← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

ဝေခွဲမရဖြစ်နေပြီးနောက် လုချွမ်းသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

သူသည် ထိုကလေးငယ်ကို မွေးစားရန် ဆုံးဖြတ်လိုက်ခြင်းပင်။ ကလေးငယ်လေး သတိလစ်သွားချိန်ကျမှသာ သူ တစ်စုံတစ်ခုကို သတိပြုမိလိုက်တော့သည်။

ဤကလေးငယ်သည် အစာမစားရသည်မှာ အတော်ပင် ကြာမြင့်နေပြီ ဖြစ်ပေလိမ့်မည်။ ဇွန်ဘီကပ်ဘေးကြီးမှာ တစ်လကျော်တိုင်အောင် သောင်းကျန်းနေခဲ့ပြီဖြစ်ပြီး အပြင်ဘက်မှ သွေးကွက်များကို ကြည့်ခြင်းအားဖြင့် အိမ်ရှင်ဖြစ်သူ သေဆုံးသွားခဲ့သည်မှာ အနည်းဆုံး နှစ်ရက်ခန့် ရှိနေပြီဖြစ်သည်။

"ဒီကောင်လေးအတွက် အရင်ဆုံး နို့တစ်မျိုးမျိုး ရအောင်ရှာပေးရမယ်"

အသက် ခုနစ်လ၊ ရှစ်လအရွယ်သာ ရှိသေးသော ဤကလေးငယ်မှာ အရွယ်အလွန် နုနယ်လွန်းလှသဖြင့် အခြားအမာစာများကို အစာခြေနိုင်ဦးမည်မဟုတ်ပေ။ ကလေးနို့မှုန့်တစ်ခုခုရှိမှသာ အဆင်ပြေပေလိမ့်မည်။ ကုတင်ဘေးရှိ ဗီရိုငယ်ပေါ်မှ နို့မှုန့်ဘူးမှာလည်း ပြောင်သလင်းခါနေပြီဖြစ်ရာ အပြင်သို့ထွက်၍ ရှာဖွေရုံမှတစ်ပါး အခြားမရှိတော့ချေ။

ရှင်သန်ခြင်းဆိုင်ရာ မျှော်လင့်ချက်အသစ်လေး ရရှိလာသည်နှင့်အမျှ လုချွမ်းသည် တစ်လတာလုံး ခံစားခဲ့ရသော စိတ်ပျက်အားငယ်မှုများ ယူပစ်သကဲ့သို့ ပျောက်ကွယ်သွားပြီး စိတ်ဓာတ်များ ပြန်လည်နိုးကြားလာခဲ့သည်။ တစ်လတာအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် သူ၏ သွေးနီရောင်မျက်ဝန်းအစုံထဲ၌ မျှော်လင့်ချက်ရောင်ခြည်များဖြင့် ပြည့်နှက်နေသော အနာဂတ်ပုံရိပ်တို့ ထင်ဟပ်လာတော့သည်။

လုချွမ်းသည် အိပ်ခန်းအတွင်းမှ တိတ်ဆိတ်စွာ ပြန်ထွက်လာပြီး သူကိုယ်တိုင် ရိုက်ချိုးဖွင့်ခဲ့သော တံခါးကို ပြန်လည်စေ့ပိတ်လိုက်သည်။ ထို့နောက် ဧည့်ခန်းအတွင်းရှိ လေးလံသော ဆိုဖာကြီးကို အားဖြင့်တွန်းရွှေ့ကာ အိပ်ခန်းတံခါးဝရှေ့တွင် လုံခြုံအောင် ပိတ်ဆို့ထားလိုက်သည်။

အနည်းဆုံးတော့ သူပြန်မလာမီ အချိန်အတွင်း ဇွန်ဘီများ၏ လှုပ်ရှားမှုကို ဤဆိုဖာက ခေတ္တတားဆီးပေးထားနိုင်မည်ဖြစ်သည်။ အခြားသော ဇွန်ဘီများမှာ သူကဲ့သို့ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိကြဘဲ ပင်ကိုယ်ဗီဇအတိုင်းသာ လှုပ်ရှားကြသဖြင့် ဤဆိုဖာကြီးက ၎င်းတို့ကို အချိန်အတော်ကြာ ဟန့်တားထားနိုင်ပေလိမ့်မည်။

