်၍ သူမသာ တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက် ကျင့်ကြံလိုက်မည်ဆိုပါက သူ၏သားဖြစ်သူပင်လျှင် သူမကို ယှဉ်နိုင်မည်မဟုတ်မှာကို သူ စိုးရိမ်မိသည်။
၎င်းမှာ ကြောက်စရာကောင်းလှသည်။
မိသားစု ခေါင်းဆောင်ငယ်သည် တကယ့်ကို နတ်ဘုရားတစ်ပါးပင်။
“ညီလေး ... မင်း ဘာတွေ လုပ်နေတာလဲ”
ဟေးရှန်းက ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။ သူကိုယ်တိုင်မှာ အိုးရန်ယိ၏ ဖိအားပေးမှုကို ခံနေရသော်လည်း၊ ဟေးဖုန်းမှာမူ နတ်ဘုရင်တစ်ယောက်၏ တားဆီးခြင်းကို ခံနေရသည် မဟုတ်ပါလား။
သူ၏အစ်ကိုဖြစ်သူ၏ ငေါက်ငမ်းခြင်းကို ခံရသည့်အပြင် သူ၏တပည့်များကလည်း ကြည့်နေကြသဖြင့် ဟေးဖုန်းမှာ အလွန်အမင်း အရှက်ရသွားခဲ့သည်။
အင်မော်တယ် ဧကရာဇ် တစ်ဦးက နတ်ဘုရင်တစ်ဦး၏လက်တွင် ရှုံးနိမ့်သွားခဲ့သည်ဟု သတင်းထွက်သွားပါက လူတကာ၏ လှောင်ပြောင်ခြင်းကို ခံရမည် မဟုတ်ပါလား။
တစ်ခဏချင်းအတွင်းမှာပင် ဟေးဖုန်း၏ မျက်နှာတွင် ပြင်းထန်သော ရန်ငြိုးများ ပေါ်ပေါက်လာသည်။
“ခွေးမ... မင်းကို သေချင်စိတ်ပေါက်သွားအောင် ငါ လုပ်ပြမယ်”
ဟေးဖုန်းသည် ရုတ်တရက် ကြုံးဝါးလိုက်ပြီးနောက် ရှေ့သို့ တိုးဝင်လာခဲ့သည်။ သူ၏ သတ်ဖြတ်လိုစိတ်မှာ ယခင် ကထက်ပင် ပိုမို ကြမ်းတမ်းလာခဲ့သည်။
“ဝုန်း ဝုန်း ဝုန်း”
သူ၏ လက်သီးချက်များမှ ထွက်ပေါ်လာသော စွမ်းအားမှာ ပင်လယ်ပြင်ကြီးကဲ့သို့ပင် အဆက်မပြတ် ရိုက်ခတ် နေပြီး၊ တောင်တန်းကြီးများ ပြိုကျလာသကဲ့သို့ ကမ္ဘာပေါ်ရှိ အရာအားလုံးကို အပိုင်းပိုင်း ကြေမွသွားစေကာ အိုးရန်ယွင်သော် ဆီသို့ ပြင်းထန်စွာ ဦးတည်လာခဲ့သည်။
ထိုရက်စက်ကြမ်းကြုတ်မှုမှာ ဝါးမြိုပစ်တော့မည့်အလားပင်။
ဟင်းလင်းပြင်ကြီးပင် တုန်ခါသွားရသည်။
၎င်းမှာ တာအို ၏ စွမ်းအားပင် ဖြစ်သည်။
အိုးရန်ယွင်သော်၏ မျက်နှာမှာ ချက်ချင်းပင် အလွန်တရာ ဆိုးရွားသွားခဲ့သည်။ သူမတွင် သန်မာသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ရှိနေသော်လည်း၊ အင်မော်တယ် ဧကရာဇ်တစ်ဦး၏ တာအို နည်းလမ်းများကို ရင်ဆိုင်ရန်မှာ အလွန်ပင် ခက်ခဲနေဆဲ ဖြစ်သည်။
၎င်းမှာ လက်နက်မဲ့သူတစ်ဦးက လက်နက်ကိုင်ဆောင်ထားသူတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ပင် ဖြစ်ရာ သဘာဝ အရ အားနည်းချက် ရှိနေပေသည်။
“ဘုန်း ဘုန်း ဘုန်း”
အိုးရန်ယွင်သော်သည် လက်သီးချက်များစွာကို အဆက်မပြတ် ပြန်လည် ထိုးနှက်လိုက်သည်။ သူမသည် ဟေးဖုန်း၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သော်လည်း၊ သူမ၏ လက်နှစ်ဖက်လုံးမှာမူ သွေးများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။
၎င်းကို မြင်လိုက်ရသောအခါ ဟေးဖုန်း၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
“ခွေးမ … မင်းခန္ဓာကိုယ် သန်မာတယ် မဟုတ်လား၊ ငါ့ကို ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြ သေးတာပေါ့”
ထိုသို့ပြောနေစဉ်မှာပင် ယခင်ကထက် ပိုမိုရက်စက်ကြမ်းကြုတ်သော လက်သီးချက်တစ်ခုသည် အိုးရန်ယွင်သော် ဆီသို့ ဖိနှိပ်ဝင်ရောက်လာတော့သည်။
လက်သီးချက်တိုင်းတွင် ကြောက်မက်ဖွယ်ကောင်းပြီး အကြမ်းဖက်နိုင်သော စွမ်းအားများ ပါရှိနေကာ၊ နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ အရာရာကို ဖိနှိပ်လျက် ကောင်းကင်ကို ခွဲထုတ်ပြီး မြေပြင်ကို အပိုင်းပိုင်း ကြေမွစေတော့မည့်အလားပင်။
“ရွှစ် ရွှစ် ရွှစ်”
ရုတ်တရက်ဆိုသလို အိုးရန်ယွင်သော်၏ ခန္ဓာကိုယ်မှ သွေးများသည် နေရာအနှံ့သို့ လွင့်စင်ထွက်လာလေသည်။
အိုးရန်ယွင်သော်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ အလွန်ပင် သန်မာလှပေသည်။ အကယ်၍ သူမနေရာတွင် အခြားသော နတ်ဘုရင်တစ်ဦးသာဆိုလျှင် အရိုးပင်မကျန်တော့ဘဲ ဖုန်မှုန့်ဘဝသို့ ရောက်ရှိသွားသည်မှာ ကြာနေပြီ ဖြစ်သည်။