← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

ကျန်းဟိုင်မြို့တော်…..

မြို့ပြလမ်းမထက်တွင် ပုပ်စပ်စပ်အနံ့အသက်တို့က လွှမ်းခြုံနေသည်။ လမ်းဘေးဝဲယာတစ်လျှောက်တွင်လည်း ပျက်စီးနေသော အဆောက်အအုံ အကြွင်းအကျန်များနှင့် စွန့်ပစ်ထားသော မော်တော်ယာဉ်များမှာ ဟိုတစ်စဒီတစ်စ ပြန့်ကျဲလျက်ရှိပြီး အမှိုက်သရိုက်တို့မှာ လေထဲတွင် လွင့်ပါးနေကြသည်။

မှောင်မှိန်သော အခန်းငယ်တစ်ခုအတွင်း၌ ဇွန်ဘီတစ်ကောင်သည် ပြတင်းပေါက်အနီးတွင် တိတ်ဆိတ်စွာ ရပ်နေ၏။ ၎င်း၏ ဟောင်းလောင်းပေါက်ဖြစ်နေသော မျက်တွင်းကျကျ မျက်လုံးအစုံသည် ပြတင်းပေါက်အပြင်ဘက်ရှိ ပျက်စီးယိုယွင်းနေသော ကမ္ဘာကြီးကို ငေးမောကြည့်ရှုနေသယောင်။

ပြတင်းပေါက်အပြင်ဘက် လမ်းဘေးတွင်မူ လျှပ်စစ်ဓာတ်တိုင်တစ်ခုမှာ ကျိုးပဲ့တိမ်းစောင်းနေပြီး ရှုပ်ထွေးနေသော လျှပ်စစ်ဝိုင်ယာကြိုးများမှာ ဖရိုဖရဲဖြစ်နေသည့် ဆံပင်စုများနှယ် တွဲလောင်းကျနေသည်။ တစ်ချိန်က ထည်ဝါခန့်ညားခဲ့သော မိုးမျှော်တိုက်ကြီးများ၏ မှန်သားပြင်တို့မှာလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲအက်နေချေပြီ။ နံရံများပေါ်တွင် မည်းနက်သော အစွန်းအထင်းများနှင့် အက်ကြောင်းများက ပြည့်နှက်နေပြီး အချိန်မရွေး ပြိုကျပျက်စီးတော့မည့်အလား ယိမ်းထိုးနေကြသည်။

လမ်းဘေးရှိ ဆိုင်ခန်းဆိုင်းဘုတ်များမှာလည်း ဟိုဒီလွင့်စင်နေပြီး ဆိုင်တံခါးများမှာ တစ်ဝက်တစ်ပျက် ပွင့်လျက်သားရှိနေသည်။ ဆိုင်အတွင်းရှိ ကုန်ပစ္စည်းများမှာမူ လုယက်ဖျက်ဆီးခြင်း ခံထားရသဖြင့် ပြောင်သလင်းခါနေလေပြီ။

"လူလိုလို သရဲလိုလို ဒီဘဝဆိုးကြီးက ဘယ်တော့မှ အဆုံးသတ်မှာလဲ"

လုချွမ်းသည် မှန်ထဲရှိ မိမိကိုယ်မိမိ ကြည့်ရင်း ကောင်းကင်ယံသို့ မော့ကာ အော်ဟစ်လိုက်ချင်သော်လည်း ခြောက်ကပ်နေသော သူ၏ လည်ချောင်းဝမှ နားမလည်နိုင်သည့် ဟိန်းဟောက်သံတိုးတိုးသာ ထွက်ပေါ်လာသည်။

မှန်ထဲမှ ပုံရိပ်သည် ပိန်ချုံးချည့်နဲ့နေသော်လည်း ဝတ်ဆင်ထားသည့် စုတ်ပြဲနေသော အဝတ်အစားများမှာမူ သွေးညှီနံ့နံပြီး ပျက်စီးနေသော ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်ပါက အတော်အတန် သန့်ရှင်းနေသေးသည်ဟု ဆိုရမည်။ သို့သော် အင်္ကျီလက်ကြားမှ ပေါ်ထွက်နေသော အသားအရေမှာမူ အလွန်အမင်း ဖြူဖျော့နေပြီး ညိုမည်းသော သွေးကြောများမှာ အထင်အသား ပေါ်လွင်နေသည်။