လုချွမ်းသည် မီးဖိုချောင်အတွင်းသို့ ဝင်ရောက်ကြည့်ရှုသော်လည်း မည်သည့်အစားအစာမျှ မရှိတော့သဖြင့် စိတ်ပျက်သွားရပြန်သည်။ တစ်လတာမျှ ကြာမြင့်သွားပြီဖြစ်ရာ အစားအသောက်များ ကုန်စင်သွားသည်မှာလည်း မဆန်းလှပေ။

ကလေးငယ်၏ မိဘများသည်လည်း အစားအစာထွက်ရှာရင်းနှင့်ပင် ကံဆိုးမိုးမှောင်ကျခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။

အခြားရွေးချယ်စရာ မရှိတော့သဖြင့် လုချွမ်းသည် အပေါ်ထပ်များသို့ တက်ရောက်ရှာဖွေရန်သာ ဆုံးဖြတ်လိုက်တော့သည်။ တတိယထပ်သို့ ရောက်သောအခါ အရေးပေါ်ထွက်ပြေးခဲ့ကြစဉ်က တံခါးပိတ်ရန် မေ့လျော့ခဲ့ကြသဖြင့်လောမသိ အိမ်ရှေ့သံပန်းတံခါးမှာ ပွင့်လျက်သား ရှိနေသည်ကို တွေ့ရ၏။

မှောင်မှိန်နေသော စ္စက္ကူလမ်းတစ်လျှောက်တွင် သွေးကွက်များ ပြန့်ကျဲနေပြီး အချိန်ကြာလာသည်နှင့်အမျှ ထိုသွေးကွက်များမှာ နီညိုရောင်အစွန်းအထင်းများအဖြစ် နံရံနှင့် ကြမ်းပြင်ပေါ်တွင် ခဲလျက်ရှိနေသည်။ ကြမ်းပြင်ပေါ်တွင်လည်း ပြတ်တောက်နေသော ခြေလက်အင်္ဂါများနှင့် လူသားကလီစာ အစိတ်အပိုင်းများကို အထင်အသား မြင်တွေ့နေရသည်။

ဇွန်ဘီကပ်ဘေး စတင်ဖြစ်ပွားချိန်တွင် တိုက်ခန်းတံခါးများကို အချိန်မီ ပိတ်ဆို့နိုင်ခြင်း မရှိခဲ့ဘဲ ဇွန်ဘီများ အလုံးအရင်းနှင့် တိုးဝင်လာခဲ့ပုံရသည်။ ထို့ကြောင့် ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းသူအားလုံးမှာ တိုက်ခိုက်ခြင်း ခံခဲ့ကြရခြင်းပင်။ အရိုးစုမျှသာ ကျန်တော့သည်အထိ အရိုးခြစ်စားသောက်ခြင်း ခံထားရသော အလောင်းများနှင့် အပိုင်းပိုင်း ပြတ်တောက်နေသော လူသေကောင်များမှာ ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေကြသည်။

အိမ်တံခါးကြီး ပွင့်နေသည့်တိုင်အောင် အခန်းအတွင်းမှ ပုပ်စပ်ညှီဟောင်သော အနံ့အသက်များမှာ အပြင်သို့ပင် လှိုင်လှိုင်ထွက်နေ၏။ လုချွမ်းသည် ဤအနံ့ဆိုးများကို ရွံရှာသော်လည်း ဇွန်ဘီတစ်ကောင်အဖြစ် အချိန်အတန်ကြာ ရှင်သန်ခဲ့ပြီး ဖြစ်သဖြင့် ဤကဲ့သို့သော ဆိုးဝါးသည့် ပတ်ဝန်းကျင်ကို အထိုက်အလျောက် ကျင့်သားရနေပြီ ဖြစ်သည်။ အကယ်၍သာ သူသည် ယခင်ကဲ့သို့ သာမန်လူသားတစ်ဦးသာ ဆိုပါက ဤနေရာမှ အမြန်ဆုံးပြေးထွက်ကာ အဆက်မပြတ် အန်ထုတ်မိနေပေလိမ့်မည်။

ဂါးး... ဂီးးး...

