သံသရာ ကောင်းကင်ဘုံသိုင်း
Vol. 116 Ch. 1739
“ဟုတ်တယ်”
ကျုံးဝမ်က ခေါင်းကိုမော့ကာ ရဲဝံ့စွာ ပြန်လည်ဖြေကြားလိုက်သည်။ သူမနောက်ကွယ်မှ အမျိုးသမီးများမှာလည်း ထိုနည်းတူပင် တည်ငြိမ်အေးစက်သော မျက်နှာများဖြင့် ရှိနေကြပြီး၊ နှိမ့်ချခြင်းမရှိ၊ မောက်မာခြင်းလည်း မရှိဘဲ ရပ်နေကြသည်။
ဤသည်က ဝူကျန်းယွဲ့ကို အံ့အားသင့်သွားစေသည်။ ဤအမျိုးသမီးများမှာ သူတို့ဘက်မှ လူအင်အား အလုံး အရင်းကို မြင်နေရပါလျက်နှင့် အကြောက်အလန့် လုံးဝမရှိကြပေ။
ဤအမျိုးသမီးများမှာ တစ်နည်းမဟုတ်တစ်နည်း ထူးခြားနေကြသည်ဟု ဆိုရပေမည်။
“မင်းတို့ ဘာလို့ ထွက်မပြေးကြတာလဲ”
ဝူကျန်းယွဲ့ နားမလည်နိုင်ဖြစ်သွားသည်။ အကယ်၍ အခြားအမျိုးသမီးသာဆိုလျှင် ယခုအချိန်၌ အဝေးသို့ ထွက်ပြေး လွတ်မြောက် နေလောက်ပြီ မဟုတ်ပါလား။
သို့သော် ဤအမျိုးသမီးများမှာ ထွက်မပြေးရုံတင်မကဘဲ သူတို့၏ရှေ့မှောက်သို့ မိမိအလိုအလျောက် ပေါ်ထွက် လာကြခြင်း ဖြစ်သည်။
“ထွက်ပြေးရမယ်၊ နင်တို့က ငါတို့ကို ထွက်ပြေးခွင့်ပေးမယ်လို့ ထင်နေတာလား၊ ယဲ့ဖန် ပြန်လာတဲ့အခါ နင်တို့အားလုံး သေရလိမ့်မယ်”
ကျုံးဝမ်က အေးစက်စွာ ပြောလိုက်သည်။
သူတို့အားလုံး သေရမည်တဲ့လား။
ဟေးရှန်းညီအစ်ကိုများနှင့် သူတို့၏အပေါင်းအပါများမှာ ခဏမျှ မှင်တက်သွားကြပြီးနောက် ရူးသွပ်သကဲ့သို့ လှောင်ပြောင် ရယ်မောလိုက်ကြတော့သည်။
“ဟေး... ရယ်စရာတွေ သိပ်မပြောနဲ့။ အဲ့ဒီ သူတော်စင်သခင်အဆင့်လောက်ရှိတဲ့ အမှိုက်ကောင်က ငါတို့အားလုံးကို သတ်နိုင်မယ်လို့ မင်းထင်နေတာလား”
“ထင်တဲ့အတိုင်းပဲ ... ဆံပင်သာရှည်ပြီး အမြင်တိုကြတာပဲ။ အင်မော်တယ် အရှင်သခင်က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ မင်းတို့ လုံးဝမသိကြဘူး။ သူ့အတွက် အင်မော်တယ် ဧကရာဇ် တစ်ယောက်ကို သတ်ဖို့ဆိုတာ ခွေးတစ်ကောင်ကို သတ်ရသလောက် လွယ်တယ်။ သူတော်စင်သခင်အဆင့်လောက်ကိုတော့ ပြောမနေနဲ့တော့”
အဓိပ္ပာယ်မရှိပေ။ မောက်မာလွန်းလှ၏။
ထိုအခိုက်အတန့်တွင် ဝူကျန်းယွဲ့ပင်လျှင် ဤ “အလွန်အမင်း မိုက်မဲလှသော” စကားများကြောင့် မရယ်ဘဲ မနေနိုင်တော့ချေ။ သူက ခေါင်းကိုခါယမ်းကာ အားမလိုအားမရဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
“အဲ့ဒီကောင်က အခုလောက်ဆိုရင် ကောင်းကင်ဘုံကိုးလွှာရဲ့ ကျော်ကြားလှတဲ့ သူတော်စင်သော်ပေါင်နဲ့ ရင်ဆိုင်နေရလောက်ပြီ။ သူ အသက်ရှင်လျက်နဲ့ ပြန်လာနိုင်ဦးမယ်လို့ မင်းတို့ တကယ်ပဲ ထင်နေတာလား”