ကြောက်မက်ဖွယ်အကောင်းဆုံးမှာ လုချွမ်း၏ ဦးခေါင်းသည် အရိုးပေါ် အရေတင်ရုံမျှသာ ကျန်ရှိတော့ခြင်းပင်။ ထူထဲနက်မှောင်ခဲ့သော ဆံပင်များမှာ ကျဲပါးလာပြီး သွားများမှာလည်း သိသိသာသာ ချွန်ထက်ကာ လျော့ရဲလာသည်။ လူသားတို့၏ အဖြူအမဲ သဲကွဲသော မျက်သူငယ်အိမ်တို့မှာ သွေးရောင်ကဲ့သို့ နီမြန်းသွားခဲ့ပြီ ဖြစ်သော်လည်း သူ၏ မျက်ဝန်းအိမ်ထဲတွင်မူ ဝမ်းနည်းရိပ်အချို့ကို ဝေဝါးစွာ မြင်တွေ့နေရဆဲပင်။

လုချွမ်းသည် သူ၏အပေါ်အင်္ကျီကို ချွတ်လိုက်သောအခါ ပုခုံးပေါ်တွင် သားရဲတစ်ကောင် ကိုက်ခဲထားသည့်အလား အသားလန်နေသော ကြောက်မက်ဖွယ် ဒဏ်ရာတစ်ခုကို တွေ့လိုက်ရသည်။ ဒဏ်ရာမှ သွေးများ ခြောက်ကပ်သွားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း မည်းနက်နေသော အပေါက်ကြီးမှာမူ လုံးဝကျက်သွားခြင်း မရှိသေးပေ။

အကယ်၍သာ သာမန်လူတစ်ယောက်သည် ဤမျှပြင်းထန်သော ဒဏ်ရာကို ရရှိခဲ့ပါက သေဆုံးသွားသည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော် လုချွမ်းကမူ ဘာမျှမဖြစ်သကဲ့သို့ ရှိနေဆဲပင်။ အကြောင်းမှာ သူသည် လူသားတစ်ယောက် မဟုတ်တော့သောကြောင့်ပင်။

...

လွန်ခဲ့သော တစ်လခန့်က အချိန်ပိုအလုပ်ဆင်းနေစဉ် လုချွမ်းသည် ရှေ့မှောက်တွင် အရာအားလုံး မှောင်မိုက်သွားကာ ရုတ်တရက် သတိလစ် မေ့မြောသွားခဲ့ရသည်။

မိမိကိုယ်ကို အလုပ်ပင်ပန်းလွန်း၍ သေဆုံးသွားပြီဟု ထင်မှတ်ခဲ့သော်လည်း မမျှော်လင့်ဘဲ ပြန်လည်နိုးထလာချိန်တွင်မူ သူစိမ်းဆန်လှသော လမ်းမတစ်ခုပေါ်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

လုချွမ်းတစ်ယောက် အသက်ဘေးမှ လွတ်မြောက်ကာ တစ်ကျော့ပြန် အသက်ရှင်ခွင့်ရသည်ကို ဝမ်းမသာရသေးမီမှာပင် ဆိတ်ငြိမ်နေသော လမ်းမကြီးမှာ ရုတ်ချည်းဆိုသလို ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။

ပေါက်ကွဲသံများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်လာပြီး တစ်မြို့လုံးမှာလည်း ကစဉ့်ကလျား ဖြစ်ကုန်သည်။ ဤကမ္ဘာသစ်သို့ ရောက်ရှိလာရုံသာ ရှိသေးသော လုချွမ်းသည် ထိုရုတ်တရက် အပြောင်းအလဲကြီးကြောင့် အံ့အားသင့်ကာ လူအုပ်ကြီးနှင့်အတူ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရ၏။