လှေကားထပ်အချို့ကို တက်လှမ်းလိုက်စဉ်မှာပင် လှေကားထောင့်၌ မှီလျက်သားရှိနေသော ဇွန်ဘီတစ်ကောင်ကို လုချွမ်း တွေ့လိုက်ရသည်။ ထိုဇွန်ဘီ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်မှာ ဟောင်းလောင်းပွင့်နေပြီး အူနှင့် ကလီစာများကိုလည်း အဆွဲထုတ်ခံထားရချေပြီ။ ခြေလက်များကိုလည်း ကိုက်ခဲစားသောက်ခြင်း ခံထားရသဖြင့် ဇွန်ဘီအဖြစ် ပြောင်းလဲသွားသည့်တိုင်အောင် မလှုပ်ရှားနိုင်ဘဲ ထိုနေရာ၌ပင် ပုံလျက်သား ဖြစ်နေရှာသည်။

လှေကားအတိုင်း အပေါ်သို့ မော့ကြည့်လိုက်သောအခါ အပေါ်ထပ်ဆီမှ တရှပ်ရှပ်မြည်သံများနှင့် ဇွန်ဘီတို့၏ ဟိန်းဟောက်သံတိုးတိုးကို ကြားလိုက်ရသည်။ ဤလှေကားလမ်းတစ်လျှောက်ရှိ ဇွန်ဘီအများစုမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ မပြည့်စုံကြတော့ဘဲ ကြမ်းပြင်ပေါ်တွင် ပုံနေသူရှိသကဲ့သို့ လှေကားထစ်များပေါ်တွင် တရွတ်တိုက် တွားသွားနေသူများလည်း ရှိကြသည်။

မည်သည့်လူသားမဆို ဤငရဲခန်းသဖွယ် မြင်ကွင်းကို တွေ့လိုက်ရပါက ထိတ်လန့်တုန်လှုပ်သွားကြမည် ဖြစ်သော်လည်း လုချွမ်းအတွက်မူ ဤအရာများမှာ နေသားကျနေချေပြီ။ သူသည် ထိုဇွန်ဘီများကို လုံးဝဂရုမစိုက်တော့ဘဲ အစားအသောက်နှင့် လိုအပ်သည်များကို ရဲရဲဝံ့ဝံ့ပင် စတင်ရှာဖွေတော့သည်။

လုချွမ်းသည် အိမ်တစ်အိမ်အတွင်းသို့ ဝင်ရောက်ကာ မီးဖိုချောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ငွေကြေးဟူသည်မှာ အသုံးမဝင်တော့ချေ သူကိုယ်တိုင်ကလည်း ဇွန်ဘီတစ်ကောင် ဖြစ်နေသည်မဟုတ်ပါလား။

သို့သော် ကလေးနို့မှုန့်ဟူသည်မှာ အလွန်ရှားပါးလှသည်။ လုချွမ်းသည် နေရာအတော်များများကို လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပေ။ ယင်းအစား မီးဖိုချောင်အတွင်း၌ လုံးဝဥဿုံ ပုပ်သိုးမသွားသေးသော အသားအချို့ကိုသာ တွေ့ရှိခဲ့ရသည်။ သို့သော်လည်း တစ်မြို့လုံး မီးပြတ်နေသည်မှာ ကြာပြီဖြစ်ရာ စားကောင်းသောအသားမှာ များများစားစား မရှိတော့ပေ။

ဂျိန်း…

ပဉ္စမထပ်သို့ ရောက်သောအခါ လုချွမ်းသည် သံတူရွင်းဖြင့် တံခါးသော့ကို ရိုက်ခွဲကာ အိမ်ရှေ့သံပန်းတံခါးကို အတင်းအဓမ္မ တွန်းဖွင့်လိုက်သည်။ သို့သော် အခန်းအတွင်းရှိ မြင်ကွင်းကြောင့် သူ ခေတ္တမျှ မှင်တက်သွားရ၏။

သွေးများစွန်းထူးကာ နီရဲနေသည့် အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးဇွန်ဘီတစ်ကောင်ကို သူ တွေ့လိုက်ရသည်။ တံခါးဖွင့်သံကို ကြားသည်နှင့် သူမသည် တံခါးဝဆီသို့ အပြေးအလွှား ရောက်ရှိလာသော်လည်း အပြင်ဘက်တွင် ရပ်နေသူမှာ သူမနှင့် မျိုးနွယ်တူ ဇွန်ဘီတစ်ကောင်ဖြစ်နေသဖြင့် တွေဝေသွားဟန်ရှိသည်။