၎င်းကို ကြားလိုက်ရချိန်တွင် ကျုံးဝမ်နှင့် အခြားအမျိုးသမီးများမှာ ထိတ်လန့်သွားခြင်း မရှိသည့်အပြင် မျက်နှာ များတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များသာ ပေါ်လာတော့သည်။
“ယဲ့ဖန်က ဘယ်သူနဲ့ပဲ ရင်ဆိုင်ရပါစေ ... သေရမယ့်သူကတော့ တဖက်လူပဲ ဖြစ်လိမ့်မယ်”
ကျုံးဝမ်က အခိုင်အမာ ပြောလိုက်သည်။
ဝူကျန်းယွဲ့နှင့် အခြားသူများအတွက်မူ ဤစကားများသည် အခြေအမြစ်မရှိသော ရူးကြောင်ကြောင် စကားများ အလား ထင်ရပေသည်။
“ကြည့်ရတာ ယဲ့ဖန်က အသုံးမကျတဲ့ အမှိုက်ကောင်ဖြစ်သလို သူ့ရဲ့ မိန်းမတွေကလည်း အရူးတစ်သိုက် ဖြစ်နေတာကိုး၊ ဟားဟားဟား”
ဟေးရှန်းက လှောင်ပြောင်လိုက်သည်။
အိုးရန်ချန်းနှင့် အခြားသူများပင်လျှင် ခေါင်းငိုက်စိုက်ကျသွားကြပြီး မျှော်လင့်ချက်မဲ့သော ခါးသီးသည့် အပြုံးများကိုသာ ပြုံးနေကြတော့သည်။
သူတို့အားလုံးသည် ယဲ့ဖန် အသက်ရှင်လျက် ပြန်လာနိုင်ရန် အခွင့်အလမ်း မရှိဟု ယုံကြည်နေကြသလို ပြန်လာနိုင်ခဲ့လျှင်ပင် ဝူကျန်းယွဲ့၏ ပြိုင်ဘက် ဖြစ်လာနိုင်မည်မဟုတ်ဟု ထင်မှတ်နေကြသည်။
ထိုနှစ်ဦး၏ အင်အားမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလွန်းလှသည်။
လက်ရှိ ဝူကျန်းယွဲ့မှာ ထိုစဉ်က အိုးရန်ချင်းရွှယ်နှင့် အဆင့်အတန်း တူညီနေပြီဖြစ်ကြောင်း သတိပြုသင့်သည်။ ယဲ့ဖန်တွင် ထူးခြားသော ပါရမီရှိသည်ဟု ဆိုစေဦးတော့၊ သူသည် နောက်ဆုံးတွင် သူတော်စင်သခင် အဆင့်သာ ရှိသေးသည် မဟုတ်ပါလား။
ဤအဆင့်တွင်ရှိသော တစ်စုံတစ်ယောက်က အဆင့်ကြီးနှစ်ခုကို ကျော်ဖြတ်ပြီး ဝူကျန်းယွဲ့ကို အနိုင်ယူနိုင် လိမ့်မည်ဟု တွေးခြင်းမှာ စိတ်ကူးယဉ် အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ကျုံးဝမ်သည် ယခင်အတိုင်းပင် ခိုင်မာမြဲမြံစွာ ရှိနေဆဲဖြစ်သည်။ သူမ၏ စကားလုံးများမှာ အေးစက်ထက်ရှလှသည်။
“နင်တို့လို သာမန်လူတွေက ငါ့ယောက်ျားရဲ့ အစွမ်းအစ အတိမ်အနက်ကို ဘယ်လိုလုပ်ပြီး တိုင်းတာနိုင်မှာလဲ၊ အကယ်၍ ဒီနေ့ ရှင်တို့ထဲက တစ်ယောက်ယောက်ကသာ အိုးရန်မျိုးနွယ်စုရဲ့ ဆံခြည်တစ်မျှင်ကိုတောင် ထိခိုက်အောင် လုပ်ဝံ့မယ်ဆိုရင် သူက ရှင်တို့အားလုံးကို ငရဲကို ပို့ပေးလိမ့်မယ်။ နင်တို့ ငါ ပြောတာကို ယုံလား”
“နင်တို့ အဲ့ဒါကို ယုံထားလိုက်”