ထိုသို့ အသက်လုပြေးနေကြစဉ်အတွင်း လူအုပ်ထဲတွင် ကိုယ်ပေါ်၌ သွေးများစွန်းထူးကာ ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည့်တိုင် လမ်းသွားလမ်းလာများကို လိုက်လံကိုက်ခဲနေကြသော ဇွန်ဘီအချို့ကို လုချွမ်း သတိပြုမိလိုက်သည်။

ခဏတာမျှ လုချွမ်း၏ ဦးနှောက်မှာ အလုပ်မလုပ်တော့ဘဲ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ ဤနေရာသို့ ခုလေးတင် ရောက်လာကာရှိသေးသဖြင့် မိမိကိုယ်မိမိ စိတ်ကူးယဉ် အမြင်မှားနေသည်လော သို့မဟုတ် ရုပ်ရှင်ရိုက်ကွင်းတစ်ခုထဲသို့ မှားယွင်းရောက်ရှိနေသလောဟုပင် သံသယဝင်မိသည်။

သိပ္ပံရုပ်ရှင်တွေထဲမှာပဲရှိတဲ့ ဇွန်ဘီတွေက လက်တွေ့ကမ္ဘာထဲမှာ တကယ်ကြီး ပေါ်လာတာလား။

သို့သော် လုချွမ်းတစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် ဇွန်ဘီတစ်ကောင်က သူ၏ကျောပေါ်သို့ ခုန်တက်ကာ ပုခုံးကို ရက်ရက်စက်စက် ကိုက်ခဲလိုက်သဖြင့် ၎င်းမှာ ထင်ယောင်ထင်မှား မဟုတ်ကြောင်း လျင်မြန်စွာပင် သဘောပေါက်သွားတော့သည်။

ခဏချင်းအတွင်းမှာပင် ပုခုံးပေါ်မှ အသားစအချို့မှာ အကိုက်ခံရကာ ပြတ်ထွက်သွားသလို ခံစားလိုက်ရ၏။ ရင်နာစရာကောင်းလောက်အောင် ပြင်းထန်လှသော ထိုနာကျင်မှုကြောင့် လုချွမ်း၏ စိတ်ရိုင်းများ ရုတ်တရက် နိုးကြွလာကာ သူ၏ကျောပေါ်မှ ဇွန်ဘီကို အတင်းဆွဲခွာ၍ မြေပြင်ပေါ်သို့ အားကုန်လွှဲရိုက်လိုက်ရာ ၎င်း၏ဦးခေါင်းမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားလေသည်။

သို့သော်လည်း ပိုးများမှာ လုချွမ်း၏ ကိုယ်ခန္ဓာအတွင်းသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ သူသည် ခေါင်းထဲတွင် မူးဝေလာကာ မူးမေ့လဲမတတ် ပြင်းထန်သော ဝေဒနာကို ခံစားလိုက်ရသည်။

သူသည် ကျန်ရှိနေသော သတိစိတ်ကလေးကို အနိုင်နိုင်ထိန်းရင်း ဒဏ်ရာကို ဖိကာ ဆိုင်ငယ်လေးတစ်ခုအတွင်းသို့ ယိုင်တိုင်တိုင် ဝင်သွားခဲ့သည်။ ဆိုင်၏ ကြမ်းပြင်ပေါ်တွင် လဲလျောင်းမိသည်နှင့် လုချွမ်းတစ်ယောက် ထပ်မံ၍ သတိလစ်သွားပြန်သည်။

နောက်တစ်ကြိမ် မျက်လုံးပြန်ပွင့်လာချိန်တွင်မူ မြို့တော်ကြီးမှာ လုံးဝဥဿုံ ပျက်သုဉ်းသွားခဲ့ပြီဖြစ်ကာ လူမှုအသိုက်အဝန်းမှာလည်း ရပ်တန့်သွားပြီး စနစ်တကျ ရှိခဲ့သမျှ အရာအားလုံး ပြိုလဲသွားခဲ့လေပြီ။

ထို့အပြင် ဤကမ္ဘာသို့ ရောက်ရှိလာရုံသာ ရှိသေးသော မိမိကိုယ်တိုင်လည်း သွေးဆာနေသည့် ဇွန်ဘီတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း လုချွမ်း ထိတ်လန့်စဖွယ် သိလိုက်ရသည်။