အိမ်အတွင်း၌မူ ဧည့်ခန်းကြမ်းပြင်ပေါ်တွင် သွေးကွက်များနှင့်အတူ အရှည် တစ်မီတာခန့်ပင် မရှိသော လူသားအရိုးစုတစ်ခုကို လုချွမ်း သတိပြုမိလိုက်သည်။ ဇွန်ဘီကပ်ဘေး စတင်ချိန်တွင် အိမ်ရှင်အမျိုးသမီးမှာ ဇွန်ဘီအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူမ၏ ချစ်လှစွာသော ရင်သွေးငယ်မှာမူ သူမကိုယ်တိုင် ဝါးမြိုစားသောက်ခြင်း ခံလိုက်ရသည့် အစားအစာ ဖြစ်သွားခဲ့ပုံရသည်။

လုချွမ်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မလှုပ်မယှက် ရပ်နေမိ၏။ သူ၏ စိတ်ထဲတွင်မူ စောစောက သူတွေ့ခဲ့သော ကလေးငယ်လေးကို တွေးတောနေမိသည်။ အကယ်၍သာ ထိုကလေးလေးသည် အိပ်ခန်းအတွင်း၌ ပိတ်မိမနေခဲ့ပါက ဤကဲ့သို့သော ကံကြမ္မာဆိုးမျိုးနှင့်ပင် ရင်ဆိုင်ရပေလိမ့်မည်။

ကံဆိုးခြင်းထဲမှ ကံကောင်းခြင်းဟု ဆိုရမည်ပင်။ ထိုကလေးငယ်လေးသည် ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် မွေးဖွားလာခဲ့သော်လည်း အနည်းဆုံးတော့ လူသားကို စားသောက်ခြင်းမပြုသည့် သူကဲ့သို့သော ဇွန်ဘီတစ်ကောင်နှင့် တွေ့ဆုံခဲ့ရသည်။

မီးဖိုချောင်အတွင်းသို့ ဝင်ရောက်ရှာဖွေရာတွင်မူ လုချွမ်းသည် နောက်ဆုံး၌ ဖောက်မထားရသေးသော နို့မှုန့်ဘူး နှစ်ဘူးနှင့် မပုပ်သေးသော အသား နှစ်ပေါင်ခန့်ကို ရှာတွေ့ခဲ့သည်။ ဤအိမ်သားများမှာ ကမ္ဘာပျက်ကပ် စတင်ချိန်ကတည်းက ဇွန်ဘီအဖြစ် စောစီးစွာ ပြောင်းလဲသွားခဲ့ကြသဖြင့် အစားအသောက်များမှာ နဂိုအတိုင်း ကျန်ရှိနေခဲ့ခြင်းပင်။

ထိုပစ္စည်းများကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပြီးနောက် လုချွမ်းသည် တံခါးဝတွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေဆဲ ဖြစ်သော ဇွန်ဘီကို တစ်ချက်ကြည့်လိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် လုချွမ်းသည် ထိုဇွန်ဘီ၏ ကျောဘက်သို့ ဖြည်းညင်းစွာ တိုးကပ်သွားလေတော့သည်။

ဖြောင်းးးး

ပြတ်သားသော အားဖြင့် ထိုးစိုက်လိုက်ရာ သံတူရွင်းသည် ထိုဇွန်ဘီ၏ ဦးခေါင်းခွံကို ဖောက်ဝင်သွားပြီး သူမကို ဘဝကူးကောင်းစေကာ ဝေဒနာများမှ လွတ်မြောက်ခွင့် ပေးလိုက်တော့သည်။

...

သတိလစ်မေ့မြောနေသော ကျိရုရွှယ်သည် ဝေဝါးနေသော အသိစိတ်ကြားမှ သူမ၏ ပါးစပ်အတွင်းသို့ ချိုမြိန်သော အနံ့အသက်တစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ နို့ရနံ့၏ မွှေးပျံ့မှုကြောင့် ကျိရုရွှယ်မှာ ခဏတာ မိန်းမောသွားရ၏။ တစ်ချိန်တည်းမှာပင် ဆာလောင်မွတ်သိပ်နေသော သူမ၏ ခန္ဓာကိုယ်သည် ပျောက်ဆုံးနေသော ထိုချိုမြိန်မှုအပေါ် ဗီဇအတိုင်း အငမ်းမရ စုပ်ယူတုံ့ပြန်လိုက်မိသည်။