သူမနောက်ကွယ်မှ အမျိုးသမီးများမှာလည်း ဒေါသတကြီး အော်ဟစ်လိုက်ကြပြီး မျက်နှာများမှာ ရေခဲအလား အေးစက်လျက် ဟေးရှန်းညီအစ်ကိုများနှင့် အခြားသူများကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကြတော့သည်။
ထိုအခိုက်အတန့်တွင် ဟေးရှန်းညီအစ်ကိုများနှင့် အခြားသူများမှာ မသိစိတ်မှ ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက် ရသည်။
ဤအမျိုးသမီးများသည် အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ဤမျှအထိ အကြောက်အလန့် ကင်းမဲ့နေကြသည်လား။
အိုးရန်ချန်း၏ မျက်နှာအမူအရာမှာ ခဏမျှ တောင့်တင်းသွားပြီးနောက် သူ၏မျက်နှာထက်တွင် နက်ရှိုင်းပြီး ရူးသွပ်လုနီးပါး လေးစားအားကျမှုများ ပေါ်ပေါက်လာတော့သည်။
“မိသားစုခေါင်းဆောင်ငယ် ... အရှင်ရဲ့ ဂုဏ်သတင်းမှာ အနှိုင်းမဲ့ပါတယ်၊ အရှင်ရဲ့ အောင်မြင်မှုတွေကလည်း ဒဏ္ဍာရီတွင်ပါတယ်”
ယဲ့ဖန်၏ အမျိုးသမီးများပင် သူ့ကို ဤမျှအထိ ယုံကြည်နေကြမှတော့ သူတို့အနေဖြင့် သူ့ကို သံသယဝင်နေရန် ဘာအခွင့်အရေး ရှိပါမည်နည်း။
အိုးရန် မျိုးနွယ်စုဝင် အားလုံးမှာ မှင်တက်သွားကြသော်လည်း၊ မကြာမီပင် ကျုံးဝမ်နှင့် အိုးရန်ချန်းတို့၏ စိတ်ဓာတ် ရိုက်ခတ်မှုကြောင့် သူတို့သည် သွားများကို ကြိတ်ကာ ကြွေးကြော်လိုက်လေသည်။
“မိသားစုခေါင်းဆောင်ငယ် ... အရှင်ရဲ့ ဂုဏ်သတင်းမှာ အနှိုင်းမဲ့ပါတယ်၊ အရှင်ရဲ့ အောင်မြင်မှုတွေကလည်း ဒဏ္ဍာရီတွင်ပါတယ်”
“မိသားစုခေါင်းဆောင်ငယ် ... အရှင်ရဲ့ ဂုဏ်သတင်းမှာ အနှိုင်းမဲ့ပါတယ်၊ အရှင်ရဲ့ အောင်မြင်မှုတွေကလည်း ဒဏ္ဍာရီတွင်ပါတယ်”
“မိသားစုခေါင်းဆောင်ငယ် ... အရှင်ရဲ့ ဂုဏ်သတင်းမှာ အနှိုင်းမဲ့ပါတယ်၊ အရှင်ရဲ့ အောင်မြင်မှုတွေကလည်း ဒဏ္ဍာရီတွင်ပါတယ်”
ပို၍ပင် ဆိုးရွားသည်မှာ အချို့သူများက ဝူကျန်းယွဲ့ကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင်။
“ဝူကျန်းယွဲ့၊ လာစမ်း၊ ငါ့ကို သတ်လိုက်စမ်း၊ ဘာပဲဖြစ်ဖြစ် တစ်နေ့ကျရင် မိသားစုခေါင်းဆောင်ငယ်က မင်းတို့ရဲ့ နတ်ဘုရားမျိုးနွယ်ကို သွေးချောင်းစီးအောင် လုပ်ပြလိမ့်မယ်”
မှန်ပေသည်။ မိသားစုခေါင်းဆောင်ငယ်သည် ထူးခြားဆန်းပြားသော လူသားတစ်ဦးဖြစ်သည်။ သူက ဘယ်လိုလုပ် သေနိုင်ပါမည်နည်း။
ဝူကျန်းယွဲ့သည် ပထမဆုံးသော အိုးရန်ချင်ရွှယ်ကဲ့သို့ ချီးကျူးခံရသော်လည်း ယဲ့ဖန်ကမူ အိုးရန်ချင်ရွှယ်ထက်ပင် ပို၍ ထူးချွန်ပြောင်မြောက်သူ ဖြစ်သည်။