ဤအခြေအနေမှာ လုချွမ်းအတွက် ရှုပ်ထွေးစရာ ဖြစ်နေသော်လည်း သူသည် ဒဏ်ရာမှ နာကျင်မှုကို မခံစားရတော့ဘဲ သွေးဆာသည့်စိတ်များ ဖြစ်ပေါ်နေသည့် ဇွန်ဘီတစ်ကောင် အမှန်တကယ် ဖြစ်သွားခဲ့ချေပြီ။

သို့သော် ထူးခြားသည်မှာ သူသည် လူသားတစ်ယောက်ကဲ့သို့ အသိစိတ်ကို ဆက်လက်ထိန်းထားနိုင်ဆဲ ဖြစ်သည်။ ဇွန်ဘီတို့၏ သွေးဆာမှုနှင့် ဆာလောင်မှုများက လုချွမ်း၏ ဝိညာဉ်ကို အဆက်မပြတ် တိုက်ခိုက်နှိပ်စက်နေသည်။

ကံကောင်းသည်မှာ သူ မေ့လဲခဲ့သည့်နေရာမှာ ကုန်စုံဆိုင်တစ်ခု ဖြစ်နေသဖြင့် ရေခဲသေတ္တာအတွင်း စားစရာများစွာ ကျန်ရှိနေသေးခြင်းပင်။

လွန်ခဲ့သော တစ်လတာကာလပတ်လုံး လုချွမ်းသည် ထိုဆိုင်အတွင်း၌ပင် ပုန်းအောင်းနေထိုင်ခဲ့ပြီး ရေခဲသေတ္တာထဲရှိ အေးခဲအသားများကို နေ့စဉ်ကိုက်ခဲစားသောက်ရင်း သူ၏ဆာလောင်မှုကို ဖြေဖျောက်ခဲ့ရသည်။

တစ်လတိတိ ကုန်လွန်သွားချိန်တွင်မူ ဤကမ္ဘာကြီးမှာ လုံးဝဥဿုံ ပျက်သုဉ်းသွားခဲ့ပြီဖြစ်ကြောင်း လုချွမ်း အသေအချာ နားလည်လိုက်လေသည်။ သို့မဟုတ်ပါက ဤမျှကြာမြင့်သော အချိန်အတိုင်းအတာအတွင်း စစ်တပ်က မြို့ထဲသို့ဝင်ရောက်ကာ စစ်မြေပြင်ကို ရှင်းလင်းပြီး ဖြစ်သင့်သည်။

ဤအတောအတွင်း သူတွေ့ခဲ့ရသမျှမှာ အသက်ဘေးကို ဂရုမထားဘဲ အစားအသောက် ရှာဖွေနေကြသည့် အသက်ရှင်ကျန်ရစ်သူ အနည်းငယ်သာရှိပြီး ၎င်းတို့ထဲမှ အများစုမှာလည်း ဇွန်ဘီတို့၏ ပါးစပ်အတွင်း၌ပင် အဆုံးသတ်သွားခဲ့ကြရသည်။

ဆာလောင်မှုဒဏ်ကြောင့် လုချွမ်းသည် ဆိုင်အတွင်းရှိ ရေခဲသေတ္တာဆီသို့ ဦးတည်သွားလိုက်၏။ သို့သော် ရေခဲသေတ္တာတံခါးကို ဖွင့်လိုက်သည်နှင့် ပုပ်စပ်ညှီဟောင်သော အနံ့ဆိုးတစ်ခုက နှာခေါင်းထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာသည်။

သူကိုယ်တိုင်မှာလည်း ဇွန်ဘီတစ်ကောင်အဖြစ် ပြောင်းလဲနေပြီး ပုပ်စပ်သောအနံ့များ ထွက်ပေါ်နေသော်လည်း ဤမျှအထိ ပုပ်သိုးနေသော အစားအစာများကိုမူ သူ ရွံရှာမိဆဲပင်။