ခန္ဓာကိုယ်အတွင်း အင်အားအနည်းငယ် ပြန်လည်ပြည့်ဝလာသောအခါ ကျိရုရွှယ်သည် သူမ၏ မျက်လုံးများကို အနိုင်နိုင် ဖွင့်ကြည့်လိုက်သည်။ ဇွန်ဘီတစ်ကောင်၏ ဝါးမြိုခြင်းကို မခံရဘဲ အသက်ရှင်နေသေးကြောင်း သိလိုက်ရသဖြင့် သူမ အလွန်အံ့အားသင့်သွားရ၏။

ထို့ထက်ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ ကြောက်မက်ဖွယ် ရုပ်ဆိုးအကျည်းတန်လှသော ဇွန်ဘီကြီးတစ်ကောင်က သူမကို ဇွန်းဖြင့် နို့တိုက်ကျွေးနေခြင်းပင်။

ငါ အိပ်မက်မက်နေတာလား။

ဒါမှမဟုတ် ဆာလောင်လွန်းလို့ အမြင်မှားနေတာလား။

ကျိရုရွှယ်၏ တောက်ပသော မျက်ဝန်းအစုံမှာ အံ့ဩခြင်းများဖြင့် ပြည့်နှက်နေပြီး သူမကို မိခင်နို့တိုက်သယောင် ပြုစုနေသည့် ထိုဇွန်ဘီကို သံသယစိတ်ဖြင့် စိုက်ကြည့်နေမိသည်။ ကျိရုရွှယ်၏ ယခင်ဘဝ အမှတ်ရမှုများအရ ဇွန်ဘီဆိုသည်မှာ အသိဉာဏ်ကင်းမဲ့ပြီး သွေးဆာနေသည့် သတ္တဝါဆိုးများသာ ဖြစ်သည်။

ဇွန်ဘီကပ်ဘေး စတင်ချိန်တွင် ကျိရုရွှယ်၏ သူငယ်ချင်းများနှင့် ရဲဘော်ရဲဘက် အများအပြားမှာ ဇွန်ဘီတို့၏ သားကောင် ဖြစ်ခဲ့ကြရသည်။ ကျိရုရွှယ်ကိုယ်တိုင်ပင်လျှင် ဇွန်ဘီအကိုက်ခံရကာ ရူးသွပ်သွားသော သူငယ်ချင်းအချို့ကို ရှင်းလင်းခဲ့ရဖူးသည်။ ထို့ကြောင့် ဇွန်ဘီတစ်ကောင်ကို မြင်လိုက်ရသည့် အခိုက်အတန့်၌ သူမ၏ ဘဝဇာတ်သိမ်းတော့မည်ကို ကျိရုရွှယ် သိရှိထားပြီး ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်လှသော ဤသွေးဆာသတ္တဝါအုပ်ကြီးသည် သူမကဲ့သို့ ကလေးငယ်လေးတစ်ဦးကို ညှာတာလိမ့်မည်မဟုတ်။ သို့သော် သူမအား ဝါးမြိုစားသောက်မည့်အစား ယခုကဲ့သို့ နို့တိုက်ကျွေးနေလိမ့်မည်ဟု သူမ လုံးဝမထင်မှတ်ထားခဲ့ပေ။

ဒါမှမဟုတ် ဒီဇွန်ဘီက ငါ့ကို အသားတိုးအောင် ကျွေးမွေးပြီးမှ စားဖို့ ကြံစည်နေတာလား။

ရင်သွေးငယ်လေး မျက်လုံးပြန်ပွင့်လာသည်ကို မြင်လိုက်ရသောအခါ လုချွမ်း စိတ်အေးသွားရသည်။ ကလေးငယ်၏ တောက်ပသော မျက်ဝန်းအစုံက သူ့ကို စူးစိုက်ကြည့်နေသည်ကို သတိပြုမိလိုက်ရာ လုချွမ်းသည် သူ၏ နှုတ်ခမ်းကို ကွေးလိုက်ပြီး မကြောက်စရာကောင်းသော အပြုံးတစ်ခုကို အနိုင်နိုင် ဖန်တီးပြလိုက်သည်။

"ကလေးငယ်လေး... အခုကစပြီး ဒီကမ္ဘာပျက်ကပ်ကြီးထဲမှာ..."

"ငါက မင်းရဲ့ မိသားစု ဖြစ်ပေးမယ်"

All Chapters