သူတို့ သေဆုံးသွားရလျှင်ပင် အိုးရန်မျိုးနွယ်စုသည် မျိုးဆက်သစ် မီးတောက်တစ်ခုကိုတော့ ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
“ငါတို့မျိုးနွယ်စု တစ်ခုလုံး မျိုးတုံးသွားရင်တောင် ဘာဖြစ်လဲ၊ ငါ့ရဲ့ အိုးရန်မျိုးနွယ်စုဟာ အိုးရန်မျိုးနွယ်စုပဲ ဖြစ်နေမှာပဲ”
အိုးရန်ချန်းက ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတက်ကာ ဝူကျန်းယွဲ့ကို ရင်ဆိုင်လိုက်သည်။
“လာစမ်း ငါ့ကို အရင်သတ်လိုက်စမ်း”
“ဒီနေ့ ငါတို့မျိုးနွယ်စု ပျက်စီးသွားရင်တောင် ယဲ့ဖန်ရဲ့ နာမည်က ကောင်းကင်နဲ့ မြေကြီးကြားမှာ ပဲ့တင်ထပ် နေဦးမှာပဲ၊ ငါ့ရဲ့ အိုးရန် မျိုးနွယ်စု ထာဝရ တည်တံ့ပါစေ”
ထိုအခိုက်အတန့်တွင် အိုးရန်ချန်း တစ်ယောက်တည်းသာမက အိုးရန် မျိုးနွယ်စုဝင် အားလုံးက တညီတညွတ်တည်း အော်ဟစ် လိုက်ကြတော့သည်။
အနားရှိ အမျိုးသမီးများ၏ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့ရိပ်များ လုံးဝမရှိတော့ချေ။
သူတို့၏ လှပသော မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံနေသော်လည်း မျက်နှာအမူအရာမှာမူ အလွန်ပင် ခိုင်မာပြတ်သားနေတော့သည်။
“ငါတို့ အိုးရန် မျိုးနွယ်စု ထာဝရ တည်တံ့ပါစေ” “
ငါတို့ အိုးရန်မျိုးနွယ်စု ထာဝရ တည်တံ့ပါစေ”
“ငါတို့ အိုးရန်မျိုးနွယ်စု ထာဝရ တည်တံ့ပါစေ”
“ယီးပဲ”
ဤမြင်ကွင်းကို ကြည့်ပြီး ဝူကျန်းယွဲ့၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးသွားခဲ့သည်။ သေခါနီး ပုရွက်ဆိတ် တစ်အုပ်က သူ့ကို လုံးဝဂရုမစိုက်ဘဲ ပြောင်လှောင်စိန်ခေါ်ရဲနေကြသည်လား။
သူ မျှော်လင့်ထားသည့် ကြောက်ရွံ့တုန်လှုပ်မှုနှင့် မျှော်လင့်ချက်မဲ့မှုမျိုး တစ်ခုမှ ဖြစ်မလာခဲ့ပေ။
အိုးရန် မျိုးနွယ်စုဝင် အားလုံး၏ မျက်နှာထက်တွင် သူ သေတော့မည့်အလား တစ်ဖက်လူ၏ ဒုက္ခကို ကြည့်၍ ဝမ်းသာအားရ ဖြစ်နေသည့် အမူအရာများ ပေါ်ပေါက်နေသည်။
သူတို့က တကယ်ပဲ သူတော်စင်သခင်အဆင့်ရှိသည့် အမှိုက်ကောင်က သူ့ကို သတ်နိုင်လိမ့်မည်ဟု ထင်နေ ကြသည်လား။
*မုန်းစရာ ကောင်းလိုက်တာ*
*ချီးပဲ*
*သူ့ကို ဒီလို အထင်သေးရဲကြတယ်ပေါ့လေ*
ဟေးရှန်း ညီအစ်ကိုမှာလည်း မယုံနိုင်အောင် ဖြစ်နေကြသည်။ ဤအိုးရန်မျိုးနွယ်စုဝင်များ ရူးသွားကြပြီလား။ ထိုအသုံးမကျသော ကောင်က ဝူကျန်းယွဲ့ကို မည်သို့ သတ်နိုင်ပါမည်နည်း။
သူသည် ကွမ်လင်လမ်းမှာကတည်းက သေဆုံးသွားလောက်ပြီ ဖြစ်သော်လည်း သူတို့ကမူ အသက်ရှင်လျက် ပြန်လာနိုင်မည်ဟု ရိုးအစွာ ယုံကြည်နေကြဆဲလား။