ဇွန်ဘီကပ်ဘေး စတင်ပြီး တစ်ပတ်အကြာမှာပင် မြို့တော်အတွင်း ရေနှင့် မီးများ တစ်မြို့လုံးအတိုင်းအတာဖြင့် ပြတ်တောက်သွားခဲ့သည်။ ယခုအခါ အချိန်ကာလ တစ်ခုအထိ ကြာမြင့်လာပြီဖြစ်ရာ ရေခဲသေတ္တာထဲရှိ အသားများမှာလည်း ပုပ်သိုးသွားခဲ့သည်။

လွန်ခဲ့သော တစ်လအတွင်း လုချွမ်းသည် အေးခဲနေသောအသား တော်တော်များများကို စားသုံးခဲ့ပြီးဖြစ်ရာ ရေခဲသေတ္တာ အောက်ခြေတွင် အကြွင်းအကျန် အနည်းငယ်သာ ကျန်တော့သည်။ မူလက နောက်ထပ် ရက်အနည်းငယ်ကြာမှ အစားအစာ ထွက်ရှာရန် လုချွမ်း ကြံရွယ်ထားသော်လည်း ယခုမူ အခြေအနေအရ အချိန်စော၍ ထွက်ခွာရန် ဖိအားပေးခြင်း ခံလိုက်ရသည်။

သူသည် ကြမ်းပြင်ပေါ်မှ သွေးစွန်းနေသော အင်္ကျီတစ်ထည်ကို ကောက်ယူဝတ်ဆင်လိုက်ပြီးနောက် သံတူရွင်းတစ်ခုကို ယူကာ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။ သံတူရွင်းကို ယူဆောင်ရခြင်းမှာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန်ထက် တံခါးသော့များကို အလွယ်တကူ ရိုက်ခွဲနိုင်ရန်အတွက်သာ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူသည် ဇွန်ဘီတစ်ကောင် ဖြစ်နေသဖြင့် လမ်းမပေါ်ရှိ အခြားသော ဇွန်ဘီများ၏ တိုက်ခိုက်ခြင်းကို ခံရမည်မဟုတ်ပေ။ လူသားများကသာ သူ့ကိုမြင်လျှင် လှည့်၍ ထွက်ပြေးကြပေလိမ့်မည်။

အခြားသော အသက်ရှင်ကျန်ရစ်သူများနှင့်မတူဘဲ လုချွမ်းသည် ဇွန်ဘီတစ်ကောင် ဖြစ်နေသည့်အတွက် လမ်းပေါ်တွင် သွားလာနေစဉ် ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်နေစရာ မလိုပေ။

သို့သော်လည်း သူသည် အသိစိတ်ရှိသော ဇွန်ဘီတစ်ကောင်ဖြစ်နေသည်ကို မျက်စိရှင်သူများက သတိမထားမိစေရန်အတွက် လုချွမ်းသည် အနည်းငယ် ထော့နင်းထော့နင်း လမ်းလျှောက်ဟန်ဆောင်ရင်း တစ်ခါတစ်ရံတွင်လည်း ဟိန်းဟောက်သံများ ပြုလုပ်ကာ လမ်းမတစ်လျှောက် ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။

သို့သော် လုချွမ်းသည် လမ်းပေါ်ရှိ အခြားသော ဇွန်ဘီများနှင့် ဝေးဝေးနေရန်ကိုမူ သတိထား၍ ရှောင်ကြဉ်သည်။ အကြောင်းမှာ တစ်လတာ ကုန်လွန်သွားပြီးနောက် ၎င်းတို့ထံမှ ထွက်ပေါ်နေသော အပုပ်နံ့များမှာ အလွန်အမင်း ပြင်းထန်လွန်းလှသဖြင့် သူ၏ စားချင်စိတ်ကိုပင် များစွာ ထိခိုက်စေသောကြောင့်ပင်။

လုချွမ်းသည် အလွန်အမင်း ဝေးဝေးလံလံသွားရန် မရည်ရွယ်ဘဲ ဆိုင်နှင့်နီးစပ်သော လူနေအိမ်တန်းလျားများဆီသို့ အရင်ဆုံး သွားရောက်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