တကယ်ကို မိုက်မဲလှပေသည်။
ထိုအခိုက်အတန့်တွင် အိုးရန်ယိ နှင့် ဝူရို့ဟုန် တို့မှာလည်း လုံးဝပင် မှင်တက်နေကြသည်။ သူတို့သည် ယဲ့ဖန်ကို တစ်ခါမျှ မမြင်ဖူးသော်လည်း၊ ဤမျှအထိ မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် မိမိတို့ မျိုးနွယ်စုက အဘယ်ကြောင့် အရှုံးမပေးဘဲ ရှိနေကြသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။
ယဲ့ဖန်ဆိုသည်မှာ မည်သို့သော လူစားမျိုးမို့လို့ တစ်မျိုးနွယ်စုလုံးက သူတို့၏ သေခြင်းတရားကို ရင်ဆိုင် နေရချိန်တွင်ပင် သူသည် မျိုးနွယ်စုတစ်ခုလုံးကို ကယ်တင်နိုင်လိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်နေကြရသနည်း။
မယုံနိုင်စရာပင်။
“ကောင်းပြီ... ကောင်းပြီ”
ဝူကျန်းယွဲ့သည် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာအမူအရာဖြင့် ခေါင်းငြိမ့်လိုက်ပြီး ဟေးရှန်း ညီအစ်ကိုများကို အမိန့်ပေးလိုက်သည်။
“သူတို့ တစ်မျိုးနွယ်စုလုံးကို သတ်ပစ်လိုက်စမ်း၊ ဘယ်သူ့ကိုမှ အသက်ရှင်လျက် ချန်မထားနဲ့”
“ဟဲဟဲ ... စိတ်ချပါ အင်မော်တယ် အရှင်သခင်၊ ကျွန်တော့်ညီအစ်ကို နှစ်ယောက်စလုံး အရှင်သခင့် မျှော်လင့်ချက်ကို လုံးဝ ပျက်ကွက်စေမှာ မဟုတ်ပါဘူး”
ဟေးရှန်းသည် တဟားဟား ရယ်မောလိုက်ပြီး စိတ်ထဲတွင်မူ ဤအိုးရန်မျိုးနွယ်စုဝင်များကို အရူးများဟု မှတ်ချက်ပြုကာ လှောင်ပြောင်နေသည်။ အနည်းဆုံးတော့ သူတို့အပျော်အပါးအတွက် အမျိုးသမီးအချို့ကို ချန်ထား ပေးသင့်သည် မဟုတ်ပါလား။
သို့သော် ယခုမူ သူတို့အားလုံး သေကြရတော့မည်။
ဝူကျန်းယွဲ့ ဆိုသည်မှာ သူတို့ကဲ့သို့ ပုရွက်ဆိတ်တွေ ပြစ်မှားစော်ကားဝံ့သည့် ပုဂ္ဂိုလ်မျိုး မဟုတ်ပေ။
“အင်မော်တယ် အရှင်သခင်ကို အဲ့ဒီလို စကားပြောရဲတဲ့သူတွေဟာ သေဖို့ပဲ ထိုက်တန်တယ်”
ဟေးဖုန်းကလည်း ယုတ်မာသောအပြုံးဖြင့် ထပ်လောင်းပြောဆိုလိုက်သည်။
ထို့နောက် ဝူကျန်းယွဲ့သည် ကျုံးဝမ်ကို စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းထက်တွင် ရက်စက်သောအပြုံးတစ်ခု ပေါ်လာသည်။
“ယဲ့ဖန် ပြန်လာမယ်လို့ မင်းက ဒီလောက်တောင် သေချာနေမှတော့... ကောင်းပြီလေ၊ ဒါဆိုလည်း ဒီအတိုင်းပဲ ဖြစ်စေရတာပေါ့”
“ဝုန်း”
ထိုခဏ၌ပင် ကျောချမ်းဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ရှေးဟောင်း မှော်စာလုံးများသည် ကောင်းကင်အနှံ့ လွှမ်းခြုံသွားပြီးနောက် ကျုံးဝမ်နှင့် အခြား အမျိုးသမီးများ အပေါ်သို့ ရုတ်ခြည်း ကျရောက်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။
“အားးးး”
ထိုအခိုက်အတန့်တွင် နာကျင်စွာ အော်ဟစ်သံများမှာ ခန်းမတစ်ခုလုံး ဟိန်းထွက်သွားခဲ့သည်။
လူတိုင်း အထင်အရှား မြင်လိုက်ရသည်မှာ ကျုံးလီအာ၊ ထန်ယွင်အာနှင့် အခြားအမျိုးသမီးများ၏ ကျန်းမာရေးမှာ လျင်မြန်စွာ ယိုယွင်းပျက်စီးလာခြင်းပင်။
ပိုးသားကဲ့သို့ နူးညံ့ချောမွေ့သော သူတို့၏ ဆံနွယ်များသည် ထိုအခိုက်အတန့်တွင် ဖြူဖွေးသော ဆံပင်ဖြူများ အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။
တစ်ခါက နုနယ်လှပသော အသားအရေမှာလည်း တွန့်လိပ်ကာ အိုမင်းရင့်ရော်သွားခဲ့လေသည်။
ထိုအမျိုးသမီးများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆံပင်ဖြူဖွေးနေသော အဘွားအိုများအဖြစ်သို့ ပြောင်းလဲသွား ကြတော့သည်။
ဤမြင်ကွင်းသည် အားလုံးကို ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားစေသည်။
လှပနုပျိုသော အမျိုးသမီးအချို့ကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဤမျှအိုမင်းမစွမ်းဖြစ်သွားအောင် လုပ်နိုင်သည့် ဤနည်းလမ်းမှာ မည်သို့သော နည်းလမ်းမျိုးပါနည်း။
“ဝူကျန်းယွဲ့... မင်း”
၎င်းကို မြင်လိုက်ရသောအခါ အိုးရန်ချန်း၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်သွားရသည်။ ဤသခင်မလေးများအားလုံး ဤကဲ့သို့ ဖြစ်သွားကြမှတော့ ယဲ့ဖန် ပြန်လာသည့်အခါ သူ မည်သို့ မျက်နှာပြရပါ တော့မည်နည်း။
“ခွေးကောင်”
ထိုအခိုက်အတန့်တွင် ကျုံးဝမ် တစ်ဦးတည်းသာ ထိခိုက်မှုမရှိဘဲ ကျန်ရစ်သည်။ သူမသည် ဓားကိုဆွဲထုတ်ကာ ရှေ့သို့ပြေးဝင်ပြီး ဝူကျန်းယွဲ့ကို ပြင်းထန်စွာ တိုက်ခိုက်လေတော့သည်။
သို့သော်လည်း ဝူကျန်းယွဲ့သည် သူ၏လက်ချောင်းဖြင့် ခေါက်လိုက်ရုံမျှဖြင့် သူမလက်ထဲမှ ဓားကို အပိုင်းပိုင်း ချေမှုန်းပစ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏လက်ဖြင့် တစ်ချက်တို့လိုက်ရုံဖြင့် သူမကို လေထဲတွင်ပင် လှုပ်မရအောင် တောင့်တင်း သွားစေခဲ့သည်။
“ငါ့ဆရာရဲ့ ဇနီးကို နာကျင်အောင် လုပ်ရဲတယ်ပေါ့လေ၊ ငါ နင့်ကို အသက်နဲ့လဲပြီး တိုက်မယ်”
အိုးရန်ယွင်သော်က ဟိန်းဟောက်ကာ ရှေ့သို့ ပြေးဝင်လာသည်။
“ဆူညံလိုက်တာ”
ဝူကျန်းယွဲ့က အေးစက်စွာ ငေါက်ငန်းလိုက်ပြီး လက်ကို ဝေ့ယမ်းလိုက်ရုံမျှဖြင့် အိုးရန်ယွင်သော်ကို လွင့်စင် သွားစေခဲ့သည်။