ထိုရပ်ကွက်အတွင်းသို့ ရောက်ရှိသောအခါ လုချွမ်းသည် အဆောက်အအုံတစ်ခုအတွင်းသို့ ကြုံရာကျပန်း ဝင်ရောက်ခဲ့သည်။ ဒုတိယထပ်သို့ ရောက်သောအခါ တံခါးပွင့်နေပြီး အထဲတွင် သွေးကွက်များဖြင့် ပြည့်နှက်နေသော အိမ်တစ်အိမ်ကို တွေ့လိုက်ရသည်။ အိမ်အတွင်း၌မူ အကိုက်ခံထားရသဖြင့် အရိုးပေါ်အရေတင်ကာ ပုပ်သိုးနေသော အလောင်းတစ်လောင်းသာ ရှိနေပြီး ၎င်းမှာ ထိုအိမ်ရှင်၏ ကံဆိုးမိုးမှောင်ကျမှုပင် ဖြစ်ပေလိမ့်မည်။

လုချွမ်းသည် မီးဖိုချောင်ဆီသို့ ဦးတည်သွားရန် ပြင်လိုက်စဉ်မှာပင် ဘေးအိမ်မှ ကလေးငယ်

တစ်ဦး၏ ငိုယိုသံကို ရုတ်တရက် ကြားလိုက်ရသည်။

ထိုအချိန်၌ ကျိရုရွှယ်သည် အမိုးမျက်နှာကြက်ကို စိုက်ကြည့်ရင်း အဆုံးစွန်သော မျှော်လင့်ချက်မဲ့ခြင်းဝေဒနာကို ခံစားနေရသည်။

သူမ၏ ယခင်ဘဝ၌ ကျိရုရွှယ်သည် နယ်ပယ်အသီးသီးတွင် တိုက်ပွဲဝင်ခဲ့ပြီး သေရေးရှင်ရေး အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ နောက်ဆုံးတွင် ဧကရီဟူသော ဘွဲ့ထူးကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ သို့သော်လည်း သူမ၏အင်အားမှာ လုံလောက်မှုမရှိသေးဘဲ အဆုံးမရှိသော စစ်ပွဲတစ်ခုအတွင်း...

လူသားမျိုးနွယ်၏ ဧကရီဖြစ်သူ ကျိရုရွှယ်သည် မရေမတွက်နိုင်သော ဂြိုဟ်သားကဲ့သို့ ထူးဆန်းသတ္တဝါများကို သုတ်သင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ ကြယ်စင်ဟင်းလင်းပြင် ပိုးကောင်မျိုးနွယ်၏ ဘုရင်မလက်ချက်ဖြင့် အားအင်ကုန်ခမ်းကာ အသက်ပေးခဲ့ရသည်။

ထိုသို့ ကျဆုံးသွားပြီးနောက် ကျိရုရွှယ်၏ အသိစိတ်တို့က လွင့်မျောနေခဲ့သည်။ အချိန်မည်မျှ ကုန်လွန်သွားသည်မသိဘဲ နောက်တစ်ကြိမ် ပြန်လည်မျက်လုံးပွင့်လာချိန်တွင်မူ သူမသည် ထိုမော်ကွန်းတင်လောက်သော တိုက်ပွဲကြီးအတွင်း သေဆုံးမသွားခဲ့ကြောင်း သိလိုက်ရသည်။

သို့မဟုတ် ပို၍တိကျစွာ ဆိုရလျှင်... သူမသည် တစ်ကျော့ပြန် ပြန်လည်မွေးဖွားလာခြင်းပင်။

ကျဆုံးပြီးနောက် ဘယ်လိုအသက်ရှင်ကျန်ရစ်ခဲ့သည်ကို မသိရသော်လည်း ကျိရုရွှယ်သည် အနည်းငယ်မျှ ဝမ်းမသာနိုင်အားပေ။ အကြောင်းမှာ သူမသည် ကလေးငယ်တစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာခြင်းဖြစ်ကြောင်း မကြာမီမှာပင် သိလိုက်ရသောကြောင့်ပင်။

အဆိုးဝါးဆုံးအချက်မှာ သူမသည် လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်က ကမ္ဘာပျက်ကပ် စတင်သည့် အစောပိုင်းကာလသို့ ပြန်ရောက်လာခြင်းပင်။ ပြန်လည်မွေးဖွားလာခြင်းက ကမ္ဘာပျက်