“ဘုန်း”
အိုးရန်ယွင်သော်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး အရိုးများကျိုးကြေကာ တစ်ကိုယ်လုံး နာကျင်မှုကို အလူးအလဲ ခံစားနေရတော့သည်။
“မင်းကို ငါ ဘာလို့ မသတ်တာလဲ သိလား”
ဝူကျန်းယွဲ့က ကျုံးဝမ်ကို အပြုံးဖြင့် ကြည့်လိုက်သည်။
ကျုံးဝမ်မှာ အပြင်းအထန် ရုန်းကန်နေပြီး သူမ၏ မျက်လုံးများထဲတွင် ဝူကျန်းယွဲ့အပေါ် အတိုင်းအဆမရှိသော မုန်းတီးမှုများ ပြည့်နှက်နေသည်။
“အဲ့ဒါကတော့... မင်းက သတ္တိရှိပြီး ထက်မြက်တဲ့ မိန်းမကောင်းတစ်ယောက်လို့ ငါထင်လို့ပဲ။ ဒါ့အပြင် မင်းက ငါ့ကို အဲ့ဒီလို စကားပြောရဲတဲ့ တစ်ဦးတည်းသော မိန်းမပဲ။ အဲ့ဒီ အသုံးမကျတဲ့ ယဲ့ဖန်ကို စွန့်လွှတ်လိုက်ပြီး ငါ့ရဲ့ မိန်းမ လုပ်စမ်းပါ”
ဝူကျန်းယွဲ့က မောက်မာသော အမူအရာဖြင့် သူမကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
“နင့်ရဲ့ မိန်းမ လုပ်ရမယ် ဟုတ်လား၊ နင် ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ပြန်ကြည့်ပြီး ဆီးသွားကြည့်ပါဦးလား”
ကျုံးဝမ်က မထီမဲ့မြင် ပြန်လည်လှောင်ပြောင်လိုက်သည်။
*ဘာ*
လူတိုင်း၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ အထူးသဖြင့် နတ်ဘုရားမျိုးနွယ်မှ လူများ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်နှင့် နက်ရှိုင်းသော ရန်ငြိုးများ ပြည့်နှက်သွားတော့သည်။
ကျေးဇူးကန်းလိုက်သည့် မိန်းမ။ သူတို့၏ အင်မော်တယ် အရှင်သခင်မှာ ပါရမီရှင်တစ်ဦးဖြစ်ပြီး သူမကို သဘောကျခြင်းမှာ သူမအတွက် ဂုဏ်ယူစရာဖြစ်သင့်သည်ကို သူမက ငြင်းပယ်ရဲရုံတင်မကဘဲ ရိုင်းစိုင်းသော စကားလုံးများကိုပါ သုံးနှုန်းလိုက်သည်လား။
ဝူကျန်းယွဲ့သည် ဒေါသထွက်မည့်အစား ရယ်မောလိုက်သည်။
“ဟဲဟဲ ... ကြည့်ရတာ မင်းက အဲ့ဒီ ယဲ့ဖန်ကို တကယ်ပဲ အထင်ကြီးနေတာပဲ။ အဲ့ဒီလိုဆိုရင်တော့ ငါတို့ လောင်းကြေး တစ်ခု ထပ်ကြရအောင် ... သူ ကွမ်လင်လမ်းကနေ ပြန်လာနိုင်မလား၊ ပြီးတော့ ငါ့ကို အနိုင်ယူ နိုင်မလား ဆိုတာကိုပေါ့”
“ဘယ်လို လောင်းမှာလဲ”
ကျုံးဝမ်က ဝူကျန်းယွဲ့ကို အေးစက်စွာ စိုက်ကြည့်လျက် မေးလိုက်သည်။
ဝူကျန်းယွဲ့က သူမရှေ့ရှိ အမျိုးသမီးအုပ်စုကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
“မင်းရဲ့ ညီမတွေမှာ အသက်ရှင်ဖို့ သုံးရက်ပဲ အချိန်ရှိတော့တယ်။ သူတို့ဟာ ငါ့ရဲ့ သံသရာ ကောင်းကင်ဘုံသိုင်းရဲ့ ဒဏ်ကို ခံထားရတာ။ တကယ်လို့ သုံးရက်အတွင်း ငါ့ဆီက ကုသမှု မရဘူးဆိုရင် သူတို့အားလုံး ဧကန်မုချ သေရလိမ့်မယ်”
*သံသရာ ကောင်းကင်ဘုံသိုင်း*
လူတိုင်း ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ၎င်းမှာ ဘဝသံသရာ ခြောက်ပါးကို ဖြတ်သန်းနိုင်သည့် ပုပ်သိုးနေသောအရာကို အံ့ဖွယ်ဖြစ်စေပြီး အံ့ဖွယ်အရာကို ပုပ်သိုးသွားစေနိုင်သည့် အလွန်အမင်း စွမ်းအား ကြီးမားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော ကောင်းကင်ဘုံ နတ်ဘုရား သိုင်းပညာ ဖြစ်သည်။
ဤသိုင်းမှာ သံသရာခြောက်ပါး၏ စွမ်းအားမှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ ၎င်း၏ဒဏ်ကို ခံရသူ မည်သူမဆို အတတ်ကို အသုံးပြုသူကိုယ်တိုင် ဝင်ရောက်မကုသပေးပါက သေဆုံးရမည်သာ ဖြစ်သည်။
“အကယ်၍ ယဲ့ဖန်က ငါ့ကို အနိုင်ယူနိုင်ရင် မင်းနဲ့ မင်းရဲ့ ညီမတွေအားလုံး ဘေးကင်းလုံခြုံစေရမယ်။ မဟုတ်ရင်တော့ ... မင်း ငါ့ရဲ့ မိန်းမ ဖြစ်လာရမယ်။ ဘယ်လိုလဲ”
ဝူကျန်းယွဲ့က သူကိုယ်တိုင် အနိုင်ရရှိပြီးသားဖြစ်ကြောင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
“အင်မော်တယ် အရှင်သခင်၊ ဒါကတော့ တကယ်ကို လွန်လွန်းပါတယ်၊ အဲ့ဒီ အသုံးမကျတဲ့ ကောင်က သေဖို့ပဲ ရှိတာပါ၊ သူက ဘယ်လိုလုပ် အသက်ရှင်လျက် ပြန်လာနိုင်မှာလဲ”
“ဒီလောင်းကြေးမှာတော့ အင်မော်တယ် အရှင်သခင် အနိုင်ရဖို့က သေချာပေါက်ပဲ”
နတ်ဘုရားမျိုးနွယ်မှ လူများမှာလည်း ယုံကြည်ချက်များ အပြည့်ဖြစ်နေကြသည်။
“သခင်မလေး ... သူ့စကားကို သဘောမတူပါနဲ့”
အိုးရန်ချန်းက စိုးရိမ်တကြီး တားမြစ်လိုက်သည်။
သို့သော်လည်း ကျုံးဝမ်က သူ့ကို စိတ်အေးစေရန် ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ကျွန်မ ဘာလုပ်နေတယ်ဆိုတာ ကျွန်မဘာသာ သိပါတယ်”
ထို့နောက် သူမသည် ဝူကျန်းယွဲ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“နင့်အလောင်းအစားကို ငါ လက်ခံတယ်”
“သွားကြမယ်”
ဝူကျန်းယွဲ့သည် ရွှေရောင် ရထားပျံတစ်စီးကို ထုတ်ဖော်လိုက်ပြီး ကျုံးဝမ်ကို တက်ရန် အချက်ပြလိုက်သည်။
မည်သည့် တွေဝေတုံ့ဆိုင်းမှုမျှ မရှိဘဲ ကျုံးဝမ်သည် ရထားလုံးပေါ်သို့ လှမ်းတက်လိုက်သည်။
ဤမြင်ကွင်းကြောင့် ဝူကျန်းယွဲ့သည် သူမကို အမြင်တစ်မျိုးဖြင့် ကြည့်မိသွားသည်။ ဤအမျိုးသမီးသည် ကြောက်ရွံ့ခြင်းဆိုသည်ကို တကယ်ပင် မသိဘဲ တစ်ချက်ကလေးမျှပင် တုံ့ဆိုင်းခြင်း မရှိခဲ့ချေ။