ကပ်ကြီး၏ အစပျိုးချိန်နှင့် ထိပ်တိုက်တိုးနေခြင်းပင်။

ဇွန်ဘီကပ်ဘေးကြောင့် သူမ၏ မိဘနှစ်ပါးစလုံးမှာ ဇွန်ဘီများအဖြစ် ပြောင်းလဲကာ သေဆုံးသွားခဲ့ကြပြီး သူမမှာမူ ကံကောင်းထောက်မစွာဖြင့် အိပ်ခန်းအတွင်း ပိတ်မိလျက်သား ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအချက်က အဓိကပြဿနာမဟုတ်ပေ။ အဓိကပြဿနာမှာ သူမ အစာမစားရသည်မှာ နှစ်ရက်တိုင်တိုင် ရှိနေပြီဖြစ်သည်။

ဆာလောင်မွတ်သိပ်မှုကြောင့် ကျိရုရွှယ်မှာ ခေါင်းမူးဝေနေပြီး အစာမရှိသော အစာအိမ်မှာလည်း လိမ်တွန့်နေသည့်အလား နာကျင်နေရသည်။

ကလေးငယ်တစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာပြီးနောက် ကျိရုရွှယ်သည် ယခင်ဘဝက ပိုင်ဆိုင်ခဲ့သော အနှိုင်းမဲ့အင်အားများကို ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ ဇွန်ဘီများကို ရင်ဆိုင်ရန်မှာ ဝေးစွ ယခုအချိန်တွင် သူမအဖို့ လှုပ်လှုပ်ရှားရှား ပြုလုပ်ရန်ပင် အလွန်ခက်ခဲနေ၏။

"ငါ့လိုဂုဏ်သိက္ခာကြီးမားလှတဲ့ လူသားမျိုးနွယ်ရဲ့ အနှိုင်းမဲ့ဧကရီတစ်ပါးက တကယ်ပဲ ဒီကလေးပုခက်ထဲမှာ ငတ်ပြတ်ပြီး သေရတော့မှာလား။ ဒါက တကယ်ကို ရှက်ဖို့ကောင်းလွန်းတယ်"

သူမသည် မျက်နှာကြက်ကို ကြည့်ရင်း ငိုချင်စိတ် ပေါက်နေသော်လည်း မျက်ရည်မူ ထွက်မလာခဲ့ပေ။ ယခုအချိန်တွင်မူ ဤကဲ့သို့ ကံဆိုးလှသော တစ်ကျော့ပြန်ဘဝထက် တိုက်ပွဲအတွင်း သေဆုံးခဲ့ရခြင်းကမှ ပို၍မြတ်ဦးမည်ဟု သူမ နောင်တရမိသည်။

ဂလောက်... ဂလောက်...

ရုတ်တရက် တစ်စုံတစ်ယောက်က အိပ်ခန်းတံခါးလက်ကိုင်ကို အတင်းအဓမ္မ လှည့်နေသဖြင့် ကျိရုရွှယ်မှာ ထိတ်လန့်သွားကာ အသက်ပင် မရှူရဲတော့ပေ။ သို့သော် အိပ်ခန်းတံခါးမှာ အတွင်းမှ ဂျက်ထိုးထားသဖြင့် ခေတ္တအကြာတွင် ထိုအသံများ ရပ်တန့်သွားသည်။ အပြင်ဘက်မှ ဇွန်ဘီက လက်လျှော့သွားပြီဟု ထင်မှတ်ရသည်။

သို့သော် ကျိရုရွှယ် သက်ပြင်းချရုံရှိသေး... ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ဒိုင်း….

အိပ်ခန်းတံခါးမှာ အပြင်ဘက်မှ အတင်းအဓမ္မ ရိုက်ဖွင့်ခြင်း ခံလိုက်ရသည်။ တံခါးဝတွင် ကြောက်မက်ဖွယ်ကောင်းလှသော ဇွန်ဘီမျက်နှာကြီးကို မြင်လိုက်ရသည့်အခါ ကျိရုရွှယ်မှာ လုံးဝကို မျှော်လင့်ချက် ကင်းမဲ့သွားတော့သည်။

"သွားပြီ... အကုန်သွားပြီ"

All Chapters